Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၉) ဆူရှီအိပ်မက်

“မမ အခု နယူးဂျာစီဘက်ကို သွားချင်တယ်။ လောင်းအိုင်းလင်းဒ်မှာ ကိစ္စလေးတွေ ပြီးသွားပြီဆိုတော့လေ... မောင်လေး ဗိုက်ဆာနေပြီလား... နေ့လည်စာ စားချင်နေပြီလား။ နယူးဂျာစီဘက်ရောက်မှ စားရင် ကောင်းမလားလို့... မောင်လေးသဘောနော်...”

မမကြီးသည် နဖူးပေါ်က ချွေးများကို သုတ်သပ်လိုက်ရင်းကနေ ဘူဇွာ့ကို လှမ်းမေးလိုက်၏။ ဟုတ်လည်း ဟုတ်ပါသည်။ သူတို့ နယူးယောက် လောင်းအိုင်းလင်းဒ်ဟု ခေါ်သော ကျွန်းရှည်ကြီးထဲတွင် ပတ်၍ စူပါမားကက်များကို တစ်ခုဝင်တစ်ခုထွက် လိုက်လုပ်နေကြသည်မှာ မမကြီးတည်းခိုနေသည့် ဟိုတယ်မှ ထွက်လာကတည်းက ဖြစ်သည်။

စူပါမားကက် ဆူရှီဆိုင်ခွဲများ၏ သဘောသဘာဝကို ဤအမျိုးသမီးနှင့် လိုက်ပါအကဲခတ်ကြည့်မှ အလွန်ကောင်းသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေမှန်း ဘူဇွာ သိလာခဲ့သည်။ ဆူရှီလုပ်ငန်းကို သူ နဂိုကတည်းက စိတ်ဝင်စားခဲ့ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် လင်မိုစင်းမောင်းသူတစ်ယောက် ဖြစ်လာခဲ့ရသော်လည်း ဆူရှီဆိုင်ဖွင့်ကာ စီးပွားရေးတစ်ခု လုပ်ကိုင်ဖို့တော့ အစောကြီးကတည်းက စဉ်းစားထားပြီးသားဖြစ်၏။

ကားရပ်ထားသည့်နေရာသို့ ရောက်ရှိလာချိန်တွင် သူ့အတွေးများကို ရပ်တန့်လိုက်ကာ မမကြီးမေးမြန်းလာခဲ့သည်ကို ဘူဇွာ ပြန်ဖြေလိုက်သည်။

“မမ သဘောပါခင်ဗျ... ကျနော်တို့ နယူးဂျာစီဘက်ရောက်မှပဲ စားကြတာပေါ့။ ကျနော်လည်း ဗိုက် သိပ်မဆာသေးပါဘူး။”

ကားမောင်းထွက်လာပြီးသည်နှင့် မမကြီးက ဘူဇွာ့ကို သွေးတိုးစမ်းသည့် အမေးလေး မေးမြန်းခဲ့သေး၏။ “ဆူရှီဆိုင်ခွဲတွေရဲ့ သဘောသဘာဝတွေကို မောင်လေး ဘယ်လိုမြင်လဲ။ အသက်မွေးဝမ်းကျောင်း လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလို့ကော မြင်ရဲ့လား။”

“ဟာ... မြင်တာပေါ့ မမရဲ့... တော်တော်ဝင်ငွေကောင်းမယ့် လုပ်ငန်းတစ်ခုပဲ... ကျနော်တောင်မှ စိတ်ဝင်စားချင်သလို ဖြစ်လာတယ်။... ဒါနဲ့စကားမစပ် အခု ကျနော်တို့ သွားမှာက ဂျာစီမြို့ကိုနော် မမ... ကျနော် ဘယ်လမ်းကနေသွားရင် အမြန်ဆုံးရောက်မလဲဆိုတာ တွက်ချက်ကြည့်ချင်လို့ပါ။”

“အင်း... ဟုတ်တယ်... ဂျာစီစီးတီးကို သွားရမယ်... ပြီးရင် ဂျာစီထဲမှာ ရှိတဲ့ ကောင်တီတွေ ၃-၄ ခုလောက်ကိုလည်း ဆက်သွားရဦးမယ်။ မနက်ဖြန် ပြန်လာမှပဲ နယူးယောက်စီးတီးမှာရှိနေတဲ့ ဆိုင်တွေကို သွားကြတာပေါ့။”

+++++

ထိုနေ့က နယူးဂျာစီထဲတွင်လည်း သူတို့ တစ်နေကုန်သွားခဲ့ပြန်၏။ အမျိုးသမီးကတော့ မေးရှာပါသည်။ “မောင်လေး.. ပင်ပန်းသွားပြီလား” တဲ့။

“အမှန်အတိုင်းပြောရရင်တော့ ကားကြပ်ညှပ်နေတဲ့ဒဏ်ကြောင့် ပင်ပန်းတာတော့ အမှန်ပဲခင်ဗျ။ ဒါပေမဲ့လည်း ကျနော့်အတွက် အတွေ့အကြုံသစ်တွေ အများကြီး ရရှိလာပါတယ်။ ကားမောင်းတဲ့အလုပ်ကို ကျနော်တောင် နည်းနည်း စိတ်ပျက်ချင်လာပြီ ထင်တာပဲ။”

ဘူဇွာ တကယ်လည်း ပင်ပန်းနေပါသည်။ တစ်နေကုန် ကားမောင်းနေရတာကြောင့်ကော၊ ကားကြပ်ညှပ်သည့် ဒဏ်ကြောင့်ကော၊ ၎င်းပြင် အမျိုးသမီးနှင့် တစ်နေရာဝင် တစ်နေရာထွက် စူပါမားကက်များကို လိုက်လံကြည့်ရှုကာ နေရာအကွက်အကွင်း ရွေးချယ်နေကြရခြင်းကြောင့်လည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေသည်ကို မငြင်းလိုပါ။

သို့သော် သူ ပင်ပန်းရကျိုးနပ်သည်ဟုတော့ ဘူဇွာထင်သည်။ ဆူရှီလုပ်ငန်း၏ ထဲထဲဝင်ဝင် လုပ်ငန်းသဘောတရားများကို လက်တွေ့ကွင်းဆင်းလေ့လာနေရသောကြောင့် ဖြစ်၏။ အတွေ့အကြုံကောင်းတစ်ခုဆိုသည်မှာ လက်တွေ့ပဲဖြစ်ဖြစ်၊ စာတွေ့ပဲဖြစ်ဖြစ် ရယူထားခြင်းက အကောင်းဆုံးဟု ဘူဇွာ ခံယူထားလေသည်။ တစ်နေ့ အသုံးမဝင်လာဘူးလို့ ဘယ်သူများ ပြောနိုင်လို့လဲ။

အမျိုးသမီးက ဘူဇွာ့ကို ကားနောက်ကြည့်မှန်ထဲကနေ ပြုံးပြနေလေသည်။ “ဒီလိုပဲ မောင်လေးရဲ့... အလုပ်တိုင်းကတော့ ပင်ပန်းတာပေါ့ကွယ်... ပင်ပန်းမှုတိုင်းဟာ ကိုယ်ရှာဖွေလို့ရတဲ့ပိုက်ဆံနဲ့ တန်ရဲ့လားဆိုတာတော့ ရှိတာပေါ့နော်။ ဥပမာဆိုပါတော့ကွာ... မောင်လေး အခု ကားမောင်းလို့ရတဲ့ ဝင်ငွေကို မမ ခန့်မှန်းကြည့်လို့ရပါတယ်။ ဒါပေမဲ့ မမတို့ ဆူရှီဆိုင် ကောင်းကောင်းတစ်ဆိုင်မှာ အခု မောင်လေးလုပ်နေသလောက် အလုပ်ချိန်ကို လုပ်နိုင်မယ်ဆိုရင် ဒီ့ထက် ၁၀ ဆမက ဝင်ငွေပိုရနိုင်တယ်ဆိုတာ မမ ရဲရဲကြီး အာမခံတယ်... ငါ့မောင်လေး စဉ်းစားနိုင်ဖို့ မမက ပြောပြနေတာပါ။”

“ဟုတ်ကဲ့ပါ မမ... ကျနော်လည်း တကယ်ကို စိတ်ဝင်စားပါတယ်။ မမ မပြန်ခင်မှာ ကျနော် တစ်ခုခုတော့ ဆုံးဖြတ်နိုင်မှာပါ။”

“ဒါနဲ့ မမ.. ကျနော် မနက်ဖြန် မမကို ဟော်တယ်မှာပဲ လာကြိုရမှာလား... ကျနော် ဘယ်အချိန်လောက် လာခဲ့ရမလဲ။”

“အင်း... မနက်စောစော သွားလိုက်ရင် အလုပ်က နေ့ခင်းလောက်ဆို ပြီးသလောက်ဖြစ်နေပါပြီ။ မောင်လေး မမကို မနက် ၈ နာရီလောက် ဟော်တယ်ကို လာကြိုလေ... ဟုတ်ပြီလား။”

+++++

တနင်္ဂနွေနေ့ မနက်ပိုင်းဖြစ်သောကြောင့် အမြန်လမ်းမကြီးများပေါ်တွင် ကားများ ရှင်းလင်းနေသည်။ ဘူဇွာ ဟော်တယ်သို့ ရောက်ချိန်တွင် အမျိုးသမီးသည် ကော်ဖီနှစ်ခွက်ကို လက်ထဲကိုင်ထားရင်း ထွက်လာလေပြီ။

“ရော့... မင်းအတွက် မမ ကော်ဖီဖျော်ယူလာတယ်။”

“ဟာ.. အားနာစရာကြီးမမရယ်... ကျေးဇူးတင်ပါတယ်။”

ဘူဇွာသည် ရှက်ပြုံးကလေးဖြင့် ကော်ဖီခွက်ကို လှမ်းယူလိုက်ရာ အမျိုးသမီးကြီး၏ တောက်ပစူးရှသော အကြည့်ရဲရဲကြီးများကြောင့် ရင်ဖိုသွားရလေသည်။ အမျိုးသမီးက ဘူဇွာ့ကို ခပ်ပြုံးပြုံးလေး မျက်စောင်းထိုးပြနေပြီး-

“အံမယ်... ဒါလေးများကွယ်... မောင်လေးက မမကို အပင်ပန်းခံပြီး တစ်နေကုန် ကားတောင် လိုက်မောင်းပို့နေသေးတာပဲ... ကော်ဖီတစ်ခွက်လောက်တော့ ပြန်တိုက်ရမှာပေါ့... မဟုတ်ဘူးလား... ခစ်ခစ်ခစ်...”

ဘူဇွာသည် လင်မိုစင်းမောင်းသူအဖြစ်ဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုရာတွင် မည်သည့်အရာကိုမျှ ပေါ့ပေါ့တန်တန် အမြင်များဖြင့် မြင်လေ့မရှိ။ စီးပွားရေး အကွက်အကွင်းကောင်းသည့်နေရာများဆိုလျှင် သွားရင်းလာရင်း အမြဲတမ်း လေ့လာနေတတ်သူတစ်ယောက်ဖြစ်သည်။

ယခု သူတို့ ရောက်ရှိနေသည့်နေရာသည် မီးခြစ်ဗူးခွံများလို တိုက်တာအဆောက်အဦများ ထိုးထိုးထောင်ထောင်ရှိနေသည့် မန်ဟက်တန် မြို့တော်ကြီး၏ အစည်ကားဆုံးဆိုသော အပိုင်းဖြစ်သည်။ ဒီဇိုင်နာ အဝတ်အစားများ ရောင်းသောဆိုင်များ ပြည့်နှက်နေကာ လူမျိုးပေါင်းစုံ၏ စားသောက်ဆိုင်များ ဆိုသည်မှာလည်း နေရာတိုင်းတွင် ရှိနေလေသည်။

ဤတစ်ကြိမ် အမျိုးသမီးသွားရောက်ကြည့်ရှုသည့် စူပါမားကက်သည် သေးသေးလေးဆိုသော်လည်း လူဝင်လူထွက်များပြားလွန်းလှသည့် ဆိုင်တစ်ဆိုင်ဖြစ်သောကြောင့် ဆူရှီဘားလေးတစ်ခု ထားရန် ဆိုင်ရှင်ကုမ္ပဏီက စဉ်းစားနေသော နေရာလည်း ဖြစ်နေပြန်၏။ ကံကောင်းထောက်မလှစွာ ထိုစူပါမားကက်သည် ယခုမှ အသစ်စက်စက်ဖွင့်လိုက်သည့် ဆိုင်လည်း ဖြစ်နေပြန်သောကြောင့် မမသည် ထိုဆိုင်ကို လွန်စွာ သဘောကျနေလေသည်။ တစ်ရက်တစ်ရက် မရောင်းရဘူးဆိုလျှင် ဆူရှီဘူးပေါင်း ထောင်ချီရောင်းနိုင်သည့်နေရာဖြစ်ကြောင်းကို အတွေ့အကြုံများရှိနေသည့် အမျိုးသမီးသည် တစ်ခါတည်းဝင်ကြည့်လိုက်ရုံဖြင့် သိသွားခဲ့လေပြီ။

အပြန်လမ်းတွင် အမျိုးသမီးက ဘွင်းဘွင်းရှင်းရှင်းပင် မေးမြန်းလာခဲ့တော့၏။

“အဲဒီဆိုင်ကို မောင်လေး ဘယ်လိုသဘောရလဲ။ မမအထင်တော့ တော်တော်လေး ရောင်းကောင်းမယ့်နေရာလို့ မြင်တယ်။ မရောင်းရဘူးဆိုရင် တစ်ရက်ကို အနည်းဆုံး ဗူးပေါင်း တစ်ထောင်အထက်မှာ ရှိနေနိုင်တယ်နော်...”

ဤလို အခွင့်အရေးမျိုးကို ဘူဇွာ လက်လွတ်မခံနိုင်တော့ပါ။ အမျိုးသမီးကလည်း သူ့ကို ပြောထားသည် မဟုတ်ပါလား...။ လိုချင်သည့်ဆိုင်ကို စီစဉ်ပေးမည်ဟု...။ ထိုဆိုင်ကိုတော့ ဘူဇွာလည်း သဘောကျသည်။ စီးပွားရေး အကွက်အကွင်း လွန်စွာကောင်းသည့် နေရာဖြစ်ကြောင်းကိုလည်း မြို့တစ်ခွင် ပြဲပြဲစင်အောင် ကားမောင်းနေသည့် ဘူဇွာ မသိဘဲရှိပါ့မလား။ ထို့ကြောင့်-

“ကျနော်လည်းထင်ပါတယ်... မမကို ကျနော် ပွင့်ပွင့်လင်းလင်း တစ်ခုမေးမယ်နော်... ကျနော့်အနေနဲ့ အဲဒီဆိုင်ကို လိုချင်တယ်ဆိုရင် မမ တကယ်လုပ်ပေးမှာလား။”

“အိုကွယ်... ဒါက မေးစရာ မလိုတော့ဘူးလေ... မောင်လေးကို မမ ပြောခဲ့ပြီးပြီပဲ။ မောင်လေး စိတ်ပါဝင်စားတယ်ဆိုရင် မမ စီစဉ်ပေးပါ့မယ်လို့... အဟင်းဟင်း... ဘာလဲ... အဲဒီနေရာကို မောင်လေး စိတ်ဝင်စားနေလို့လား။ ဒီလိုလုပ်ကွာ... ကျန်တဲ့ သွားရမယ့်နေရာတွေကို ဖျက်လိုက်တော့... နောက်ရက်မှ သွားလည်း ရပါတယ်။ ဟိုတယ်ကိုပဲ ပြန်ကြရအောင်လား။ မမလည်း အဲဒီဆိုင်နေရာကို သဘောကျတယ်။ မင်း တကယ်ပဲ ကြိုးကြိုးစားစားနဲ့ လုပ်နိုင်မယ်ဆိုရင် အောင်မြင်တဲ့ဆိုင်တစ်ဆိုင်ဖြစ်လာမှာ သေချာတယ်။ ဟော်တယ်ရောက်မှ မမ မင်းကို အားလုံးရှင်းပြမယ်... ဟုတ်ပြီလား။”

+++++

“ညီလေး.. ငါ ကာလီဖိုးနီးယားကို ၁၀ ရက်လောက် သွားအုံးမယ်။ မင်း ကျောင်းလခတွေ အားလုံးသွင်းပြီးသွားပြီ မဟုတ်လား။”

အိမ်ပြန်ရောက်ရောက်ခြင်း ဆိုင်းမဆင့်ဗုံမဆင့် ပြောဆိုမေးမြန်းလာသည့် ဘူဇွာ့စကားကြောင့် ရှောက်သီးလုံး နည်းနည်းတော့ ကြောင်သွားသည်။

“မင်းက ဘာသွားလုပ်မှာတုန်း... အေး... ဒီစာသင်ရာသီအတွက် ကျောင်းလခတွေ သွင်းပြီးသွားပြီလေ။”

“မင်း ကျောင်းလခအတွက် ဖေဖေတို့ပေးထားတဲ့ ပိုက်ဆံတွေ ငါ ခဏယူသုံးလို့ဖြစ်တယ်မဟုတ်လား။ နောက် တစ်ကြိမ် ကျောင်းလခသွင်းချိန်အမီတော့ ဘဏ်ထဲပြန်ထည့်ပေးမှာပါ။”

ရှောက်သီးလုံးသည် ကွန်ပြူတာရှေ့တွင် ထိုင်နေရာမှ ရုတ်ခနဲ ထရပ်လာပြီး လက်ကာပြလိုက်ကာ-

“ဟာ... ခဏနေပါအုံး... မင်း ဘာဖြစ်လို့ ပိုက်ဆံတွေ အရေးတကြီးလိုနေရတာလဲ။ ငါ့ ကျောင်းလခတွေက ယူသုံးလို့ရပါတယ်။ ဒါပေမဲ့ ဘာအတွက်လဲဆိုတာတော့ ရှင်းပြအုံးလေကွာ။”

ဘူဇွာသည် ရေခဲသေတ္တာထဲတွင် အအေးခံထားသည့် ဘီယာတစ်ဗူးကို ဖွင့်သောက်နေပြီးမှ လေချဉ်တက်သံဖြင့် ပြန်ဖြေလိုက်၏။

“အေ့... မင်းကလည်း ဒီလောက်ကြီး မလောပါနဲ့။ ငါ ပြောပြမှာပါ။ အခု ငါ စီးပွားရေး ခွင်တစ်ခု တွေ့ထားတယ်ကွာ... ဆူရှီဆိုင်ဖွင့်မလို့... ဟုတ်ပြီလား။ ဒီရက်ပိုင်းတွင်း ငါ သွားသွားကြိုနေတဲ့ ဟို မိန်းမကြီးကို သိတယ်မဟုတ်လား။ အေး... သူက ငါ့ကို ဆူရှီဆိုင်တစ်ဆိုင် ပေးမှာ... မန်ဟက်တန်ထဲမှာပဲ... နေရာအကွက်အကွင်း သောက်ရမ်းကောင်းတယ်ကွာ... ဝင်ငွေလည်း သောက်ရမ်းကောင်းမှာ သေချာတယ်။”

ဘူဇွာသည် စကားကို ခဏရပ်ထားပြီး လက်ကျန် ဘီယာလေးကို မော့လိုက်သေး၏။

“ဒီလိုကွာ... သူတို့ ဆူရှီကုမ္ပဏီနာမည်က AFC လို့ခေါ်တယ်။ ဟုတ်ပြီလား... ဘွားတော်က ကုမ္ပဏီမှာ အကပ်ကောင်းတွေရှိတယ်။ ရှင်းရှင်း ပြောရရင် ဒီဘက်ကို စီးပွားရေး လာချဲ့တာပေါ့ကွာ။ လောလောဆယ်မှာတော့ မန်ဟက်တန်ထဲကဆိုင်ကို သူ့နာမည်နဲ့ ကုမ္ပဏီကနေ ယူလို့ရတယ်။ ပြီးမှ သူက ငါ့ကို ပြန်ရောင်းပေးမှာ။ အဲဒီအတွက် ဒေါ်လာ သုံးသောင်း ပေးရမယ်ကွာ။ လောလောဆယ် ငါ့လက်ထဲမှာလည်း ငွေနည်းနည်းကြပ်နေတယ်။ ပြီးခဲ့တဲ့ နှစ်လတုန်းကမှ ကားအသစ်၊ ရေဒီယိုအသစ်တွေ ဝယ်ထားခဲ့တာဆိုတော့ ဘဏ်ထဲမှာ သိပ်မကျန်တော့ဘူး။ အလွန်ဆုံးရှိလှ ၈၀၀၀ လောက်ပဲကျန်နေလိမ့်မယ်။ အဲဒါ ဖေဖေတို့ မင်းကျောင်းလခအတွက် ပေးထားတဲ့အထဲက တစ်သောင်းလောက် လိုချင်လို့... ဒါတောင်မှ ငါ ဘဏ်မှာ ပိုက်ဆံပြန်ပြီး ချေးရအုံးမယ်။ ဖြစ်တယ်မလား... ငါ ပြန်ပေးမှာပါ။”

“မင်း လိုနေတယ်ဆိုရင်တော့ ယူလေ... ဒါပေမဲ့ ဆူရှီဆိုင်လေး သေးသေးလေးအတွက် ဒေါ်လာ သုံးသောင်းကြီးက မများလွန်းဘူးလား။ ဘာလဲ... ပိုက်ဆံ လက်ငင်းပေးရမှာလား။”

“အေးပေါ့ဟ... သူက ငွေလက်ငင်းရမှ ငါ့ကို ကျန်တာတွေ လုပ်ပေးမှာပေါ့။ မင်းဘာသိလို့လဲ... သူက ငါ့မို့လို့ သုံးသောင်းလောက်နဲ့ ရောင်းပေးမှာ... တခြားလူတွေဆိုရင် အနည်းဆုံးမပေးရဘူးဆို သုံးသောင်းခွဲ၊ လေးသောင်းပဲ... အခုလောလောဆယ်တော့ အဲဒီဆိုင်ကို သူ ငှားထားတဲ့ လူတစ်ယောက်နဲ့ အရင်ဆုံး စဖွင့်မယ်။ ငါ့ ဘက်က အားလုံးအဆင်ပြေပြီ၊ လိုအပ်တာတွေ အားလုံးပြည့်စုံနေပြီဆိုမှ ငါ့ကို ဆိုင်ရောင်းပေးမှာ။ ငါ မနက်ဖြန်ကျရင် ကားမောင်းတဲ့လူတစ်ယောက် လိုက်ရှာရအုံးမယ်... ဒါက လွယ်ပါတယ်။ ကုမ္ပဏီမှာ ကားမောင်းချင်လို့ စောင့်နေတဲ့ ဒရိုင်ဘာတွေမှ ပုံနေတာပဲ။ တစ်ယောက်လောက်ကို ငါ့ကား ခဏပေးမောင်းထားမယ်ကွာ... ပြီးရင် ငါက ကာလီဖိုးနီးယားမှာရှိတဲ့ AFC ရုံးချုပ်မှာ ဆူရှီလိပ်သင်တန်း တစ်ပတ်လောက် သွားတက်ရမယ်။ ပြီးတာနဲ့ အစားအသောက်ကိုင်တွယ်ရောင်းချသူ လိုင်စင်ကို ဒီမှာ ပြန်ယူရအုံးမယ်။ ပြီးရင်တော့ ဆိုင်ဖွင့်လို့ရပြီ။ ဆူရှီနဲ့ ပတ်သက်လို့ ငါလည်း ကျွမ်းပါတယ်ကွ။”

“အေးပါ... ကြည့်လည်း လုပ်အုံး... မင်း လည်တာတွေသိပ်များနေပြီး လည်လွန်းတဲ့ဘီး ချေးသင့်နေမှာစိုးလို့ပြောတာ..”

အံ့ဩစရာကောင်းလှစွာပင် ရှောက်သီးလုံးသည် သူ့ရှေ့တွင် ဘူဇွာတစ်ယောက်လုံး ဘီယာသောက်နေသည်ကို မြင်နေရသော်လည်း သူကိုယ်တိုင်ကမူ လက်ဖျားနှင့်ပင် မထိခဲ့ချေ။ ဘူဇွာ အတော်လေး အံ့ဩနေ၏။ ရှောက်သီးလုံး အရမ်းကို ပြောင်းလဲသွားခဲ့ပြီမှန်း သူ ရိပ်မိလိုက်လေပြီ။

0 Comments: