Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၄) ဘူဇွာနှင့်ဇရာပျို

ပန်းသီးမြို့တော်ကြီးသည် ရာသီဥတုလည်း အင်မတန် ကြမ်းတမ်းသော မြို့ဖြစ်၏။ အေးချင်သည့်အချိန်များတွင် အရိုးခဲမတတ် အေးတတ်သလို နွေရာသီရောက်လာပြီဆိုလျှင်လည်း ချွေးတလုံးလုံးနှင့် အင်မတန် နေရခက်အောင် ပူပြင်းလှ၏။ သည်ကြားထဲ မိုးရွာချင်သည့်အချိန် ကောက် ရွာတတ်သေး၏။

နွေရာသီရောက်လာတိုင်း ဓာတ်ဆီဈေးများ မြင့်တက်လာသောကြောင့် ဘူဇွာတို့လို ကားမောင်းသူများအတွက် သိပ်ပြီး တွက်ချေ မကိုက်လှ။

နွေရာသီကို အံတုနိုင်ဖို့အတွက် ကားထဲတွင် အဲကွန်း တစ်ချိန်လုံး ဖွင့်ထားရသည်။ ကားကြီးမှာ V8 အင်ဂျင်ကြီးဖြစ်သောကြောင့် ဆီကလည်း တုပ်လိုက်သည်မှာ ပြိုက်ခနဲ ပြိုက်ခနဲ... ဓာတ်ဆီတစ်ဂါလံကို ၁၁ မိုင် ၁၂ မိုင်သာ မောင်းရသည်။

လင်မိုစင်းတို့၏ သဘောသဘာဝအရ ကားအတွင်းအပြင် ဖုန်မှုန်တစ်စက်မှ မရှိအောင် သန့်ရှင်းထားရသည်။ ကားထဲတွင် မည်သည့်အနံ့အသက်မှ မရှိအောင် ထားထားရသည်။ ညစ်ပတ်ပေရေနေလို့မရ။ စီးနင်းသူ ဧည့်သည်များ အဆင်ပြေစေရန်၊ သက်တောင့်သက်သာရှိစေရန် အရာအားလုံးကို အထက်တန်းကျကျ စီမံထားပေးရ၏။

ဆောင်းတွင်းဆိုလျှင် အပူပေးစက်ကို တစ်ချိန်လုံး ဖွင့်ထားပေးရသလို၊ နွေရာသီရောက်လာလျှင်လည်း အဲကွန်းကြီးကို တစ်ချိန်လုံး ဖွင့်ထားပေးရ၏။ ဧည့်သည်များ စိတ်ချမ်းသာ၊ စိတ်ကျေနပ်မှုရပါက ဘူဇွာတို့အတွက် ဘောက်ဆူးငွေများလည်း စွန့်ကျဲသွားတတ်သည် မဟုတ်ပါလား။

တရိပ်ရိပ် ထိုးတက်လာနေသည့် ကုန်ဈေးနှုန်းကြီးကို အမီလိုက်ဖို့ ဘူဇွာ ပို၍ကြိုးစားမှ ဖြစ်တော့မည်။ အိမ်ခန်းငှားခကလည်း ပြီးခဲ့သည့်လကမှ ထပ်တက်သွားပြန်၏။ ကားအတွက် ဓာတ်ဆီဈေးများကလည်း တစ်နေ့တခြား တရိပ်ရိပ် တက်နေပြန်သည်။ သည်ကြားထဲ ဘူဇွာ၏ ညီဖြစ်သူသည် အမေရိကား လာချင်သည်ဟု ပူဆာနေပြန်သည်။

မောင်နှမ ၃ ယောက်တည်းသာရှိသည့် သူ့ မိသားစုတွင် သူသည် အလတ်၊ အပေါ်တွင် အစ်မတစ်ယောက်ရှိပြီး သူ့အောက်တွင် ညီအငယ်ဆုံးရှိသည်။ အစ်မလုပ်သူသည် ယိုးဒယားတွင် ကုန်စုံဆိုင်ကြီးဖွင့်ထားကာ စီးပွားရေးကောင်းနေ၏။ ညီလေးကတော့ ဆယ်တန်း ၃ ခါကျပြီးသွားပြီ။ ယခုနှစ်မှ ဂုဏ်ထူး ၂ ခု ဖြင့် အောင်မြင်ခဲ့၏။

ညီလုပ်သူသည် စာမတော်၍မဟုတ်... အင်မတန်မှကို ဉာဏ်ကောင်းထက်မြက်လွန်းသည်။ ခက်သည်က ဒီအငယ်ကောင်သည် ပေပေတေတေ နေထိုင်တတ်ပြီး အပေါင်းအသင်းများ တရုံးရုံးဖြင့် အပျော်အပါး မက်လွန်းနေ၏။

ပန်းသီးမြို့တော်ကြီးကို ညီဖြစ်သူ ရောက်လာခဲ့မည်ဆိုပါက ဘူဇွာ့ထံတွင် စီးပွားရေး သောင်းကျန်းစရာ ဖလန်းဖလန်း အကြံအစည်များစွာ ရှိနေသည်။ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်ဖြစ်အောင် စွမ်းဆောင်နိုင်သည့် အရည်အချင်းများ ဘူဇွာ့ထံတွင် ရှိနေပါသည်။

ထို့အတူ... ဉာဏ်ကောင်းလွန်းသည့် ညီလေးကိုလည်း ပညာတတ်ကြီးတစ်ယောက် ဖြစ်စေချင်နေမိ၏။ ဘူဇွာကိုယ်တိုင်က ပညာရေးကို စိတ်မဝင်စားသော်လည်း ညီဖြစ်သူကိုတော့ ပညာရေးမှာ ထူးချွန်စေချင်သည်။

လိုအပ်ချက်တွေ သိပ်များလာလေပြီ...

ဘူဇွာ ကြိုးစားတော့မည်။ အောင်မြင်သူတစ်ယောက်ဖြစ်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်တော့မည်။

+++++

နွေရာသီ ကျောင်းပိတ်ရက်ရှည်များသည် ရုန်းကန်လှုပ်ရှားနေသူများအဖို့တော့ အနားယူစရာ ကာလများ မဟုတ်ကြချေ။ လပ်လျား လပ်လျား နေပြီး အချိန်ဖြုန်းဖို့ သူတို့ထံတွင် အချိန်ပိုများ မရှိကြ။

ဘဲကြီးသည် သူတက်နေသည့်ကျောင်းမှတဆင့် အဆက်အသွယ်ကောင်းတစ်ခုရသဖြင့် လုပ်ငန်းခွင်အသင်အဖြစ် ပရဟိတ လုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေ၏။ လခ ပေးသည်မှာ မများလှသော်လည်း လုပ်ငန်းအတွေ့အကြုံရစေရန် ဝင်လုပ်နေခြင်းဖြစ်သည်။ ဘွဲ့ရပြီးပြီဆိုပါက ဤ လုပ်ငန်းအတွေ့အကြုံများက သူ့ ကိုယ်ရေးအချက်အလက်များ ဖြည့်ရသည့် လျှောက်လွှာစာရွက်ပေါ်တွင် အလွန်တန်ဖိုးရှိလာမည်ဖြစ်သည်။

ဖင်ကောက်သည်လည်း အလုပ်ကို တစ်ပတ် ၆ ရက် လုပ်နေပါသည်။ နွေရာသီ ကျောင်းပိတ်ထားတုန်းလေး ကုန်းကြုံးလုပ်ထားပါက နောက်နှစ် စာသင်နှစ်အတွက် ပိုက်ဆံအပို စုမိဆောင်းမိမည်ဖြစ်၏။ ကျောင်းဖွင့်ချိန်ဆိုလျှင် အလုပ်ကို ဤမျှလောက် အချိန်ပေး လုပ်နိုင်တော့မည်မဟုတ်... ယခု အချိန်ရှိတုန်းလေး ပိုက်ဆံရှာထားနိုင်မှ တော်ကာကျမည်မဟုတ်ပါလား...

ရှမ်းပဲပုပ်ကတော့ နွေရာသီ ရက်တိုကျောင်း ဆက်တက်နေသည်။ မတတ်နိုင်... အလုပ်ကို စနေ၊ တနင်္ဂနွေသာ လုပ်နေပြီး ကျောင်းကိုတော့ မှန်မှန် တက်ဖြစ်နေ၏။ ကျောင်းမြန်မြန်ပြီးလေ... အလုပ်ကောင်း မြန်မြန်ရလေ ဖြစ်မည်ဟု မျှော်လင့်ထားသည်။

ဘူဇွာ၏ သူငယ်ချင်း အပေါင်းအသင်းတိုင်းလိုလို အားအားလျားလျား အလေလိုက်နေသည့်သူတစ်ယောက်မှ မရှိကြ။ အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးနေကြသည်။

ဘူဇွာသည်ကော...

+++++

“ယောက်ဖ... ဒီလာမယ့် တနင်္ဂနွေနေ့ ကိုပါကြီးတို့အိမ်မှာ ထမင်းစားဖိတ်ထားတယ်။ မင်းလာမှာလား...”

ဖုန်းဆက်လာသည့် ဖင်ကောက်၏ အမေးကို ရုတ်တရက် သူ ပြန်မဖြေနိုင်ခဲ့။ တနင်္ဂနွေဆိုတော့ သူ အလုပ်လုပ်ရဦးမည်။ သို့ပေသော်လည်း ကိုပါကြီးဆိုသူမှာ သူတို့နှင့် အင်မတန် ခင်မင်ရင်းနှီးရသည့် မိတ်ဆွေကောင်းတစ်ယောက်လည်း ဖြစ်နေပြန်သေးသည် မဟုတ်ပါလား။ ငြင်းဆန်လိုက်ပါက လူမှုရေးခေါင်းပါးလွန်းရာကျမည်။ ထို့ကြောင့် ထမင်းကျွေး ဖိတ်ထားသည့်အချိန်ကို သေချာစေရန် ဖင်ကောက်ကို ထပ်မေးမိလိုက်သည်။

“သူက ဘယ်အချိန် ချိန်းထားတာလဲ။ နေ့လည်စာဆိုရင်တော့ လာခဲ့မယ်ကွာ... ငါ ညပိုင်းတော့ အလုပ်လေး နည်းနည်း လုပ်ချင်သေးတယ်။”

“အေး... သူကလည်း နေ့လည်စာပဲ ချိန်းထားတာပါကွ။ လာခဲ့ကွာ.. ငါတို့တွေလည်း မတွေ့ရတာကြာပြီ။ ငါ အခု အလုပ်ထဲကနေ ဆက်နေတာ... ယောက်ဖ.. နောက်မှပဲ ပြောတော့မယ်ကွာ။” ဤမျှသာ စကားပြောဆိုခဲ့ပြီး ဖင်ကောက် ဖုန်းချသွားခဲ့ချေပြီ။

ရှမ်းပဲပုပ် စဉ်းစားနေမိ၏။ သူငယ်ချင်းတွေ ဘယ်လို ရုန်းကန်လှုပ်ရှားနေကြမည်လဲ... မတွေ့ရတာတောင် အတော်ကြာပေါ့... ဖုန်းဆက်တာတောင်မှ လိုရင်းတိုရှင်းသာ ပြောဆိုဖြစ်ခဲ့ကြသည့် အကြိမ်ပေါင်းလည်း မနည်းတော့...

ပန်းသီးမြို့တော်ကြီး၏ ဘဝများက အချိန်လုလွန်းရလေသည်...

+++++

ကိုပါကြီး၏ တိုက်ခန်းလေးမှာ သိပ်ပြီးတော့ မကျယ်လှပါ။ လင်မယားနှစ်ယောက်တည်းနေသဖြင့် ကျယ်ကျယ်ဝန်းဝန်း ခမ်းခမ်းနားနားကြီးလည်းမရှိလှ။ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်း အိမ်သာတွဲလျှက်တစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် မီးဖိုဆောင် တစ်ခန်းသာ ပါရှိသည်။

လူစည်သည့် ဘုရင်မ ရပ်ကွက်တစ်ခုအတွင်းတွင် တည်ရှိသောကြောင့် သွားရေးလာရေး အင်မတန်မှကို လွယ်ကူသည်။

ရှမ်းပဲပုပ် ရောက်လာချိန်တွင် လူစုံနေပြီဖြစ်သည်။ မတွေ့တာ ကြာပြီဖြစ်သည့် ကိုပါကြီး၏ အစ်ကို ဖြစ်သူကိုလည်း တွေ့လိုက်ရ၏။ ထို ဦးလေးကြီးကို သူတို့အားလုံးက ချစ်စနိုးဖြင့် လောင်းလင်း ဟု ခေါ်ဆိုကြသည်။ ဘာရယ်လို့တော့မဟုတ်... Long Island ထဲရှိ မြို့နယ်တစ်မြို့နယ်တွင် နေထိုင်သောကြောင့် ပါးစပ်ဖျားစွပ်ကာ လောင်းလင်း ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

ရှမ်းပဲပုပ် အခန်းတွင်းသို့ ဝင်ဝင်လာချင်းပင် ဦးကြီးလောင်းလင်းက နှုတ်ဆက်လိုက်သည်။ “မောင်ရင်... မတွေ့တာတောင် အတော်ကြာမှကိုး... ဘယ်လိုလဲ... ကားမောင်းနေသေးလား။ အဆင်ပြေလား။ ကျောင်းကော... ပြီးတော့မှာလား။”

ဦးကြီးလောင်းလင်း ကမ်းလာပေးသည့်လက်ကို လက်ဆွဲနှုတ်ဆက်ပြီး ရှမ်းပဲပုပ် ပြန်ဖြေလိုက်၏။ “အဆင်ပြေပါတယ်။ ဦးကြီးလည်း နည်းနည်း ဝလာတယ်နော်... အစားအသောက်ကောင်းနေလို့များလား။”

ကိုပါကြီး၏ တိုက်ခန်းငယ်လေးအတွင်း စကားသံများ ဆူညံနေကြ၏။ မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ ဆုံတွေ့ကြတုန်း ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေကြသည်မှာ ထမင်းဝိုင်းတိုင်းတွင်လည်း စကားပေါက်ပေါက် ဖောက်နေကြ၏၊ အချိုတည်းစရာဝိုင်းတွင်လည်း စကားပေါက်ပေါက်ဖောက်နေကြ၏၊ မီးဖိုချောင်၊ ဧည့်ခန်း... နေရာလပ်မကျန်... စကားသံများ ညံနေကြသည်။

ထမင်းစားအပြီး ရေနွေးကြမ်းဝိုင်းထဲ ဝင်ထိုင်လာသည့် ရှမ်းပဲပုပ်က မျက်လုံးများ ဝေ့ကြည့်နေရင်း ဖင်ကောက်ကို ဦးတည်ကာ မေးမြန်းလိုက်သည်။ “ယောက်ဖ... ဟိုကောင်ကြီးကော... မလာဘူးလား။”

ဖင်ကောက်သည် လက်ဖက်သုပ် တစ်ဇွန်းနှိုက်စားနေပြီးမှ ခေါင်းမော့ကြည့်ကာ ပြန်ဖြေလိုက်၏။ “အေး... ခေါ်တော့ခေါ်ထားတာပဲ။ မလာဘူးကွ... ဒီကောင်ကြီးအကြောင်း မင်းကြားပြီးပြီလား။ ဒီမှာ ဦးကြီးလောင်းလင်းကို မေးကြည့်...”

ဖင်ကောက် မျက်ခုံးပင့်ပြီး မော့ငေါ့ပြသည့်နေရာသို့ ကြည့်လိုက်ရာ ခပ်ပြုံးပြုံးလေးရှိနေသည့် ဦးကြီးလောင်းလင်း၏ ထူးထူးဆန်းဆန်း အကြည့်များကို ရှမ်းပဲပုပ် ရင်ဆိုင်လိုက်ရသည်။

ဦးကြီးလောင်းလင်းသည်လည်း လင်မိုစင်းမောင်းနေသူတစ်ယောက်ပင်။ ဘူဇွာ့ကိုတောင် ရှမ်းပဲပုပ် မျက်နှာနှင့် သူမောင်းနေသည့် ကုမ္ပဏီတွင် အလုပ်သွင်းထားပေးခဲ့သည်မဟုတ်ပါလား။

“လာ... ဒီဘက်မှာလာထိုင်... ကောင်လေး... ရေနွေးလား၊ လက်ဖက်ရည်အချိုလား။”

ဦးကြီးလောင်းလင်း လက်ဖြင့် ပုတ်ပြနေသည့် နေရာတွင် ရှမ်းပဲပုပ် ဝင်ထိုင်လိုက်သည်။ “အပူတွေ မသောက်ချင်သေးဘူးဗျ။ ဆိုဒါအေးအေးလေးတစ်ခွက်တော့ သောက်ချင်တယ်။”

“မင်းကောင်ကြီးကတော့ မလွယ်တော့ဘူးမောင်... စီးပွားရေး သောက်ရမ်း သောင်းကျန်းနေပြီ။ ငါတို့အားလုံး လက်ဖျားခါယူရတယ်။”

“ဟုတ်လား... ကောင်းတာပေါ့... ဒီကောင်ကြီး လမ်းတွေကော ကျွမ်းကျင်နေပြီလား။ သူ ကားမောင်း ကြမ်းတာတော့ ကျနော်လည်း သိတယ်။”

“ကားမောင်းကြမ်းတာ ဘာဟုတ်သေးလို့လဲ... လူမောင်းပါ ကြမ်းတယ်ကွ။”

မျက်ခုံးကြီးများ ရှုံ့တွနေပြီး ဆိုလာသည့် ဦးကြီးလောင်းလင်းကို တစ်ဝိုင်းလုံး နားမလည်နိုင်စွာ ငေးကြည့်နေကြ၏။ ဘဲကြီးက အရွှန်းဖောက်လိုက်လေသည်။ “ဘယ်လို လူမောင်းကြမ်းတာလဲ ဦးကြီးရဲ့... ပြောပြပါလား။”

ဦးကြီးလောင်းလင်းက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးမှ စကားဆက်လိုက်သည်။ “ဟိုတစ်နေ့က 225 West Broadway ရှေ့မှာ ငါတို့ကုမ္ပဏီက ကားတန်းကြီးစောင့်နေကြတယ်။ ဖြစ်ချင်တော့ သူ့ကားက ငါ့ရှေ့တည့်တည့်မှာ။ ဧည့်သည်တွေကလည်း အလုပ်မပြီးသေးတော့ ငါတို့လည်း ရပ်စောင့်နေရတာပေါ့။ ဒါနဲ့ ငါ ကားအပြင်ထွက်ပြီး သူ့ကို သွားနှုတ်ဆက်လိုက်တယ်။ သူလည်း ထွက်လာပါတယ်... အကောင်းအတိုင်းတော့ မဟုတ်ဘူး... ခါးချိချိ၊ ခါးကုန်းကုန်းကြီး ထွက်လာတာကွ။”

အားလုံးက စိတ်ပါဝင်စားစွာ နားထောင်နေကြ၏။ ဦးကြီးလောင်းလင်းသည် ရေနွေးကြမ်းတစ်ငုံလောက် သောက်ပြီးမှ ဆက်ပြောနေပြန်၏။ “ငါက ဘာဖြစ်နေတာလဲလို့ မေးတော့... ဒီကောင်က ပြုံးဖြီးဖြီးကြီးနဲ့ ပြန်ဖြေတယ်ကွ... အချစ်ညှစ်တာ ခံလိုက်ရတယ်တဲ့။ အစကတော့ ငါလည်း သိပ်နားမလည်သေးဘူး... နောက်တော့မှ ကုမ္ပဏီက စူပါဗိုက်ဇာတစ်ယောက်နဲ့တွေ့တော့ သူ့အကြောင်း ပြောဖြစ်ကြတယ်။ ဒီကောင်က ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ dispatcher မမတစ်ယောက်နဲ့ ဇယားသွားရှုပ်နေတာကိုး... ဟိုက အမည်းမ... လူကောင်ကြီးကလည်း တော်တော်ထွားတယ်။ ကလေး ၂ ယောက်အမေကွာ... ယောက်ျားတော့မရှိဘူး။ ကန်တော့ပါရဲ့ကွာ... နို့ကြီးတစ်လုံးတစ်လုံး မင့် ခေါင်းလောက်ကြီးရှိတယ်... ဟားဟားဟား...”

ဦးကြီးလောင်းလင်း လက်ညှိုးထိုး ပြောလိုက်သဖြင့် ဖင်ကောက် တော်တော်လေး ရှက်သွား၏။ သူ့ခေါင်းလောက် ကြီးတဲ့ဟာကြီးဆိုတော့လည်း ရှက်ပေမပေါ့...

ဘဲကြီးက ခေါင်းကုတ်... ဆံပင်များ လိမ်ကျစ်နေပြီး ဝင်ရောက် ပွားလိုက်ပြန်သည်။ “ဟီးဟီး.. အချစ်ညှစ်တာ ခံရတယ်ဆိုတော့ ဘယ်လိုများ ညှစ်လိုက်သလဲမသိဘူးနော်...”

ဘဲကြီး၏နောက်နားရှိ ကိုပါကြီး၏ အသံထွက်ပေါ်လာလေသည်။ “ဟ... အမည်းပါဆိုနေမှ... အချစ် သန်တာပေါ့ မောင်ရင်ရဲ့... သူ့ခါးကြီးကို ဂျွတ်ခနဲ ဖျစ်ညှစ်လိုက်သလားမှ မသိတာ... ခွီးခွီး...”

ဦးကြီးလောင်းလင်း၏ မျက်နှာ ပြန်လည်တည်ကြည်လာခဲ့၏။ ရေနွေးကြမ်းတစ်ပန်းကန်ကို ကုန်အောင် တဖူးဖူး မှုတ်သောက်နေပြီးမှ စကားစ ပြန်ဆက်လိုက်သည်။ “ဒီကောင်ကြီး ကြိုးကြိုးစားစား အလုပ်လုပ်တာကိုတော့ ချီးကျူးသင့်တယ်ကွ... ငါတို့ဆို မောင်းလာတာ ၁၈ နှစ်ကျော်ပြီ။ သူ့လောက် အလုပ်ကို ကြိုးကြိုးစားစား မလုပ်ဖူးဘူး။ ဒီကောင်ကြီးက တစ်နေ့ကို ၁၆ နာရီအပြည့်မောင်းတယ်။ ခုန်ပျံကျော်လွှားတွေနဲ့ တခြားကားတွေကို လူလည်ကျတယ်ဆိုပေမယ့် သူ့ချစ်ချစ်တာဝန်ကျတဲ့အချိန်မှာဆိုရင် အလုပ်ကောင်းတွေလည်း ရတတ်သေးတယ်။ အဝေးသွားတဲ့အလုပ်တွေ၊ မြိုးမြိုးမြက်မြက် ပိုက်ဆံကျန်တဲ့အလုပ်တွေဆို ဒီကောင်ကြီးရတာများတယ်။ ငါတို့ကတော့ မနာလိုမဖြစ်ပါဘူး... သူ အရည်အချင်းရှိလို့ လုပ်နိုင်တာပဲ... လုပ်ပေ့စေ​ပေါ့... သူ့ကိုတော့ မင်းတို့ ကြည့်ပြောထားကြဦးနော်... အလုပ် အရမ်းပင်ပန်းပြီး လူလည်း ထိနေဦးမယ်လို့... ကားပေါ်မှာ နေတာကြာလာရင်၊ အထိုင်မတတ်ရင် ခါးတွေဘာတွေ နာတတ်တယ်ကွ...”

ထိုနေ့က စကားဝိုင်းတွင် ဘူဇွာ ခါးချိသည့်အကြောင်းက လူပြောအများဆုံး ဖြစ်ခဲ့လေသည်။

+++++

မနက်စောစော အတန်းတက်စရာမရှိ၍ ဇိမ်ခံနှပ်နေသော ရှမ်းပဲပုပ်သည် တဂွီးဂွီးအော်မြည်လာသည့် ဖုန်းသံကြောင့် စိတ်ညစ်ညူးစွာ နိုးထလာခဲ့ရ၏။ အိပ်ချင်မူးတူးဖြင့် ဖုန်း ကောက်ကိုင်လိုက်ရာ တစ်ဘက်ဖုန်းတွင်းမှ သနားစရာ ညောင်နာနာ အသံလေးကို ကြားလိုက်ရ၏။ ဘူဇွာ ဆက်လာခြင်းပင်...

“အင်း.... ယောက်ဖ... ပြော...” ရှမ်းပဲပုပ်၏ အိပ်ချင်မူးတူးသံကြီး ထွက်ပေါ်လာသည်။

“ယောက်ဖ... ငါ မထနိုင်တော့ဘူး... ဘာဖြစ်လဲမသိဘူးကွာ... ခါးက မတ်လို့ကို မရတော့ဘူး... ငါ အခု အိပ်ယာထဲ လဲနေပြီ... မင်း အားရင် ငါ့ကို လာကြည့်ပေးပါလား။ ဆေးရုံတွေဘာတွေ တက်ရမလား မသိပါဘူး။ အင်း... ကျွတ်... ကျွတ်... ငါ နောက်နေတာ မဟုတ်ဘူးနော် ယောက်ဖ... မင်းကျောင်းပြီးရင် လာခဲ့ပေးကွာ.. နော်... နော်လို့... ယောက်ဖ...ငါ့ မှာ ပြေးကြည့်မှ မင်းတို့ပဲရှိတာမဟုတ်လား။ နော်... ယောက်ဖ...”

0 Comments: