Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၇) ဘူဇွာ နှစ်ပေါက်တစ်ပေါက်

“ဟဲလို... တူးမြောင်းလမ်းပေါ်မှာရှိတဲ့ ဆေးခန်းကပါလားခင်ဗျာ... ဟုတ်ကဲ့... ကျနော် ဒေါက်တာနဲ့ အပွိုင့်မန်င့် လုပ်ချင်လို့ပါ။ ဟုတ်ကဲ့... နောက်တစ်ပတ် စနေနေ့၊ နေ့လည်ခင်း ၂ နာရီခွဲကို လိုချင်ပါတယ်ခင်ဗျာ... ဟုတ်ကဲ့... ဆေးစစ်ဖို့ လာပြမယ့်လူအတွက် ဘာတွေ လိုမလဲမသိဘူးနော်... ဟုတ်... အဖတ် လုံးဝမစားခဲ့ရဘူးပေါ့... ဟုတ်... ရေတော့ သောက်လို့ ရတယ်မဟုတ်လား... ဟုတ်... စကားမစပ်... အစ်မရေ.. ကျနော့်ကို ဆရာ့ဆဲလ်ဖုန်းနံပါတ်ကလေး တစ်ချက်လောက် ပေးလို့ရမလားမသိဘူး... ဟုတ်... ဆရာနဲ့ တိုင်ပင်စရာလေး ရှိလို့ပါ... ဟုတ်... ဆရာ ဘယ်အချိန်တွေဆိုရင် အားတတ်လဲ မသိဘူးနော်... ဟုတ်... ညနေ ၇ နာရီကျော်မှလား... ဟုတ်ကဲ့... ကျေးဇူးပဲနော် အစ်မ... ဘိုင့်...”

ဘူဇွာသည် ဆရာဝန်ဆေးခန်းကို ဆက်နေခြင်းဖြစ်၏။ ဆရာဝန်သည် မြန်မာလူမျိုးပင်ဖြစ်၍ ဆေးခန်းတွင် အလုပ်လုပ်နေသည့် စာရေးမသည်လည်း မြန်မာပင် ဖြစ်လေသည်။ ညီလေး ရှောက်သီးလုံးအတွက် ဆေးစစ်ရပေတော့မည်။ ဤအတိုင်း အရက်ကို အလွန်အကျွံသောက်နေပါက ညီလေးမကြာခင်တွင် ဒုက္ခအကြီးအကျယ်ရောက်တော့မည်မှန်း သူ သိနေသည်။

ယနေ့ည သို့မဟုတ် မနက်ဖြန်ညလောက်တော့ ဆရာဝန်ကို ည ၇ နာရီကျော်လောက်တွင် ဖုန်းခေါ်ရန် ဆုံးဖြတ်ထားသည်။ ဆရာဝန်နှင့် လက်ဝါးခြင်းရိုက်ကာ ညီလေးကို ဖြဲခြောက်ရပေတော့မည်။ ရှောက်သီးလုံးကို အရက်မသောက်ဖို့ ဤအတိုင်းပြော၍မရနိုင်မှန်း ဘူဇွာ သိနေ၏။ သူလည်း အရက်သောက်ပါသည်၊ သို့သော် အလွန်အကျူးကြီးတော့ မသောက်ပါ။ အစွဲအလမ်းရှိစွာ မသောက်ပါ။ ညီလေးအရက်စွဲနေသည်မှာ သေချာသည်။ ဆေးဝါးများနှင့် အရက်ဖြတ်ရမည်လား... သို့တည်းမဟုတ် သူ ကြောက်သွားအောင် ဖြဲခြောက်ပြီးမှပဲ အရက် မသောက်တော့အောင် လုပ်ရမည်လားဆိုသည်ကိုတော့ ဆရာဝန်နှင့် တိုင်ပင်ကြည့်မှ အဖြေထွက်နိုင်မည်ဟု ထင်သည်။

ရှောက်သီးလုံးကို ကိုဗျိုင်းကြီးတို့အိမ်တွင်လည်း ထားထား၍ မရတော့။ ကိုဗျိုင်းကြီးတို့ ညီအစ်ကိုသည်လည်း လက်လန်သွားခဲ့ချေပြီ။ ထို့ကြောင့် ဘူဇွာ သူ့ကို အိမ်သို့ ပြန်ခေါ်ထားရတော့သည်။

ဘူဇွာသည် သက်ပြင်းမောကြီးတစ်ခုကို ဟင်းကနဲမြည်အောင် ချလိုက်ပြီး ကားကို မောင်းထွက်လာတော့သည်။ ယနေ့ သူတို့ ကုမ္ပဏီတွင် ရေဒီယိုလိုင်စင် လေလံရောင်းပွဲရှိနေသည်။ ဤလေလံပွဲကို သူ လက်လွတ်ခံ၍မဖြစ်။ သူ့စိတ်ကူးထဲမှ အကြံအစည်များကို အကောင်အထည်ဖော်ရာတွင် လင်မိုစင်း ရေဒီယိုနှင့် ကားပိုင်ရှင် ဖြစ်ရေးသည် ပထမဦးဆုံးခြေလှမ်း ဖြစ်သည်။ ယခု သူငှားမောင်းနေသည့်ကားမှာလည်း နည်းနည်း စုတ်နေပြီဖြစ်သည်။ ရေဒီယို လေလံဆွဲ၍ ရခဲ့လျှင် ကားအသစ်တစ်စီးဝယ်ယူပြီး ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ရပ်တည်နိုင်ပြီဟု သူ ထင်သည်။

ရေဒီယိုလိုင်စင် လေလံပွဲအတွက်တော့ ဘူဇွာ စိတ်မပူပါ။ လေလံပွဲတွင် လေလံပစ်မည့် ဘုတ်အဖွဲ့ဝင် စူပါဗိုက်ဇာ တစ်ယောက်ကို သူ Garmin GPS တစ်လုံး ဝယ်ပေးပြီး လာဘ်ထိုးထားခဲ့ပြီးဖြစ်၏။ လေလံပွဲတွင် ရှိသည်မှ ဘုတ် အဖွဲ့ဝင် ၃ ယောက်... တစ်ယောက်ကတော့ သူ့ဘက်ကို ပါနေမည်မှာ ကျိန်းသေသည်။ ပိုက်ဆံနည်းနည်းလေး ပိုပေးလိုက်ပြီး လေလံဆွဲလိုက်လျှင် ရေဒီယိုပိုင်ရှင်ဖြစ်ရေး အိပ်မက် အကောင်အထည် ပေါ်လာမည်ဖြစ်၏။ ကုမ္ပဏီတွင် ကားအတူတူမောင်းနေသည့် ကုလားများ ကပ်စေးနည်းကြောင်းကိုလည်း ဘူဇွာ နောကြေနေအောင် သိထားသည် မဟုတ်ပါလား။

+++++

လေလံပွဲမှ ပြန်ထွက်အလာတွင် ဘူဇွာ၏ မျက်နှာတစ်ခုလုံး မှိုရထားသူတစ်ယောက်၏ မျက်နှာလို ပြုံးရွှင်နေလေသည်။ ပိုက်ဆံအများကြီးတောင်မှ သိပ်ပြီးအလိုက်မပေးလိုက်ရ... ရေဒီယိုလိုင်စင်ကို သူ ဝယ်ယူနိုင်ခဲ့ပြီဖြစ်သည်။ ပိုက်ဆံကိုလည်း လက်ငင်းချေစရာမလို... down payment အဖြစ် ရေဒီယိုတန်ဘိုး၏ ၁၅% ကိုသာ ပေးရမည်ဖြစ်သည်။ ကျန်တာကတော့ အကြွေးဝယ်စံနစ်နဲ့ လစဉ်လစဉ် ပေးချေသွားလိုက်ရုံသာ...။

ထိုနေ့က ဘူဇွာအတွက် နေ့ခင်းတစ်ခုလောက် အချိန်ကုန်လို့ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့ရသည်။ လက်မှတ်ထိုးလိုက်ရသည့် စာရွက်စာတမ်းများဆိုသည်မှာ မွစာကြဲနေခဲ့၏။ ရေဒီယိုလိုင်စင်အတွက် နယူးယောက်မြို့တော် တက္ကစီနှင့် လင်မိုစင်းကော်မရှင်ထံတွင် လျှောက်လွှာတင်ခဲ့ရသည်။ ထိုအတွက် လိုင်း တန်းစီနေခဲ့ရသည်မှာလည်း ၂ နာရီလောက် ကုန်သွားပြန်၏။

သူ နာရီကို ကြည့်မိတော့ နေ့လည် ထမင်းစားချိန်တောင် အတော်လေးလွန်နေပြီ။ ရုံးကိစ္စများ အားလုံးပြီးဆုံးသွားချိန်တွင် ဘူဇွာသည် သူ့ကားအဟောင်းထဲရှိ ရေဒီယိုအဟောင်းလေးကို ပိုင်ရှင်ထံ ပြန်လည် အပ်နှံခဲ့ပြီး ရေဒီယိုအသစ်နှင့် ဘူဇွာ ဖြစ်လာတော့သည်။ ပြီးသည်နှင့် နေ့လည်စာအဖြစ် ယိုးဒယားစာ သွားစားမည်။ ပြီးလျှင် ဘဏ်ထဲရှိ လက်ကျန်ငွေ ဘယ်လောက်ကျန်သလဲဆိုတာ တွက်ချက်ကြည့်မည်။ ပိုက်ဆံ လုံလုံလောက်လောက်ကြီး ပိုနေသေးသည်ဆိုလျှင် ကားအရောင်းပြခန်းတစ်ခုကို သွားမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ တစ်နေ့တည်း အလုပ်လုပ်ပြီးသွားလျှင် ဘူဇွာ စိတ်ပိုင်းချနိုင်ပြီဖြစ်သည်။

နေ့လည်စာ စားသောက်နေချိန်၌ သူ့ကို သောက်ရေလာဖြည့်ပေးသည့် စားပွဲထိုး၊ ယိုးဒယားတရုတ်မလေး၏ အနောက်ကောက်ကြောင်းများကို ငေးကြည့်နေရင်း ဘူဇွာသည် စိတ်ထဲမှ လက်ကျန်ငွေ ဘယ်လောက် ကျန်သေးသည်ဆိုသည်ကို တွက်ချက်နေမိ၏။

ညီလေးကို ရဲစခန်းအချုပ်ထဲမှ ပြန်ရွေးရတုန်းက အာမခံပေးထားသည့် ငွေ ၂၀၀၀ ကို ပြန်ရခဲ့ပြီးဖြစ်သည်။ ညီလေး၏အမှုအတွက် တရားရုံးတွင် ဆောင်ခဲ့ရသည့် ဒဏ်ငွေက ၇၀၀၀ ရှိသည်။ ယခု ရေဒီယို ဝယ်လိုက်သည့် ရေဒီယိုဖိုး ၁၅%က ဒေါ်လာ ၃၀၀၀၀ လောက်ရှိသည်။ ရှေ့နေကြေး၊ ရုံးကြေးများထည့်တွက်လိုက်လျှင် နောက်ထပ် ဒေါ်လာ ၁၀၀၀ လောက် ထပ်ထွက်လာနိုင်သေး၏။ သူ ဘဏ်ထဲတွင် စုထားသည့်ငွေက ဒေါ်လာ ငါးသောင်းကျော်ကျော် ရှိနေသည်။ ဒေါ်လာ တစ်သောင်းခွဲလောက် သုံးနိုင်နေသေး၏။

သူ့ အတွေးစများကို ဖြတ်ကာ ယိုးဒယား ပတ်ထိုင်း ခေါက်ဆွဲကြော်ကို မြိန်ရေယှက်ရေ ဝါးလိုက်တော့သည်။ ခပ်မြန်မြန် စားပြီးသည်နှင့် ဘူဇွာသည် ဘယ်လောက်ကျသလဲကိုပင် မမေးမြန်းတော့ဘဲ ဒေါ်လာ ၂၀ တန် တစ်ရွက်ကို ချထားပေးခဲ့ကာ ဆိုင်ထဲမှ သုတ်ကနဲ ထွက်လာခဲ့တော့၏။ စားပွဲထိုးမလေးကတော့ အံ့ဩပြီး ငေးကျန်နေရစ်ခဲ့ပေလိမ့်မည်။

+++++

ကားရောင်းသည့် အရောင်းပြခန်းတွင် ကားမျိုးစုံ ခင်းကျင်းပြသထားသည်။ Ford, Lincoln, Mercury Dealer ဖြစ်သောကြောင့် ရောင်းနေသည့် ကားများက Ford Motor Co. ၏ ကားအမျိုးအစားများသာ ဖြစ်လေသည်။ သွားရည်ကျစရာ ပြိုင်ကားလှလှလေးဖြစ်သော Ford Mustang GT နားသို့ စိတ်မရောက်သွားစေရန် သူ့ကိုယ်သူ ထိန်းချုပ်ထားနေရ၏။ လောလောဆယ် သူဝယ်မည့်ကားသည် 2007 Lincoln Town Car အသစ်စက်စက်ဖြစ်သည်။

ဘူဇွာ၏လက်ထဲတွင် သတင်းစာ ကြော်ငြာစာရွက်ကြီး ကိုင်ဆောင်ထားပြီး ကားအရောင်း ပြခန်းထဲသို့ ဝင်သွားလိုက်သည်။ မနေ့က သူ့ကားပေါ်တွင် ဧည့်သည်တစ်ယောက် ကျန်ခဲ့သည့် နယူးယောက် ပို့စ် သတင်းစာထဲမှ ကားအရောင်းကုမ္ပဏီများ၏ ကားကြော်ငြာစာရွက်ဖြစ်သည်။ ဤလ အတွင်း မည်၍ မည်မျှ ဈေးလျှော့ရောင်းနေသည်ကို အပြိုင်အဆိုင် ကြော်ငြာထားကြခြင်းလည်း ဖြစ်သည်။ သို့သော် ဘူဇွာ စုံစမ်း သိရှိထားရသမျှ ယခု သူရောက်နေသည့် ကားအရောင်းပြခန်းကသာ ဈေးနှုန်းအမှန်ကန်ဆုံးဖြစ်လေသည်။

မိတ်ဆွေတစ်ယောက်၏ ပြောပြထားမှုများကြောင့် ကားဝယ်ရာတွင် အင်မတန် သတိထားရကြောင်းကိုလည်း သူ သိရှိထားသည်။ ကားအရောင်းစာရေးများသည် ရောက်လာသည့်လူကို အလွတ်မပေးဘဲ မက်လုံးများ အမျိုးမျိုးပေးကာ နွားမရွှံ့ပိတ် ရောင်းချတတ်ကြောင်းကိုလည်း သူ သိထား၏။ ထို့ကြောင့် ဤနေရာတွင် လူနုံလူအ လူတစ်ယောက်လို ဟိုငေးသည်ငေးဖြင့် ကားတိုင်းကို လိုက်ကြည့်ဖို့ စိတ်ကူးကို ပယ်ဖျက်လိုက်တော့၏။

သူဝယ်ချင်သည့် ကားနားအရောက်တွင် အရောင်းစာရေးတစ်ဦး သူ့ထံသို့ ချဉ်းကပ်လာလေသည်။

“ဟဲလို... ကောင်းသောနေ့ပါ.... ကျန်းခန့်သာလို့ မာပါစခင်ဗျာ... လူကြီးမင်း ဘာကားကို စိတ်ဝင်စားပါသလဲ။”

အရောင်းစာရေး၏ ပျားရည်ပေါ် သကာဆမ်းထားသည့် စကားလုံးချိုချိုများကို ဘူဇွာက တစ်ခွန်းတည်း တုံ့ပြန်လိုက်၏။

“ကျုပ်တို့ ရုံးခန်းထဲ သွားစကားပြောကြရအောင်လား။”

အရောင်းစာရေး၏ မျက်နှာတစ်ခုလုံး ရွှင်ပြသွားလေတော့သည်။ အချဉ်တစ်ကောင်တော့ မိပြီဟူသည့် အပြုံးများဖြင့် ဘူဇွာ့ကို ပြုံးပြုံးကြီး ကြည့်နေပြီး လက်ဆွဲနှုတ်ဆက်လိုက်၏။ ပြီးသည်နှင့် ဘူဇွာ့ကို ရုံးခန်းထဲသို့ တန်းတန်းမတ်မတ်ကြီး ခေါ်ဆောင်သွားတော့သည်။ ထိုသူ့နောက်မှ လိုက်သွားရင်း ဘူဇွာသည် ငါးခူပြုံးလေး ပြုံးနေလေသည်။

ရုံးခန်းတွင်းသို့ ရောက်သည်နှင့် ဘူဇွာ့အား နေရာထိုင်ခင်း ပေးကာ ထိုသူက ချိုသာစွာ ပြောဆိုလာပြန်၏။

“ခင်ဗျား ဘယ်ကားကိုများ စိတ်ဝင်စားနေတာလဲ။”

ဘူဇွာက ချောင်းတစ်ချက် ရှင်းထုတ်လိုက်ပြီးမှ သတင်းစာ ကြော်ငြာစာရွက်ထဲမှ 2007 Lincoln Town Car ပုံကြီးကို လက်ညှိုးထိုးပြလိုက်ကာ-“ကျုပ် ဒီကားကို ဝယ်ချင်တယ်။ အကောင်းဆုံးဆိုတဲ့ ဈေး ခင်ဗျား ပြောနိုင်မလား။”

“ဈေးစကားပြောရတာ လွယ်ပါတယ်။ ကားမှာ ဘာတွေ အပိုထပ်ထည့်ချင်သေးလဲ... ပြီးတော့ ဘယ်အရောင်ကို လိုချင်တာလဲ... ဆိုတာတွေက ဈေးကို ပြောင်းလဲသွားစေပါလိမ့်မယ်။”

ဘူဇွာက ခေါင်းခါရမ်းလိုက်ကာ-“ကျုပ် ဘာအပိုပစ္စည်းမှ မထည့်ချင်ဘူး။ လိုချင်တာကလည်း အနက်ရောင်ပဲ။ Standard လာတဲ့အတိုင်း လိုချင်တယ်။ ခင်ဗျား ကျုပ်ကို MSRP *(Manufacturer Suggested Retail Price)* တော့ လာမပြောနဲ့ဗျာ။ ခင်ဗျားတို့ အကောင်းဆုံးပေးနိုင်တဲ့ Dealer Price ကို တစ်ခါတည်း တန်းပြောပြပါလား။ ကျုပ် အားလုံး စုံစမ်းထားပြီးပြီ။”

အရောင်းစာရေးသည် နည်းနည်းတော့ ရှိန်းသွားပုံရသည်။ ထို့ကြောင့် ဘူဇွာ့အား ခဏစောင့်ထားခိုင်းကာ အရောင်းမန်နေဂျာကို သွားခေါ်လာခဲ့တော့၏။ အရောင်းမန်နေဂျာ ရောက်လာချိန်တွင်လည်း ဘူဇွာ ပြောသည့်စကားမှာ စောစောတုန်းက စကားပင် ဖြစ်လေသည်။ အရောင်းမန်နေဂျာက ဟိုလိုလို ဒီလိုလို လုပ်နေပြီး ဈေးကို လုံးဝမပြောပြသေး။ ကားအကြောင်း၊ ကားကုမ္ပဏီ၏ သမိုင်းကြောင်းများကို နားငြီးအောင် ရှင်းပြနေသေး၏။ ဘူဇွာ စိတ်တိုလာလေပြီ။

“ကျုပ် ဒီကိုလာခဲ့တာက အရောင်းအဝယ်ဖြစ်ဖို့ပါ။ သမိုင်းကြောင်း မသိချင်ဘူးဗျာ။ ခင်ဗျားတို့ မပြောဘူးဆိုရင်လည်း ကျုပ် တခြားနေရာမှာ သွားဝယ်တော့မယ်။ ဟုတ်ပြီလား။”

ထိုအခါမှပင် အရောင်းမန်နေဂျာသည် ပြာပြာသလဲဖြင့် ဘူဇွာ့ကို လက်ကာထားပြလိုက်ပြီး-“ကျေးဇူးပြုပြီး ခင်ဗျား ဘယ်မှ သွားစရာ မလိုတော့ပါဘူး... ဟုတ်ပြီလား။ ခဏနေဦးနော်... ကျုပ် System ထဲမှာ ကြည့်လိုက်ဦးမယ်။”

အရောင်းမန်နေဂျာသည် သူ၏ကွန်ပြူတာကြီးကို ကြည့်နေရင်း ဘူဇွာ့ကို လှမ်းပြောလိုက်ပြန်၏။ “ကျနော် ဒီကားကို ၄၇၈၆၅ နဲ့ အနည်းဆုံးထားပြီး ရောင်းပေးပါ့မယ်။ ခင်ဗျားက ခုချက်ချင်း မောင်းထွက်သွားချင်တာလား... ဒါဆိုရင်တော့ ကျနော်တို့ Inventory မှာ ဒီကား မရှိသေးဘူးဗျ။ မနက်ဖြန် ရောက်လာအောင်တော့ အစောဆုံး မှာပေးနိုင်ပါလိမ့်မယ်။”

ဘူဇွာက ငါးသလောက်ပြုံးလေး ပြုံးပြနေလိုက်ကာ သူ့ဆဲလ်ဖုန်းကို ဖွင့်လိုက်သည်။ ပြီးနောက် နံပါတ်တစ်ခုကို နှိပ်လိုက်၏။ ပြီးနောက် ဖုန်း စပီကာကို ဖွင့်ထားလိုက်သည်။ လိုင်းဝင်သွားပြီးနောက် ဧည့်ကြိုမလေး ဖြေဆိုသံအဆုံးတွင်-“ဟဲလို Midtown Lincoln Dealer ကပါလား... ကျနော့်ကို အရောင်းဌာနကို လွှဲပေးပါလား။ ... ဟဲလို... အရောင်းဌာနကလား... အင်း... ကျနော် ခင်ဗျားတို့ ကြော်ငြာထည့်ထားတဲ့ 2007 Lincoln Town Car အနက်ရောင်၊ Standard အတိုင်း ဝယ်ချင်လို့ပါ။ အကောင်းဆုံးဈေး ဘယ်လောက် ထားပေးနိုင်မလဲဆိုတာ ပြောပြပါလား။ ကျနော် လိုချင်တဲ့ကားက ခင်ဗျားတို့ Inventory မှာ ရှိနေတဲ့ အရောင်းနံပါတ် M#01763 ပါ။ ကျနော် အခုရောက်နေတဲ့ Dealer က ခင်ဗျားတို့ဆီက ကားနဲ့ အတူတူပဲကို ၄၇၈၆၅ လို့ ပြောနေပါတယ်။”

ခဏစောင့်နေပြီးသော် Midtown Dealer အရောင်းစာရေး၏ ပြန်ဖြေသံ ဖုန်းထဲမှ ထွက်လာလေသည်။ “ကျနော်တို့ ခင်ဗျားကို ၄၅၈၀၀ အနည်းဆုံး ထားပေးနိုင်ပါတယ်ခင်ဗျာ။ လူကြီးမင်း ဘယ်တော့လောက် ရောက်လာနိုင်ပါသလဲ။”

ဘူဇွာက သူ့ရှေ့တွင် ရှိနေသည့် ကားအရောင်းစာရေးနှင့် အရောင်းမန်နေဂျာတို့ကို မျက်စပစ်ပြလိုက်ပြီး ‘ကဲ... မတွေ့လား’ ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်နေလိုက်သည်။ ပြီးနောက်-“ကျနော် မနက်ဖြန်လောက် လာပါမယ်။ ဒါနဲ့ ခင်ဗျား နာမည်က ဘယ်လိုခေါ်ပါသလဲ။”

ဖုန်းထဲမှ အသံထွက်လာပြန်၏။ “ကျနော့်နာမည်က Mitch လို့ခေါ်ပါတယ်။ ခင်ဗျားကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေး ပေးထားခဲ့ပါလား။”

ဘူဇွာသည် တောင်တောင်အီအီ စဉ်းစားနေသလိုမျိုးနှင့် ခဏလောက် စောင့်နေလိုက်ပြီးမှ-“ကျနော့်ဖုန်းနံပါတ် မယူထားပါနဲ့တော့... မနက်ဖြန်ကျရင် တွေ့ကြမှာပဲ... အိုကေ... ကျေးဇူးတင်ပါတယ်။ ကောင်းသော ညနေခင်းပါ။” ဟု ပြောကာ ဖုန်းချလိုက်တော့၏။

ဘူဇွာသည် ရုတ်ကနဲ မတ်တတ် ထရပ်လိုက်ရာ အရောင်းမန်နေဂျာ ပြာပြာသလဲ ဖြစ်သွားတော့၏။ မန်နေဂျာသည် သူ၏ခေါင်းကို တဗြင်းဗြင်း ကုတ်နေလိုက်ပြီး-“ခဏနေပါဦးဗျာ... ကျနော် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါ... ဟုတ်ပြီလား။”

ဘူဇွာက မထိုင်ချင့်ထိုင်ချင်ပုံစံဖြင့် ပြန်လည် ထိုင်ချလိုက်လေသည်။ အရောင်းမန်နေဂျာသည် သူ့ ကွန်ပြူတာ မျက်နှာပြင်ကြီးကို ကြည့်နေပြီး မောက်စ် ကိုလည်း ဟိုလှိမ့်လိုက် သည်လှိမ့်လိုက်၊ ကလစ် လုပ်လိုက်ဖြင့် အလုပ်ရှုပ်နေ၏။ နောက်ဆုံးတွင်မှ ဘူဇွာ့ဘက်ကို လှည့်လာခဲ့ပြီး-“အိုကေ... ဒီလိုလုပ်ဗျာ.. ကျနော် ခင်ဗျားကို သူတို့ပေးတဲ့ဈေးအတိုင်း ၄၅၈၀၀ အတိထားပြီးပေးမယ်။ ပြီးတော့ ကားထုတ်တဲ့ကုမ္ပဏီက အာမခံ ၃ နှစ်အပြင် ကျနော်တို့ ကုမ္ပဏီက အပိုဆောင်းပြီး နောက်ထပ် ၁ နှစ် အာမခံပေးမယ်။ လျှပ်စစ်ပိုင်း ပျက်စီးမှုတွေတော့ မပါဘူးပေါ့။ ဒါပေမဲ့ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက် အကြီးစားမှန်သမျှ အာမခံပေးမှာပါ။ ဘယ်လိုလဲ။”

ဘူဇွာက ပြုံးနေလိုက်ပြီး-“ကြိုက်တယ်။ အရောင်းအဝယ် ဖြစ်သွားပြီ။” ဟု ပြောလိုက်ကာ လက်ဆွဲနှုတ်ဆက်လိုက်လေတော့သည်။

ခဏနေသော် ဘူဇွာသည် ဘဏ်မှ Cashier's Check $ 1,5000.00 တန် ချက်လက်မှတ်ကလေး ကိုင်ကာ ကားအရောင်းပြခန်းသို့ ပြန်ရောက်လာပြီဖြစ်၏။ ကျန်သည့် ပိုက်ဆံကတော့ အကြွေးဝယ်စံနစ်ဖြင့် လစဉ် ပေးသွားရုံသာ...။ အရောင်းအဝယ် စာရွက်စာတမ်း ကိစ္စများ ပြီးပြတ်သွားပြီဆိုလျှင် သူ အိမ်ပြန်လို့ ရပေပြီ။ ကားကို နောက်ရက်မှ လာယူရုံသာ ကျန်တော့သည်။

အပြန်လမ်းသည် ဘူဇွာ့အတွက် ချောမွေ့နေလေသည်။ သူ စောစောတုန်းက ဖုန်းခေါ်ခဲ့သည့် Midtown Lincoln Dealer ထံ ဖုန်းဆက်ခေါ်လိုက်ပြန်သည်။ ဧည့်ကြိုမလေးနှင့် တွေ့ပြီးသည့်နောက်- “ကျနော့်ကို Mitch ရဲ့ လိုင်းကို ကျေးဇူးပြုပြီး လွှဲပေးပါ။...... ဟဲလို... Mitch လား... ကျေးဇူးပဲဗျာ.. ကျနော် ဝယ်လိုက်ပြီဗျ... အင်း... အကောင်းဆုံးဆိုတဲ့ဈေးကို ပေးပါတယ်။ သူတို့ကုမ္ပဏီက တစ်နှစ်အပိုဆောင်းပြီးတော့တောင် အာမခံ ပေးလိုက်သေးတယ်ဗျ။ ခင်ဗျား အစ်ကို Tom ကိုလည်း ပြောလိုက်ပါ။ နောက်ရက်မှ ကျနော် လာတွေ့မယ်လို့... အင်း... ကျနော်တို့ တစ်ရက်လောက် တွေ့ကြမယ်လေ။ ညစာ သွားစားကြတာပေါ့။ အိုကေ... ကျေးဇူးတင်ကြောင်း ထပ်ပြောပါရစေဗျား... ဟုတ်ပြီ။ ဘိုင့်...။”

Tom ဆိုသည်မှာ ဘူဇွာတို့ ကုမ္ပဏီမှ လင်မိုစင်း စူပါဗိုက်ဇာတစ်ယောက် ဖြစ်ပြီး Mitch ဆိုသည်မှာ သူ့ညီဖြစ်သည်။ ကားရောင်းသည့် ကုမ္ပဏီတွင် အရောင်းစာရေး လုပ်နေသည်ဆိုသော်လည်း သူ့အနေနှင့် ဘူဇွာ့ကို ထိုဈေးဖြင့် ရောင်းချပေး၍ မရပါ။ သူ့ ကုမ္ပဏီမှ သူ့ကို ကန်ထုတ်လိုက်ပေလိမ့်မည်။ ထို့ကြောင့် ဘူဇွာတို့ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ကြခြင်း ဖြစ်လေသည်။ သူတို့ အရောင်းကုမ္ပဏီရှိ Inventory  အရောင်းနံပါတ် M#01763 ကို ယနေ့ညနေပိုင်း ဖုန်းခေါ်လာမေးပါက Mitch ကို ဖုန်းလွှဲပေးရန် လက်ဝါးရိုက် ကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်၏။

ဘူဇွာ နောက်ထပ် နှစ်ပေါက်တစ်ပေါက် ရိုက်စရာ လူတစ်ယောက် ကျန်နေသေး၏။ အခြားသူတော့ မဟုတ်။ သူ့ညီအရင်းဖြစ်သည့် ရှောက်သီးလုံးကိုတည်း။ ဤတစ်ကြိမ်တွင်တော့ သူနှင့် ဆရာဝန်တို့ နှစ်ယောက်ပေါင်းပြီး နှစ်ပေါက်တစ်ပေါက်ရိုက်ကာ ရှောက်သီးလုံးကို ဖြဲခြောက်ရပေလိမ့်မည်။

0 Comments: