Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၂) နယ်လှည့်ဘူဇွာ

တကယ်တမ်းတော့ ဘူဇွာသည် ဘဝသမားဖြစ်သည်။ အရာရာကို လက်တွေ့ကျကျ လုပ်ဆောင်တတ်သူဖြစ်၏။ ဘူဇွာ့ထံတွင် စိတ်ကူးယဉ်မှုများ လုံးဝမရှိ။ လောလောလတ်လတ် လိုအပ်နေသည့်အရာကို လိုအပ်နေသည့်အချိန်အတွင်းမှာပင် ပြီးပြတ်အောင် လုပ်ဆောင်တတ်သူလည်းဖြစ်သည်။

ယခင်တုန်းက... ဤနိုင်ငံသို့ရောက်လာပြီး ဗီဇာမသေအောင် ကျောင်းသားဗီဇာလေးနှင့် အသက်ဆက်နေခဲ့ရသည်။ ကျောင်းသားဗီဇာဆိုတော့ ကျောင်းတက်ပျက်လို့မရ။

မမနှင့် အတု လက်ထပ်ပြီးချိန်တွင်တော့ သူ့ထံတွင် စာရွက်စာတမ်းများ ပြည့်ပြည့်စုံစုံရှိလာပြီဖြစ်သည်။ ကျောင်းသားဗီဇာကို အသက်ဆက်နေရန်မလိုအပ်တော့။ ထို့ပြင် သူလုပ်ချင်သည့်အလုပ်ဟူသမျှ တရားဝင်လုပ်ကိုင်ခွင့်လည်း ရနေပြီဖြစ်သည်။

ပြီးခဲ့သည့်လက မမ၏ချစ်သူ အီရတ်စစ်မြေပြင်မှ အသက်မသေဘဲ ပြန်ရောက်လာခဲ့သည်။ မမတို့ ယခင်ကနေခဲ့သည့် ဆန်ဖရန်စစ္စကိုမြို့သို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ကြ၏။ မမနှင့် သူ့ရင်သွေးလေးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့သော ဘူဇွာ့ကို ထိုပုဂ္ဂိုလ်ကြီးသည် ကျေးဇူးတင်၍မဆုံး။ မမနှင့် ဘူဇွာတို့၏ စာရွက်စာတမ်းအရ လက်ထပ်ထားမှုကိုလည်း အသိအမှတ်ပြုခဲ့သည်။ သူတို့ လင်မယားနှစ်ယောက်သည် ဘူဇွာနှင့်အတူ ၃ လလောက်နေထိုင်ခဲ့ကြပြီး ဘူဇွာနှင့် မမတို့ တရားဝင် ကွာရှင်းပြတ်ဆဲပြီးချိန်ကျမှ ဆန်ဖရန်စစ္စကိုမြို့သို့ ပြောင်းရွှေ့သွားခဲ့ကြလေသည်။

တရားရုံးတွင် တရားဝင် ကွာရှင်းပြတ်ဆဲပြီးသည်နှင့် ဘူဇွာသည် အတောင်အလက်စုံသော သိမ်းငှက်တစ်ကောင် ဖြစ်လာတော့သည်။ လွတ်လွတ်လပ်လပ် ပျံသန်းတော့မည်၊ လွတ်လွတ်လပ်လပ် အစာရှာတော့မည်ဖြစ်၏။

သူ့ကိုယ်သူ သေသေချာချာ စဉ်းစားကြည့်သည်။ ဘူဇွာသည် စာတော်သူမဟုတ်... ပညာရေးကိုလည်း စိတ်ပါဝင်စားစွာ သင်ယူချင်စိတ်မရှိ။ ဘွဲ့တစ်လုံးမရလည်း ဤနိုင်ငံတွင် အောင်မြင်နေသည့်လူတွေ အများကြီး...

ဘူဇွာ စဉ်းစားကြည့်သည်။ ၄ နှစ် ၅ နှစ်လောက် ကျောင်းတက်ပြီး ဘွဲ့ရ၊ ရသည့်ဘွဲ့နှင့် ထိုက်တန်သည့်အလုပ်တစ်ခုကိုလုပ်၊ မနက် ၉ နာရီအလုပ်အရောက်သွား... ညနေ ၅ နာရီ အိမ်ပြန်... စနေ၊ တနင်္ဂနွေအလုပ်နား... သေသေချာချာ စဉ်းစားကြည့်လေ... ဤသံသရာကြီးကို စိတ်ပျက်လာလေဖြစ်၏။ သူ့ပုံစံနှင့် လုံးဝ ကိုက်မည်မဟုတ်ကြောင်း သိနေ၏။

ထို့ကြောင့် ဘူဇွာသည် အချိန်ကို ပညာရေးအတွက် အကုန်မခံတော့ရန် ဆုံးဖြတ်ချက်ချခဲ့၏။ သူ စီးပွားရှာမည်၊ အောင်မြင်အောင်လုပ်မည်ဟု သန္နိဋ္ဌာန်ချထားလိုက်တော့သည်။

လောလောဆယ်တွင် ရှမ်းပဲပုပ်လိုမျိုး ကားမောင်းချင်နေသည်။ ရှမ်းပဲပုပ်လိုမျိုး ကျောင်းအားချိန် စနေ၊ တနင်္ဂနွေ အချိန်ပိုင်းလေးလောက်သာ မောင်းချင်သည်မဟုတ်။ နေ့တိုင်းနေ့တိုင်း အချိန်ပြည့် မောင်းချင်သည်။ ဒေသန္တရ ဗဟုသုတများစွာကို စုဆောင်းချင်သည်။ မည်သည့်နေရာဒေသတွင် မည်သည့်စီးပွားရေး အကွက်အကွင်းများ ကောင်းကြောင်းကို လေ့လာစုံစမ်းနိုင်မည်။ တစ်ချိန်တည်းလိုလို ကားမောင်းနေရင်း ပိုက်ဆံရှာပြီးသားလည်း ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ဘူဇွာ ကြိုးစားခဲ့သည်။ ယာဉ်မောင်းလိုင်စင်ကို ၄ ခါတိတိဖြေဆိုခဲ့ပြီးမှ အမှတ်ကပ်၍ အောင်ခဲ့သည်။  ပြီးသည်နှင့် ပန်းသီးမြို့တော် တက္ကစီနှင့်လင်မိုစင်း ကော်မရှင်ထံတွင် လင်မိုစင်းလိုင်စင် လျှောက်ခဲ့၏။

သည်ကြားထဲ အချိန်အားတိုင်း ရှမ်းပဲပုပ်နှင့်အတူ ကားလိုက်စီးဖြစ်သည်။ လမ်းအဝင်အထွက်တွေကို မျက်စိယဉ်အောင် လိုက်မှတ်သားခဲ့သည်။ လုပ်ငန်းသဘောသဘာဝကို နားလည်အောင် လက်တွေ့လေ့လာခဲ့၏။ သူ့ကိုယ်သူ စိတ်ချယုံကြည်လောက်ပြီဆိုတော့မှ ရှမ်းပဲပုပ် မိတ်ဆွေတစ်ယောက်၏ အကူအညီဖြင့် လင်မိုစင်း ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်မောင်းနှင်နေခြင်းဖြစ်သည်။

+++++

ယခုလောလောဆယ် ဘူဇွာ ဒုက္ခရောက်နေသည်။ ဝမ်းဗိုက်က မခံမရပ်နိုင်လောက်အောင်ကို နာလာ၏။ အိမ်သာတက်ချင်နေခြင်းဖြစ်သည်။

ခက်သည်က မြို့ထဲ မည်သည့်နေရာတွင် မဆို အိမ်သာတက်ရန် အခက်အခဲရှိနေသည်။ ပန်းသီးမြို့တော်ကြီးတွင် အိမ်သာတစ်ခါတက်ဖို့အရေး မည်မျှဒုက္ခရောက်ကြောင်းကို ကြုံဖူးသူများသာ သိရှိကြသည်။

မတတ်နိုင်တော့...

အနီးဆုံးရောက်နေသည့်နေရာတွင် ကိစ္စဝိစ္စကို အပြီးအပြတ်ရှင်းမှရမည်။ အလုပ်တွေအများကြီး လက်ခံထားခဲ့ပြီးဖြစ်သောကြောင့် အလုပ်ကိုလည်း အပျက်မခံနိုင်။ ဗိုက်ထဲရှိ အရာဝတ္ထုများ အပြင်ဘက်သို့ ထွက်ချင်နေသည့် ဒုက္ခကိုလည်း သည်းမခံနိုင်တော့။

သူ သွားလိုက်ရမှကိုဖြစ်မည်။

+++++

နွေဦး၏ ရွက်သစ်များက စိမ်းစိုလှပနေ၏။ ဆောင်းတွင်းတုန်းက တွေ့ခဲ့ရသည့် ရိုးတံကျဲကျဲ ပင်အိုတို့သည် နွေဦးတွင် ရွက်သစ်ဝေဝေဆာဆာဖြင့် ငွါးငွါးစွင့်စွင့် ဖူးပွင့်လာကြသည်မှာ ကြည်နူးလွမ်းဆွတ်စရာ ကောင်းလှသည်။

သက္ကရာဇ် တစ်နှစ်တိုးလာသလို လူတို့သည်လည်း တစ်နှစ်အသက်ပိုကြီးလာကြသည်၊ အတွေ့အကြုံတွေ ပိုများလာကြသည်၊ ကိုယ် ရည်ရွယ်ထားသည့် ပန်းတိုင်ရောက်ရန် တစ်နှစ် ပိုစောလာကြသည်။

ဤ စာသင်နှစ်သည် သည်ကျောင်းတော်ကြီးတွင် သူ့အတွက် နောက်ဆုံးနှစ်...

စာမေးပွဲကြီးဖြေပြီးပြီဆိုပါက နောက်ထပ် ကျောင်းတစ်ကျောင်းသို့ ပြောင်းရပေတော့မည်။ ၂ နှစ်ကျော် ၃ နှစ်နီးပါး အသားကျနေခဲ့ပြီဖြစ်သည့် ဤကျောင်းတော်ကြီးကို လွမ်းဆွတ်ရပေဦးတော့မည်။ သူ လိုချင်သည့်ဘွဲ့က စီးပွားရေးစာရင်းကိုင်ဘွဲ့... ၄ နှစ်တက္ကသိုလ်တွင်တက်မှရမည့်ဘွဲ့...

ယခုတက်နေသည့်ကျောင်းတော်ကြီးကတော့ ၂ နှစ်ဘွဲ့သာပေးသည့်ကျောင်း...

ဤကျောင်းတော်ကြီးသည် ပန်းသီးမြို့တော်ကြီး၏ စီးပွားရေးအချက်အခြာအကျဆုံးဟု ဆိုနိုင်သော စတော့ဈေးကွက်များရှိရာ၊ မင်န်ဟက်တန် ကျွန်း၏အောက်ဆုံးပိုင်း၊ မီးခြစ်ဘူးခွံများလို ထိုးထိုးထောင်ထောင်ရှိနေကြသည့် အဆောက်အဦများကြားတွင် တည်ငြိမ်စွာ တည်ရှိနေ၏။ ထို့အတူ မြစ်ကမ်းနံဘေးကို ငေးကြည့်၍ရသည့် အကွာအဝေးတွင် ရှိနေခြင်းလည်းဖြစ်သည်။

စာသင်ချိန် တစ်ချိန်နှင့်တစ်ချိန်ကြား အချိန်ပိုလေးရခိုက် ကွန်ပြူတာသုံးရန်၊ စာကြည့်ရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် စာကြည့်တိုက်ဘက်သို့ ဖင်ကောက် ထွက်လာခဲ့၏။

“ဒရီ... ဒရီ... ဒရီ...”

စာသင်ခန်းထဲတွင် ရှိနေချိန်၌ အခြားသူများ အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် ဖုန်းသံမထွက်ဘဲ တုန်ခါနေစေရန် လုပ်ထားခဲ့၏။ တစ်ယောက်ယောက် သူ့ကို ဖုန်းခေါ်လာခြင်းဖြစ်မည်။

ဘောင်းဘီအိပ်ထဲထည့်ထားသည့် လက်ကိုင်ဖုန်းလေး အသံတုန်ခါလာမှုကြောင့် ဖုန်းကို ထုတ်ပြီး ဖွင့်ကြည့်လိုက်ရာ  သူလုံးဝမထင်မှတ်ထားသူတစ်ယောက် ခေါ်ဆိုလာခြင်းဖြစ်နေကြောင်း အံ့ဩစွာတွေ့လိုက်ရသည်။

“အေး... ပြော... ယောက်ဖ... ငါ အခုလေးပဲ အတန်းပြီးတာ... စာကြည့်တိုက်ဘက် ခဏသွားမလို့... ဘာလုပ်မလို့တုန်း။”

“ဟမ်... မင်း ဘယ်ရောက်နေတာလဲ။ ဟာ... ဟေ့ကောင်... နောက် နာရီဝက်ဆို ငါ အတန်းပြန်တက်ရမှာနော်... အေး အေး... ငါ အခု ဆင်းလာခဲ့မယ်။ အဲဒီမှာပဲ စောင့်နေ...”

+++++

ကျောင်း၏ အရှေ့ဘက်တွင်ဖြစ်သည်။ လမ်းကလေးက ကျဉ်းကျဉ်းလေး... ကားများကလည်း ဘေး၏နှစ်ဘက်တွင် ပြွတ်သိပ်စွာ ရပ်ထားကြသည်။ ကားရပ်ရန်နေရာ တစ်နေရာမှ အလွတ်မရှိ။

ဘူဇွာ ဘယ်ရောက်နေသနည်း။...

ဘူဇွာ ပုန်းနေပါသည်။ ပေါ်ပေါ်ထင်ထင်ကြီးကို ပုန်းနေပါသည်။

ဤနိုင်ငံတွင် လမ်းတိုင်း၊ လမ်းတိုင်းလိုလို မီးသတ်ကားများ အလွယ်တကူ ရေရနိုင်စေရန်အလို့ငှာ ရေပိုက်ခေါင်းအကြီးကြီးများကို လူသွားလမ်းတစ်ပြတိုင်း ထားရှိထား၏။ ထိုမီးသတ် ရေပိုက်ခေါင်းရှိနေသည့်နေရာတွင် မည်သည့်ကားမျှ မရပ်ရ။ ရပ်လျှင် ဒဏ်ငွေဆောင်ရမည်ဖြစ်သည်။

ဖင်ကောက် အောက်သို့ရောက်သွားချိန်တွင် ဘူဇွာသည် မီးသတ်ရေပိုက်ခေါင်းရှိနေသည့်နေရာတွင် ကားရပ်ထားပြီး မျက်နှာကြီး ရှုံ့မဲ့နေကာ ကားတံခါးကိုမှီ၊ ခါးကုန်းကုန်းကြီး ရပ်နေ၏။

“ဟေ့ကောင်... ဘာဖြစ်နေတာလဲ... ငါ ခဏနေဆို အတန်းပြန်တက်ရတော့မှာနော်...”

ဘူဇွာသည် မျက်နှာအီးမှန်ထားသည့် ရုပ်ဖြင့် ပြန်ဖြေလိုက်၏။ “အေးပါကွာ.. ငါ သိပါတယ်။ ခဏလေးပါကွာ... ယောက်ဖ... မင်း ငါ့ကားထဲ ခဏလေးလောက် ထိုင်စောင့်ပေးပါလား။ နောက် ၁၀ မိနစ်လောက်ဆို ငါ ပြန်လာပါ့မယ်။”

ယခုအချိန်ထိ ဘာမှန်းညာမှန်း မသိသေးဖြစ်နေသည့် ဖင်ကောက်က ပြူးတူးပြဲတဲကြည့်နေကာ မေးမြန်းလိုက်ပြန်၏။ “မင်းက ဘယ်သွားမလို့တုန်း။ ငါကကော ကားထဲထိုင်ပြီး ဘာလုပ်ရမှာတုန်း။”

ဖင်ကောက်ရောက်လာပြီဖြစ်၍ စိတ်သက်သာရာရသွားပုံနှင့် လောလော၊ လောလော ထွက်ခွာသွားနေသည့် ဘူဇွာ့ထံမှ စကားသံ ပျံ့လွင့်လာခဲ့သည်။ “မင်း ဘာမှ လုပ်စရာမလိုဘူးယောက်ဖ... ကားထဲဝင်ပြီး ခဏထိုင်ပေးနေ... ငါ ကားစက်နှိုးထားခဲ့တယ်။ ရဲလာရင် ပြုံးပြလိုက်... ငါ သွားလိုက်ဦးမယ်။”

ဘုမသိ ဘမသိ၊ နားမလည်လွန်းလှစွာဖြင့် ဖင်ကောက်သည် ဘူဇွာ၏ ကားကြီးထဲ၊ ယာဉ်မောင်းသူထိုင်ခုံတွင် ဝင်ထိုင်နေလိုက်ရတော့၏။ လူမရှိဘဲ ဤနေရာတွင် ကားရပ်ထားပါက ရဲကလာပြီး ဒဏ်ငွေရိုက်လိမ့်မည်ဆိုသည်လောက်တော့ သူ သိနေသေး၏။

ဘူဇွာ၏ ကားကြီးမှာ အကြီးစား လင်ကွန်းဇိမ်ခံကားကြီးဖြစ်သည်။ ဟိုးတလောတုန်းကမှ ယာဉ်မောင်းလိုင်စင် အောင်ပြီး ရှမ်းပဲပုပ်၏ အကူအညီဖြင့် ဤကားကြီးကို ယူမောင်းနေခြင်းဖြစ်သည်။ သူတို့မောင်းနေသည့်ကားကြီးကို လင်မိုစင်း ဟုခေါ်သည်။

နေရာဒေသအသီးသီးမှ ပန်းသီးမြို့တော်ကြီးသို့ လာရောက်အလုပ်လုပ်ကြသူများကို အကြိုအပို့လုပ်ပေးရသည့် အဆင့်မြင့်တက္ကစီဟု ပြော၍ရသည်။

“ဘာလိုလိုနဲ့ ဘူဇွာတောင်မှ လင်မိုစင်း မောင်းနေဖြစ်ပြီကိုး...”

ရှပ်အင်္ကျီ၊ ကြောင်လျှာသီးတပ်၊ စတိုင်ဘောင်းဘီ၊ ရှူးဖိနပ်စီးထားကာ လှုပ်တုတ်လှုပ်တုတ် ထွက်ခွာသွားနေသည့် ဘူဇွာ၏ ကျောပြင်ကြီးကို ငေးကြည့်နေရင်း ဖင်ကောက် ရေရွတ်မိလိုက်လေတော့သည်။

+++++

“မင်း ကျောင်းထဲသွား ဘာလုပ်တာလဲ ယောက်ဖ...” ပြန်ရောက်လာသည့် ဘူဇွာ့ကို ဖင်ကောက် ဆိုင်းမဆင့်ဗုံမဆင့် မေးမြန်းလိုက်၏။

ဘူဇွာ၏ မျက်နှာက ပြုံးဖြီးဖြီးကြီး ရှိနေ၏။ “အဟီး... ငါ အီးသွားပါတာကွ... ကားရပ်စရာနေရာလည်း မရှိဘူးကွာ... အိမ်သာလည်း အလွယ်တကူရှာလို့မရလို့ မင်းကို အကူအညီတောင်းခဲ့တာပါ...” ပြန်ဖြေနေရင်းမှပင် ဘူဇွာသည် ဆေးလိပ်တစ်လိပ်ကို ဟန်ပါပါ ထုတ်သောက်နေလိုက်သေး၏။

“လခွီးကောင်... အီးပါချိန်မှပဲ ငါ့ကို သတိရသလား။”

ဖင်ကောက်၏ ဆဲဆိုသံကို အနဂ္ဂ၏ ရက်ပ်သီချင်းတစ်ပုဒ်အလား အရသာရှိစွာ နားထောင်နေရင်း ဘူဇွာ ပြုံးပြလိုက်၏။

ဖင်ကောက်သည်လည်း ဘူဇွာ့ထံမှ စီးကရက်တစ်လိပ်ကို တောင်းသောက်ပြီး မေးမြန်းလိုက်ပြန်၏။ “ယောက်ဖ... မင်း ကျောင်းထဲကို ဘယ်လို ဝင်သွားခဲ့တာလဲ။ ကျောင်းသားကဒ် ပြမှ ဝင်ခွင့်ပေးတာမဟုတ်လား။”

ထိုမေးခွန်းကို ဘူဇွာ ပြန်မဖြေခဲ့ပါ။ ဆေးလိပ် မီးခိုးငွေ့များကို မှုတ်ထုတ်နေရင်း အဝေးတစ်နေရာသို့ ခပ်ပြုံးပြုံးလေး ကြည့်နေလိုက်၏။

+++++

ရှမ်းပဲပုပ်သည် အတန်းချိန်ပြီး၍ အိမ်သို့ပြန်လာနေချိန်ဖြစ်၏။ အိမ်ရောက်ခါနီး လမ်းထိပ်သို့အရောက်တွင် လက်ကိုင်ဖုန်းလေး အသံမြည်လာခဲ့၏။ အိမ်ရှေ့တွင် ကားကို ထိုးရပ်လိုက်ပြီးမှ ဖုန်းကောက်ကိုင်လိုက်သည်။

“အေး... ပြော... ယောက်ဖ... မဆက်စဖူး..အဆက်ထူးလို့ပါလား။ ဘယ်လိုလဲ... မင်းကားမောင်းရတာ အဆင်ပြေတယ်မဟုတ်လား။ အခု ဘယ်ရောက်နေတာတုန်း...”

“ငါလား... အခုလေးတင်ပဲ အိမ်ပြန်ရောက်တာ... ဟမ်... မင်း လာမလို့လား... လာခဲ့လေ။ ငါ အိမ်မှာရှိတယ်။”

“ဘာ... ဘာဒုက္ခတုန်း... အလန့်တကြားကွာ... အေး.. အေး... လာခဲ့။ ငါ အိမ်မှာရှိနေမယ်။”

0 Comments: