Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၃) ဘူဇွာနှင့်ကညာအို

ပန်းသီးမြို့တော်ကြီးတွင် မြို့နယ်ကြီး ၅ ခုရှိ၏။ Brooklyn, Bronx, Manhattan, Queens and Staten Island ဟုခေါ်ဆိုသည့် မြို့နယ်ကြီးများဖြစ်သည်။ ထိုမြို့နယ်ကြီး ၅ ခုလုံးပေါင်းကာ နယူးယောက်မြို့တော် (ပန်းသီးမြို့တော်) ဟု ခေါ်ဆိုသည်။

ပန်းသီးမြို့တော်ကြီးရှိရာ နယူးယောက်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ်များလည်းရှိသေးသည်။ ပန်းသီးမြို့တော်ကြီး၏ အနောက်ဘက်တွင် New Jersey ပြည်နယ်၊ အရှေ့တောင်ဘက်တွင် Connecticut  ပြည်နယ် တို့ဖြစ်ကြသည်။ ပန်းသီးမြို့တော်အပါအဝင် ပြည်နယ်ချင်း နယ်နိမိတ်ထိစပ်နေသော ဒေသကို Tri-State Area ဟုခေါ်ဆိုပြီး ဘူဇွာတို့လို လင်မိုစင်း မောင်းသူများ ကျွမ်းကျင်ရသော နေရာဒေသကြီးလည်းဖြစ်သည်။ ဒါတင်လားဆိုတော့ မကသေး... Long Island ဟုခေါ်ဆိုသည့် ကျွန်းရှည်ရှည်ကြီးတဝိုက်ကိုလည်း ကျွမ်းကျင်ဖို့ လိုသေး၏။

ပန်းသီးမြို့တော်ကြီးနှင့်ထိစပ်နေသည့် မြို့နယ်ကူး၊ ပြည်နယ်ကူး တံတားများစွာ၊ ဥမင်လိုဏ်ခေါင်းများစွာလည်း ရှိနေသေးသည်။ အားလုံးပေါင်း ၃၁ ခု တိတိရှိ၏။ ထိုတံတားများ၊ ဥမင်များကို water crossings ဟုခေါ်ဆိုပြီး မည်သည့် အမြန်လမ်းမကြီး၊ မည်သည့်လမ်းများမှ ဝင်ရောက်နိုင်သည်ဆိုခြင်းကိုလည်း သိရပြန်သေးသည်။

အချို့တံတားများ၊ ဥမင်လိုဏ်ခေါင်းကြီးများက ဖြတ်သန်းခ ပေးရသည်။ အလကားမရ။

ဘူဇွာတို့ အဓိက အလုပ်လုပ်သည့်နေရာမှာ Manhattan မြို့ထဲတွင်ဖြစ်သည်။ မီးခြစ်ဗူးခွံများ ထောင်ထားသလို တိုက်တာအဆောက်အဦများ ထိုးထိုးထောင်ထောင်ရှိနေသည့် မြို့ကြီးထဲတွင်မှ စီးပွားရေးကောင်းသည် မဟုတ်ပါလား။

လင်မိုစင်း ကုမ္ပဏီတစ်ခုနှင့်တစ်ခု သတ်မှတ်ထားသည့် ဇုံများလည်း မတူညီကြချေ။ မန်ဟက်တန် မြို့နယ်ထဲတွင်ပင် ဘူဇွာတို့အတွက် ဇုံပေါင်း ၂၂ ခုတိတိရှိ၏။ ပန်းသီးမြို့တော်ကြီးတစ်ခုလုံးတွင်မူ ဇုံပေါင်း ၅၃ ဇုံရှိသည်။ နယူးဂျာစီ၊ ကော်နက်တိကက်၊ လောင်းအိုင်းလင်းဒ် ကျွန်းများအပါအဝင်ဆိုလျှင် ဇုံပေါင်း ၁၀၀ ကျော်ရှိနေသည်။

တက္ကစီနှင့်လင်မိုစင်းကော်မရှင် ထုတ်ပြန်ထားသည့် ဥပဒေအရ ဘူဇွာတို့သည် တစ်ရက်လျှင် ၁၆ နာရီတိတိ ကားမောင်းနိုင်သည်။ လုပ်ငန်းသဘောသဘာဝအရ ကားမောင်းသည်ဆိုခြင်းမှာလည်း တစ်နေကုန် မနားတမ်း ကားဘီးလိမ့်နေရခြင်းမဟုတ်၊ ဇုံတစ်ခုတွင် ဝင်ရောက် book လုပ်ထားပြီး ကားထဲထိုင်၊ ငြိမ်ငြိမ်လေး ထိုင်စောင့်နေရသည့်အလုပ်ဖြစ်သည်။

ကားစ မောင်းမောင်းချင်းတုန်းကတော့ ဘူဇွာ့အတွက် သိပ်အဆင်မပြေသလိုမျိုး ခံစားရ၏။ နောက်ပိုင်းတွင်တော့ လုပ်ငန်း သဘာဝကို ကျွမ်းကျင်လာသည်နှင့်အမျှ ဤအလုပ်ကို ဘူဇွာ ပျော်ပိုက်လာလေတော့သည်။ မည်သည့်နေရာ၊ မည်သည့်ဇုံတွင် ပိုက်ဆံရများတတ်ကြောင်းကိုလည်း နောကြေလာပြီဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ များစွာသော လူတို့သည် ပန်းသီးမြို့တော်ကြီးတွင် လာရောက် အလုပ်လုပ်ကြပေသည်။ များသောအားဖြင့် အချိန်ပြည့်လုပ်ပြီးသည်နှင့် အိမ်ပြန်ကြသည့်သူ များသည်။ သို့သော် ခြွင်းချက်များစွာလည်း ရှိနေပါသေး၏။ ထိုသူတို့မှာ အချိန်ပို လုပ်ကြရပြီး အချိန်မတော်သည့်အချိန်များတွင်မှ အိမ်ပြန်ကြရသည့်သူများဖြစ်သည်။ ထိုသူများအတွက် ပို့ဆောင်ဆက်သွယ်ရေးတာဝန်ကို သူတို့လုပ်သည့် ကုမ္ပဏီများက ကျခံပေးကြ၏။ ထိုအချိန်တွင်မူ ထိုကုမ္ပဏီများနှင့် ကွန်ထရိုက် ရထားသည့် လင်မိုစင်းကုမ္ပဏီများက အလုပ်ရကြလေသည်။ ထို့အတူ အခြားအခြားသော ဧည့်သည်များစွာလည်း ကားငှားကြပါသည်။

လင်မိုစင်း ကုမ္ပဏီတိုင်းလိုလို ဇုံတစ်ခုမှ အခြားဇုံတစ်ခုသို့ သွားရောက်မည့်ခရီးအတွက် သတ်မှတ်နှုန်းထားများ ထားရှိထားပြီးဖြစ်သည်။ ပန်းသီးမြို့တော် ၅ မြို့နယ်တွင်းတွင်တော့ ဇုံတစ်ခုနှင့်တစ်ခု အကွာအဝေးကိုလိုက်ပြီး နှုန်းထားသတ်မှတ်ထား၏။ ပန်းသီးမြို့တော် ၅ မြို့နယ် နယ်နိမိတ် ကျော်လွန်သွားသည်နှင့် ဇုံအလိုက် နှုန်းမဟုတ်တော့။ Flat Rate ဟုခေါ်သည့် တစ်ဈေးတည်းနှုန်းဖြစ်လာတော့သည်။ ရပ်ဝေးသွားမည့်သူများအတွက် သီးသန့် သတ်မှတ်ထားသည့် နှုန်းထားဖြစ်၏။

ဘူဇွာတို့ ကုမ္ပဏီသည် အနီးဆုံး၊ ဇုံတစ်ခုနှင့်တစ်ခု အကူးကို ၁၈ ဒေါ်လာယူသည်။ ကျန်ခရီးဝေးသွားမည့်သူအတွက် သတ်မှတ်နှုန်းထားမရှိဘူးဆိုပါက ဗဟိုဌာနချုပ်မှ ဈေးနှုန်းသတ်မှတ်ပေး၏။ ခရီးသည် ဈေးနှုန်းကြိုက်သည်ဆိုလျှင် လိုက်သွားရုံသာ။

လင်မိုစင်းမောင်းသည့်အလုပ်တွင် လျင်မှ၊ ပါးမှ၊ နပ်မှ အလုပ်ဖြစ်သည်။ သမာရိုးကျ မောင်းနေလို့တော့ ရရစားစားသာဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ဘူဇွာ့တွင် ကိုယ်ပိုင်ကားမရှိ၊ ကားအငှားယူပြီးမောင်းနေရခြင်းဖြစ်သည်။ ရသမျှ ပိုက်ဆံကိုလည်း အကုန်လုံး တင်းပြည့်ကြပ်ပြည့်ရသည်မဟုတ်... လင်မိုစင်းကုမ္ပဏီကို ၁၈ ရာခိုင်နှုန်း ပြန်ပေးရသေး၏။ လင်မိုစင်းကုမ္ပဏီက ထုတ်ထားပေးသည့်၊ တက္ကစီနှင့်လင်မိုစင်းကော်မရှင်အသိအမှတ်ပြု ရေဒီယိုကို ပိုင်ဆိုင်ထားသည်ဆိုပါက ကုမ္ပဏီကို ၁၄ ရာခိုင်နှုန်းသာ ဝန်ဆောင်ခ ပေးစရာလိုသည်။ သို့သော် ထို ရေဒီယိုတစ်လုံး၏ ကာလပေါက်ဈေးကလည်း မသေး... ဒေါ်လာတစ်သိန်းကျော် တန်၏။ ရေဒီယိုပစ္စည်းက ဈေးကြီးသည်မဟုတ်၊ အသုံးပြုခွင့် လိုင်စင်ကဒ်ပြားလေးရဖို့ လျှောက်လွှာကြေးက ဈေးကြီးခြင်းဖြစ်သည်။

စည်းကမ်း၊ ဥပဒေများကလည်း ခေါင်းရှုပ်စရာကောင်းလောက်အောင် ပေါများလှသည်။ ဇုံတစ်ခုမှ ဧည့်သည်တစ်ယောက်ကို တင်ဆောင်ပြီးထွက်လာပါက ထိုလင်မိုစင်းသည် ဘွတ်ခ် ထပ်လုပ်၍မရနိုင်တော့။ ဧည့်သည်ကို ချ အပြီးတွင်မှ ချပြီးသည့် ဇုံတွင် ဘွတ်ခ် လုပ်နိုင်သလို ကိုယ်ကြိုက်နှစ်သက်သည့် ဇုံအတွင်း ရောက်အောင်သွားပြီး ဇုံအတွင်း ရောက်ပြီဆိုမှ ဘွတ်ခ် လုပ်နိုင်သည်။ ထို့အတူ မြစ်ကူးတံတားအကျော်မှ လှမ်း၍ ဘွတ်ခ် လုပ်လို့လည်း မရပြန်။ ဘူဇွာတို့ လင်မိုစင်း ကုမ္ပဏီတွင် စူပါဗိုက်ဇာများလည်း ရှိနေကြသည်။ ထိုသူတို့က မည်သူများ စည်းကမ်းဖောက်နေသလဲဆိုသည်ကို သွားရင်းလာရင်း စုံစမ်းစစ်ဆေးတတ်သေး၏။ သူတို့သည်လည်း ဘူဇွာတို့လို ယာဉ်မောင်းသမားများသာ ဖြစ်သည်ဆိုသော်ငြားလည်း သူတို့အသုံးပြုသည့် ရေဒီယိုတွင် ကျန် ယာဉ်မောင်းတို့ကို စစ်ဆေးနိုင်သည့် လျှို့ဝှက်ကုဒ်များ ပါရှိ၏။ စည်းကမ်းဖောက်ဖျက်သည်ကို တွေ့ရှိပါက ဒဏ်တပ်ခံရလေသည်။ ခဏခဏ ဒဏ်တပ်ခံရပါက အလုပ်ပါ ပြုတ်နိုင်၏။

ဘူဇွာ့ကားထဲတွင် ရေဒီယိုတစ်လုံး၊ ကွန်ပြူတာ အသေးလေးတစ်လုံး ပါရှိ၏။ ရေဒီယိုကတော့ ဗဟိုထိန်းချုပ်စခန်းနှင့် ဆက်သွယ်ရန် ဖြစ်ပြီး ကွန်ပြူတာထဲတွင်တော့ လိုချင်သည့် သတင်းအချက်အလက်များ အကုန်ရနိုင်အောင် စီစဉ်ပေးထားသည်။ ဘူဇွာ၏ ကွန်ပြူတာထဲတွင် မည်သည့်ဇုံ၌ ကားဘယ်နှစ်စီးရှိကြောင်း ကြည့်၍ရသလို၊ အလုပ်လက်ခံရန် အကြောင်းကြားသည့် ညွှန်ကြားစာလေး တိုတိုလေးလည်း ရရှိတတ်သည်။ အလုပ်လက်ခံကြောင်း ပြန်လည် သတင်းပို့ရသလို၊ ဧည့်သည်ကို တင်ဆောင်ပြီးသည့်အချိန်တွင်လည်း သတင်း ထပ်ပို့ရပြန်၏။ ထို့အတူ ဧည့်သည်ကို ချပေးအပြီးတွင်လည်း သတင်းထပ်ပို့ရပြန်သည်။ ပြီးနောက် ကိုယ်ကြိုက်သည့် ဇုံအတွင်း ပြန်ရောက်အောင်လာပြီး ဘွတ်ခ် ပြန်လုပ်ရပြန်သည်။

ကိုယ်မလိုက်ချင်သည့် နေရာဒေသဆိုလျှင် ကိုယ့်အလှည့်ကို ပေးကျော်သွားခြင်းများလည်း ပြုလုပ်နိုင်သည်။ ထို့အတူ ကိုယ့်ရှေ့က ကားများ မသွားချင်သည့်နေရာဆိုလျှင်လည်း ကိုယ့်အလှည့်ရောက်လာပါက ကျော်သွားနိုင်၏။ သူ့အချိန်နှင့်သူ မည်သည့်နေရာတွင် ကားများ ကြပ်ညှပ်နေတတ်ကြောင်း၊ မည်သည့်နေရာတွင် ကားရှင်းပြီး လမ်းဖြောင့်ဖြူးနေတတ်ကြောင်း၊ မည်သည့်အလုပ်က ပိုက်ဆံပိုရတတ်ကြောင်းများကို မောင်းရင်းမောင်းရင်းနှင့်မှ ဘူဇွာ နားလည်လာခဲ့သည်။

ဘူဇွာသည် ကားမောင်းသက် ရင့်ကျက်လာသည်နှင့်အမျှ လူလည်လည်း ကျတတ်လာပြီဖြစ်သည်။ စူပါဗိုက်ဇာဆိုသည့်လူများ၏ ကားနံပါတ်တိုင်းကို သူ့ခေါင်းထဲ စွဲနေအောင် မှတ်သားထားခဲ့သည်။ ထိုသူတို့၏ကားများ မည်သည့်နေရာတွင် ရောက်နေကြောင်း သူ့ ကွန်ပြူတာထဲတွင် စုံစမ်းနိုင်နေသည် မဟုတ်ပါလား။ စူပါဗိုက်ဇာများနှင့် လွတ်ကင်းသည့် ဇုံရောက်ပြီဟေ့ဆိုသည်နှင့် ဘူဇွာတို့ ပွဲကြမ်းတော့သည်။ ဧည့်သည်ကို ချမပြီးခင်မှာပင် ဧည့်သည်ကို ချပြီးကြောင်း သတင်းပို့တတ်လာ၏။ စီးပွားရေးကောင်းပြီး အလွန်အလုပ်များသည့် ဇုံများထဲသို့ ကားမရောက်လာသေးခင်တွင် ရောက်နေပြီဖြစ်ကြောင်း သတင်းပို့ ဘွတ်ခ် လုပ်တတ်လာ၏။ တစ်ခါတစ်ခါတွင်မူ တံတား မကူးမီကတည်းက ဘွတ်ခ် လုပ်ထားပြီး တံတားကူးပြီးသည်နှင့် အလုပ်လက်ခံ၊ သွားကြိုရုံသာ ကျန်တော့သည်။

ထိုနည်းများဖြင့် ဘူဇွာတို့ အချိန် မပုတ်တော့။ လက်မလည်အောင် ကားမောင်းနေရလေသည်။ ရလိုက်သည့် ပိုက်ဆံများလည်း သောက်သောက်လဲ။ ပိုက်ဆံမြင်နေရလျှင် ဘူဇွာ စိတ်ချမ်းသာသည်။ ပိုက်ဆံနှင့်ပတ်သက်သော ကိန်းဂဏန်းများကို ဘူဇွာ ချစ်၏။ ဒါကြောင့်လည်း သူ့ နာမည် ဘူဇွာဟု တွင်နေရသည် မဟုတ်ပါလား။

ဘူဇွာသည် အပေါင်းအသင်းလည်း အင်မတန် ဆန့်သူတစ်ယောက်ဖြစ်သည်။ စူပါဗိုက်ဇာ တော်တော်များများကို ထမင်းလိုက်ကျွေးခြင်း၊ အင်္ကျီအဝတ်အစားများ ဝယ်ပေးခြင်းဖြင့် လူချစ်လူခင်များအောင် ပေါင်းသင်းထားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင်ဆိုလျှင် သူနှင့်ခင်မင်သည့် စူပါဗိုက်ဇာများ ရှေ့တွင်ပင်မရှောင်တော့။ အခွင့်အရေးရလျှင် ရသလို စည်းကမ်းကို ကျကျနနကြီး ဇိမ်ရှိစွာ ဖောက်ဖျက်နေလေတော့သည်။

+++++

ယနေ့ ဘူဇွာသည် သူတစ်ခါမှ မရောက်ဖူးသည့်နေရာတွင် ရောက်ရှိနေ၏။ ဘူဇွာတို့ လင်မိုစင်း ကုမ္ပဏီ၏ Dispatching Room ဟုခေါ်သည့် ဗဟိုပင်မထိန်းချုပ်ရေးအခန်းကြီးထဲတွင် ရောက်နေသည်။

ဘူဇွာတို့လို လင်မိုစင်းမောင်းသူတိုင်း ရုံးခန်းသို့ အပတ်တိုင်း ရောက်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ပတ်တစ်ပတ် မောင်း၍ရလာသည့် ဝင်ငွေများကို လခထုတ်ရသောကြောင့်ဖြစ်သည်။ ဧည့်သည်များက ပေးသည့် အကြွေးဝယ်ကဒ်များ၏ ပြေစာများ၊ ချက် လက်မှတ်များ၊ ပိုက်ဆံဖြင့် ပေးသည်ဆိုလည်း ပိုက်ဆံရရှိကြောင်း ပြေစာများ... စသည့် ပြေစာမျိုးစုံတို့ကို တစ်ပတ်စာ စုပြီး ရုံးခန်းတွင် လာရောက် ပိုက်ဆံလဲလှယ်ကြရလေသည်။ ရုံးခန်းကနေ ထုတ်ပေးသည်မှာလည်း တစ်ပတ်လုံးမောင်း၍ရသည့် ဝင်ငွေ၏ ၁၈ ရာခိုင်နှုန်း နှုတ်ထားသည့် ချက်လက်မှတ်သာဖြစ်၏။ ထို့ကြောင့် ချက်လက်မှတ်ရပြီးလျှင်ပြီးချင်း အနီးဆုံးဘဏ်ရှိရာသို့ ပြေး၍ ငွေသွင်းရသေး၏။ ပြီးသည်နှင့် ကားငှားပေးသည့် ကားပိုင်ရှင်ထံပြန်လာပြီး ကားဖိုး တစ်ပတ်စာ ရှင်းပေးရသေးသည်။ ကျန်သည့်ငွေကမှ ဘူဇွာတို့အတွက် အသားတင်ကျန်ငွေ ဖြစ်သည်။

သို့သော် ယခု ဘူဇွာရောက်နေသည့်နေရာကိုတော့ဖြင့် တစ်ခါမှ မရောက်ခဲ့ဖူးပါ။ ရောက်ဖူးသည့်လူလည်း အင်မတန်မှ နည်းပါးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုထိန်းချုပ်ခန်းတွင်းရှိ ထိန်းချုပ်ဆက်သွယ်ရေးစာရေးများ (Dispatchers) နှင့် ယာဉ်မောင်းများတွေ့ဆုံခြင်းကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားသောကြောင့်ဖြစ်သည်။ စာရေးများနှင့် ယာဉ်မောင်းများ ခင်မင်သွားပါက လာဘ်စားမှုများ များပြားလာမည်ဖြစ်ပြီး စာရေးများက သူတို့နှင့်ခင်သည့် ယာဉ်မောင်းများကို အလုပ်ကောင်းများ ပေးနိုင်ကြသောကြောင့်လည်းဖြစ်သည်။

ယခုတော့ ဘူဇွာ ထိုအခန်းထဲတွင် ရောက်နေရပြီဖြစ်၏။ သူ ကားမောင်းကြမ်းလွန်းသောကြောင့် ဧည့်သည်တစ်ယောက်က ရုံးချုပ်ကို တိုင်တန်းခဲ့သည်။ ပုံမှန်အတိုင်းဆိုလျှင် ရုံးချုပ်၏ မန်နေဂျာရုံးခန်းတွင်ပင် ခေါ်ဆူဆဲပြီး ကိစ္စပြီးသွားနိုင်သော်လည်း ယခု ဘူဇွာ့ကို အရေးယူမည့် လူကြီးသည် ဗဟိုထိန်းချုပ်ခန်းတွင် အလုပ်ရှုပ်နေသောကြောင့် ဤအခန်းထဲတွင်ပင် ခေါ်ဆူရန် ခေါ်ထားခြင်းဖြစ်သည်။

အထက်လူကြီးသည် အခန်းတစ်ခုထဲတွင် ဘုတ်အဖွဲ့ဝင်များနှင့် အစည်းအဝေးလုပ်နေသောကြောင့် အပြင်ဘက်သို့ မထွက်လာနိုင်သေး။ ဘူဇွာကတော့ အခန်းကြီးထဲ မျက်စိဝေ့ကြည့်နေမိ၏။

ကြီးမားလှသောအခန်းကျယ်ကြီးတစ်ခုဖြစ်သည်။ ထိုင်ခုံပေါင်းများစွာဖြင့် စာရေးများ အလုပ်လုပ်နေကြ၏။ တစ်ဦးချင်းစီ၏ရှေ့တွင် ကွန်ပြူတာတစ်လုံးစီရှိနေကြပြီး ဖုန်းတစ်လုံးစီလည်း ရှိနေကြသည်။ ထို့အတူ ဆက်သွယ်ရေး ရေဒီယိုများလည်း စားပွဲတိုင်းတွင် ထားရှိပေးထား၏။ လူတိုင်းနီးပါး အလုပ်ရှုပ်နေကြပုံရသည်။

ဘူဇွာသည် ဝေ့ဝိုက်ကြည့်နေရင်းမှ အမျိုးသမီးတစ်ယောက်ကို သတိထားမိသွားသည်။ လူမည်း အမျိုးသမီးတစ်ယောက်ဖြစ်၏။ ခပ်တောင့်တောင့်၊ ပါးစပ်ပြဲပြဲ၊ ဆံပင်လိမ်ကောက်ကောက်နှင့် လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်သည်။ မျက်နှာကျ ရှည်ရှည်နှင့် သူမသည် သိပ်ပြီးတော့ ရုပ်မဆိုးလှဟု ပြောနိုင်၏။ သူမ၏ လက်သည်းများကို လက်သည်းနီဆိုးဆေးဖြင့် ညီညီညာညာဖြစ်အောင် ပြုပြင်နေ၏။ တစ်ချိန်တည်းလိုလိုပင် ဖုန်းကိုလည်း ပခုံးနှင့် နားရွက်ကြားတွင် ညှပ်ထားပြီး စကားပြောနေလိုက်သေး၏။ ပြီးနောက် လက်သည်းနီဆိုးဆေးစုတ်တံကို ချထားပြီး ကီးဘုတ်များပေါ် တတောက်တောက် ရိုက်နေလိုက်ပြန်၏။ အားလုံး ပြီးဆုံးသွားပြီဆိုတော့မှ သူမကိုယ်သူမ အလွန်အလုပ်ရှုပ်သော လူတစ်ယောက် အလုပ်ပြီးမြောက်သွားသလို သက်ပြင်းကြီးချကာ လက်သည်းနီ ပြန်ဆိုးနေပြန်သည်။

အလုပ်အားနေသည့်သူမထံသို့ ဘူဇွာ ချဉ်းကပ်ကြည့်လိုက်သည်။ သူမထံသို့ လျှောက်လှမ်းသွားပြီး နှုတ်ဆက်လိုက်၏။

“Hey... what's up? You really have beautiful nails. Oh my God, they look so gorgeous. Look at them... wow... amazing. What's your name, baby?”

ဘူဇွာသည် သူမ၏ လက်သည်းနီများ မည်မျှလှပကြောင်းကို သွားပိုးစားလောက်အောင် ချိုသာစွာ ချီးမွမ်းပြောဆိုနေပြီးမှ သူမ၏ နာမည်ကို မေးမြန်းလိုက်၏။

ထိုအမျိုးသမီး ခူရှီရိုက်သွားလေတော့သည်။ မျက်လုံးလေးထောင့်ကပ်ထားကာ အီစီကလီပုံစံလေးဖြင့် ပြန်ဖြေလိုက်၏။ “Oh... really? Thank you. You are so kind. I am Monique, it's very nice meeting you. Oh... by the way, are you here for Mr. Anderson?”

သူမ၏ ကမ်းလာပေးသည့်လက်ကို ဘူဇွာက ခပ်ဖွဖွလေး ကိုင်ဆွဲနှုတ်ဆက်ပြီးမှ ပြန်ဖြေလိုက်၏။ “Very nice meeting you, too. Yes, I have an appointment with him. Is he busy?”

ထိုအမျိုးသမီးက ခေါင်းညိတ်ဖြေဆိုလိုက်၏။ သူမ၏နာမည်မှာ မိုနစ်က် ဟုခေါ်ကြောင်းကိုတော့ သိသွားပြီ။ အကြောတည့်အောင် ပေါင်းသင်းလို့ရမည့်သူတစ်ယောက်အဖြစ်လည်း ဘူဇွာ နားလည်သွား၏။ ထို့ကြောင့် ဘူဇွာသည် စကားမရှိစကားရှာကာ ပြောလိုက်တော့၏။

“Monique... what a lovely name you have! Gorgeous... so lovely!”

အမျိုးသမီးက ခေါင်းလေးငဲ့ကာ ကြာမူပါပါဟန်လေးဖြင့် ပြန်ဖြေလိုက်၏။ “Thank you!”

“So... do you work here everyday? I have never seen you before.” ဘူဇွာက သူမကို မတွေ့ဖူးကြောင်း၊ နေ့တိုင်းကော အလုပ်လုပ်သလားဟု မေးမြန်းနေပြန်သည်။

အမျိုးသမီးသည် တစ်ချက်မျှ သမ်းဝေပြလိုက်ပြီး လက်ဖဝါးကို ပါးစပ်ပေါ် တဖတ်ဖတ်ရိုက်နေကာ ဖြေဆိုလိုက်ပြန်၏။ “Well, I work 5 days a week. Sometimes, 6 days. I am off every Sunday though. It's really, really busy and I am tired already. So... what are you here for? Any violation?”

ဘူဇွာက သွားဖြီးလေးနှင့် ပြန်ဖြေနေ၏။ “Well, let's put it this way. I drove fast and somebody complained. Anyway, are you free this coming Sunday?”

အမျိုးသမီးသည် မျက်ထောင့်ကပ်ကလေး ကြည့်နေပြီး အံ့အားသင့်နေဟန်လေးဖြင့် ပြန်မေးလိုက်၏။ “Why are you asking? Umm... yeah... I am free.”

ထိုအခါကျမှပင် ဘူဇွာသည် တံတွေးကို ဂလုကနဲမြည်အောင် မျိုချလိုက်ပြီးမှ ပြီတည်တည် လေသံဖြင့် ပြန်ပြောလိုက်လေတော့၏။ “Well, we will go grab a bite and let's hang out then. Do you like movies?”

အမျိုးသမီးသည် ပါးစပ်ကို လက်ဖဝါးလေး အုပ်ထားနေပြီး မျက်လုံးများ ပြူးပြနေကာ ပြုံးစိစိ မျက်နှာပေးဖြင့် မေးမြန်းလိုက်ပြန်၏။ “Oh.. are you asking me out? Is it a date?”

ဘူဇွာသည် မိန့်မိန့်ကြီး ပြုံး၍သာနေပြီး ခေါင်းညိတ်ဖြေဆိုလိုက်လေတော့၏။

0 Comments: