Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၃၁) ဆူရှီအကူ

နယူးယောက်သို့ ပြန်ရောက်လာအပြီးတွင် ဘူဇွာ့အတွက် ပထမဦးဆုံး လုပ်ရသည့်အလုပ်မှာ စားသောက်ကုန်ရောင်းချသူလိုင်စင် ရရှိရန် စာမေးပွဲသွားရောက်ဖြေဆိုရခြင်းပင်ဖြစ်သည်။

ဤနိုင်ငံတွင် ဘာပဲလုပ်လုပ် အလုပ်တိုင်းလိုလို လုပ်ငန်းလိုင်စင် လိုအပ်ကြောင်း ဘူဇွာ သိရှိလာခဲ့သည်။ တစ်ခုကောင်းသည်မှာ AFC ကုမ္ပဏီက စားသောက်ကုန်ရောင်းချသူလိုင်စင်ရရှိရန် သင်တန်းသီးသန့် ထားရှိပေးထားသလို သင်တန်းဆရာသည်လည်း ကုမ္ပဏီမှ ဆရာသာဖြစ်လေသည်။ ဤသို့ ဝန်ဆောင်မှုပေးထားရခြင်းကြောင့် ပိုက်ဆံပိုကုန်သော်လည်း ဘူဇွာတို့လို အချိန်မလုံလောက်သူ၊ အပျင်းကြီးသူများအတွက် လွန်စွာမှပင် အသုံးဝင်သည်။

အင်တာနက်တွင် စာမေးပွဲဖြေ၍လည်း ရပါသည်။ သင်တန်းဆရာ မလိုအပ်ပါ။ ကိုယ်တိုင် စာဖတ်၊ ကိုယ်တိုင် စာရင်းသွင်းပြီး ကိုယ်တိုင် အွန်လိုင်းပေါ်တွင် စာမေးပွဲဖြေ... စာမေးပွဲအောင်ခဲ့သည် ဆိုပါက လုပ်ငန်းလိုင်စင်လက်မှတ်သည် အချိန်တန်လျှင် အိမ်သို့ရောက်လာပေမည်။ သို့သော် ဘူဇွာ့အတွက်တော့ ထိုနည်းလမ်းကို လုံးဝငြင်းပယ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘူဇွာတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်ဖြစ်၏။

လုပ်ငန်းလိုင်စင်ရရှိရန်အတွက် ဘူဇွာသည် ရက်တိုသင်တန်းတစ်ခုကို တက်ရောက်ခဲ့ရသည်။ သင်တန်းဆရာများက စိတ်ရှည်လက်ရှည် ရှင်းပြပေးကြသလို စာမေးပွဲဖြေမည့်နေ့တွင်လည်း ကူညီပေးကြသည်။ ကူညီပေးကြမှာပေါ့... ပိုက်ဆံအပိုပေးထားရတာပဲကိုး...။

စာမေးပွဲသည် ရေးဖြေစာမေးပွဲဖြစ်ပြီး [A] [B] [C] [D] [E] အဖြေ ၅ ခု လောက်ကို ရွေးချယ်စရာပေးထားသည်။ ကိုယ်နားလည်သော အဖြေများကို ပေးထားသည့်အဖြေစာရွက်ကလေးတွင် ခဲတန်လေးဖြင့် အဝိုင်းခြစ်ကလေး ခြစ်မှတ်ပေးရသည်။ အချိန်စေ့သည်နှင့် မေးခွန်းစာရွက်နှင့် အဖြေစာရွက်ကို သင်တန်းမှ တာဝန်ရှိသူတစ်ယောက်က လာရောက် သိမ်းဆည်းသွားသည်။ သင်တန်းတက်စဉ်ကတည်းက သင်တန်းဆရာများက ဘူဇွာတို့ကို ကြိုတင်ပြောပြထားပြီးဖြစ်၏။ “ကိုယ်မသိသည့် အဖြေများကို ဗလာ ချန်ထားခဲ့ရန်...”

လိုင်စင်ရဖို့အတွက် ဖြေရသည့် သင်တန်းတွင် အဖြေမှန် ၈၀% ကျော်မှ အအောင်ပေးသည်။ ဘူဇွာသည် အလွန်အလုပ်ရှုပ်သူဖြစ်၍တစ်ကြောင်း၊ နဂိုကတည်းကမှ စာနှင့်ပတ်သက်လာလျှင် အပျင်းကြီးသူတစ်ယောက် ဖြစ်နေ၍တစ်ကြောင်း... မေးခွန်းစာရွက်ကို ဖတ်ကြည့်လိုက်သောအခါတွင် မေးထားသည့် မေးခွန်းများကို နားလည်သည်ကနည်းနည်း၊ နားမလည်သည်က ခပ်များများ ဖြစ်နေသောကြောင့် စာမေးပွဲဖြေဆိုပြီးချိန်၌ သင်တန်းတစ်ခုလုံးတွင် ဘူဇွာတစ်ယောက်တည်း၏ အဖြေစာရွက်သာ ဗလာအများဆုံး ရှိနေခဲ့လေသည်။ သို့သော် ဘူဇွာ စိတ်မပူပါ။ သင်တန်းသည် ကုမ္ပဏီမှ ဆရာများပေးသည့် သင်တန်းဖြစ်သလို ပိုက်ဆံလည်း သူများသင်တန်းတွေထက် ပိုပေးရလေသည်။ဘူဇွာသည် သင်တန်းတက်စဉ်ကတည်းက သင်တန်းဆရာတစ်ယောက်ကို အရက်တစ်ပုလင်း လာဘ်ထိုးထားခဲ့ပြီးဖြစ်၏။

“စာမေးပွဲနေ့ကျရင် ကျုပ် သိသလောက်ပဲ ဖြေမယ်ဗျာ... အိုကေ... ကျေးဇူးပြုပြီး ကျန်တာကိုတော့ ခင်ဗျားပဲ ဖြည့်ပေးလိုက်တော့...”

+++++

ဘူဇွာနားလည်ထားသလောက် ဆူရှီဆိုင်များတွင် ၃ မျိုး ၃ စား ရှိသည်။ ပထမတစ်မျိုးမှာ ဆူရှီချည်းသီးသန့်ရောင်းသော ဆူရှီဆိုင်များဖြစ်သည်။ ဒုတိယတစ်မျိုးမှာ စားသောက်ဆိုင်များတွင် တွဲဖွင့်ထားသည့် ဆူရှီဆိုင်များဖြစ်သည်။ နောက်ဆုံးတစ်မျိုးမှာတော့ စူပါမားကက်ကြီး/ငယ်များတွင် တွဲဖွင့်ထားတတ်သော ဆူရှီဆိုင်များဖြစ်သည်။

ပထမနှင့် ဒုတိယအမျိုးအစားဆူရှီဆိုင်များသည် သီးသန့်တစ်ဆိုင်တည်းလည်း ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် ဆိုင်ခွဲများရှိသည့် ဆူရှီဆိုင်များလည်း ဖြစ်ချင်ဖြစ်နေနိုင်သည်။ စူပါမားကက်များနှင့် တွဲ၍ဖွင့်ထားသော ဆူရှီဆိုင်များတွင်တော့ သီးသန့်တစ်ဆိုင်တည်းဆိုသည့် ဆူရှီဆိုင်များက ခပ်ရှားရှားဖြစ်သည်။ ဘူဇွာ၏ဆူရှီဆိုင်သည် ထို ခပ်ရှားရှားထဲမှ တစ်ဆိုင်တည်းရှိသော ဆိုင်ဖြစ်လေသည်။

စူပါမားကက်များတွင် ဖွင့်ထားသည့် ဆူရှီဆိုင်များ၏ စီးပွားရေးလည်ပတ်ပုံ၊ ငွေရေးကြေးရေး ရရှိပုံများက တစ်မျိုးထူးဆန်းသည်။

များသောအားဖြင့် စူပါမားကက်များနှင့်တွဲလျက် ဖွင့်ထားသော ဆူရှီဆိုင်များတွင် ပင်ရင်းဆိုင်တစ်ဆိုင်သာရှိသည်။ ဆိုလိုသည်မှာ ဆူရှီလိပ်များကို လိပ်ပေးသည့် ဆူရှီစားဖိုမှူးနှင့် သူ၏လက်ထောက်အကူဝန်ထမ်းများ ရှိသည့်ပင်ရင်းဆိုင်သည် တစ်ဆိုင်တည်းသာ...။ ကျန် စူပါမားကက်ဆိုင်ခွဲများတွင် ရောင်းချသည့် ဆူရှီဗူးများသည် ပင်ရင်းဆိုင်တွင် လိပ်ပြီး ကျန်သည့်စူပါမားကက် ဆိုင်ခွဲများသို့ မနက်အစောကြီးကတည်းက သွားရောက်ပို့ဆောင်ထားပေးရသည်။ ဆူရှီစားသုံးသူများသည် ကျသင့်ငွေကို စူပါမားကက် ငွေရှင်းကောင်တာတွင် ပေးဆောင်ရသည်။ ဘူဇွာတို့က ထိုငွေများကို လကုန်သည်ထိ မမြင်ရ။ ဘူဇွာတို့အိမ်ပြန်ခါနီးတွင် စူပါမားကက်ဆိုင်က တစ်နေ့တာ ရောင်းရသည့် ဆူရှီဗူးစာရင်းကို တစ်နေ့တာ ထုတ်ပေးတတ်သည်။

လကုန်၍ လခထုတ်သည့်နေ့တွင်တော့ ဘူဇွာ့ထံသို့ ချက်လက်မှတ်တစ်စောင် ရောက်ရှိလာပေလိမ့်မည်။ ထိုချက်လက်မှတ်သည် AFC ကုမ္ပဏီမှ တိုက်ရိုက်လာသည့် ချက်လက်မှတ်လည်း ဖြစ်နေလိမ့်မည်။ ချက်လက်မှတ်ထဲတွင် စူပါမားကက်ဆိုင်သည် တစ်လတာ ရောင်းရငွေထဲမှ ၂၈% နုတ်ယူထားမည်ဖြစ်သလို AFC ကုမ္ပဏီကလည်း ကုမ္ပဏီ၏ ဆူရှီပစ္စည်းများကို အကြွေးပေး၊ လကုန်ပြန်ဆပ်စံနစ်ဖြင့် ရာခိုင်နှုန်းတွက်ချက်ကာ နုတ်ယူမည်ဖြစ်သည်။ ထို့ပြင် ကုမ္ပဏီ၏ ဝန်ဆောင်ခအဖြစ် ၁၂% ကိုလည်း သီးသန့်နုတ်ယူမည်ဖြစ်သည်။ ဤအချက်အလက်များသည် ကာလီဖိုးနီးယားတွင် ကုမ္ပဏီသင်တန်းသွားတက်စဉ်ကတည်းက သူ့ကို ရှင်းပြခဲ့ပြီးဖြစ်၏။

မည်သို့ပင်ဖြစ်စေ... ဘူဇွာကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေသည်။ သူ လုပ်ခဲ့ဖူးသည့် လုပ်ငန်းများ အားလုံးထက် ဤဆူရှီလုပ်ငန်းမှ ပိုက်ဆံပိုဝင်မည်ဆိုသည်ကိုတော့ ခြွင်းချက်မရှိ ယုံကြည်နေပါသည်။

+++++

ဆူရှီဆိုင်ကလေးကို ဘူဇွာသည် အမျိုးသမီးကြီးထံမှ ဒေါ်လာ သုံးသောင်းပေးကာ လက်လွဲဝယ်ယူခဲ့သည်။ သူ့ထံ၌ သင်တန်းလက်မှတ်များနှင့် တရားဝင်စီးပွားရေးလုပ်ကိုင်ခွင့် လက်မှတ်များ မရှိခင်တုန်းက သူ့ကို ဆိုင်ရောင်းလိုက်သော အမျိုးသမီးသည် ဆူရှီစားဖိုမှူးတစ်ယောက်ကို တစ်လလျှင် ဒေါ်လာ ၁၉၀၀ ခန့်ပေးပြီး ငှားထားခဲ့၏။ ယခုသော် ဘူဇွာကိုယ်တိုင်က ဆူရှီစားဖိုမှူးလုပ်တော့မည်ဆိုသောကြောင့် ပထမတုန်းက အမျိုးသမီး ငှားရမ်းထားခဲ့သည့် လူဟောင်းသည် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ချေပြီ။ အလုပ်ထွက်ခါနီးတွင် ထိုသူ့ကို ဘူဇွာ ပိုက်ဆံ ပိုပေးခဲ့ပါသည်။ ကြားထဲတွင် အလုပ်ရှာနေစဉ် အပိုသုံးလေး သုံးနိုင်အောင်ဆိုသော ရည်ရွယ်ချက်ဖြင့် ဒေါ်လာ ၆၀၀ အပိုဆောင်း ပေးခဲ့ပါသည်။ သူ့ထံတွင် ဆူရှီစားဖိုမှူး နှစ်ယောက် မလိုအပ်သည်ကတော့ အမှန်ပင်။ ထိုအတွက် ဘူဇွာ စိတ်မကောင်းပါ။ ထိုသူသည်လည်း သင်တန်းအောင်လက်မှတ်များ ကိုင်ဆောင်ထားသူဆူရှီစားဖိုမှူးတစ်ယောက်ဖြစ်သောကြောင့် ဘူဇွာ့ဆိုင်တွင် အကူအဖြစ် လခ နည်းနည်းဖြင့် မလုပ်ပေးနိုင်ပါ။

ဘူဇွာက ပိုက်ဆံအပိုပေးထားသောကြောင့်သော်လည်းကောင်း၊ မြန်မာအချင်းချင်း ဖြစ်နေသောကြောင့်သော် လည်းကောင်း၊ ထိုသူသည် ဘူဇွာ၏ ပထမဦးဆုံး ဆူရှီစားဖိုမှူးလုပ်သည့်နေ့တွင်တော့ လာရောက် ကူညီ ပြသပေးခဲ့ပါသည်။

ဘူဇွာသည် ကံကောင်းသူတစ်ယောက်ဟုပင် ပြောရပေမည်။ သူ ဆိုင်သို့ ဝင်ရောက်ဦးစီးပြီး လုပ်ကိုင်သည့် ပထမအပတ်မှာပင် သူ့ဆိုင်၏ရောင်းအားက သိသိသာသာ တိုးတက်လာခဲ့၏။ သူ မရောက်လာခင်တုန်းက ဆိုင်တွင် ဆူရှီဗူးပေါင်း ၂၅၀ နှင့် ၂၇၅ ဗူး ရောင်းရနေရာမှ သူဆိုင်သို့ ရောက်လာပြီးသည့် ပထမအပတ်အတွင်းတွင်မူ ဗူးပေါင်း ၃၀၀ နှင့်အထက်သို့ ရောင်းချနိုင်ခဲ့၏။

အမျိုးသမီးကြီးပြောခဲ့သည့် ဗူးပေါင်း ၁၀၀၀ ကျော် ဆိုသည့် ပမာဏမှာ အိပ်မက်ထဲမှာပင် ရှိနေသေးသည်။ ဘူဇွာ နည်းနည်းတော့ ဓာတ်လာသည်။ အမျိုးသမီးကြီး သူ့ကို လူလည်ကျကာ ဆိုင်ကို အမြတ်အစွန်းများများဖြင့် လက်လွှဲရောင်းချသွားခဲ့ပုံရသည်။ သို့သော် ဘူဇွာ စိတ်မပူပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်အတွက် အခက်အခဲဆိုသည်များကို ရင်ဆိုင်ရန် သတ္တိခွန်အားများ သူ့ထံတွင် အပြည့်အဝ ရှိနေပါသည်။ သူလို လုပ်ရည်ကိုင်ရည်ဖြင့် အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်သူတစ်ယောက်အတွက် အခွင့်အရေးဆိုတာ ပေါ်လာပါဦးမည်။ ပေါ်လာသည့် အခွင့်အရေးကိုလည်း လက်မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်ရန် ဘူဇွာ အဆင်သင့် ပြင်ဆင်ထား၏။

ပထမဦးဆုံးတစ်လတွင်တော့ ဘူဇွာသည် လူငှားမထားခဲ့ဘဲ မိမိကိုယ်တိုင် ဆူရှီလိပ်သည်၊ ဆူရှီဗူးထဲသို့ ပြင်ဆင် ထုပ်ပိုးသည်၊ ကျန်သည့်အလုပ်များကို တစ်ယောက်တည်း ဇယ်ဆက်သလို လုပ်ကိုင်ခဲ့သည်။ ပထမတစ်လတော့ ဘူဇွာ အရမ်းကို ပင်ပန်းသွားခဲ့ရသည်။ ပင်ပန်းရကြိုးလည်း နပ်ပါသည်။ ထိုတစ်လအတွက် ဘူဇွာသည် ကားမောင်းစဉ်ကထက် လခ ပိုရခဲ့ပါသည်။

လကုန်ခါနီးတွင်တော့ ဘူဇွာသည် ဆူရှီအကူတစ်ယောက်ကို မိတ်ဆွေများ၏အကူအညီဖြင့် ရှာဖွေနေခဲ့လေပြီ။ နောက်လဆန်းပိုင်းမှစ၍ သူ့ကို အကူပေးမည့် လူတစ်ယောက်၊ ဘာမှ တတ်စရာမလိုသည့် လူတစ်ယောက်ကို တစ်လလျှင် ဒေါ်လာ ၁၂၀၀ နှုန်းဖြင့် ငှားရမ်းဖို့ လူရှာထွက်ခဲ့သည်။ သူ ယုံကြည်စိတ်ချရမည့် လူလည်းဖြစ်ရမည်၊ သွက်လက်ချက်ချာပြီး လည်လည်ဝယ်ဝယ်ရှိသူတစ်ဦးလည်း ဖြစ်ရမည်။

ကံကောင်းထောက်မစွာ ထိုသို့ လူတစ်ဦးကို ဘူဇွာ ရှာတွေ့နိုင်ခဲ့၏။ Green Card Visa မဲပေါက်ပြီး ရောက်လာသည့် မြန်မာပြည်မှ ချာတိတ်ကလေးတစ်ယောက်ကို အဆက်အသွယ်များမှတဆင့် ဘူဇွာ ရှာတွေ့ခဲ့သည်။ ပို၍ကံကောင်းချင်တော့ ထိုကောင်လေးသည် ပိုက်ဆံချမ်းသာသည့် မိသားစုမှ ပေါက်ဖွားလာသည့် လူတစ်ယောက် မဟုတ်ဘဲ အလယ်အလတ်တန်းစား မိသားစုမှ လူတစ်ယောက်ဖြစ်နေသည်။ ရရာအလုပ်ကို အရင်ဆုံး လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားသူတစ်ယောက်လည်း ဖြစ်၏။

ထိုလူငယ်လေး ရောက်လာသည်မှာ သိပ်မကြာသေး... အလွန်ဆုံး တစ်ပတ်၊ နှစ်ပတ်လောက်ပဲ ရှိဦးမည်။ နေစရာအိမ်လည်း လိုက်ရှာနေသည်၊ လုပ်စရာအလုပ်လည်း လိုက်ရှာနေသည်။ ဘူဇွာ့အတွက်တော့ ရေကန်အသင့်၊ ကြာအသင့်ပင်။

“ညီလေး နာမည် ဘယ်လိုခေါ်လဲ”

သူ့ဆိုင်သို့ မျက်နှာငယ်လေးဖြင့် ရောက်လာသည့် ချာတိတ်ကို ဘူဇွာ ဖော်ဖော်ရွေရွေပင် ဆက်ဆံခဲ့ပါသည်။

“ဟိုလေ... ကျနော့်နာမည် အောင်ကျော်ပါအစ်ကို... အိမ်နာမည်တော့ မောင်ကောင်းလို့ ခေါ်ပါတယ်”

မျက်လုံးကလေးများ ကလည်ကလည်ဖြင့် ဘူဇွာ့အမေးကို သေသေချာချာ စဉ်းစားပြီးမှ ဖြေဆိုနေသည့် ထိုလူငယ်လေးကိုကြည့်ပြီး ဘူဇွာ သနားသွားသည်။ အသက်အရွယ်အရဆိုလျှင် သူ့ညီလေးထက်ပင် ငယ်နေနိုင်သေး၏။ သို့သော် ကံတရားတော့ အင်မတန်ကောင်းသည်ဟု မှတ်ယူရမည်ဖြစ်သည်။ အမေရိကားလို နိုင်ငံကို Green Card မဲပေါက်ပြီး ရောက်လာနိုင်သူဆိုသည်မှာ အင်မတန် ရှားပါးလွန်းလှသည့် အခွင့်အရေးတစ်ခုပင် မဟုတ်ပါလား။ ညီလေး ရှောက်သီးလုံးသည်ပင်လျှင် ကျောင်းသားဗီဇာဖြင့် ရောက်လာခဲ့ရသေးသည်ပဲ။

“ညီလေး အရင်က ဘာလုပ်ဖူးလဲ... အစ်ကိုမေးတာကကွာ... မင်း ဟိုမှာနေတုန်းက ဘာလုပ်ခဲ့လဲလို့ပါ”

လိပ်ပြီးသား ဆူရှီလိပ်များကို ဗူးထဲသို့ စီထည့်၊ ပြီးသည်နှင့် ဝါဆားဘီအပုံလေးတစ်ပုံကိုပုံ၊ ချင်းဖတ်ကလေး နည်းနည်း ထည့်ပုံ၊ ပြီးသည်နှင့် ပဲငံပြာရည်ထုပ်ကလေးထည့်ထားနေရင်းကနေ ဘူဇွာက မေးမြန်းလိုက်သည်။

“ကျနော် ဆယ်တန်းအောင်ပြီးကတည်းက ဘာမှ မလုပ်ခဲ့ရသေးဘူးအစ်ကို... ဆယ်တန်းအောင်နဲ့ ဒီကို ထွက်လာခဲ့တယ်ဆိုပါတော့။ အဖေတို့ အမေတို့ကလည်း ရှိတာလေးတွေ ထုခွဲရောင်းချပြီးမှ ဒီကိုရောက်အောင် ပို့ခဲ့တာပါ။ အစိမ်းပေါက်တယ်သာပြောတာပါ အစ်ကိုရာ... ခုထက်ထိ အလုပ်ရှာရ ခက်နေတုန်းပါပဲ”

“စကားမစပ်... မင်း နေဖို့ အိမ်တွေဘာတွေ ရှာပြီးပြီလား”

“အိမ်လည်း ရှာနေတုန်းပါပဲဗျာ။ လောလောဆယ်တော့ မြန်မာပြည်မှာတုန်းက ဖေဖေနဲ့ သိခဲ့တဲ့ အသိ ဦးလေးတစ်ယောက်အိမ်မှာ နေနေပါတယ်။ သူတို့လည်း မိသားစုက များတယ်ဆိုတော့ နေရ၊ ထိုင်ရ ကျဉ်းကြပ်တာပေါ့ဗျာ။ အလုပ်ကလည်း မရသေးဆိုတော့ အိမ်လခကို ဘယ်လို ပေးရမယ်မှန်းလည်း မသိတော့ပါဘူး အစ်ကိုရာ။ ကျနော့်ကို အလုပ်ခန့်ပါဗျာ... နော်... ကျနော် အစ်ကို့စိတ်တိုင်းကျ လုပ်ပေးပါ့မယ်။ ကျနော် ကတိပေးပါတယ်ဗျာ”

သွက်လက်ပွင့်လင်းပုံရသော မောင်ကောင်းကို ဘူဇွာ ချက်ချင်း သဘောကျသွားတော့သည်။ ဤလူငယ်လေး မဆိုးဘူး။ စကားပြော ရည်မွန်သည်၊ သွက်လက်ချက်ချာသည် ဟု ဘူဇွာ တွေးနေမိသည်။ သူ့စိတ်ထဲတွင်တော့ မောင်ကောင်းကို ချက်ချင်း အလုပ်ခန့်လိုက်ချင်ပြီ။ လူလည်း တကယ်ပင် လိုအပ်နေလေသည်။ ဘူဇွာသည် ယခုအချိန်ထိ အိမ်သာ မတက်ရသေးချေ။ အိမ်သာ သွားချင်နေသည်မှာလည်း တစ်ပိုင်းသေနေပြီ။ လိုအပ်သည့် ဆူရှီဗူးများက မပြည့်မီသေးသောကြောင့် ဗိုက်နာနေတာကို အံကြိတ်ခံရင်း ဆူရှီလိပ်နေရလေသည်။

“လာ... ကောင်တာအနောက်ကို ခဏလာခဲ့... ဒီမှာကြည့်... အစ်ကို လိပ်ထားပြီး၊ ဖြတ်ထားပြီးသား ဆူရှီလိပ်တွေ ရှိနေတယ်၊ တွေ့လား..။ ဒီဆူရှီလိပ်တွေက ဖီလီလိပ် လို့ခေါ်တယ်။ မင်းသိစရာ မလိုသေးဘူး... ဟုတ်ပြီလား။ ဒီမှာကြည့်... ဒီဗူးတွေထဲမှာ အစ်ကို ထည့်ထားတာလေးတွေ တွေ့လား...။ ဟိုစိမ်းစိမ်း အဖတ်လေးတွေက ဝါဆားဘီ လို့ခေါ်တယ်။ ဒီ ပန်းနုရောင် အဖတ်ကလေးတွေကတော့ ချင်း(ဂျင်း) ဖတ်ကလေးတွေကွ။ ဒီဘက်က ဗူးထဲမှာ ပဲငံပြာရည် အထုပ်သေးသေးလေးတွေ တွေ့တယ်မလား...။ အစ်ကို ထည့်ထားတဲ့ ဗူးတွေကို သေသေချာချာကြည့်။ ပြီးရင် အရင်ဗူးတွေမှာ အစ်ကို ထည့်ထားသလောက် ဆူရှီတုံးအရေအတွက်ကို အဲဒီအတိုင်းပဲ ထောင်ထောင် ထောင်ထောင်လေးတွေ ထည့်။ ပြီးရင် ဝါဆားဘီတို့၊ ချင်းဖတ်တွေတို့၊ ပဲငံပြာရည်ထုပ်ကလေးတွေကို အစ်ကို ထည့်သလိုထည့်၊ ပြီးတာနဲ့ ဗူးကို ပိတ်ပြီး သူနဲ့တူတဲ့ ဗူးတွေရှိတဲ့နေရာမှာ သွားထားပေး။ ဟုတ်ပြီလား။ အစ်ကို မင်းကို စမ်းကြည့်တယ်လို့ပဲ သဘောထား။ ဪ... ခဏနေဦး... ဒီမှာ လက်အရင် လာဆေးဦး... ပြီးရင် ဟိုမှာ စက္ကူလိပ်နဲ့ ရေသုတ်၊ ပြီးရင် ဗူးတွေ ပြင်ဆင်လို့ရပြီ။”

ဘူဇွာသည် ဘာမပြောညာမပြောနှင့် မောင်ကောင်းကို ခိုင်းထားခဲ့ပြီးနောက် သုတ်ခနဲ ကောင်တာအပြင်ဘက်သို့ ထွက်လာခဲ့၏။ မောင်ကောင်းသည် အလွန် လျင်သည့် လူတစ်ယောက်ဖြစ်သည်။ ချက်ဆို နားခွက်က မီးတောက်ပြီး ဖြစ်နေ၏။ ဘူဇွာ ပြောဆိုခဲ့သည်များကို သေသေချာချာ အာရုံစူးစိုက်စွာ နားထောင်နေခဲ့ပြီး၊ လက်ကို အရင်ဆုံး သွားဆေးကြောနေသည်။ ပြီးနောက် စက္ကူတစ်ရှူးများဖြင့် လက်ရေသုတ်လိုက်ပြီးနောက် ဘူဇွာ ပြင်ဆင်ထားခဲ့သည့် ဆူရှီဗူးများကို မျက်လုံးတစ်ချက်လောက် ဝေ့ကြည့်လိုက်သေးသည်။ ပြီးသည်နှင့် လိုအပ်သည့် အစာဗလာများကို စီစီရီရီ ထည့်နေလေတော့သည်။

မောင်ကောင်းကို အဝေးတစ်နေရာမှ ကြည့်နေရင်း ဘူဇွာ စိတ်ချလက်ချ ဖြစ်သွားခဲ့ချေပြီ။ ယခု သူ့ဗိုက်ဒုက္ခကို အပြတ်ရှင်းရပေတော့မည်။ စိတ်ချလက်ချ စွန့်ပစ်ရပေတော့မည်။ ဘူဇွာသည် ဗိုက်အောင့်နေသည့်ကြားမှ မချိပြုံးလေး ပြုံးထားပြီး မောင်ကောင်းကို လှမ်း၍ အားပေးခဲ့သေး၏။

“အေး... ညီလေး... ဟုတ်တယ်။ မင်းလုပ်တာမှန်တယ်။ ဆက်လုပ်ထားနှင့်နော်.... အစ်ကို ဝိတ်သွားလျှော့လိုက်ဦးမယ်... ဟဲဟဲ...”

+++++

ဘူဇွာသည် စိတ်ရှိ လက်ရှိ ဝိတ်လျှော့ပြီး၊ ဆေးလိပ်တစ်လိပ်သောက်အပြီးမှ ပြန်ဝင်လာခဲ့သည်။ သူပြန်ရောက်လာချိန်တွင် သူလိပ်ထားခဲ့သည့် ဆူရှီအလိပ်များအားလုံးသည် စီစီရီရီဖြင့် ဗူးများထဲသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ လိုအပ်သည့် အစာဗလာများသည်လည်း ဗူးထဲ၌ သူ့နေရာနှင့်သူ သေသပ်စွာ ရှိနေကြလေသည်။

မောင်ကောင်းသည် သူ့ကို ပြုံး၍ ဆီးကြိုနေ၏။ ဘူဇွာသည်လည်း ကျေနပ်နှစ်သိမ့်နေသော အပြုံးကြီးဖြင့် ပြန်နှုတ်ဆက်လိုက်လေသည်။

“ညီလေး... မင်း မနက်ဖြန်ကစပြီး အလုပ်ဆင်းချင်လား။ တစ်လကို ၁၂၀၀ ပေးမယ်။ လခကတော့ နောက်လကုန်မှပဲ ထုတ်ရမှာပေါ့ကွာ။ အခုလောလောဆယ် မင်း အသုံးလိုနေတယ်ဆိုရင်လည်း အစ်ကို ကြည့်စီစဉ်ပေးမယ်။ ဟုတ်ပြီလား... ဘယ်လိုလဲ... မနက်ဖြန် လုပ်နိုင်မလား”

မောင်ကောင်း၏ မျက်နှာထက်တွင် တောက်ပရွှန်းစိုနေသည့် အပြုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ချက်ချင်း၊ မဆိုင်းမတွပင် ပြန်ဖြေခဲ့လေသည်။

“လုပ်မှာပေါ့အစ်ကိုရ... ဘာလို့ မလုပ်နိုင်ရမှာလဲ”

“နောက်တစ်ခု ငါ မင်းကို ပြောချင်တာလေးတွေလည်း ရှိနေတယ်။ မနက်ဖြန် မင်းအလုပ်လာမှပဲ ပြောတော့မယ်။ ဟုတ်ပြီလား... အခုတော့ မင်းသွားချင်ရင် သွားလို့ ရပါပြီ... အခုနလေးတုန်းက အစ်ကိုလည်း ဗိုက်မအောင့်ထားနိုင်တော့တာကြောင့် စကားကောင်းကောင်း မပြောခဲ့ရဘူး။ မင်း လုပ်ရည်ကိုင်ရည်ကိုတော့ အစ်ကို မြင်မြင်ချင်း သဘောကျတယ်ကွာ...။ အစ်ကိုတို့ လက်တွဲလုပ်လို့ ဖြစ်တယ်”

“အစ်ကို စိတ်မရှိဘူးဆိုရင် ကျနော် မပြန်ချင်သေးဘူးအစ်ကို... ကျနော် အစ်ကို့ကို ဆိုင်သိမ်းချိန်ထိ ကူလုပ်ပေးမယ်လေ။ ဒီနေ့အတွက် ကျနော့်ကို ပိုက်ဆံပေးစရာမလိုပါဘူး အစ်ကိုရာ... ကျနော် နည်းနည်းလောက် လေ့လာချင်တာလေးတွေလည်း ရှိနေသေးလို့ပါ။ မနက်ဖြန်ဆိုရင် ကျနော် အလုပ်ကို ဒီ့ထက် မြန်မြန်ဆန်ဆန် ပိုလုပ်နိုင်တာပေါ့... ဟုတ်ဘူးလား...”

“ဟားဟားဟား... အဲဒီစိတ်ဓာတ်ကို ကြိုက်တယ်ကွာ။ ကဲ... မင်းနေချင်သေးတယ်ဆိုရင်လည်း ဆက်နေကွာ။ အစ်ကို့ကို ကူပေးပေါ့။ ညနေ အစ်ကိုတို့ ဆိုင်သိမ်းမှ ဘီယာလေးဘာလေး သွားသောက်ရင်း စကားပြောကြတာပေါ့။ ဘယ်လိုလဲ...”

မောင်ကောင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။ သူလိုချင်သော အလုပ်တစ်ခုကို ရခဲ့ရုံမကသေး၊ အလုပ်ရှင်သည်လည်း သဘောမနောကောင်းကြောင်း၊ ဖော်ရွေကြောင်း သိရှိသွားခဲ့ချေပြီ။

ဤလိုအလုပ်ရှင်မျိုးထံတွင် သူဘာလို့ အလုပ်မလုပ်နိုင်ရပါမည်နည်း။

0 Comments: