Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


မင်္ဂလာပါကမ္ဘာလောကကြီး

(၁)

United States Patent and Trademark Office
Room 582, 5th Floor, Knoxx Building
Dulany Street, VA 22314

အစည်းအဝေးခန်းမကြီးထဲတွင် တီထွင်မှုမူပိုင်ခွင့် စစ်ဆေးသူ အထက်အရာရှိများ စုဝေးဆွေးနွေးနေကြသည်။

“အရင်တုန်းက ဒီနည်းပညာရဲ့တီထွင်မှု လျှောက်လွှာတွေ မတွေ့ဖူးဘူး။ ဒီတီထွင်မှုကို မူပိုင်ခွင့် ပေးသင့်တယ်”

“မဟုတ်သေးဘူး၊ ဒါ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ တီထွင်မှုပဲ။ ကျုပ်တို့ဆီမှာ image sensor, graphic processor တွေနဲ့ပတ်သက်ပြီး တီထွင်မှုတွေ ထောင်နဲ့ချီ ရှိနေပြီးသား။ ဟိုဘက် ဌာနတွေမှာဆိုရင်လည်း Nano particles တွေနဲ့ ပတ်သက်ပြီး ရွေ့လျားမှုတွေ၊ တွက်ချက်မှုတွေနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုတွေ မှတ်ပုံတင်ထားပြီးသားပဲ။”

“ခင်ဗျားပြောတာ ကျုပ်တော့ ထောက်ခံတယ်။ ကျုပ်တို့ဌာနမှာဆိုရင်လည်း Silicon Wafer တွေကို အသေးငယ်ဆုံး size အထိရောက်အောင် ထုတ်လုပ်မှု နည်းစနစ်တွေ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တီထွင်မှုတွေကို မှတ်ပုံတင်ထားပြီးသား ရှိနေတယ်။”

“အမေရိကန်စစ်တပ်အတွက် အသုံးပြုမယ့် လေဆာရောင်ခြည် ထုတ်လွှတ်မှု၊ gamma ရောင်ခြည် ပြန့်နှံ့သက်ရောက်မှု နည်းပညာဆိုင်ရာ တီထွင်မှုတွေကို မှတ်ပုံတင်ထားတာ ဒုနဲ့ဒေး ရှိနေသေးတယ်လေ”

“ဇီဝသိပ္ပံဌာနမှာဆိုရင်လည်း ဦးနှောက်ဆဲလ်တွေကို ပြုပြင်ပေးနိုင်တဲ့ ဇီဝပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေကို တီထွင်ထားတဲ့ မှတ်ပုံတင်တွေမှ အများကြီးပဲ”

“ကွန်ပြူတာ ပရိုဂရမ်ဌာနမှာဆိုရင် ဒီလိုမျိုး ပရိုဂရမ်ထက်ရှုပ်ထွေးနက်နဲတဲ့ တွက်ချက်မှု ပရိုဂရမ်ကြီးတွေကိုတောင်မှ အခုထိ စစ်ဆေးလို့ မပြီးနိုင်သေးဘူး”

“နည်းပညာရပ်တွေအားလုံးကို ပေါင်းစပ်ထားသလို လုပ်ထားတဲ့ ဒီ တီထွင်မှုကို မူပိုင်ခွင့် မပေးသင့်ဘူး”

“အဲဒီအဆိုကို ကန့်ကွက်ပါတယ်”

“ကျုပ်လည်း သူ ကန့်ကွက်တာကို ထောက်ခံတယ်”

“နည်းပညာတွေကို ပေါင်းစပ်ထားသလို ဖြစ်နေပေမယ့် ဒီလို ပေါင်းစပ်ထားမှုကို အချိုးကျကျ၊ နရီမှန်မှန်ဖြစ်အောင် ဘယ်သူမှ မတီထွင်နိုင်သေးဘူးဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါကြောင့် ဒီတီထွင်မှုကို မူပိုင်ခွင့် ပေးသင့်တယ်”

တီထွင်မှုမူပိုင်ခွင့် စစ်ဆေးသူ အထက်အရာရှိများ အငြင်းပွားနေကြကာ အုပ်စု နှစ်စု ကွဲသွားကြတော့၏။ တီထွင်မှု မူပိုင်ခွင့်ကို မှတ်ပုံတင် ပေးချင်သည့် အုပ်စုနှင့် အသစ်တီထွင်ခြင်း မဟုတ်၍ တီထွင်မှု မူပိုင်ခွင့် မပေးသင့်ဆိုသော အဆိုများကို ဆွေးနွေးငြင်းခုန်နေကြလေသည်။


*

(၂)

မိုးမျှော်တိုက်တာ အဆောက်အဦကြီးများ ထိုးထိုးထောင်ထောင်ရှိနေသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။ တိုက်မြင့်ကြီးများထဲမှ တိုက်တစ်လုံး၏ ၇၂ လွှာရှိ ဆွေးနွေးခန်းမကျယ်ကြီးထဲတွင် လူတစ်စု ဆွေးနွေးနေကြသည်။

ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ချထားရေး အမှုဆောင်အဖွဲ့၊ နည်းပညာအဖွဲ့၊ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့တို့က စားပွဲရှည်ကြီး၏ တစ်ဘက်ခြမ်းတွင် ထိုင်နေကြပြီး ကျန်တစ်ဘက်ခြမ်းတွင်တော့ နိုင်ငံတကာမှ သိပ္ပံပညာရှင်တစ်စု ထိုင်နေကြသည်။

“ကျုပ်တို့ ကုမ္ပဏီက ခင်ဗျားတို့ရဲ့ ပရောဂျက်ကြီးအတွက် ဒေါ်လာမီလျံပေါင်း မြောက်မြားစွာ ရင်းနှီးမြှပ်နှံခဲ့တယ်။ မူပိုင်ခွင့် မှတ်ပုံတင်တာ မအောင်မြင်ဘူး။ တီထွင်မှု မူပိုင်ခွင့်မှတ်ပုံတင်တာ ငြင်းဆိုခံခဲ့ရတယ်။ အဲဒီတော့ ကျုပ်တို့ရဲ့ ဒီပရောဂျက်ကြီးကို ရှေ့ဆက် မလုပ်နိုင်တော့ဘူး။ ခင်ဗျားတို့ရဲ့ Research and Development Team ကိုလည်း ဒီနေ့ကစပြီး ဖျက်သိမ်းလိုက်ပြီ။ ဘာများ ပြောစရာ ကျန်သေးလဲ”

သိပ္ပံပညာရှင်တစ်ယောက်က အရဲစွန့်ပြီး ပြောကြည့်သည်။

“ကျုပ်တို့ တီထွင်ထားတဲ့ စက်ကြီးကို တောင်အမေရိကတိုက်ကို ပြန်သယ်ယူသွားချင်တယ်။ ဖြစ်မလား...”

ကုမ္ပဏီအုပ်ချုပ်သူများ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြပြီးမှ အဖြေတစ်ခုထွက်လာသည်။

“ဒီစက်ကြီးကို ကုမ္ပဏီမှာ ထားထားလည်း နေရာအပိုယူနေမှာပဲ။ ပြုပြင်ထိန်းသိမ်းထားခလည်း ဈေးကြီးနေမယ်။ ခင်ဗျားတို့ စရိတ်စကနဲ့ ခင်ဗျားတို့ သယ်ယူသွားနိုင်မယ်ဆိုရင်တော့ ပြန်ယူသွားလို့ ဖြစ်ပါတယ်။  ဒီမှာ ဘာမှ အသုံးဝင်မယ်လို့ ကျုပ်တို့မထင်ဘူး။ ဒါပဲမဟုတ်လား... အစည်းအဝေး ရုတ်သိမ်းလိုက်တော့မယ်။ ကျုပ်တို့ နောက်ထပ် အစည်းအဝေးတစ်ခု လုပ်စရာ ရှိနေသေးတယ်”

**

(၃)

သူ့ မိသားစုက အရမ်းဆင်းရဲသည်။ သူသည် ပညာမတတ်၊ ရေးတတ်ဖတ်တတ်ရုံလောက်တော့ စာပေပညာ တတ်မြောက်ပါသည်။

သူ လုပ်နေသည့်အလုပ်က ကုန်တင်သင်္ဘောတစ်စီးပေါ်တွင် မီးဖိုချောင်အကူ...

တောက်တိုမယ်ရ၊ ဝေယျာဝစ္စများအားလုံးကို သိမ်းကြုံးလုပ်ပေးရသည်။ မနက် ၆ နာရီ ဒေါင်ကနဲ မြည်လာသည်နှင့် အိပ်ယာမှ ထရသည်။ ည ၉ နာရီခွဲထိ အလုပ်ကြမ်းများကို တစ်နေကုန် ဇယ်ဆက်သလို လုပ်ကိုင်ရသည်။

မိုးမျှော်အဆောက်အဦကြီးများကို ငေးကြည့်နေရင်း ထိုအဆောက်အဦကြီးများတွင် နေထိုင်နေသည့် လူများ၏ဘဝကို အားကျမိသည်။ မီးရောင်စုံ ထွန်းလင်းနေသည့် မြို့ကြီးထဲသို့ တစ်ခေါက်လောက်ဖြစ်ဖြစ်တော့ ရောက်ကြည့်ချင်သည်။

သူသာ တစ်ကိုယ်ကောင်းဆန်စွာ သင်္ဘောပေါ်မှ ခုန်ချခဲ့ပြီး ထိုနေရာဒေသကြီးတွင် ကျင်လည်ကျက်စားမည်ဆိုပါက ဖြစ်ပါသည်။ သို့သော် သူ့ကို မှီခိုနေရသည့်၊ နီးရာဓားကြောက်နေရသည့် မိသားစုဝင်များ၏ မျက်နှာများကို ပြန်လည် မြင်ယောင်ကြည့်နေမိရင်း “မဖြစ်သေးပါဘူးလေ၊ ငါ ဒီမှာ နေခဲ့ရင် ငါ့ မိသားစုတွေ အသတ်ခံရမှာပေါ့” ဟူသည့်အတွေးကြောင့် သူ သိပ်သွားချင်နေသည့်၊ သူ သိပ်မြင်ချင်နေသည့်၊ သူ သိပ်ကိုကျင်လည်ချင်နေမိသည့် မြို့ပြအိပ်မက်များကို ပြန်လည်မျိုချထားကာ အိပ်ဆောင်ဆီသို့ လေးကန်သော ခြေလှမ်းများဖြင့် ပြန်လည် ရောက်ရှိလာခဲ့ရတော့သည်။

***

(၄)

ကွန်တိန်နာပေါင်းများစွာ တင်ဆောင်လာသော သင်္ဘောကြီးသည် သမုဒ္ဒရာပြင်ကြီးထဲတွင် ခုတ်မောင်းနေ၏။

အလှည့်ကျ သင်္ဘောကပ္ပတိန်နှင့် သင်္ဘောဝန်ထမ်းအချို့်သည် သင်္ဘောကြီးကို လိုရာခရီးရောက်စေရန် ပဲ့ကိုင်ထိန်းကျောင်းနေကြသည်။ ယနေ့ည မုန်တိုင်းကျမည်ဟု ရေဒီယိုက ပြောထားသောကြောင့် ကပ္ပတိန်ချုပ်ကြီးကိုယ်တိုင် ထိန်းချုပ်ရေးခန်းထဲတွင် ရောက်ရှိနေသည်။

မုန်တိုင်း စလာပေပြီ။ အရင်ဦးဆုံး... ပြင်းထန်သည့် လေပြင်းများ တိုက်ခတ်လာသည်။ ပြီးနောက် မိုးစက်မိုးပေါက်များသည် အညှာအတာကင်းမဲ့စွာ ကျရောက်လာလေသည်။

သမုဒ္ဒရာပြင်တွင် လှိုင်းလုံးများ ဆင့်ကာဆင့်ကာဖြင့် တစ်လုံးပြီးတစ်လုံး ကုန်တင်သင်္ဘောကြီးကို ကရုဏာမဲ့စွာ၊ ရက်စက်စွာ ရိုက်ပုတ်နေတော့၏။

တစ်နေကုန် ပင်ပန်းထားသဖြင့် အခန်းကျဉ်းလေးထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသာ မီးဖိုချောင်အကူကောင်လေးသည် မုန်တိုင်းဒဏ်ကြောင့် သင်္ဘောကြီးတစ်စီးလုံး ယိမ်းထိုးနေသည့်အတွက် ထိတ်လန့်စွာ လန့်နိုးလာခဲ့သည်။ ဤလောက် ဆိုးရွားသည့် ရာသီဥတုမျိုးကို သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကြုံတွေ့ခဲ့ဖူး...။

သင်္ဘောကြီးသည် အပေါ်တွင် ကွန်တိန်နာများ တင်ဆောင်ထားသည့် အလေးချိန်ကြောင့်၊ လှိုင်းကြီးတစ်လုံး၏ ရက်စက်သော အပုတ်တွင် တစ်ဘက်သို့ တိမ်းစောင်းသွားတော့သည်။

သင်္ဘောမှောက်လေပြီ။

မီးဖိုချောင်အကူကောင်လေးသည် သူ့အခန်းအနီးရှိ အသက်ကယ်လေအိတ်တစ်လုံးကို အလျင်အမြန် ကောက်ဝတ်ထားလိုက်သည်။

မကြာသောအချိန်ကာလအတွင်းတွင် သူသည် ရေထဲတွင် ပေါလောမျောနေလေပြီ။ ငံကျွိသော ဆားငံရေများက ပါးစပ်အတွင်းသို့ အလုတ်လိုက် အလုတ်လိုက် ဝင်ရောက်လာကြသလို၊ ကြီးမားလွန်းသည့် လှိုင်းလုံးများအောက်တွင် သူသည် မြုပ်ချီတစ်လှည့်၊ ပေါ်ချီတစ်လှည့် ဖြစ်နေရကာ သန်းခေါင်ယံမုန်တိုင်းအောက်တွင် အသက်ဆက်ရှင်သန်ရေးအတွက် သိသလောက်၊ တတ်သလောက် အသိပညာလေးဖြင့် ကြိုးစားရုန်းကန်နေရလေသည်။

****

(၅)

သူ သတိရလာချိန်တွင် ပထဝီမြေပြင်၏ အထိအတွေ့ကို ပထမဆုံး ခံစားသိရှိလိုက်ရသည်။ သူ သိနေသည်မှာ သူ့အသက် မသေတော့ဆိုတာပဲဖြစ်သည်။ အသက်ဆက်လက်ရှင်သန်ဖို့ မည်သို့နေထိုင်ရမည်များကို ပက်လက်လှန်ကာ ခေါင်းအေးအေးဖြင့် စဉ်းစားနေမိ၏။ လောလောဆယ် ရေငတ်နေတာတော့ သိသည်။

ထိုအချိန်မှာပင် ထူးဆန်းသည့် အဝတ်အစားများ ဝတ်စားထားသော ယောက်ျားတစ်စုသည် မှိန်းတံများ၊ တံစို့တံများကိုင်ဆောင်ကာ ရေထဲသို့ ဆင်းသွားကြ၏။ ကမ်းခြေပေါ်တွင် ပက်လက်လှန် လဲကျနေသည့် သူ့ကို အသိအမှတ်ပြုသည့် အကြည့်များသာ ကြည့်သွားခဲ့ကြပြီး လာရောက်နှုတ်ဆက်၊ စပ်စုမေးမြန်းခြင်းများမရှိ။ သူတို့အလုပ် သူတို့ လုပ်ရန် ရေထဲသို့ ဆင်းသွားခဲ့ကြ၏။

လူသူမရှိသော ကျွန်းကြီးတစ်ကျွန်းမဟုတ်မှန်း သူ သိသွားခဲ့ပြီ။ ဤကျွန်းကြီးတွင် လူများ နေထိုင်နေကြသည်၊ သူတို့သည် သူနှင့် လူမျိုး တူချင်မှတူမည်၊ ပြောဆိုသည့် ဘာသာစကား တူချင်မှ တူမည်၊ သို့သော် သူတို့သည် လူသားများ ဖြစ်ကြောင်းကို သူ စိတ်ချလက်ချ ယုံကြည်လိုက်ပေပြီ။

တအောင့်လောက်ကြာသောအချိန်တွင်မူ စောစောတုန်းက ရေထဲသို့ဆင်းသွားသည့် လူစုထဲမှ လူနှစ်ယောက်သည် သူ့ထံသို့ လျှောက်လှမ်းလာခဲ့ကြသည်။ သူတို့လက်ထဲတွင် ငါးများ၊ ခရုများ၊ ပုဇွန်များကို သယ်ယူလာခဲ့ကြပြီး သောက်ရေကိုလည်း ထူးဆန်းသည့် မြေခွက်တစ်မျိုးဖြင့် ထည့်ယူလာပေးကြသည်။ သို့သော် သူတို့ စကားမပြောကြပါ။ သူ့ကို ပေးစရာရှိတာများ ပေးခဲ့ကြပြီး တိတ်ဆိတ်ငြိမ်သက်စွာပင် လှည့်ပြန်သွားခဲ့ကြသည်။

ကျွန်းနေလူတို့၏ ယဉ်ကျေးမှုသည် တစ်မျိုးတစ်ဘာသာ ဆန်းသည်ဟု သူ မှတ်ယူမိလိုက်သည်။

အစားအသောက်များကို စားသောက်ပြီးနောက်တွင် သူ တရေးတမော အိပ်မောကျသွားခဲ့ပြန်၏။ ညနေပိုင်းတွင် ပြန်လည် နိုးထလာခဲ့ပြီး ကျွန်းတလျှောက်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ကမ်းစပ်နှင့် မနီးမဝေးတစ်နေရာရှိ တောင်ကမူလေးတစ်ခုပေါ်တွင် လိုဏ်ဂူငယ်လေးတစ်ခု ရှိနေကြောင်း သူ တွေ့ရှိသွားခဲ့သည်။ လောလောဆယ်တော့ သူ့ဘဝကို ဤလိုဏ်ဂူလေးထဲ၌ပင် အခြေချနေထိုင်ရန် ဆုံးဖြတ်ထားလိုက်တော့သည်။

ကျွန်းပေါ်သို့ သူ ရောက်လာပြီး နောက်တစ်မနက်မှာပင် ကမ်းစပ်၌ လေအိတ်အနက်ကြီးတစ်လုံး မျောပါလာကြောင်း တွေ့လိုက်ရသည်။ ဘာအိတ်ကြီးမှန်း မသိသေးသော်လည်း ထိုအိတ်ကြီးကို သူ့ဂူထဲသို့ ခက်ခက်ခဲခဲ သယ်ယူလာခဲ့သည်။ နောက်တစ်မနက်တွင်မူ သူ ယူလာခဲ့သည့် လေအိတ်အနက်ကြီးကို မတွေ့ရတော့ပါ။ ပျောက်ချင်းမလှ ပျောက်သွားခဲ့ချေပြီ။

*****

(၆)

နေ့နှင့်ညတို့ ကုန်ဆုံးသွားခဲ့ကြသည်။ သူသည်လည်း ကျွန်းပေါ်တွင် နေသားတကျ ဖြစ်နေလေပြီ။ ကျွန်းသူ ကျွန်းသားတို့ စားသောက်တတ်သည့် အစားအစာများကို ရှာစားတတ်လာသည်။ ကျွန်းသားများနှင့်အတူ အမဲလိုက် ထွက်တတ်လာသည်။ ကျွန်းသားတို့၏ ရွာကလေးကို သွားလည်သည့်အခါများ သွားလည်မိသည်။

ရွာသူရွာသားများသည် သူတို့ ယဉ်ကျေးမှုနှင့် သူတို့ ယဉ်ကျေးသိမ်မွေ့ကြပါသည်။ သူနှင့် မတူညီသော ဓလေ့ထုံးစံ၊ ဘာသာစကားများ ပြောဆိုနေထိုင်ကြသော်လည်း အားလုံး အေးအေးချမ်းချမ်း ရှိလှပါသည်။

သူတို့ဝတ်မည့် အဝတ်အစားများကို သူတို့ဘာသာ ယက်လုပ်ကြသည်။ အစားအသောက်ထည့်သည့် ရွှံ့အိုးရွှံ့ခွက်များကို သူတို့ဘာသာ မီးဖုတ် ပြုလုပ်ကြသည်။ ရွာထဲတွင် သစ်ချောင်းများဖြင့်ဆောက်လုပ်ထားသည့် နေစရာ အိမ်ကလေးများ စီစီရီရီ ရှိနေကြသည်။ ပန်းပုရုပ်များ ပြုလုပ်သည့်လူက ပန်းပုရုပ်များ ပြုလုပ်နေကြသည်။ သစ်သားရုပ်တု ထွင်းသူများက သစ်သားရုပ်တု ထွင်းနေကြသည်။ တချို့ သူများကတော့ ရွာနီးချုပ်စပ်ရှိ အပင်တစ်မျိုးမှ အရွက်များကို ပါးစောင်တွင် ငုံထားကြပြီး ဇိမ်ယူနေတတ်ကြသည်။ သူသည်လည်း တခါတရံတွင် ထိုအရွက်များကို ငုံကြည့်ဖူးသည်။ ဘာအရွက်မှန်း မသိသော်လည်း ထိုအရွက်များကို ငုံထားပြီးသည့်နောက်တွင် အမောအပန်းခံလာနိုင်သည်၊ စိတ်ဓာတ်များ လှုပ်ရှားတက်ကြွလာသည်။ သို့သော် အရှိန်ပြေသွားသည့်အချိန်တွင်တော့ အိပ်ပဲအိပ်ချင်နေတော့သည်။

ကျွန်းပေါ်တွင် ငါးဖမ်း၊ အမဲလိုက်တော်သူ ရွာ၏ သူရဲကောင်းများ ရှိနေသကဲ့သို့ ပန်းပုရုပ်များ ထွင်းထုတာတော်သော အမျိုးသမီးများလည်း ရှိနေကြပါသည်။ ရွာကြီးသည် အေးအေးချမ်းချမ်းဖြင့် သူ့ယဉ်ကျေးမှုနှင့်သူ ရပ်တည်နေ၏။

သို့သော် မအေးချမ်းသည့် သတ္တဝါများလည်း ရှိနေပါသေးသည်။

******

(၇)

သူသည် ကျွန်းသူကျွန်းသားများနှင့် သဟဇာတဖြစ်အောင် နေထိုင်ခဲ့သည်။ တခါတရံတွင် သူတို့၏ အလုပ်များကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးခဲ့သလို သူတို့နှင့်အတူတူ အမဲလိုက်၊ ငါးဖမ်းခြင်းအမှုများကိုလည်း အတူတူ လုပ်ကိုင်ခဲ့ပါသည်။ သို့သော် အချိန်တန်လျှင်တော့ သူသည် သူ့ ဂူလေးထဲ၌သာ သွားရောက် အနားယူလေ့ရှိသည်။ ဤဂူလေးသည် သူ့အိမ်ပင် မဟုတ်ပါလား...။

အားလပ်သည့်အချိန်များတွင် သူသည် ပင်လယ်ကမ်းစပ်တွင် ပုလင်းခွံ၊ ဗူးခွံကောက်သည့်အလုပ်ကို လိုက်လုပ်နေမိသည်။ ပုလင်းခွံများကို အဖုံးပိတ်ပြီး ရေထဲသို့ ပြန်မျောနိုင်သည် မဟုတ်ပါလား။ သူ့ဂူလေးထဲတွင် သူတတ်သလောက် မှတ်သလောက် ရေးထားသည့် စာများ ရှိနေလေသည်။ ကျွန်းကြီး၏ပြင်ပလောကနှင့် အဆက်အသွယ်များ ရလိုရငြား ဟူသည့် မရေရာသော စိတ်ကူးများဖြင့် သစ်သားပြားများပေါ်တွင် သံချောင်းတိုတစ်စဖြင့် စာလုံးများ ရေးထွင်းထုထားခဲ့သည်။ ပြီးနောက် အဝကျယ်သည့် ပုလင်းခွံများထဲသို့ စာရေးထားသည့် သစ်သားပြားများကိုထည့်၊ ပြီးလျှင် ရေထဲသို့ မျောရသည်မှာ သူ၏ ပုံမှန်အလုပ်တစ်ခု ဖြစ်လာသည်။ စာများထဲတွင် သူ့တွေးမိ၊ စဉ်းစားမိသည်များကို ရိုးရိုးရှင်းရှင်းလေး ရေးထားခဲ့လေသည်။

ယခုတလော သူ့ဂူလေးထဲတွင် ထားရှိခဲ့သည့် ပစ္စည်းများ ပျောက်ဆုံးလာသည်။ ဂူနံရံများတွင် အသီးအနှံပုပ်များဖြင့် ပစ်ပေါက်ထားခဲ့မှုကြောင့် ပေပွနံစော်နေသည်။ ဂူတွင်းတွင်လည်း ငှက်ပျောခွံအမှိုက်များ ပွစိတက်နေသည်။ အဆိုးဆုံးမှာ သူရေးထားခဲ့သည့် သစ်သားစာလေးများသည် ပုလင်းခွံများနှင့်အတူ အပိုင်းပိုင်းအစစ ဆုပ်ဖြဲဖျက်ဆီးခံရကာ ဂူတွင်းသို့ ပြန်ရောက်လာခြင်းပင်။

ဤကိစ္စကို သူ စုံစမ်းရပေတော့မည်။

တစ်ရက်တွင် သူသည် တစ်ညလုံးမအိပ်ဘဲ အိပ်ချင်ယောင်ဆောင်ကာ စောင့်ဆိုင်းနေသည်။ ညနေတုန်းက သူ စာထွင်းထုထားခဲ့သည့် သစ်သားစများ ပါဝင်သော ပုလင်းခွံများကို ကမ်းခြေတွင် မျောက်များက ခွိခွိ ခွခွ၊ ကွိကွိ ကွကွဖြင့် သဲကြီးမဲကြီး ဖောက်ဖျက်နေသည်ကို လရောင်အောက်၌ တွေ့လိုက်ရလေသည်။ ပုလင်းခွံကို ဖွင့်လိုက်ပြီးသော် မျောက်တို့သည် ခုန်ပေါက်မြူးတူးစွာဖြင့် မျောက်သံပေးကာ ကခုန်နေကြပြန်၏။ ပြီးနောက် မျောက်ခေါင်းကုပ်ဟန်ဖြင့် သူတို့ခေါင်းကို သူတို့ ကုပ်နေကြပြီး သစ်သားစတွင် ပါရှိသည့် စာပါအကြောင်းအရာတို့ကို နားမလည်သဖြင့် မျောက်မျက်ဖြူလန်နေကြလေသည်။ နောက်ဆုံးတွင်တော့ မျောက်တို့သည် ပုလင်းခွံများကိုရော၊ အထဲတွင် ပါရှိသည့် သစ်သားစာများကိုပါ နင်းခြေဖျက်ဆီးခဲ့ကြပြီး သူ့ဂူလေးအတွင်းသို့ အမှိုက်ပစ်ရန် ရောက်ရှိလာခဲ့ကြလေသည်။

သူသည် ဆက်လက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်ရတော့၏။ မျောက်တွေနှင့် သူ ရန်မဖြစ်ချင်ပါ။

*******

(၈)

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့ပြန်သည်။ ရက်မှလ၊ လမှနှစ်သို့ ရာသီအလီလီ ကူးပြောင်းခဲ့ချေပြီ။ ယခုတော့ သူသည် ကျွန်းသူကျွန်းသားတို့နှင့် တသားတည်း ဖြစ်လာရသလို ကျွန်းပေါ်တွင် နေထိုင်ရသည်ကို မငြီးငွေ့တော့ပါ၊ ပျော်ပိုက်လာ၏။

မျောက်တို့သည်လည်း ယဉ်ကျေးမှု တိုးတက်လာခဲ့ကြလေပြီ။ ကျွန်းသူ ကျွန်းသားများ ဝတ်ဆင်သလို အဝတ်အစားများကို သူတို့ကိုယ်တိုင် ယက်လုပ်လာတတ်ကြပြီ။ ကျွန်းသူကျွန်းသားများကဲ့သို့ လက်မှုပညာရပ်အချို့ကိုလည်း တတ်မြောက်လာခဲ့ကြသည်။

သူသည် သေစာရှင်စာ ရေးတတ်သည်ကလွဲ၍ ပညာမတတ်သူ ဖြစ်သောကြောင့် ဒါဝင်၏ ဆင့်ကဲပြောင်းလဲမှု သီအိုရီကို မသိပါ။ သိပ္ပံပညာ၏ အစွမ်းထက်မြက်မှုကို မသိပါ။ ကျွန်းပေါ်သို့ရောက်စတုန်းက ကမ်းခြေမှ သူဆယ်ယူခဲ့သည့် လေအိတ်အနက်ကြီးအကြောင်းကို မသိပါ။ ထိုလေအိတ်ကြီးထဲတွင် မည်သည့် ပစ္စည်း ပါရှိမှန်းကို မသိပါ။ မသိခဲ့ရသည့် အချက်များကြောင့် သူ အလွန်ကံကောင်းခဲ့သည်ကိုလည်း မသိပါ။ သူသည် ရိုးရိုးတွေးသည့် လူတစ်ယောက်သာ ဖြစ်လေသည်။

အကယ်၍များသာ ထိုလေအိတ်အနက်ကြီးကို ဖောက်ကြည့်ခဲ့မည်ဆိုလျှင် လေအိတ်အနက်ကြီးထဲရှိ ကိရိယာကြီးတစ်ခုကို သူ တွေ့ရှိခဲ့ပေလိမ့်မည်။ ထိုကိရိယာကြီးကို မျောက်တို့လိုသာ ဟိုလျှောက်နှိပ်၊ ဒီလျှောက်နှိပ်ဖြင့် ကလိခဲ့မည်ဆိုလျှင် သူ့ဘဝကြီး ကပြောင်းကပြန် ပြောင်းလဲသွားခဲ့ပေလိမ့်မည်။

မျောက်တို့သည် တဖြည်းဖြည်းနှင့် လူတို့လို တွေးတော စဉ်းစားလာတတ်ကြောင်းကိုတော့ သူသိနေသည်။ လူတို့ကို အတုခိုးပြီး လူတို့ နေထိုင်သလို နေထိုင်တတ်လာကြောင်းကိုလည်း သူသိလာသည်။

ထို့ကြောင့် တစ်ရက်တွင်တော့ သူသည် မျောက်များကို စမ်းသပ်ချင်သဖြင့် ပုလင်းခွံကြီးတစ်ခုထဲတွင် သစ်သားပြားစတစ်ခုဖြင့် စာတိုလေးတစ်စောင်ကို သံချောင်းတိုလေးဖြင့် ထွင်းထု၊ နောက်ထပ် သစ်သားပြားစလေးတွင် ရုပ်ပုံလေးတစ်ပုံကို ရေးထွင်းခဲ့ပြီး ကမ်းစပ်သို့သွားကာ ပုလင်းခွံလေးကို ချထားခဲ့၏။ ဒီရေတက်လာပြီး ပြန်ကျသွားသည့်အချိန်တွင် ထိုပုလင်းခွံလေးသည် ရေပြင်ထဲသို့ ပါသွားချင်လည်း ပါသွားပေလိမ့်မည်။ သို့တည်းမဟုတ် မျောက်များ၏လက်ချက်ကြောင့် တစ်စစီ ဆုတ်ဖြဲခံရချင်လည်း ခံရပေမည်။

စာပါ အကြောင်းအရာများက သိပ်ပြီးတော့ မထူးဆန်းပါ။

“Hola Mundo!” ဟုသာဖြစ်ပြီး အရုပ်ပုံလေးမှာလည်း ရိုးရိုးရှင်းရှင်းလေးပင် ဆွဲတတ်သလို ဆွဲထား၏။ လူတစ်ယောက် စာထိုင်ရေးနေသည့်ပုံ ... ပြီးနောက် → မြားညွှန်လေးပြထားပြီး မျောက်တစ်ကောင်က ခေါင်းကုပ်နေသည့်ပုံ ဖြစ်လေသည်။

သူ ရိုးရိုးရှင်းရှင်းလေးပဲ တွေးထားသည်။ မျောက်တွေ အသိဉာဏ်တိုးလာပြီး စာဖတ်တတ်ချင်လည်း ဖတ်တတ်မည်။ သူ မသိ...။ သူရေးခဲ့သည်က hello world! ဆိုသည့် သူတတ်ကျွမ်းသည့် စပိန်ဘာသာစကားသာ ဖြစ်သည်။ သို့သော် ရုပ်ပုံကလေးကိုတော့ဖြင့် မျောက်များ နားလည်နိုင်ကောင်းပါရဲ့ ဟူသော အတွေးရိုးရိုးလေးသာ...။ ။

********




စိုင်းနော်
နယူးယောက်စီးတီး
23:35 hour

0 Comments: