Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၈) ဘူဇွာ့ဆရာ ဘူဇွာဆူရှီမမ

“ညီလေး... ငါတို့မနက်ဖြန်ကျရင် ဆေးခန်းသွားရအောင်။ ဆရာဝန်ဖုန်းဆက်လာတယ်။ မင်းရဲ့ ဆေးစစ်ချက် အဖြေတွေရပြီတဲ့။ မင်းကို ပြောပြစရာတွေ ရှိနေတယ်လို့ပြောတယ်။”

ဝီစကီတစ်ခွက်နှင့် ကွန်ပြူတာရှေ့တွင် ငြိမ့်နေသော ရှောက်သီးလုံးကို ဘူဇွာ လှမ်း၍ သတိပေးလိုက်သည်။

ဆေးစစ်သည်ဆိုခြင်းတွင်လည်း အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ရသေး၏။ ပထဦးစွာ ၁၂ နာရီကျော်ကျော်လောက် ဘာမှ မစားထားခဲ့သော ဝမ်းဗိုက်ဟောင်းလောင်းဖြင့် ဆေးခန်းသို့သွားပြီး သွေးဖောက်ရသည်၊ ဆီးပေါက်ရသည်။ ပြီးသည်နှင့် ဓာတ်မှန်သွားရိုက်ရသည်။

ရလာသည့် စစ်ဆေးတွေ့ရှိမှုများကို ဓာတ်ခွဲခန်းများမှ ဆရာဝန့်ထံ ပြန်လည် အစီရင်ခံရသည်။ ဆေးစစ်ချက် အစီရင်ခံစာများကို ကြည့်ပြီးမှ ဆရာဝန်က လိုအပ်သည်များကို ညွှန်ကြားပြန်သည်။ ယခု ဆေးစစ်ချက် အစီရင်ခံစာများနှင့် ပတ်သက်ပြီး ဆရာဝန်၏ဆေးခန်းမှ ဖုန်းခေါ်လာခဲ့ချေပြီ။

ရှောက်သီးလုံးကတော့ စိတ်ဝင်စားဟန် မပြ။ တုတ်တုတ်ပင် မလှုပ်ခဲ့။ ကွန်ပြူတာဖန်သားပြင်ကိုသာ သဲသဲမဲမဲကြီး ငေးကြည့်နေပြီး ကောင်မလေးများနှင့် ချတ်နေသည်။ သူ့ဘေးတွင်တော့ ဖန်ခွက် တဝက်ခန့်ရှိနေသည့် ဝီစကီတစ်ခွက်က ရေခဲတုံးများ အပြည့်နှင့် ကွန်ပြူတာတင်ထားသည့် စားပွဲပေါ်တွင် ဝင့်ထည်စွာ ရှိနေလေသည်။

ရှောက်သီးလုံးကို ဤအတိုင်း လွှတ်ထား၍ မည်သို့မျှ မဖြစ်တော့။ နောက်နှစ်ပတ်လောက်ဆိုလျှင် သူ့ကျောင်းပြန်ဖွင့်တော့မည်။ ကျောင်းတက်ရတော့မည်။ ကျောင်းသားဗီဇာဖြင့် ရောက်လာခဲ့သည့် ညီငယ်သည် ဘူဇွာတုန်းကလိုပင် နိုင်ငံတကာကျောင်းသား အခြေအနေနှင့် နေရပေဦးမည်။

သို့သော် ရှောက်သီးလုံးသည် ဉာဏ်အလွန်ကောင်းသူတစ်ယောက်လည်း ဖြစ်နေပြန်သောကြောင့် ဘူဇွာ သိပ်ပြီးတော့ စိတ်မပူလှပါ။ စာမလိုက်နိုင်မှာကို ပူစရာမလိုဟုထင်သည်။ သူ ပူပန်စိုးရိမ်နေသည့် တစ်ခုတည်းသောအရာမှာ ညီလေး စိတ်လေပြီး လုပ်ချင်ရာမလုပ်ဖို့ပင်။ ဤနိုင်ငံသို့ရောက်လာခဲ့သော ညီလေးကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်သော ဆန္ဒများ ဘူဇွာ့ထံတွင် မွန်းကြပ်စွာ ရှိနေ၏။

နောက်တစ်ရက် မနက်စောစောတွင် ညီအစ်ကိုနှစ်ယောက်သား စောစောစီးစီး အိပ်ယာမှထကာ ဆရာဝန်ဆေးခန်းရှိသည့် တူးမြောင်းလမ်းမကြီးကို ရထားစီးကာ ထွက်သွားနေကြလေပြီ။ ဤလိုအချိန်မျိုးသည် ဆေးခန်းရှိသည့် မြို့ထဲတွင် ကားရပ်စရာနေရာ မရှိသလောက် ရှားပါးနေမည်ဖြစ်သောကြောင့် ရထားစီးခဲ့ကြခြင်းဖြစ်သည်။

ဆေးခန်းသို့ရောက်၍ မိမိအလှည့်ရောက်အောင် အတန်ငယ် စောင့်ဆိုင်းနေခဲ့ကြရသေး၏။ ခဏနေသော် ညီအစ်ကိုနှစ်ယောက်စလုံးကို ဆရာဝန်က လူနာဆွေးနွေးခန်းထဲသို့ ဖိတ်ခေါ်လာသည်။ ဆရာဝန်သည် ရှောက်သီးလုံးကို သေသေချာချာ စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုနေကာ-“မောင်ရင့်မှာ ငယ်ငယ်တုန်းက အသဲရောင် အသားဝါ ဖြစ်ခဲ့ဖူးတာရှိလား။” ဟု မေးမြန်းလိုက်၏။

ဘူဇွာက ပြန်ဖြေလိုက်မည်ကဲ့သို့ လုပ်နေစဉ်မှာပင် ရှောက်သီးလုံးက မဆိုင်းမတွ အဖြေပေးလိုက်၏။ “အင်း... ကျနော် ၈ နှစ်သားလောက်တုန်းက တစ်ခါဖြစ်ဖူးတယ် ထင်တယ်။ ဆေးရုံတောင် တက်ခဲ့ရသေးတယ်။”

ဆရာဝန်က ဓာတ်မှန်ကြီးကို နောက်ခံမီးအလင်းရောင်ဖြူဖွေးစွာရှိနေသည့် သင်ပုန်းတစ်ခုတွင် ထောင်ထားလိုက်ပြီး ဘောပင်လေးဖြင့် တစ်နေရာသို့ ထောက်ပြနေကာ-“မောင်ရင့် အသည်းမှာ အကြိတ်ကလေးတစ်ခု တွေ့နေရတယ်ကွ။ ကိုယ်လည်း ထင်တော့ထင်ပါတယ်။ ငယ်ငယ်တုန်းက အသည်းရောင်အသားဝါဖြစ်ခဲ့ဖူးလို့ အမာရွတ် ကျန်ခဲ့တာ ဖြစ်နိုင်တယ်လို့။ ဒါပေမဲ့ သေချာသွားအောင်တော့ စီတီစကန်င်း ထပ်ရိုက်ကြည့်ရင်ကောင်းမယ်။ ခဏနေ ကိုယ် referral ရေးပေးလိုက်မယ်လေ။ မောင်ရင် သွားစစ်ကြည့်ပေါ့။ ဟုတ်ပြီလား..။”

“ဒါနဲ့ စကားမစပ်... သူ့မှာ ဘာကျန်းမာရေးအာမခံရှိလဲ။”

ဘူဇွာ့ဘက်သို့ လှည့်မေးလာသော ဆရာ့အမေးကြောင့် ပထမတော့ ဘူဇွာ ကြောင်သွားသေးသည်။ ပြီးနောက်မှ သေသေချာချာ စဉ်းစားကြည့်နေကာ-“သူ့ကျောင်းအတွက် ဝယ်ထားတဲ့ နိုင်ငံတကာကျောင်းသား ကျန်းမာရေး အာမခံတော့ ရှိတယ်ဆရာ။ ဘာဖြစ်လို့လဲဆရာ... အာမခံက ပိုက်ဆံမပေးချင်လို့လား။”

“အင်း... ဒီလိုလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ co-payment နည်းနည်းတော့ ပိုပေးရမယ်ထင်တယ်။ ဆရာ့ဆေးခန်းကတော့ ပုံမှန်အတိုင်းပဲ ယူလိုက်ပါ့မယ်။ ဟုတ်ပြီလား။”

“ခဏနေဦး... မသွားသေးနဲ့ဦး... မင်းကို ပြောစရာလေးတွေ ရှိသေးတယ်။”

ဆရာဝန်သည် လက်ထဲမှ ဆေးစစ်ချက်အစီရင်ခံစာ စာရွက်များကို လှန်လော ကြည့်နေရင်း အပြင်သို့ထွက်သွားရန် လောနေသည့် ရှောက်သီးလုံးကို တားမြစ်လိုက်၏။ ထို့ကြောင့် ရှောက်သီးလုံးသည် နဂိုနေရာတွင် ပြန်ထိုင်ချလိုက်ရလေသည်။

“ဒီလိုကွ... မင်း ဆေးလိပ်သောက်တတ်လား။”

“သောက်ပါတယ်ဆရာ”

“အရက်ကော... သောက်တတ်လား။”

“အင်း... ဟဲဟဲ... အဟက်ဟက်... နည်းနည်းပါးပါးတော့ သောက်တယ်ဆရာ... သူငယ်ချင်းတွေ ဘာတွေနဲ့တွေ့တော့လည်း မနေနိုင်ဘူးပေါ့။ မိတ်ဖြစ်ဆွေဖြစ် သောက်ရတာပေါ့... အဟက်ဟက်...”

“မင်းကို ပြောချင်တာက... ဒီလိုကွ... မင်းအသည်းထဲမှာ အင်ဇိုင်းတစ်မျိုးက ပုံမှန်ရှိသင့်တဲ့ ရာခိုင်နှုန်းထက် ပိုများနေတယ်။ ကြာလာရင် မကောင်းဘူး။ အသည်းကင်ဆာ ဖြစ်သွားနိုင်တယ်။ ဆိုတော့ မင်း အရက်သောက်တာ၊ ဆေးလိပ်သောက်တာတွေကို ရှောင်ကြဉ်ရတော့မယ်။ မင့် ကြည့်ရတာ ညက အရက်တော်တော် သောက်ထားပုံပဲရော်...”

“ဟာ... မဟုတ်ပါဘူးဆရာရယ်... ကျနော် ည က ပါးပါးလေးပဲ ကစ်ထားတာပါ။ ဒါတောင်မှ သူငယ်ချင်းတစ်ယောက်က အတင်းတိုက်လို့ သောက်ရတာပါ။”

ရှောက်သီးလုံး ဘူးခံငြင်းလိုက်တော့သည်။ သို့သော် ဆရာဝန်၏ စကားကြောင့် သူ့စိတ်ထဲတွင်တော့ နည်းနည်း ထင့်သွားခဲ့ချေပြီ။ ကင်ဆာတော့ အဖြစ်မခံနိုင်။ ရိုးရိုးတန်းတန်း သေသွားသည်ကမှ ပိုကောင်းဦးမည်။ ကင်ဆာဝေဒနာခံစားရပြီးမှတော့ မသေချင်။

“ဆရာ... အဲဒီအင်ဇိုင်းတွေက ဘာဆေးစားရင် လျော့ချလို့ ရနိုင်လဲ။” ဘူဇွာက ဝင်ရောက် မီးထိုးပေးလိုက်တော့၏။

“အယ်.... ဒီလိုမျိုးက ဆေးစားတိုင်းလည်း ပျောက်သွားတာ မဟုတ်ဘူးကွ။ ဒီလိုလုပ်ကွာ... သူ့ကို အစားအသောက်တွေ ဆင်ခြင်ခိုင်းထား... ဟုတ်ပြီလား။ နောက် နှစ်လလောက်မှ ပြန်လာခဲ့။ အဲဒီကျမှ ထပ်စစ်ကြည့်တာပေါ့။ အင်ဇိုင်းတွေ များနေတုန်းပဲဆိုရင်တော့ အသည်းအထူးကုဆီကို ပို့ရတော့မှာပဲ။ ငါလည်း မတတ်နိုင်ဘူး။ အရေးကြီးတာက အရက်မသောက်ဖို့... ဆေးလိပ်မသောက်ဖို့ပဲ။ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေမယ့်အရာမှန်သမျှ မသုံးစွဲဖို့ပဲပေါ့ကွာ။ ငရုတ်သီးတောင်မှ အရမ်းကြီး မစားသင့်တော့ဘူး။ မဟုတ်ရင် မင်း အသည်း လုံးပါး ပါးလာလိမ့်မယ်။ ကင်ဆာ ဖြစ်နိုင်တယ် မောင်ရင်... သတိထား... ဟုတ်ပြီလား။ နောက် နှစ်လနေမှ ပြန်တွေ့မယ်လေ...။ အိုကေ..။”

ဆေးခန်းမှ အိမ်အပြန်လမ်း တစ်လျှောက်လုံး... ရှောက်သီးလုံးသည် ငူငူငေါင်ငေါင်ကြီး လိုက်ပါလာခဲ့လေသည်။ စကားတစ်လုံးမှ မပြောတော့။ စဉ်းစားခန်းဝင်နေသည့် အတွေးများဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာလေတော့သည်။

ဘူဇွာကတော့ တစ်ယောက်တည်း သဘောကျ ကျေနပ်စွာ ပြုံးနေလေသည်။

+++++

ရှောက်သီးလုံးတို့ ကျောင်း ပြန်ဖွင့်ပေပြီ။ ညီလေး၏ ပေပေတေတေ နေမှုများလည်း မျက်စိနောက်စရာ ကောင်းလောက်အောင် မတွေ့ရတော့။ အရက်ကိုလည်း မသောက်တော့။ ဒါတောင်မှ ဘီယာ နည်းနည်း နည်းနည်း ခိုးကစ်ချင်နေသေး၏။ ဘူဇွာကတော့ ဘာမှ မတားမြစ်ခဲ့ပါ။ “မင်း အရက်လိုသေးလား” ဟုပင် မေးမြန်းခဲ့သေး၏။ ထိုအခါတွင် ရှောက်သီးလုံးသည် ခေါင်းတခါခါဖြင့် “ငါ ဘီယာလေး ဘာလေးလောက်ပဲ ကစ်တော့မယ်ကွာ။ ဆရာဝန်ကပြောတယ်။ ကင်ဆာဖြစ်နိုင်တယ်တဲ့။ ကင်ဆာတော့ အဖြစ်မခံနိုင်ဘူး အစ်ကို... ဒီအတိုင်း ဗိုင်းကနဲ လဲသေသွားတာကမှ တော်အုံးမယ်။ ကင်ဆာကြီးနဲ့တော့ မသေချင်ဘူး” ဟု ပြန်ပြောတတ်လာလေပြီ။

ဘူဇွာ စိတ်ချမ်းသာ၏။ ညီလေး အတော်လေး ပြောင်းလဲလာခဲ့ပြီဟု သူထင်သည်။ နောက်ပိုင်း ကျောင်းသွားရင်း ကောင်မလေးများနှင့် တွေ့လာ၊ သူငယ်ချင်းသစ်များနှင့် တွေ့လာလျှင် ပို၍ပင် ပြောင်းလဲသွားနိုင်သေး၏။ ရှောက်သီးလုံးကို ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်နေမိသည်။ သူတို့မိသားစုထဲတွင် ပညာရေး ထူးချွန်သူဟူ၍ ညီလေးတစ်ယောက်တည်းသာ ရှိသည်မဟုတ်ပါလား။

ညီလေး၏ ကျောင်းစားရိတ်များအတွက်လည်း ပူပင်စရာမလိုတော့ပါ။ ယိုးဒယားရှိ အစ်မကြီးနှင့် ဖေဖေ၊ မေမေတို့ ပို့ပေးလိုက်သည့် ပိုက်ဆံများ အလုံအလောက် ရှိနေလေသည်။ သူတို့ တစ်မိသားစုလုံးက ညီလေး ရှောက်သီးလုံးအပေါ်တွင် မျှော်လင့်ချက်များ အားခဲထားကြောင်းကို ညီလေးတစ်ယောက် နားလည် သိမြင်ပါစေဟုသာ ဘူဇွာ ဆုတောင်းနေမိသည်။

ယခုအချိန်တွင် ဘူဇွာသည် ကားပိုင်၊ ရေဒီယိုပိုင်ဖြစ်လာခဲ့၍ ကားမောင်းရာတွင် အရင်တုန်းကလောက် ခက်ခဲပင်ပန်းစွာ ကြိုးစားမောင်းနှင်စရာ မလိုတော့။ ဝင်ငွေလည်း ပို၍ကောင်းလာပြီဖြစ်သည်။ ကုမ္ပဏီကို ပေးရသည့် ရာခိုင်နှုန်းလည်း လျော့ကျသွားပြီဖြစ်သလို ကားအသစ်ကြီးနှင့် သူ့ကားကိုမှ စီးချင်သည့် သီးသန့် ဧည့်သည်များကိုလည်း အဆက်အသွယ်ကောင်းစွာ ရရှိထားပြီးလေပြီ။ ထိုဧည့်သည်များ၏ လိုရာခရီးကို လိုက်ပို့ရာတွင် ဘူဇွာသည် ကုမ္ပဏီကို တစ်ပြားတစ်ချပ်မှ ပေးစရာမလို။ ထိုဧည့်သည်များသည် သူ၏ သီးသန့် ဧည့်သည်များ ဖြစ်လာလေတော့သည်။

တစ်ညနေခင်းတွင် ဘူဇွာ့ထံသို့ အသိမိတ်ဆွေတစ်ယောက် ဖုန်းဆက်လာခဲ့၏။ ကားအော်ဒါ လိုက်ချင်လားဟု မေးမြန်းလာခဲ့ခြင်းပင်။

“ဘယ်သူက ငှားချင်တာလဲ အစ်ကို...”

 ဖုန်းဆက်လာသူ၏ စကားသံကို ပီပီပြင်ပြင် မကြားရ၍ ဘူဇွာသည် ခဏနေမှ ပြန်ဆက်မည်ဟု ပြောကာ ဖုန်းချလိုက်၏။

သူ ညပိုင်း ကားသိမ်းပြီး ပြန်လာချိန်တွင်တော့ ထိုသူ့ဆီ ဖုန်းပြန်ဆက်ကြည့်သည်။ ကားအော်ဒါရမည်ဆိုပါက သူ့အတွက် ကုမ္ပဏီကို တစ်ပြားတစ်ချပ်မှ ပေးစရာမလိုသည့် ကြားပေါက် ဝင်ငွေဖြစ်လာမည် မဟုတ်ပါလား။ ဤအခွင့်အရေးကို ဘူဇွာ လက်လွတ်မခံနိုင်ပါ။

“ဟဲလို... ကိုမင်းသိန်းလား... ဟုတ်... အစ်ကို... ကျနော် ညနေတုန်းက ကားမောင်းနေလို့ ကောင်းကောင်း မပြောလိုက်ရဘူး။ ဟုတ်ကဲ့အစ်ကို... ရပါတယ်... ကျနော့်ကား အားပါတယ်။  အင်း... ဒီလာမယ့် စနေ၊ တနင်္ဂနွေနော်... ရတယ်အစ်ကို... တစ်နေ့လုံး ငှားချင်တာလား။ အင်း... လုပ်ပေးရမှာပေါ့... အချင်းချင်းတွေပဲကို... ဟဲဟဲ... အဲဒါဆို လာကြိုရမယ့် လိပ်စာ ပြောလိုက်လေ... ဪ... လေဆိပ်ကို သွားကြိုရမှာလား... ရတယ်လေ... ဟုတ်... ဘယ်နှစ်နာရီလဲအစ်ကို... ဒါဆို... သူ့ ဖုန်းနံပါတ်လေး တစ်ချက်လောက် text message ပို့ပေးထားပါလား။ မနက် ၈ နာရီမထိုးခင်ကတည်းက ကျနော် လေဆိပ်မှာ သွားစောင့်နေလိုက်မယ်လေ။ ဟုတ်... အစ်ကို... ဟုတ်... ဒါဆို ဒါပဲနော်... တာ့တာ။”

+++++

စနေနေ့ မနက်စောစောတွင် ဘူဇွာသည် လေယာဉ်ကွင်းကို ရောက်နေပြီဖြစ်၏။ သူ့လက်ထဲတွင်လည်း ဧည့်သည်၏နာမည် ရေးထားသည့် အဖြူရောင် ဆိုင်းဘုတ်ပြားကြီးတစ်ခုကို ကိုင်ဆောင်ထားကာ လေဆိပ် တာမီနယ်လ်မှ ထွက်လာမည့် ခရီးသည်ကို အပေါက်ဝတွင် စောင့်ကြိုနေလေသည်။

ကိုမင်းသိန်း ပေးလိုက်သည့် နာမည်အတိုင်းသာ သူ သိရှိပြီး ထိုနာမည်အတိုင်းသာ ရေးထားခြင်းလည်းဖြစ်၏။

ခဏနေသော် အိတ်တစ်လုံးဆွဲလာသည့် အမျိုးသမီးတစ်ယောက်က သူ့ကို လက်ပြနှုတ်ဆက်လိုက်၏။ ဤအမျိုးသမီးကို ဘူဇွာ ရင်းနှီးစွာ သိနေပါသည်။ ဗွီဒီယို၊ ရုပ်ရှင်များတွင် မြင်ဖူးနေကျ မျက်နှာဖြစ်၏။ အပြင်တွင်တော့ နည်းနည်း အိုစာနေသလိုမျိုး ထင်ရသည်။ သို့သော် သူမသည် ပေါ့ပါးဖျတ်လတ် သွက်လက်နေဆဲပင်။ သူမ၏ အပြုံးများက ဘူဇွာ့ကို ရင်ခုန်သွားစေလေသည်။ တခြားကြောင့်တော့မဟုတ်... နာမည်ကြီး အနုပညာရှင်တစ်ယောက်ကို သူမ သွားချင်သည့် နေရာများသို့ သူကိုယ်တိုင် လိုက်ပို့ရမည်ဆိုသောကြောင့် ဖြစ်၏။

သူ့အနားသို့ ရောက်လာသည့် အမျိုးသမီးထံမှ လွန်စွာမွှေးကြိုင်နေသည့် ရေမွှေးနံ့များကို ရရှိလိုက်၏။ သူမသည် အပြုံးလေးကို ခင်မင်နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြထားနေရင်း ဘူဇွာ့ကို နှုတ်ဆက်လိုက်လေသည်။

“ဒီက မောင်လေးက မမကို လာကြိုတဲ့သူလား။”

“ဟုတ်ကဲ့ဗျ... မမ နာမည်က... အင်း...”

“အဲဒါ မမရဲ့ နာမည်ရင်းလေ... ကိုမင်းသိန်းက မောင်လေးကို ဘာမှ မပြောပြခဲ့ဘူးလား... ခစ်ခစ်...”

ဘူဇွာသည် နားမလည်သူတစ်ယောက်၏ အပြုံးမျိုးပြုံးပြနေလိုက်ပြီး-“ဟုတ်ကဲ့မမ... သူ ဘာမှ မပြောပြခဲ့ဘူး။ တွေ့ရတာ ဝမ်းသာပါတယ် မမ။ အခု ကျနော် ဘယ်ကို ပို့ပေးရမှာလဲ။” ဟု မေးမြန်းလိုက်ကာ အမျိုးသမီး၏ ခရီးဆောင်အိတ်ကို ကူညီဆွဲယူပေးခဲ့လိုက်သည်။

“အင်း.. ကိုယ့်ကို ဟော်တယ်ကိုပဲ အရင်ပို့ပေးလေ... မနက်စာလည်း ဘာမှ မစားရသေးဘူး။ မောင်လေးလည်း လိုက်စားပေါ့... ဟုတ်ပြီလား။ ပြီးမှပဲ မမတို့ သွားရမယ့်နေရာတွေကို ပြောမယ်လေ။ မောင်လေးက အစီအစဉ်ဆွဲပေါ့...”

ဟော်တယ်သို့အသွားလမ်းတွင် ဘူဇွာသည် ကားမောင်းနေရင်း နောက်ကြည့်မှန်မှ ကွက်ကြည့်ကွက်ကြည့် လုပ်နေ၏။ သူမသည် ဘာအတွက်ကြောင့်များ သူ့ကားကို ငှားစီးရပါသနည်း။ သူမလောက် ချမ်းသာ ကျော်ကြားသည်မှာ သူမသာရှိသည်။ ဆူရှီလုပ်ငန်းကြီးတစ်ခု ပိုင်ဆိုင်ထားသည့် သူမသည် ကိုယ်ပိုင်ကားနှင့်၊ ကိုယ်ပိုင်ကားဒရိုင်ဘာတောင် ထားထားနေနိုင်ပါလျက်နှင့် သူ့ကားကို ဘာဖြစ်လို့များ ငှားစီးနေရပါသနည်း ဆိုသော အတွေးများဖြင့် ဘူဇွာ့ဦးခေါင်းတစ်ခုလုံး ပေါက်ထွက် မတတ် စဉ်းစားနေမိလေသည်။

“ဒီလို... မောင်လေးရဲ့... မမရဲ့ ကားဒရိုင်ဘာက နယူးယောက်နဲ့ နယူးဂျာစီတဝိုက်ကို မကျွမ်းကျင်ဘူးလေ။ နောက်ပြီး ဟိုမှာ သူ့ကို ခိုင်းထားတဲ့အလုပ်ကလေးတွေကလည်း မပြီးပြတ်သေးတော့ ကိုမင်းသိန်းကို အကူအညီတောင်းလိုက်ရတာပါ။ နယ်မြေဒေသ ကျွမ်းကျင်တဲ့ မြန်မာလူမျိုး ကားမောင်းသူတစ်ယောက်လောက် ရှာပေးပါလို့... အဟင်းဟင်း...”

ပိုက်ဆံအိတ်ထဲမှ မှန်ငယ်လေးကို ထုတ်... တို့ပတ်ကလေးဖြင့် သူမ၏ မျက်နှာကို တို့ပုတ်နေရင်းကနေ ဘူဇွာ၏ အတွေးများကို စာဖတ်တတ်သွားသည်ထင့်... သူမ ရှင်းပြလာလေသည်။

“ဪ.... ရပါတယ် မမရဲ့။ ကျနော်လည်း မမနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ပြီးတော့ မမသွားချင်တဲ့ နေရာတွေကို လိုက်ပို့ပေးပါ့မယ်။ စိတ်ချပါ မမ..။ ကျနော် ဒီတဝိုက်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်၊ သွားတတ်ပါတယ်။”

“မောင်လေး စကားကို ကြားလိုက်ရတာ မမ အားရှိသွားပြီကွယ်... ကျေးဇူးလည်း တင်ပါတယ်။ ဒါနဲ့ မောင်လေးက ကားပဲမောင်းချင်တာလား...။ တခြား စီးပွားရေးလေး ဘာလေးကော စိတ်ဝင်စားလား။ စိတ်မရှိနဲ့နော်... မမက ဆူရှီ franchise လုပ်တယ်။ ဒီဘက်တဝိုက်မှာ ဆိုင်ခွဲတွေ လိုက်ဖွင့်ဖို့ နေရာလေးတွေ လိုက်ရှာနေတာ... ဆူရှီ ကန်ထရိုက် လိပ်မယ့် လူတွေကိုလည်း လိုက်ရှာနေတယ် ဆိုပါတော့ကွယ်။”

“ဟာ.. မမ... ဆူရှီအကြောင်းတော့ ကျနော်လည်း သိပါတယ်။ ကျနော်က အရင်တုန်းက ဂျပန်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုး လုပ်ခဲ့ဖူးတယ်လေ။ ပြီးတော့ အဲဒီက ဆူရှီဆရာနဲ့ပေါင်းပြီး လေ့လာထားလို့ ကောင်းကောင်း သိပါတယ်ခင်ဗျ... မမက AFC ကလား... ဒါမှမဟုတ် ACE ကလား... မဟုတ်ရင် North Carolina က မြန်မာတွေ ဦးစီးပြီး ဖွင့်ထားတဲ့ Hissho ကလားခင်ဗျာ့။”

“ဟယ်.... မောင်လေးက သိလှချည်လား... သိပ်တော်တာပဲကွယ်... အင်း.. မမက AFC ကပါ။ ဒီလိုလုပ်လေ... မောင်လေး မမသွားတဲ့နေရာတွေကို လိုက်ကြည့်... ဟုတ်ပြီလား။ ကားထဲမှာပဲ ထိုင်မနေခဲ့နဲ့။ မမတို့ ပြောတာ ဆိုတာတွေကို လိုက်လေ့လာပေါ့။ မောင်လေး စိတ်ပါဝင်စားတယ်ဆိုရင် မောင်လေးကို မမ ဆိုင်တစ်ဆိုင်ပေးမယ်။ ဟုတ်ပြီလား။ ငါ့ မောင်လေးက မြင်မြင်ချင်းပဲ ခင်ချင်စရာ ကောင်းနေတော့တာကိုး... ခစ်ခစ်...”

ဘူဇွာ၏ အတွေးထဲတွင် အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးသွားတော့၏။ သူ့အတွက် အခွင့်အရေးတစ်ခုနှင့် စီးပွားရေး လမ်းစ တစ်စ ပေါ်လာခဲ့ပြန်လေပြီ။ သူ့အတွက် အောင်မြင်ရေး လမ်းစများ ဖြစ်နေလေမလား...။

0 Comments: