Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


ဆန်းဆန်းပြားပြားရင်ခုန်သံ

တစ်ခါတုန်းက ကောင်မလေး၁ တစ်ယောက်ရှိတယ်။ သူနဲ့ အလယ်တန်းကျောင်းသားဘဝကတည်းက အချစ်တော်အဖြစ်လက်တွဲလာခဲ့တဲ့ ကောင်မလေး၂ လည်းရှိတယ်။ ကောင်မလေး၁ ဟာ အထက်တန်းကျောင်းက အောင်တာနဲ့ ရွှေမြို့တော်ကြီးကိုတက်... တက္ကသီလာရင်ခွင်ရိပ်မှာခို... ပညာရင်နို့ သောက်စို့ခဲ့ပြန်တယ်။

အဲဒီမှာ ဆေးကျောင်းသားကိုကို တစ်ယောက်နဲ့ တွေ့တော့တာပဲ။ ဆေးကျောင်းသားကိုကိုက ဆေးကျောင်းပြီးခါနီး၊ ဆရာဝန် ဖြစ်ခါနီးပြီ။ ဆေးကျောင်းသားကိုကိုက ကောင်မလေး၁ကို အသည်းစွဲ အရမ်းကို ခိုက်သွားခဲ့တယ်။ ဘဝပြောင်းပေးဖို့၊ မိန်းမသားဆန်ဆန် နေဖို့... ပျားရည်လို ချိုသာတဲ့ ဆိုဆုံးမစကားတွေနဲ့ နားချခဲ့ပေမယ့် ကောင်မလေး၁ ကတော့ သူ့ဘဝကို သူကျေနပ်လို့... ယောက်ျားတွေကို ရင်ခုန်စရာလို့ကို မမြင်ခဲ့တာ...။

ဆေးကျောင်းသားကိုကို အလုပ်သင်ဆရာဝန်အဖြစ် လုပ်ကိုင်နေတဲ့အချိန်၊ နွေရာသီကျောင်းပိတ်ရက်ရဲ့ တစ်ရက်မှာ ကောင်မလေး၁ရဲ့ တောင်ပေါ်မြို့လေးကို မိဘစုံရာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ပေါက်ချလာပါလေရော... တခြားအိမ်တစ်အိမ်မှာ တည်းခိုနေကြတဲ့ ဆရာဝန်ပေါက်စလေးရဲ့ မိသားစုတွေ၊ သူ့ကိုလူကြီးစုံရာနဲ့ လာရောက် တောင်းရမ်းဖို့ ရောက်လာကြတဲ့ ဆရာဝန်ပေါက်စလေးရဲ့ မိသားစုဝင်တွေ သတင်းကို ကြားလိုက်ရတဲ့နောက်မှာ ကောင်မလေး၁ဟာ သွေးပျက်လုမတတ် ထိတ်လန့်သွားခဲ့ရတယ်။

အဲဒါကြောင့် ကောင်မလေး၂ကိုခေါ်၊ လက်ချင်းတွဲ... ညတွင်းချင်းပဲ ရွှေမြို့တော်ကြီးကို ကြုံရာကားနဲ့ လိုက်သွားခဲ့ကြတယ်။ ရွှေမြို့တော်ကြီးရောက်ပြန်တော့လည်း တည်းစရာခိုစရာအိမ်မရှိ၊ ပိုက်ဆံမရှိလို့ အဒေါ်တစ်ယောက်ဆီမှာ ဘာမှမဖြစ်ခဲ့တဲ့ ပုံစံနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက် တည်းခိုခဲ့ပြန်သေးတယ်။ ရွှေမြို့တော်ကြီးဟာ သူရို့မြို့လေးနဲ့ နီးနေသေးလို့ အဝေးဆုံးနေရာကို ပြေးကြမယ်ဟေ့ဆိုတဲ့ အတွေးတွေနဲ့ နောက်တစ်ရက်မနက်စောစောမှာ အဒေါ်မနိုးသေးခင်ထ... ဝန်ဇင်းမင်းရာဇာရဲ့မြို့ကို ကြုံရာကားနဲ့ လိုက်သွားခဲ့ပြန်ရော...

ဒီတစ်ခေါက်တော့ တော်တော်ဆိုးတယ်။ ကားက ကြက်တင်လာတဲ့ကား... တစ်ကားလုံး ကြက်ချေးနံ့တထောင်းထောင်း၊ ကြက်ဖတွန်သံ တအွတ်အွတ်... ကြက်မအော်သံ ကတော်ကတော်နဲ့ လမ်းခရီးမှာ အတော်လေး ဒုက္ခရောက်ခဲ့ကြတယ်။

ဝန်ဇင်းမင်းရာဇာရဲ့မြို့ကို ရောက်တဲ့အခါမှာတော့ ဆက်လက်ခရီးထွက်ဖို့ ဖွတ်ကလိ ဒင်္ဂါးပြားတွေ အတော်လေး ခမ်းနေရပြီ... လူတွေလည်း ကြက်ချေးနံ့ နံထောင်းနေကြရပြီ... ဒါနဲ့ပဲ ဘာသာရေး သူတော်စင်ကြီးတစ်ပါးဆီမှာ ခခယယတောင်းပန်ပြီး တည်းခိုခဲ့ကြတယ်။ နောက်တစ်ရက် မနက်စောစောရထားကြီးမှာ သူတော်စင်ကြီးရဲ့ တပည့်တစ်ယောက် ကူညီပေးမှုကြောင့် သူရို့သွားချင်တဲ့ အကြေအရပ်ဆီကို စီးနင်းလိုက်ပါသွားနိုင်ခဲ့ကြတယ်။

၃ လလောက်ကြာတော့ အကြေအရပ်ရဲ့ မြို့တော်ကြီးမှာ မိဘဆွေမျိုးအသိုင်းအဝိုင်းတွေရဲ့ တောင့်တင်းလှတဲ့ အင်အားကြောင့် သူတို့ကို ပြန်ဖမ်းမိသွားခဲ့တယ်။ အချစ်ဆိုတာ တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းရည် လျက်ရလျက်ရ ဆိုတဲ့အတိုင်းမဟုတ်ခဲ့တာ သူရို့နှစ်ယောက်စလုံး သိသွားခဲ့ကြချိန်ဖြစ်နေလို့ လူကြီးတွေနဲ့အတူအသာတကြည်ပဲ ပြန်လိုက်ခဲ့ကြတယ်။ ဒါပေမဲ့ သံယောဇဉ်တွေကတော့ မပြတ်ခဲ့ကြဘူး...

ဆရာဝန်ပေါက်စလေးဟာလည်း ရှက်လွန်းတဲ့စိတ်ကြောင့်... နယ်ခြားတစ်နေရာကို ထွက်သွားခဲ့တယ်။

နှစ်တွေကြာညောင်းလာတဲ့တစ်နေ့မှာတော့ ကောင်မလေး၂ ရဲ့အိမ်က သူရို့သဘောတူထားတဲ့ ယောက်ျားစစ်စစ်တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ ဇွတ်အတင်း စီစဉ်ပါလေရော... အဲဒီအချိန်မှာ ကောင်မလေး၂ ဟာ ရွှေမြို့တော်ကြီးမှာ နေထိုင်နေပြီ။ ကောင်မလေး၁ကို လှမ်းအကြောင်းကြားတယ်... ငါတော့ ယောက်ျားယူရတော့မယ်ပေါ့... ကယ်ပါဦးပေါ့...

ကောင်မလေး၁ကလည်း အကြောင်းပြန်လိုက်တယ်။ ဘာမှမပူနဲ့... ငါလာကယ်မယ်... ရွှေမြို့တော်ကြီးကို ဘယ်နေ့ဘယ်ရက်မှာ ငါ အရောက်လာခဲ့မယ်ပေါ့...

ဒီလိုနဲ့ပဲ ကောင်မလေး၁ဟာ ရွှေမြို့တော်ကြီးမှာရှိတဲ့ ဟိုအရင်တစ်ခေါက်က မလိမ့်တပတ်လုပ်၊ သွားတည်းခိုခဲ့ဖူးတဲ့ အဒေါ်ဆိုသူရဲ့ အိမ်မှာပဲ သွားရောက်တည်းခိုခဲ့ပြန်တယ်။ ကံတရားရဲ့ လှည့်စားချက်များ... အံ့ဩစရာ... အဲဒီအဒေါ်ရဲ့အိမ်မှာ တန်ဆောင်တိုင်တောင်ပေါ်မြို့ကြီးက ဧည့်သည်တွေရောက်နေကြတယ်။ ဧည့်သည် သားအမိနှစ်ယောက်ပေါ့... ပါလာတဲ့ ကောင်မလေး၃ ကြောင့် အေးစက်စက်ဖြစ်လုဖြစ်ခင် ဖြစ်နေရတဲ့ ကောင်မလေး၁ရဲ့ ရင်ခုန်သံတွေ ပြန်လည်လတ်ဆတ်ခဲ့ရပြန်ပါရောလား... သူ့စိတ်ထဲမှာ ကောင်မလေး၂ ကို လုံးလုံးကြီးကို မေ့သွားတော့တယ်။

အလုပ်ကိစ္စတွေပြီးလို့ တန်ဆောင်တိုင်မြို့ကြီးကို ပြန်မယ့် သားအမိနောက်ကို ကောင်မလေး၁ဟာ တန်းလန်းတန်းလန်းနဲ့ လိုက်ပါသွားခဲ့ပါလေရော... ကောင်မလေး၂ဟာ အသည်းကွဲသွားခဲ့ရတော့တယ်။ အိမ်က ပေးစားမယ့်ယောက်ျားနဲ့ လက်ထပ်ယူဖို့ ခေါင်းညိတ်သဘောတူခဲ့ရတော့တယ်... အားကိုးအားထားပြုရသူ ကောင်မလေး၁ဟာ သူလို ငါးကင်ကိုပစ်ပြီး ငါးစိမ်းတစ်ကောင်နောက် သဲသဲမဲမဲ လိုက်သွားခဲ့တဲ့သတင်း သူရခဲ့တာကိုး...

ကံတရားရဲ့ လှည့်စားမှုဟာ အလွန်ပဲ ဆန်းကြယ်လှပြန်တယ်။ ကောင်မလေး၂ရဲ့ သတို့သားလောင်းလေးက တန်ဆောင်တိုင်မြို့ကြီးနဲ့ နီးနီးလေးမှာရှိတဲ့ ထင်းရှူးမြို့ခံလေး ဖြစ်နေတာကိုး... သူရို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ထင်းရှူးမြို့လေးမှာပဲ ခမ်းခမ်းနားနား ကြီးကျယ်စွာ ကျင်းပခဲ့ကြတယ်။ ကောင်မလေး၁ ဟာ အဲဒီသတင်းကို ကြားလိုက်ရတဲ့နောက် ဘာခံစားချက်မှ မရှိတဲ့ မျက်နှာပေး၊ ဘာမထီ နှလုံးသားနဲ့အတူ မဖိတ်ကြားခဲ့တဲ့ မင်္ဂလာပွဲကို တန်ဆောင်တိုင်မြို့ကြီးကနေ ထင်းရှူးမြို့လေးထိ သွားပြီး တက်ရောက်ချီးမြှင့်ခဲ့ပြန်တယ်။ မင်္ဂလာဆောင်ပွဲမှာ ကောင်မလေး၁ကို မြင်လိုက်ရတဲ့ ကောင်မလေး၂ရဲ့ ခံစားချက်တွေကတော့ အေးချမ်းမေ ဖြစ်လို့ပေါ့... (တစ်စစီကျိုးပဲ့နေတယ်)

ညအခါရောက်လာလို့ မင်္ဂလာဦးညမှာ ယောက်ျားတစ်ယောက်နဲ့အတူတူ အိပ်စက်ရမယ့်အရေး... ကြက်သီးတွေ တဖျန်းဖျန်းထလာ... ကြောက်ရွံ့လာတာနဲ့ ကောင်မလေး၁ တည်းခိုနေတဲ့ တည်းခိုခန်းကို ကောင်မလေး၂ ဟာ ဗြုန်းစားကြီး ပေါက်ချလာပါလေရော... ဒီနေရာမှာလည်း ကိုရီးယားဒရာမာတွေဆို ပျင်းတောင်ပျင်းသေးတယ်။ မျက်ရည်လည်ရွဲ... အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကြမယ့်ကိန်း...

နောက်ဆုံးမှာတော့ ကောင်မလေး၁ဟာ ခိုင်ကြည်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ပြတ်ပြတ်သားသားကြီး ဆုံးဖြတ်လိုက်တော့တယ်။ ကောင်မလေး၂ကို သူ့ယောက်ျားအိမ်ပြန်ပို့၊ ပြီးတာနဲ့ ညတွင်းချင်းပဲ တန်ဆောင်တိုင်မြို့ကြီးကို ကားတစ်စီး ဖြစ်သလိုငှားပြီး ပြန်သွားခဲ့တယ်။

နောက် ၃ ရက်လောက်အကြာမှာလည်း ကောင်မလေး၁ တည်းခိုနေတဲ့ ကောင်မလေး၃ ရဲ့အိမ်ရှိရာကို ကောင်မလေး၂ ရောက်လာခဲ့ပြန်သေးတယ်... ကိုရီးယားဒရာမာတွေ လက်မြှောက်အရှုံးပေးရပြန်ပြီပေါ့... ကောင်မလေး၂ရဲ့ လင်တော်မောင်က ချော့မော့ပြီး လာခေါ်... ဖျန်ဖြေပေးသွားလို့ ဒီတစ်ပွဲလည်း အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပြန်တယ်။

ကောင်မလေး၃ကို ချစ်ခွင့်ပန်ထားတဲ့ ကောင်မလေး၁ဟာ ကောင်မလေး၃ထံကနေ အဖြေကို လုံးဝမရသေးဘူး... ဟိုတောင်ပေါ်သူလေးကလည်း အီးမလုပ်၊ အဲမလုပ်နဲ့ တည်ငြိမ်လွန်းနေခဲ့တယ်...

တစ်ရက်မှာတော့ ကောင်မလေး၃ တစ်ယောက် အိမ်ကနေ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ၃-၄-၅ ရက်လောက် မြို့အနှံ့လိုက်ရှာ... လက်လှမ်းမီသလောက် အမျိုးတွေကို အကြောင်းကြား... လိုက်ရှာ... လိုက်စုံစမ်းနဲ့.... တစ်ပတ်ကျော်မှပဲ သိလာရတော့တယ်။ ကောင်မလေး၃ ယောက်ျားနောက်လိုက်သွားခဲ့တယ်တဲ့...။

ကောင်မလေး၁ရဲ့ အသည်းဟာ ဟက်တက်ကြီး အခွဲခံလိုက်ရတော့တာပေါ့... ဖွတ်မရ... ဓားမလည်းဆုံး... ငါးကင်ကော ငါးစိမ်းလေးပါ ကြောင်ကြီးတွေ အလစ်သုတ်နှိုက်စားသွားတာ ခံလိုက်သလို... ဟက်တက်ကြီး ခံစားနေရတော့တာပေါ့...

ဒါနဲ့ပဲ ကောင်မလေး၁ဟာ ကျဆင်းနေတဲ့ စိတ်တွေကို ပြန်တင်... သူ့ကိုယ်သူ မာန်ပြန်တင်းပြီး နိုင်ငံခြားကို ထွက်သွားခဲ့ပါတော့တယ်ကွယ်...

အခုတော့ ကောင်မလေး၂ မှာ ကလေး ၃ ယောက်... လူကလည်း အရင်တုန်းကထက်တောင် ပိုချော၊ ပိုလှလာလို့ ဓာတ်ပုံလေးတွေကိုကြည့်နေရတဲ့ ကောင်မလေး၁မှာ အံတကြိတ်ကြိတ်... တက်တခေါက်ခေါက်...

ကောင်မလေး၃ဟာလည်း စည်ပိုင်းလုံးကြီးလို ဝဝကစ်ကစ်ကြီးဖြစ်နေပြီ... အိမ်ထောင်နှစ်ဆက်ကျပြီးသွားပြီ... ကလေး ၂ ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာ ရုန်းကန်နေဆဲ... သူ့ကို မလိမ့်တပတ်လုပ်သွားခဲ့တဲ့ ကောင်မလေး၃ ကို ကောင်မလေး၁ဟာ အခဲမကြေဘူး... ဒါကြောင့် အဆက်အသွယ် လုံးဝမလုပ်ခဲ့ဘူး...

အဲဒီ ကောင်မလေး၂ နဲ့ ကောင်မလေး၃ တို့ကို နောက်ထပ် ကောင်မလေးတစ်ယောက်ဖြစ်တဲ့ ကောင်မလေး၄ က ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်တဲ့... ကောင်မလေး၄ ဆိုသူကတော့ မြန်မာစကားကို အနည်းအကျဉ်းသာ တတ်မြောက်ထားတဲ့ ယိုးဒယားပျိုမေချောလေးပါ... ကောင်မလေး၁ရဲ့လက်ရှိ ၁၀ နှစ်ကျော် တွဲနေတဲ့ ပျိုမဒီလေးပေါ့...

ကောင်မလေး၄ မြန်မာနိုင်ငံကို ပြန်ပြီး ကောင်မလေး၂၊ ကောင်မလေး၃ တို့နဲ့ သွားရောက်တွေ့ဆုံခဲ့တာကို ပြန်လာမှပဲ ကောင်မလေး၁ ဟာ သိလိုက်ရတော့တယ်။ သူ့ခွင့်ပြုချက်မရဘဲ သွားရောက်တွေ့ဆုံခဲ့တဲ့ ကောင်မလေး၄ကို စိတ်ကောက်ပြီး တစ်ပတ်လောက် စကားမပြောခဲ့ဘူးဆိုပဲ... အဲဒီမှာ ကောင်မလေး၄ ရဲ့ မတောက်တစ်ခေါက် မြန်မာစကားလေးနဲ့ ချော့လိုက်လို့ ပြန်စိတ်ပြေသွားသတဲ့ကွယ်... ကောင်မလေး၄ ပြောခဲ့တာကတော့...

“မ ဟာ ဂို့သည်းအုပါ... မ ဘာဖလို့ သတို့ဂို ပစ်သွားခဲ့တာလည်း သွားကျိဒါလေ... ခုဒေါ့သိဘီ... သတို့က မိန်းမရှစ်ရှစ်တွေကိုး...”

စိုင်းနော်
၁၉ နာရီ ၂၄ မိနစ်
နယူးယောက်မြို့။

0 Comments: