Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၃၂) ဆာရှိမိသို့ ခြင်္သေ့လည်ပြန်

ပထမတုန်းကတော့ သူနှင့် မောင်ကောင်းနှစ်ယောက်တည်းဆိုပါက ဆိုင်ကို ကောင်းကောင်း ထိန်းထားနိုင်လိမ့်မည်ဟု ဘူဇွာ ထင်ထားခဲ့သည်။ သို့သော် ဆိုင်ဖွင့်သက်တမ်း ၃ လ ကျော်လာသည်နှင့် အရောင်းအားကလည်း သိသိသာသာကြီး တိုးတက်လာတော့သည်။ နေ့စဉ် ဆူရှီဗူးပေါင်း ၄၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်သလို လူနှစ်ယောက်တည်းနှင့်လည်း မနိုင်တော့ချေ။ ထို့ကြောင့် ဘူဇွာသည် ဆူရှီအကူ နောက်ထပ်တစ်ယောက် ထပ်ရှာရပြန်သည်။ ဘူဇွာရှာနေသည့်လူသည် မြန်မာမှမဟုတ်၊ တခြားလူမျိုးများကိုလည်း ရှာရပြန်၏။

ဘူဇွာ့ဆိုင် လူလိုနေသည့်အချိန်တွင် မြန်မာအသိုင်းအဝိုင်း၌ လူရှာ၍မရနိုင်ခဲ့။ ဘူဇွာ ဖုန်းဆက်ရတော့ပေမည်။ ဖုန်းတစ်ချက်လောက် ကောက်ဆက်လိုက်သည်နှင့် နောက်တစ်ရက်တွင် အလုပ်သမားတစ်ယောက် သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာနိုင်သည့် အလုပ်သမားအေဂျင်စီတစ်ခုကို ဘူဇွာ ကောင်းကောင်းကြီး သိထားသည်။ တခြားသူတော့ မဟုတ်။ ပန်းသီးမြို့တော်ကြီးသို့ ဘူဇွာ စ ရောက်စဉ်အခါတုန်းက သူ့ကို အလုပ်ရှာပေးခဲ့သည့် တရုတ်အလုပ်ရှာဖွေရေးအေဂျင်စီမှ မိန်းမိန် ပင်ဖြစ်လေသည်။

“ဟေး... မိန်းမိန်လား... ဆူရှီဆိုင်အတွက် အကူအလုပ်သမားတစ်ယောက်လိုနေလို့ အကူအညီပေးနိုင်မလား။ ညည်းဆီမှာ မြင်တင့် အလုပ်သမားတွေ ရှိတယ်မလား။ တစ်လကို ၁၂၀၀ ပေးမယ်။ ဆူရှီအကူ လုပ်ပေးရမယ်။ မနက် ၆ နာရီကနေ ညနေ ၃ နာရီ ၄ နာရီထိပေါ့။ ဟုတ်ပြီနော်... ငါ့ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ပေးထားမယ်။ မနက်ဖြန် လကုန်ပြီဆိုတော့... အင်း... မနက်ဖြန်ကို တစ်ယောက်လောက် လွှတ်ပေးဟာ... နော်... ကျေးဇူးပဲ။ ဈေးကတော့ အရင်အတိုင်းပဲ မဟုတ်လား။ ဟဲဟဲ...”

မိန်းမိန်သည် ဘူဇွာ အလုပ်သမားဖြစ်တုန်းကတည်းက အလုပ်ရှာဖွေပေးရာ၌ စိတ်ချရသူတစ်ယောက်ဖြစ်သလို ယခု သူ အလုပ်ရှင် ဖြစ်လာချိန်ထိလည်း စိတ်ချယုံကြည်နေရတုန်းပင်။ မြန်မာတို့၊ ဘားမိစ့်တို့ သွားပြောလို့ သူတို့လို တရုတ်တွေ နားလည်မည်မဟုတ်။ ထို့ကြောင့် မြန်မာကို တရုတ်လိုခေါ်သည့် မြင်တင့် ဟု ပြောလိုက်သောအခါတွင်မူ ကောင်းစွာ နားလည်သွားတော့၏။

နောက်တစ်ရက်တွင်တော့ ဘူဇွာ့ဆိုင်တွင် အလုပ်သမားသစ်တစ်ယောက် ထပ်တိုးလာပြီဖြစ်သည်။ မြန်မာတော့ မဟုတ်၊ တရုတ်လူမျိုးတစ်ယောက်ဖြစ်သည်။ သို့သော် ဘူဇွာ လူမရွေးပါ။ သွက်သွက်လက်လက်၊ လုပ်နိုင်ကိုင်နိုင်သူတစ်ယောက် ဖြစ်နေပါက သူ့အတွက် အဆင်ပြေနေသည်။ စကားမပေါက်သည့်အတွက်လည်း စိတ်မပူပါ။ သူသည် တရုတ်စကားကို မွတ်နေအောင် ပြောတတ်သည်ပဲ မဟုတ်ပါလား။

+++++

မောင်ကောင်းနှင့် သူကတော့ လက်ညီ၊ အတွဲညီသည်။ သူ့ဆိုင်သို့ စရောက်လာစဉ်တုန်းက မောင်ကောင်းသည် အိမ်ရှာနေဆဲအချိန်ဖြစ်၍ ဘူဇွာသည် သူ့အိမ်တွင် ခေါ်တင်ထားခဲ့၏။ ထမင်းစရိတ်အပါအဝင် အိမ်လခ အားလုံးကို နုတ်အပြီး မောင်ကောင်းကို တစ်လလျှင် ဒေါ်လာ ၉၀၀ ပေးခဲ့သည်။ စားရိတ်ငြိမ်း ၉၀၀ ကျော်ရသည့် လခ ဆိုသည်မှာ ထိုစဉ်တုန်းက ငွေကြေးဈေး၊ ကုန်ဈေးနှုန်းနှင့် တွက်ကြည့်လျှင် မနည်းပါ။

ဆရာ တပည့်နှစ်ယောက်တို့သည် မနက် ၄ နာရီလောက် နေ့တိုင်း ထကြရသည်။ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ကြပြီး၍ ဆိုင်သို့ မနက် ၅ နာရီဆိုလျှင် ရောက်နေကြပြီဖြစ်သည်။ မနက် ၆ နာရီဆိုလျှင် ဆူရှီအကူ လုပ်ပေးသည့် တရုတ်၊ ရောက်လာပြီဖြစ်သည်။ ဆရာတပည့်များသည် တစ်မနက်ခင်းလုံးနီးပါး ဆူရှီလိပ်၊ ဖြတ်၊ ဗူးသွပ်ပြီးသော် နေ့လည် ထမင်းစားချိန်ပင် ရောက်လာခဲ့ရ၏။ တခါတရံ အလုပ်များသည့်နေ့များဆိုလျှင် ထမင်းပင် လွတ်လေသည်။

တစ်မနက်တွင်တော့ သူ့ဆိုင်သို့ ထူးဆန်းသည့် ဧည့်သည်တစ်ယောက် ရောက်လာခဲ့လေသည်။ ခေတ်ဆန်စွာ ဝတ်စားဆင်ယင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဖြစ်၏။ ပန်းနုရောင် လည်ပင်းဟိုက်၊ လက်တို အင်္ကျီလေး ဝတ်ဆင်ထားပြီး ဆင်စွယ်ရောင် စလင်းဘက်လေးကို ကဗျာဆန်ဆန် လွယ်သိုင်းထား၏။ သူ အလုပ်လုပ်နေသည့် နေရာရှေ့တည့်တည့်သို့ လာရောက် ရပ်တန့်လိုက်သော သူမထံမှ အသက်ရှူမှားလောက်သည့် ရေမွှေးနံ့သင်းသင်းကို ရလိုက်သည်။ ခြေသလုံးသား မပေါ့်တပေါ် ဂါဝန်ဖြူလေးကို လှပစွာ ဝတ်ဆင်ထားပြီး အနက်ရောင် ဒေါက်မြင့်ဖိနပ်ကလေးနှင့် လိုက်ဖက်လွန်းနေသည်ဟု ဘူဇွာ တွေးနေမိ၏။ နေကာမျက်မှန်ဝိုင်းကြီးနောက်ကွယ်မှ မျက်နှာထားက အာရှတိုက်သူတစ်ယောက်မှန်း ပေါ်လွင်လွန်းလှသည်။

သူမသည် မည်သည့် ဆူရှီဗူးကိုမှ ဝယ်ယူခြင်းမရှိခဲ့ဘဲ ဆူရှီဗူးတိုင်းကို သေသေချာချာ လိုက်လံ ကြည့်ရှုအကဲခတ်နေခဲ့သည်။ ပြီးနောက် ဘူဇွာ ဆူရှီလိပ်နေပုံကိုလည်း စိတ်ဝင်တစား စိုက်၍ ကြည့်ရှုနေပြန်၏။ ဘူဇွာသည် စိတ်မသန့်တော့။ ဤအမျိုးသမီး ဘာများ လိုချင်နေသနည်းဆိုသည်ကို သိချင်လာမိတော့သည်။

"Mam... Are you looking for something? We have fresh sushi... just rolled out a minute ago. And the price is even better, yeah?"

အမျိုးသမီးသည် နှုတ်ခမ်းလေးကို တွန့်တွန့်လေး ကွေးထားကာ ဘူဇွာ့ကို ပြုံးပြုံးကြီး ကြည့်နေပြီးမှ ပြန်ဖြေလိုက်သည်။

“ကိုနီချီဝ... အနတာဝ နီဟွန်းဂျင်းန်ဒစ္စက...”

ခေါင်းကလေးလှုပ်၊ ခါးကလေးကိုင်းညွှတ်ကာ မေးမြန်းခဲ့သော ထိုစကားကို ဘူဇွာ နားမလည်ပါ။ ဂျပန်စကားလိုလို ဘာလိုလိုမှန်းတော့ သိလိုက်သည်။ သို့သော် မသေချာ။

ဘူဇွာ၏ အူကြောင်ကြောင် ဖြစ်နေသည့် အမူအရာများကို အမျိုးသမီးက ရိပ်မိသွားပုံပေါ်သည်။

"Oh... I thought you are a Japanese. You look like a Japanese though, aren't you?"

"Nah... I am not, but I know some Japanese words related to Sushi."

"Okay... that's good to know. Well, I do catering service. My office is just three streets down from here. Here is my business card. I would be glad if you come and stop by. What time do you finish, by the way?"

ဘူဇွာ နားလည်ရခက်သွားခဲ့သည်။ အမျိုးသမီးသည် ဧည့်ခံပွဲ၊ ပါတီပွဲများအတွက် စားသောက်စရာများ စီစဉ်ပေးသည့် လုပ်ငန်း လုပ်ကိုင်ကြောင်းကိုတော့ သူ သိသွားခဲ့ပြီ။ သို့သော် သူနှင့် ဘာများ ပတ်သက်နေပါသနည်းဟု စဉ်းစားနေမိ၏။

ထို့ကြောင့် သူ့အလုပ်ချိန်သည် ညနေ ၃ နာရီလောက်တွင် ပြီးမည့်အကြောင်း၊ ဒီနေ့ ညနေတွင်လည်း သွားစရာ ကိစ္စတစ်ခု ရှိနေသေး၍ မလာနိုင်သေးကြောင်း၊ မနက်ဖြန် ညနေ အလုပ်သိမ်းချိန် ညနေ ၄ နာရီဝန်းကျင်ခန့်တွင်တော့ လာမည်ဖြစ်ကြောင်းတို့ကို ရှင်းပြခဲ့ရသည်။

အမျိုးသမီး နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ချိန်တွင်မူ ဘူဇွာ့ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်ပြီး ကျန်ရစ်ခဲ့ရ၏။ အမျိုးသမီး၏ ရင်ခုန်စဖွယ် အပြုံးများကြောင့်ပင်လော... သူမ အသုံးပြုသည့် ရေမွှေးရနံ့ကြောင့်ပင်လော...

ဘူဇွာ မဝေခွဲတတ်တော့ပါ။

+++++

နောက်တစ်ရက် ညနေတွင်မူ ဘူဇွာနှင့် မောင်ကောင်းတို့နှစ်ယောက် နောက်ကျပြီးမှ အိမ်ပြန်ရောက်လာကြသည်။ နှစ်ယောက်စလုံး၏ မျက်နှာများတွင် ပြီတီတီ အပြုံးများ ရှိနေကြပြီး မောပန်းသည့်အသွင်၊ ပင်ပန်းနွမ်းနယ်သည့်အသွင်များ တစ်စက်ကလေးမျှ မတွေ့ရ။ အိမ်စာလုပ်နေသော ရှောက်သီးလုံးပင် အံ့ဩနေရ၏။

“နေစမ်းပါဦး... မင်းတို့ ပြန်လာတာ နောက်ကျလှချည်လား။ ဒီနေ့ ရောင်းကောင်းနေလို့လား”

ဘူဇွာသည် ဝယ်ယူလာသည့် ဘဲကင်နှင့် သောက်ဖွယ် ယမကာပုလင်းများကို ထုတ်နေပြီးမှ မောင်ကောင်းကို မေးငေါ့ပြလိုက်သည်။ သဘောကတော့ မင်းပဲ ကြည့်ကြက်ဖြေလိုက်တော့ဆိုသည့်ပုံ...

“နောက်မကျပါဘူး ကိုလေးရ။ ဘောစိက မမကြီးတစ်ယောက်နဲ့ စကားကောင်းနေခဲ့လို့ပါ။ ဟဲဟဲ...”

ရှောက်သီးလုံးသည် ဖတ်နေသည့်စာအုပ်ကို စားပွဲပေါ်တွင် ချထားလိုက်ပြီး မျက်မှောင်ကြုတ် ကြည့်နေသည်မှာ ဘာကိုမှ နားမလည်သည့်ပုံ...

“မင်းအစ်ကို ဂွင်တစ်ခု တွေ့ထားတယ်။ စီးပွားရေး သောင်းကျန်းတော့မယ်။ ဟုတ်ပြီလား... ဟဲဟဲ... ဆူရှီဆိုင်မှာလည်း နောက်ထပ် လူတစ်ယောက် ထပ်ငှားရဦးမယ်ထင်တယ် မောင်ကောင်း...”

“ငှားရမှာပဲ အစ်ကို... သူပြောသလိုသာ အစ်ကိုက အပြင်မှာ ဆူရှီလိုက်လိပ်နေမယ်ဆိုရင် အစ်ကို မရှိတဲ့နေ့တွေမှာ ကျနော်တို့ နှစ်ယောက်တည်းနဲ့ နိုင်မှာမဟုတ်ဘူး။ တစ်ယောက်တော့ ထပ်ငှားရမှာပဲ”

“ခင်ဗျားတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။ ကျနော့်လည်း ပြောပြအုံးလေဗျာ”

“အေးပါဟ... ပြောမှပေါ့... အင်္ကျီလေးဘာလေး သွားလဲဦးမယ်လေ။ ပြီးတော့ ညစာ စားရင်း၊ သောက်ရင်းနဲ့ ပြောပြမှာပေါ့။ ငါလည်း ပြောပြချင်နေတာ ပါးစပ်ကို ယားနေတာပဲဟေ့...”

ဘူဇွာတို့၏ ညစာထမင်းဝိုင်းလေးသည် အတော်လေး စိုစိုပြေပြေရှိလှသည်။ တရုတ်တန်းမှ ဝယ်လာခဲ့သည့် ဘဲကင် အကောင်လိုက် ရှိသည်။ ကိုက်လန့်ကြော် တစ်ပွဲပါသည်။ ငါးပေါင်းဟင်း တစ်ပွဲပါသည်။ ဟင်းရည်ချို တစ်ပွဲပါသည်။ သောက်စရာကတော့ ဘူဇွာ ဝယ်လာခဲ့သည့် Jack Daniel's 750 ml ဝီစကီတစ်လုံးရှိသည်။ အိမ်တွင် ကျန်ရှိနေသေးသည့် ဘီယာပုလင်းများလည်း ရှိနေသေး၏။

ထူးဆန်းအံ့ဩစရာ ကောင်းလှစွာပင်... ရှောက်သီးလုံးသည် ဝီစကီပုလင်းကို မျက်စောင်းပင် မထိုးခဲ့။ သူ့ဟာသူ ထသွားပြီး ရေခဲသေတ္တာတွင်းမှ ဘီယာတစ်ပုလင်းကို ဖွင့်ဖောက်ကာ သောက်နေ၏။

“ဒီလို... ညီလေးရ... ငါ့ကို ဂျပန်ဆူရှီစားဖိုမှူးတစ်ယောက်နဲ့ တူလို့တဲ့... အဟက်ဟက်...”

ဘဲကင်တစ်တုံးကို အရသာခံမြုံနေရင်း အရင်းမရှိအဖျားမရှိ ပြောလိုက်သည့် ဘူဇွာ့စကားကြောင့် ရှောက်သီးလုံး အံ့အားသင့်သွားခဲ့ရလေသည်။

“မနေ့က ဆိုင်ကို ဂျပန် မမကြီးတစ်ယောက်လာတယ် ကိုလေးရာ။ နာမည်က မီကို တဲ့။ သူက အစ်ကို့ကိုကြည့်ပြီး ဂျပန်ဆူရှီစားဖိုမှူးတစ်ယောက်ထင်နေလို့ ဂျပန်လိုတွေတောင် ပြောနေခဲ့သေးတယ်။ သူ့အလုပ်က catering လုပ်တယ်ဗျာ။ အဲဒါ အစ်ကို့ပုံစံကိုကြည့်ပြီး ဂျပန်ကြီးတစ်ယောက်နဲ့တူလို့ သဘောကျသွားတာရော၊ ဆူရှီလိပ်တာတွေ၊ အပြင်အဆင် သပ်ရပ်တာတွေရောကြောင့် သူနဲ့အတူတူ အလုပ်လုပ်ချင်လားလို့ ကမ်းလှမ်းလာတာ... သိပြီလား”

“နေပါအုံး... မင်းက AFC ကုမ္ပဏီနဲ့ စာချုပ်ထားတယ်မလား။ အပြင်မှာ ဘယ်လိုလုပ်ပြီး ထွက်လိပ်မှာလဲ... ကြည့်လဲလုပ်အုံးနော်... ခဏနေ မိသွားရင်တော့ ရေရေလည်လည် ကွိုင်ခံရမှာ”

“ရပါတယ်ကွာ။ လွတ်ပါတယ်... ကုမ္ပဏီကိုလည်း ငါ ပိုင်ပါတယ်။ ကုမ္ပဏီက ပစ္စည်းတွေ ယူမသုံးရုံပေါ့။ ငါ့ဟာငါ အပြင်မှာဝယ်သုံးမှာပေါ့။ ဒါက ဖြစ်ပါတယ်။ နေအုံး... နင့်ကို ငါ တစ်ခုလောက် ခိုင်းရအုံးမယ်။ နင်တို့ ကျောင်းမှာ စာကြည့်တိုက် ရှိတယ်မလား...”

ရှောက်သီးလုံးက ဘာလို့လဲ ဟူသည့် မျက်နှာပေးဖြင့် ဘူဇွာ့ကို ပြန်ကြည့်နေလေသည်။

“စာအုပ်တွေဘာတွေ ငှားလို့လည်း ရတယ်မဟုတ်လား။ ငါ့ကိုကွာ... Basic ဂျပန်စကားပြောနည်း စာအုပ်လေး ၃-၄ အုပ်လောက် ငှားခဲ့ပေးပါလား။ ငါ အခုရက်ပိုင်းအတွင်း လေ့လာချင်နေလို့...”

+++++

ယခုရက်ပိုင်းအတွင်း ဘူဇွာ အင်မတန် အလုပ်များနေလေသည်။ လင်မိုစင်း ကုမ္ပဏီသို့လည်း တစ်ခေါက် သွားခဲ့ရသေးသည်။ ရေဒီယိုလိုင်စင် ကိစ္စဖြစ်သည်။ သူ မောင်းသည့်ကားနှင့် ရေဒီယိုအား အီရန်လူမျိုးတစ်ယောက်ဖြစ်သော Kareem ကို ပေးမောင်းထားသည်။ တစ်ပတ်တွင် ကြာသာပတေးနေ့တစ်ရက်တိုင်း သူ့ဆူရှီဆိုင်သို့ ကားဖိုးနှင့် ရေဒီယိုအငှားခငွေများကို လာရှင်းပေးလေ့ရှိသည်။ ယခု ရေဒီယို လိုင်စင် ကိစ္စကတော့ သူသည် ပိုင်ရှင်ဖြစ်နေသည့်အတွက်ကြောင့် ကုမ္ပဏီသို့ ကိုယ်တိုင်လာရောက်၊ လက်မှတ်ထိုးရလေသည်။ ဘာမှတော့ အရေးမကြီးပါ။ လင်မိုစင်းကော်မရှင်က ဥပဒေအသစ်ပြဋ္ဌာန်းခဲ့သည့်အတွက် လိုက်နာဆောင်ရွက်ပါမည့် အကြောင်း ခံဝန်ချက် လက်မှတ်ထိုးရခြင်းပင်ဖြစ်သည်။ သို့သော် ဆူရှီဆိုင်တစ်ဘက်နှင့် ဘူဇွာ့အတွက်တော့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ခဲ့လေသည်။ ကံကောင်းသည့်အချက်မှာ မောင်ကောင်းအား မျက်နှာလွှဲထားနိုင်ခဲ့ခြင်းကြောင့်သာ... မဟုတ်လျှင် မလွယ်ရေးချမလွယ်...။

အပြင်သို့ ထွက်နိုင်တုန်း တစ်ရက်တည်းတွင် လုပ်ငန်းဆောင်တာများ ပြီးပြတ်အောင် လုပ်ချင်နေသည့် သူ့ဉာဉ်အရ ဘူဇွာသည် ကားအဟောင်းရောင်းသည့် နေရာတစ်နေရာသို့ ရောက်သွားခဲ့သေးသည်။ ဆူရှီလုပ်ငန်းအတွက် အသုံးပြုရန် ပေါင်မုန့်ဗင်တစ်စီး သွားရှာခဲ့ခြင်းဖြစ်သည်။ တစ်ရက်တည်းတော့ ချက်ချင်းလက်ငင်းကြီး ရှာမတွေ့နိုင်ပါ။ ထို့ကြောင့် သူလိုချင်သည့် ကားမော်ဒယ်နှင့် အမျိုးအစားကို သေသေချာချာ မှာထားခဲ့သည်။

သူ စိတ်ကူးထားသည်မှာ ထိုဗင်ပေါ်တွင် အအေးခန်းတစ်ခုတပ်မည်၊ ပြီးနောက် သူ အပြင်မှ ဝယ်ယူမည့် ဆူရှီကုန်ကြမ်းများကို ထိုကားပေါ်တွင် တင်မည်။ ပြီးလျှင် မီကို၏ လုပ်ငန်းတွင် ထိုကားကိုအသုံးပြုရန် လျာထား၏။

ဘူဇွာ၏ တစ်နေ့တာ အချိန်ဇယားက မလောက်ငပါ။ သူ လုပ်ချင်သည့်အရာများ အားလုံး ပြီးပြတ်သွားအောင် မဆောင်ရွက်နိုင်ခဲ့သေး၍ သူ့ကိုယ်သူ မကျေနပ်။ ဆိုင်သို့ ပြန်ရောက်လာချိန်တွင်လည်း ရင်မောစရာ သတင်းတစ်ခုက စောင့်ကြိုနေသည်။

“အစ်ကို ထွက်သွားပြီးပြီးချင်းပဲ လူတစ်ယောက် ရောက်လာခဲ့သေးတယ်။ မိန်းမိန် အေဂျင်စီက လွှတ်လိုက်တာတဲ့။ ဆူရှီအကူတစ်ယောက်လိုလို့ ဆိုလား။ အစ်ကို ခေါ်ထားတာလား”

“ဟာ... အေး... ဟုတ်တယ်လေ။ မင်းကွာ.. ငါ့ဆီဖုန်းလှမ်းဆက်လိုက်ရောပေါ့”

“အစ်ကို့ကို ဆက်တာပဲ။ ဖုန်းက မက်ဆေ့ထဲပဲ ဝင်ဝင်သွားတယ်”

“ဪ... ငါ့ ရထား အောက်ထဲရောက်နေလို့ဖြစ်မယ်။ မင်းကလည်းကွာ... တစ်ခါတည်း ခန့်လိုက်... ပြီးရော။ ငါတို့ ဒီမှာ လူလိုနေတာ သိသားနဲ့...”

“ကျနော် မခန့်ရဲဘူးလေ... အစ်ကိုမှမရှိတာ။ ကျနော် မနက်ဖြန် ပြန်ချိန်းထားပါတယ်။ သူ ပြန်လာမှာပါ။ မြန်မာ တစ်ယောက်ပဲ...”

“အင်း... သူ့ကို ခန့်ပြီးရင်တော့ မင်း သင်တန်း သွားတက်ရမယ်နော်။ စားသောက်ကုန် ကိုင်တွယ်ရောင်းချသူတွေအတွက် လိုင်စင် ရှိဖို့လိုတယ်။ မင်း လခလည်း တိုးပေးမှာပါကွာ... မပူပါနဲ့... ဟုတ်ပြီလား။ သင်တန်းက ဘာမှတော့ မခက်ဘူး... သင်တန်းဆရာတွေကို နည်းနည်းပါးပါး လာဘ်ထိုးလိုက်ရင် သူတို့ မင်းကို ဖြေပေးလိမ့်မယ်။ ငါ့တုန်းကလည်း ဒီလိုပဲ အောင်လာခဲ့တာ”

ထိုစကားကြောင့် မောင်ကောင်းသည် တခွိခွိ ရယ်နေလေသည်။

မောင်ကောင်းသည် စိတ်ချယုံကြည်စွာ မျက်နှာလွှဲထားနိုင်သည့် လူတစ်ယောက်ဖြစ်မှန်း ဘူဇွာ သိနေပါသည်။ မောင်ကောင်းအား လခ တိုးပေးရန်လည်း နဂိုကတည်းက အစီအစဉ် ရှိထားပြီးဖြစ်၏။ သို့သော် ပုံမှန် ဆူရှီစားဖိုမှူးတစ်ယောက်၏ လခဖြစ်သော ဒေါ်လာ ၂၀၀၀ ထိတော့ မတိုးပေးနိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် မောင်ကောင်းသည် အချိန်ပြည့် ဆူရှီလိပ်ဆရာ မဟုတ်သေးသည့်အတွက်ဖြစ်သည်။ နောင်တစ်ချိန် သူ တခြားလုပ်ငန်းများကို ချဲ့ထွင်လုပ်ကိုင်လာနိုင်မည်ဆိုပါက မောင်ကောင်းအား ဆိုင်ကိုလွှဲထားခဲ့ရန် လျာထားပြီး ဖြစ်သည်။

“ဟ... အတည်ပြောနေတာကွ။ ငါ ဒီနေ့တောင် ဗင်တစ်စီး သွားရှာလာခဲ့သေးတယ်။ နောက်အပတ်မှ သူတို့ ဖုန်းပြန်ဆက်မယ်တဲ့။ မီကိုတို့လုပ်ငန်းက ဘယ်အချိန်လိုမယ်မှန်း မသိသေးတော့ ခဏလောက်တော့ ဥ ထားလိုက်အုံးမယ်။ ဗင်တစ်စီးတော့ လိုမှာ သေချာတယ်”

“ဘယ်လောက်တဲ့လဲ အစ်ကို”

“၅၀၀၀၊ ၆၀၀၀ တန်လောက် မှန်းထားတာပဲ။ ကားအသစ်ကြီးလည်း မလိုဘူးလေ။ ပြီးရင် အအေးခန်းအတွက် ပိုက်ဆံက ထပ်ကုန်ရအုံးမယ်”

“ဒါလည်း ကောင်းတာပဲ။ ဒီလမ်းထဲမှာ နေ့ခင်းပိုင်း လုပ်ငန်းသုံးကားတွေ ပေးရပ်ထားတာကိုက အံကိုက် ဖြစ်နေတာပေါ့... ဟဲဟဲ...”

“ဒါနဲ့ အစ်ကို မနေ့ညက အိမ်ပြန်နောက်ကျတယ်နော်။ ကိုလေးကတောင် မေးနေသေးတယ်။ ကျနော်လည်း ကြည့်ကောင်းအောင်တော့ ဖြေခဲ့ပါတယ်... ဂျပန်ကြီး ဆာရှိမိတွေ သွားစားနေတယ်လို့ ... အဟက်ဟက်...”

ဘူဇွာ ဘာမှ ပြန်မပြောခဲ့ပါ။ မိန့်မိန့်ကြီးသာ ပြုံးနေသည်။ ယခင်ကဆိုလျှင် ဆာရှိမိ မကြိုက်သော သူသည် ယခုတော့ ဆာရှိမိကို တမ်းတမ်းစွဲ ဖြစ်လုနီးပါး ဖြစ်နေရလေပြီ။

မီကို ဆိုသော ဆာရှိမိ တုံးကြီး ဖြစ်လေသည်။

0 Comments: