Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂) ဘူဇွာဘောစိ


လှေကားမှတဆင့် တအိအိ တက်လာနေသော သူ သည် ရှည်လျားသော လောင်းကုတ်ကြီးတစ်ထည် ဝတ်ဆင်ထားပြီး နေကာမျက်မှန်ကြီးတစ်လက်ကို စတိုင်ကျကျ တပ်ထားသည်။ လည်ပင်းတွင် မာဖလာတစ်ထည် ချည်သိုင်းထားသည်။ လက်ထဲမှ ငါးအူသီးနက်ဖုန်း (Blackberry) ကို ကလိနေပြီး လှေကားထိပ်တွင် ခဏမျှ ရပ်တန့်လိုက်သေးသည်။ ပြီးနောက် မျက်မှန်ကို စတိုင်ကျကျ ဆွဲချွတ်လိုက်ကာ ကုတ်အင်္ကျီအိတ်ကပ်တွင်းသို့ ထည့်လိုက်၏။ ဖုန်းကိုလည်း ဘေးအိပ်ထဲသို့ ထည့်လိုက်ပြန်သည်။

ဆရာတော်သည် ထိုသူ၏ လှုပ်ရှားမှုများကို အသေးစိတ် လိုက်လံငေးမောကြည့်နေမိ၏။ သည် ဒကာလေး ဆံပင်မညှပ်သည်မှာ အတော်ကြာပြီ့ထင်… ရှည်လျားသော ဆံပင်များကိုလည်း နောက်စေ့တွင် စုချည်ထား၏။ ဖြူဖြူဖွေးဖွေး၊ ဝိုင်းစက်နေသော မျက်နှာပေါက်ကတော့ အရင်တုန်းကအတိုင်း ရှိနေသေး၏။

ဆရာတော်က ပဋိသန္ဓာရစကား ဆိုလိုက်သည်။ “ကားမောင်းလာရတာ အဆင်ပြေရဲ့လား ဒကာလေး…”

“တင်ပါ့ဘုရား။”

“အေးကွယ်… စနိုးတွေက တင်းကြမ်းကျထားတော့ လမ်းမှာ အဆင်ပြေမှ ပြေပါ့မလားလို့တောင် စိုးရိမ်နေမိသေးတယ်။”

“သူတို့တွေ လမ်းရှင်းပြီးသွားပါပြီဘုရာ့… အဆင်ပြေပါတယ်။”

ဘူဇွာသည် ပြောပြောဆိုဆိုဖြင့် ပုဆစ်တုပ် ထိုင်ချကာ ဆရာတော်ကို ဦး ၃ ကြိမ် ချလိုက်သည်။ ဝလွန်းသော ခန္ဓာကိုယ်ကြောင့် ထိုင်ချလိုက်စဉ်တွင် အင့်ကနဲ တစ်ချက်တော့ ဖြစ်သွားသေးသည်။ “ဝိတ်လျှော့ရတော့မယ်” ဟု သူ့ကိုယ်သူ တေးမှတ်ထားလိုက်၏။

ပြီးနောက် ဘုရားစင်ရှေ့တွင်လည်း ဘုရားရှိခိုးနေလိုက်သေး၏။

ဆရာတော်ကတော့ ဤ တပည့်ဖြစ်သူကို ကျေနပ်အားရစွာ၊ ပြုံးပြီး ကြည့်နေလေသည်။ ဒကာလေး သည့်ထက်မက တိုးတက်ကြီးပွားပါစေဟုလည်း စိတ်ထဲမှ ဆုပေးနေမိသည်။

ဘုရားရှိခိုးပြီးနောက် ဆရာတော်ဘက်သို့ ဘူဇွာ ပြန်လှည့်လာသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် လေးလံနေပြီး တအိအိဖြင့် ဟိုဘက်ရွှေ့လိုက်၊ သည်ဘက်ရွှေ့လိုက်ဖြင့် ၃-၄ ကြိမ်ခန့် နေရာပြောင်းပြီးမှ အသားကျစွာ ပုဆစ်တုပ် ထိုင်နိုင်တော့သည်။ ယခုမှပင် ဆရာတော်ကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ရတော့မည်။

“ဒီဘက်မှာလည်း နှင်းတွေ တော်တော်ကျထားတာပဲ။” ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်ပြီး ဘူဇွာ မှတ်ချက်ချလိုက်သည်။

“အေးကွယ်… ဒီနှစ် ဆောင်းတွင်းတော့ ဦးဇင်းတို့အတွက် အတော်လေး ဒုက္ခများကြရဦးမှာပဲ။” ဆရာတော်က ဖတ်လက်စ စာအုပ်ကို စာအုပ်စင်ပေါ်သို့ လှမ်းတင်ထားပြီး ပြောဆိုလိုက်သည်။ စာအုပ်စင်သည် ဘေးနားတွင်ပင် ရှိနေသောကြောင့် လက်နောက်ပြန်ထားပြီး တင်ထားလိုက်၏။

အပြင်ဘက်သို့ ငေးကြည့်နေဆဲကနေ ဘူဇွာ ပြုံးပြီး ပြောလိုက်သည်။ “တပည့်တော် ရောက်တုန်းရောက်ခိုက် နှင်းမှုတ်စက်တစ်လုံးလောက်တော့ ဝယ်လှူသွားဦးမယ်ဘုရာ့။ မဟုတ်ရင် ဦးဇင်းကိုယ်တိုင် နှင်းထွက်ကြုံးနေရတာ ပင်ပန်းလွန်းလှပါတယ်။”

ဆရာတော်ဦးပညာသည် ယခုမှပင် စိတ်ချလက်ချ ဖြစ်သွားဟန်နှင့် မျက်မှန်လေး ပင့်တင်ပြီး ပြောပြလိုက်၏။ “အေး.. ဦးဇင်းလည်း ဒကာလေးကို အကူအညီတောင်းဦးမယ်လို့ စဉ်းစားထားတာ… အခုတော့ အဆင်ပြေသွားပြီပေါ့။ ရှေ့လျှောက်လည်း နှင်းတွေ ဆက်တိုက်ကျဦးမယ်ဆိုတော့ အသုံးဝင်မှာပါ။”

ဆရာတော်က ထပ်ဖြည့်ပြောလိုက်သည်။ “သိပ်အကောင်းကြီးလည်း ဝယ်စရာမလိုပါဘူး။ တပိုင်တနိုင် စက် သေးသေးလေး တစ်လုံးလောက်ဆိုရင် ရပါပြီ။”

ဘူဇွာသည် ဆရာတော်ဘက်သို့ ပြန်လှည့်လာပြီး ပြောဆိုလိုက်၏။ “စိတ်မပူပါနဲ့ဘုရာ့… တပည့်တော် ကြည့်စီစဉ်လိုက်ပါ့မယ်။”

ဘူဇွာတစ်ယောက် ခက်ခက်ခဲခဲ ခါးကုန်းထပြီး ဆက်ပြောလိုက်သည်။ “ပြောနေကြာတယ်… အခုပဲ သွားဝယ်လိုက်မယ်။ ကိုကျောက်ကို ခေါ်သွားမယ်လေ… ဦးဇင်း သူ့ကို ဘာများ ခိုင်းစရာ ရှိသေးလဲ။”

“ဘာမှမရှိပါဘူး… အဲ.. အရက်တော့ ဝယ်မပေးနဲ့နော်… မနေ့ညက သောက်ထားတဲ့အရှိန်တောင် ပြေသေးတာမဟုတ်ဘူး။”

+++++

မောင်ကျောက် အင်္ကျီအဝတ်အစားလဲနေချိန်တွင် သူ ကားထဲ၌ ထိုင်စောင့်နေလိုက်၏။ ဂျေမီ၏ ရက်ပ်သီချင်းတစ်ပုဒ်ကို ဖွင့်ထားပြီး သီချင်းသံထဲ လွင့်မြောနေမိသည်။

မောင်ကျောက်တစ်ယောက် ကားထဲသို့ ရောက်လာချိန်တွင် နားအူသွားရ၏။ “ဘေ့စ်သံတွေက ပြင်းထန်လွန်းလှချည်လား..”

ဘူဇွာက မောင်ကျောက် ထိုင်နေသည့်ဘက်သို့ လှည့်ကြည့်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုလိုက်သည်။ “ဒါ.. custom install လုပ်ထားတာလေ… Amp က Alpine… Watt ၁၅၀၀ ရှိတယ်။ Subwoofer နှစ်လုံးကတော့ နောက်ဖုံးထဲမှာ ထည့်ထားတယ်။ Kicker တွေ… တစ်ခုစီကို 350 RMS ရှိတယ်။”

“ပြီးတော့ ဒီမှာတွေ့လား…” ဘူဇွာပြသည့်နေရာသို့ မောင်ကျောက် လိုက်ကြည့်လိုက်ရာ ကား ရေဒီယိုအောက်နားတွင် လှည့်နိုင်သည့် ခလုတ်ပေါင်းများစွာနှင့် ပြားပြားလေးတစ်ခုကို တွေ့လိုက်ရသည်။

“အဲဒါက Equalizer ပေါ့။ Speaker တွေလည်း အားလုံး အသစ်လဲထားတယ်။ Alpine တွေချည့်ပဲ။”

“ဒီမှာတွေ့လား… ရေဒီယို… GPS ပါတယ်၊ DVD ကြည့်လို့ရတယ်၊ MP3, USB အပေါက်ပါတယ်၊ Bluetooth နဲ့ ပြောလို့ရတယ်… မိုက်သေးသေးလေးတောင် ပါလိုက်သေး… Pioneer လေ AVIC-Z 120 နောက်ဆုံးမော်ဒယ်လ်ပေါ့…” ကားလက်ကိုင်ခွေ၏ နောက်နားတွင် ထိုးထိုးထောင်ထောင် ထွက်နေသော မိုက်ခ် သေးသေးလေးကို ညွှန်ပြပြီး ရှင်းပြလိုက်သည်။

ဘူဇွာ ရှင်းပြနေသည်များကို တစ်လုံးစ နှစ်လုံးစမှလွဲပြီး ကျန်တာအားလုံးကို မောင်ကျောက် နားမလည်ခဲ့ပါ။ သို့သော် သွားဖြီးလေးနှင့် ပြုံးပြနေပြီး မှတ်ချက်ချလိုက်၏။ “ဟာ… ဘောစိတို့ကတော့ တယ်လန်းနေပါလား။ အားလုံး ရှယ်တွေချည့်ပဲ။ မိုက်တယ်ဗျာ…”

အမှန်တော့ ဘူဇွာကိုယ်တိုင်လည်း ဘာမှ ဟုတ်တိပတ်တိ သိသည်မဟုတ်ပါ။ ဆင်ပေးလိုက်သည့်သူ ရှင်းပြခဲ့သည့်အတိုင်း ပြန်ရှင်းပြလိုက်ခြင်းသာဖြစ်၏။ အခင်မင်ရဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်သူ ရှမ်းပဲပုပ်၏ ဝမ်းကွဲညီဖြစ်သူတစ်ယောက် အီလက်ထရောနစ် ဆိုင်ကြီးတစ်ဆိုင်တွင် အရောင်းဝန်ထမ်းလုပ်နေ၏။ သူ၏အကူအညီဖြင့် ဈေးပေါပေါနှင့် ဝယ်နိုင်ခဲ့သော ထိုပစ္စည်းများကို ရှမ်းပဲပုပ်ကိုယ်တိုင် တပ်ဆင်ပေးခဲ့ခြင်းမဟုတ်ပါလား။ သည်ကောင်တစ်ယောက် ဒါမျိုးတွေတော့ အတော်ကျွမ်းသည်။ လျှပ်စစ်အင်ဂျင်နီယာဘွဲ့လည်း ရထားပြီးပြီ။

နှင်းပုံထဲမှ ရုန်းအထွက်တွင် ကားဘီးများ ချော်သွားခဲ့သေး၏။ ကံကောင်းလို့ တစ်ပတ်လည်မထွက်သွားတယ်။…

မောင်ကျောက်က စပ်စုမေးမြန်းလိုက်၏။ “ဘောစိ… ဖိုးဝှီးတစ်စီးလောက် ဝယ်ထားပါလား။ ဟိုင်းလတ် ဆာ့ဖ် ဆိုရင် တော်တော်လေးကောင်းတယ်ပြောတယ်။ နှင်းထဲဘာထဲသွားတော့ စိတ်ချရတာပေါ့။”

“အာ.. တိုယိုတာကြီး မကြိုက်ပါဘူးဗျာ။ ဂျပွန်းကားကြီး… နောက်ပြီး ဒီမှာလည်း မရှိပါဘူး။ ဆာ့ဖ်ဆိုတာ တခြားနိုင်ငံတွေမှာသာခေါ်တာဗျ။ ဒီမှာတော့ ဖိုးရန်နာ လို့ခေါ်တယ်။ SUV ကြီး မစီးချင်ပါဘူးဗျာ။ ကျနော်က အမေရိကန် ဆီဒင်ကားအကြီးကြီးတွေမှ ကြိုက်တာ… မာဖီးယားနဲ့တူလို့…” ဘူဇွာက ငါးသလောက်ပြုံးလေးပြုံးပြီး ပြောဆိုလိုက်သည်။

+++++

ကားမောင်းနေရင်း ဘူဇွာ စဉ်းစားနေမိ၏။ နောက်ကားအသစ်တစ်စီး လဲစီးလျှင် ကောင်းမလား… Audi A8 အသစ်ထွက်လာတာ တော်တော်လေး ကောင်းသည်။ ဒါပေမဲ့ လက်ထဲတွင် ပိုက်ဆံအပိုမရှိသေး… အငယ်ကောင်အတွက် ကျောင်းလခ ပေးရခါနီးပြီ။ ပြီးတော့ ဒီကောင် ပူဆာထားတဲ့ Recording Studio ငယ်လေးတစ်ခု လုပ်ပေးဖို့လည်း ပိုက်ဆံစုရဦးမည်။

သူစီးနေသော Lincoln Town Car ကြီးပဲ ကောင်းပါသည်။ ဖူးလ်ဆိုဒ် ကားကြီးတစ်စီးဖြစ်သည်။ မြန်မာပြည်နှင့် အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများတွင်တော့ စလွန်းကားလို့ ခေါ်ပြီး အမေရိကန်တွေကတော့ သူများနှင့်မတူစွာ ဆီဒင်ကားဟု ခေါ်ဆိုကြပြန်သည်။ ဒီဖွတ်ကျား အမေရိကန်တွေ xင်ေxါင်းကို ကျယ်သည်။

ကုန်ကုန်ပြောရလျှင် ဂျာမန်ကားကြီးတွေလည်း မစီးချင်သေးပါ။ တတ်နိုင်လို့ စီးရင်တောင်မှ သိပ်ပြီး ကြီးကျယ်လွန်းနေသည် မဟုတ်ပါလား။ ပတ်ဝန်းကျင် မျက်စိစပါးမွှေးစူးလိမ့်မည်။ နောက်ပြီး သူကိုယ်တိုင်လည်း အမေရိကန်ကားကြီးတွေကို ကြိုက်သည်။ မာဖီးယားကားတွေထဲမှာ ပါသလို ကားကြီးကြီး ရှည်ရှည်ကြီးတွေ၊ ငြိမ့်ငြိမ့်လေး စီးရသည်ကို နှစ်သက်သည်။ သိပ်ပြီးလည်း ဈေးမကြီး၊ သူလိုကိုယ်လို လူတန်းစားတွေအားလုံး စီးနိုင်ကြသည် မဟုတ်ပါလား။

မာဖီးယားနှင့် ပတ်သက်လာလို့ သူကိုယ်တိုင် မာဖီးယား လိုမျိုး ဝတ်စား၊ နေထိုင်၊ သွားလာနေခဲ့သည်မှာ ဂေါ့ဒ်ဖားသား ရုပ်ရှင်ကြည့်ပြီးကတည်းကဖြစ်သည်။ အဲဒီအထဲက မိုက်ကယ်ကော်လီယွန်းဆိုသော ဇာတ်ကောင်ကို သူ အားကျမိ၏။ အယ်လ်ပါချီနိုသည် သရုပ်ဆောင်လည်း ပီပြင်လွန်းလှသည်။ သူ့အသည်းစွဲ မင်းသားတစ်လက်လည်းဖြစ်၏။

ဟိုဖွတ်ကျားတွေ သူ့ကို ဘူဇွာ ဟု ခေါ်ရမည့်အစား၊ ဂမ်ဘီးနိုး လို့ ပြောင်းခေါ်ကြလျှင် ကောင်းမည်ဟုလည်း အဆက်အစပ်မရှိ တွေးနေမိပြန်သည်။ ဂမ်ဘီးနိုး ဆိုသည်မှာ ပန်းသီးမြို့တော်တစ်ဝိုက်ရှိ အင်အားအကြီးဆုံး၊ အီတာလီယံ မာဖီးယား မိသားစုကြီး ငါးစုထဲမှ တစ်စု ဖြစ်နေသည် မဟုတ်ပါလား။ ကံဆိုးလှစွာ… ဟိုတစ်ရက်ကပဲ အက်ဖ်ဘီအိုင်တွေက မာဖီးယားဂိုဏ်းကြီးကို ဖြိုခွဲလိုက်သည်ဟု သတင်းထဲ တွေ့လိုက်ရသေးသည်။ ဤအတွက် ဘူဇွာ အလွန် ဝမ်းနည်းကြေကွဲ သွားခဲ့ရလေသည်။ ဖြစ်ရလေခြင်း မာဖီးယားတို့ရယ်…

အဆက်အစပ်မရှိသော အတွေးပေါင်းစုံနှင့် ကားမောင်းလာခဲ့သည်မှာ Home Depot (ဟုမ်းဒီပို) ကိုပင် ကျော်သွားတော့မည်။ ကံကောင်းလို့၊ လျင်မြန်စွာ ကွေ့ဝင်လိုက်နိုင်ခဲ့၏။ ဤဆိုင်ကြီးတွင် အိမ်ဆောက်ပစ္စည်းများ၊ စက်ယန္တရားငယ်လေးများ စုံလင်စွာ ရနိုင်လေသည်။ နှင်းမှုတ်စက်တွေတော့ ရနိုင်ကောင်းပါရဲ့…

သူနှင့် မောင်ကျောက်၊ နှစ်ယောက်သား ဆိုင်ကြီးတွင်းသို့ ဝင်သွားပြီး ဓာတ်ဆီဖြည့်မောင်းရသော နှင်းမှုတ်ဆက်တစ်လုံး ဝယ်ယူလာခဲ့၏။ Honda လုပ်ဖြစ်ပြီး ဒေါ်လာ ၈၀၀ ကျော်လောက် ပြုတ်သွားသည်။ အမှန်တကယ်က ၇၄၅ ကျပ်လောက်ပဲ ကျတာဖြစ်ပေမယ့် အခွန်ပေးလိုက်ရတော့ ၈၀၀ ကျော်သွားခဲ့သည်။ ဒီ သောက်အစိုးရ… ကောက်လိုက်တဲ့ အခွန်တွေကလည်းမနည်း… ဘာပဲ ဝယ်ဝယ် အခွန်ပေးရခြင်းကို ဘူဇွာ လုံးဝမနှစ်မြို့…

ဘယ်တတ်နိုင်မလဲလေ… လိုအပ်လာတော့ သုံးရတော့မှာပေါ့။

အပြန်လမ်းတွင် ဓာတ်ဆီဆိုင်တစ်ဆိုင်ဝင်ပြီး နှစ်ဂါလံဆန့် ပလတ်စတစ်ပုံးလေးတစ်ပုံး ဝယ်ယူခဲ့သေး၏။ ပြီးနောက် ပုံးထဲသို့ ဓာတ်ဆီ တစ်ဂါလံခွဲ ဖြည့်ယူကာ ကျောင်းသို့ ပြန်လာခဲ့သည်။ ဤတပိုင်တနိုင်စက်ကလေးနှင့်ဆိုလျှင် ဘုန်းဘုန်း ပင်ပန်းဆင်းရဲစရာမလိုတော့… မောင်ကျောက်တစ်ယောက်တည်းဖြင့်ပင် မောင်းနှင်ပြီး အလုပ်ပြီးမြောက်သွားပေလိမ့်မည်။

ဘုန်းဘုန်းသည် ဘူဇွာ ငယ်ငယ်လေးကတည်းက လက်ဦးဆရာတော် ဖြစ်ခဲ့သည် မဟုတ်ပါလား။ ဘုန်းဘုန်းကိုတော့ ဘူဇွာ ချစ်ခင်လေးစားသည်။ ဤ ဘုန်းကြီးကျောင်းကိုလည်း သူပဲ ပိုက်ဆံအများဆုံးစိုက်ပြီး ဝယ်ယူလှူဒါန်းခဲ့သည် မဟုတ်ပါလား။ ကျောင်းအတွက်တော့ သူသည် လိုအပ်သမျှ ဖြည့်ဆီးပေးနေသည့် ဒကာအများထဲမှ အဓိကကျသော အလှူရှင်တစ်ယောက်ဆိုလည်းမမှား…

၂၀၀၇ သံဃာတော်အရေးအခင်းကြောင့် ယိုးဒယားကို ရောက်လာခဲ့သော ဘုန်းဘုန်းသည် သူ့အစ်မကြီးနှင့် တွေ့ခဲ့၏။ ထိုမှတဆင့် ဘူဇွာတစ်ယောက် လိုအပ်သည့် စာရွက်စာတမ်းများကို အစ်မဖြစ်သူနှင့် နှစ်ယောက်ပေါင်းအကုန်အကျခံကာ ဘုန်းဘုန်းကို ခေါ်ယူခဲ့လေသည်။

+++++

သူငယ်ချင်းများက သူ့ကို ပိုက်ဆံမက်သည့် ဘူဇွာ ဟု ကွယ်ရာတွင် နောက်ပြောင်ခေါ်ဆိုကြသော်လည်း တကယ်တမ်းတွင် သူသည် ပိုက်ဆံ မက်သည့်လူတစ်ယောက် မဟုတ်ချေ။ ပိုက်ဆံရှာရတာကိုတော့ မက်မောသည်။ ပိုက်ဆံရမည့်အလုပ်အတွက် အိပ်ပျော်နေချိန်တွင် လာနှိုးလျှင်တောင် စိတ်မဆိုးတတ်… သို့သော် ဘာကြောင့်မှန်းတော့မသိ… ဘူဇွာနှင့်ငွေ အတူမနေချေ…

သူ့လက်ထဲတွင် ပိုက်ဆံအထုပ်လိုက်ကြီး ကိုင်ဆောင်ထားနိုင်သည်ဟူ၍ ဘယ်တုန်းကမှ မရှိခဲ့။ ရလာသည်၊ ကုန်သွားပြန်သည်။ နောက်ထပ် ရလာသည်၊ ထပ် ကုန်သွားပြန်သည်။ ကျစ်(ကပ်စေးနဲ)ပြီး ပိုက်ဆံ စုဆောင်းဖို့ကိုလည်း ဘယ်တုန်းကမှ စိတ်မကူးခဲ့… ကုန်သင့်သည့်နေရာတွင် ပေးကုန်လိုက်သည်။ ဖြုန်းသင့်သည့်နေရာတွင် သုံးဖြုံးပစ်လိုက်သည်။ ငွေကုန်သွားသည့်အတွက် ဘယ်တုန်းကမှ စိတ်မနာခဲ့ဖူး… ပိုက်ဆံဆိုသည်မှာ ပြန်ရှာလျှင် ရနိုင်သည်ဟု သူ ခံယူထားသည်။ သုံးဖို့ အခွင့်အရေးကတော့ လူတိုင်းထံတွင် မရှိနေတတ်ပါ။ လူအများစုသည် ကျစ်ကြုတ်ပြီး ပိုက်ဆံစုတတ်သည့်အကျင့်ရှိကြောင်း ဘူဇွာ ကောင်းကောင်းကြီး သိနေပါသည်။

ထိုသူများအတွက်တော့… နောင်ရေးအတွက် စုနေတာပါ… မိသားစုအတွက်… သားသမီးအတွက်… အိမ်ထောင်ပြုဖို့အတွက်…ဟု ဆင်ခြေပေးကောင်းပေးကြလိမ့်မည်။ မှန်သင့်သလောက် မှန်ကြောင်းကိုတော့ ဘူဇွာ မငြင်းလိုပါ။ သူ့အယူအဆနှင့် မတူတာတော့ သေချာသည်။ သူကတော့ ရှာမည်၊ သုံးမည် ဆိုသော လူစားဖြစ်သည်။

နောက်တစ်ခုရှိသည်က ဘူဇွာသည် နောင်ရေး စိတ်ပူစရာ လုံးဝမလိုအပ်သော လူတစ်ယောက်ဖြစ်သည်။ ယိုးဒယားတွင် သူ၏ တစ်ဦးတည်းသော အစ်မကြီးဖြစ်သူ ကြီးပွားချမ်းသာနေသည်။ ယောက်ဖဖြစ်သူနှင့် သူတို့ ညီအစ်ကို နှစ်ယောက်လည်း ပလဲနံပ သင့်ကြသည်။ မြန်မာပြည်တွင် ကျန်ခဲ့သော မိဘများသည်လည်း ချမ်းသာသည်ဟု ခေါ်ဆိုနိုင်သော အတိုင်းအတာ ရှိကြသည်။ သူ့အဖေဆိုလျှင် စီးပွားရေးလုပ်ငန်းများ အတော်များများကို စွန့်ဦးလုပ်ကိုင်ခဲ့ဖူးသည်။

တက်လာသော စစ်အစိုးရ၏ မူဝါဒများနှင့် မကိုက်ညီတော့သောကြောင့် သူလုပ်ကိုင်ခဲ့သော လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခဲ့ပြီး ကုန်စုံဆိုင်လေးဖွင့်ကာ ရိုးရိုးအေးအေးလေးပဲ နေထိုင်နေတော့သည်။ သို့သော် အဖေ့ကိုတော့ ဘူဇွာ အထင်မသေးရဲပါ။ အဖေ့ထံတွင် အတွင်းပစ္စည်းများ အတော်လေးချမ်းသာကြောင်း သူ ရိပ်မိထား၏။

သူတို့သားအဖနှစ်ယောက်၏ ဆက်ဆံရေးသည်လည်း အခြားသူများနှင့်မတူ တမူထူးခြားနေ၏။ အဖေနှင့်ဘူဇွာတို့ ကောင်းကောင်း စကားလက်ဆုံကျခဲ့ဖူးသည်ဟု သိပ်မရှိခဲ့။ သူ နိုင်ငံခြား မထွက်လာသေးခင်အချိန်ကတော့ အဖေက အမှာစကားများ ပြောကြားခဲ့သည်။ လိုအပ်သလောက် ပိုက်ဆံကိုလည်း ပို့ပေးမည်ဟု ပြောခဲ့သည်။ ပိုက်ဆံလိုလျှင် အစ်မကြီးဆီမှာ တောင်းခံနိုင်ကြောင်းကိုလည်း အစ်မလုပ်သူက ပြောဆိုလာခဲ့သည်။

သို့သော် ဘူဇွာသည် လူတစ်မျိုးဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မည်ဆိုသော လူစားမျိုးဖြစ်သည်။ သည်နိုင်ငံ ရောက်လာပြီးကတည်းက ကျောင်းလခ ၄ ကြိမ်သွင်းစာမှလွဲ၍ မိသားစုထံမှ ပိုက်ဆံ တောင်းယူခဲ့ခြင်းမရှိ။ သူ၏ ယခုအခြေအနေသည် သူကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်ခဲ့ခြင်းမှ ရရှိလာသော အောင်မြင်မှု အသီးအပွင့်များဖြစ်သည်။

+++++

ဘုန်းကြီးကျောင်း ပြန်ရောက်တော့ ညပင်မှောင်စပြုနေပြီ။ သည်နေ့တော့ အလုပ်ပြီးမြောက်ရန်လမ်းမမြင်… ထို့ကြောင့် ဆူရှီဆိုင်ကို လှမ်းပြီးဖုန်းဆက်လိုက်သည်။ “အေး.. ကိုဝင်းလား… ကျနော် ဒီနေ့တော့ မလာနိုင်တော့ဘူးဗျာ။ ကျောင်းကိုတော့ ရောက်နေပါပြီ။ ဟုတ်ကဲ့… အင်း… ဒီညတော့ ကျောင်းမှာပဲ အိပ်ဖြစ်လိမ့်မယ်… ဟုတ်ကဲ့… မနက်ဖြန်ကျမှ တွေ့မယ်လေ… ဟုတ်ပြီလား… ကောင်းပြီ ကောင်းပြီ… ဂွတ်နိုက်နော်…”

ကားနောက်ဖုံးထဲမှ နှင်းမှုတ်စက်ကြီးကို ဆွဲထုတ်နေသော မောင်ကျောက်ကို ဘူဇွာ လှမ်းမေးလိုက်သည်။ “သတိထားနော်...ဆရာ... ကျနော့် ဆပ်ဝူဖာကြီးကိုလည်း တိုက်မိနေဦးမယ်။ ဒါနဲ့ နေစမ်းပါဦးဗျ... ခင်ဗျား မနေ့ညက တော်တော် ရွဲသွားခဲ့တာလား။”

မောင်ကျောက်က သွားဖြီးလေးနှင့် ပြန်ဖြေလိုက်၏။ “နည်းနည်းတော့ များသွားတယ်။ မနက်ထလာတော့ ခေါင်းတွေ ကိုက်... နေတာပဲ။”

ဘူဇွာက မောင်ကျောက်ကို နားချလိုက်သည်။ “အေးဗျာ… ဒီညတော့ မသောက်ပါနဲ့တော့။ ဘုန်းဘုန်းကျောင်းမှာ ခင်ဗျားကိုယ်တိုင်က အရက်သောက်နေတယ်ဆိုတော့ လူကြားလို့လည်း မကောင်းပါဘူး။ ဘုန်းဘုန်းကိုလည်း နည်းနည်းပါးပါး ငဲ့ဦးလေဗျာ။ ဟုတ်ပြီလား။”

မောင်ကျောက်တစ်ယောက် အကျောက်အကန် ငြင်းဆိုလိုက်၏။ “ဟာ… မဟုတ်ပါဘူး ဘောစိရယ်။ မနေ့ညက မူးသွားခဲ့တယ်ဆိုတာလည်း ဟိုကောင်တွေ ငဖြူတို့အိမ်မှာပါ။ သူတို့ပဲ ပြန်ပို့ပေးခဲ့တာ။ ဘုန်းကြီးကျောင်းမှာ ကျနော် အရက်မသောက်ပါဘူး။ အပြင်မှာပဲ သောက်တာ… ဟီးဟီး…”

ထိုအဖြေစကားအတွက် ဘူဇွာ စိတ်ချမ်းသာသွားခဲ့သည်။ ဘုန်းကြီးကျောင်းနှင့် အရက်ပုလင်း… လားလားမျှ မအပ်စပ်သည် မဟုတ်ပါလား။

ဝယ်လာသည့် ပစ္စည်းများ ချနေသော မောင်ကျောက်သည် ငါးခူပြုံးလေးပြုံးနေသော ဘူဇွာ့ကို ငေးကြည့်နေမိသည်။ ဒီဘောစိတစ်ယောက် ဘာများ ပြုံးနေတာပါလိမ့်ဟု…

0 Comments: