Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၃) ဘူဇွာသတို့သားလောင်း


ဘူဇွာနှင့် မောင်ကျောက်တို့ ညစာကိုတော့ ရှိတာနှင့်ပင် လွေးလိုက်ကြသည်။ ဘုန်းဘုန်းသည် အပေါ်ထပ်တွင် အနားယူနေလေပြီ။ ဘူဇွာအတွက် မောင်ကျောက်၏ အခန်းတွင် ကျိုးရန်သာကျန်တော့၏။ ဘုန်းဘုန်းနှင့် ဆွေးနွေးတိုင်ပင်ရန် ကိစ္စအနည်းငယ် ရှိနေသေးသော်လည်း မနက်ကျမှပင် လျှောက်ထားတော့မည်ဟု စဉ်းစားထားလိုက်တော့သည်။

အခန်းတွင်းတွင် မောင်ကျောက်တစ်ယောက် သူ့ကွန်ပြူတာအစုတ်လေးဖြင့် အလုပ်ရှုပ်နေ၏။ မြန်မာ ရုပ်ရှင်/မော်ဒယ်လ် မင်းသမီးများ၏ ဓာတ်ပုံများ အများဆုံးတင်တတ်သည့် ဝက်ဘ်ဆိုဒ်တစ်ခုတွင် မျက်လုံးအပြူးသားဖြင့် ငမ်းကြည့်နေသည်။

ဘူဇွာက သူ့ဖုန်းကို အားသွင်းထားပြီး ခဏ လှဲနေလိုက်၏။ မောင်ကျောက်၏ ခုတင်သည် သူ့အတွက် သေးငယ်လှပြီး လူးသာလှိမ့်သာမရှိ ဖြစ်နေကြောင်းကို စိတ်မသက်သာစွာ ခံစားနေရ၏။ ဘူဇွာသည် လူကြီးက ဝဖိုင့်နေသော်လည်း အရပ်မှာ ၆ ပေ နှင့် လက်မဝက်စွန်း ရှိသူတစ်ယောက်ဖြစ်သောကြောင့် မောင်ကျောက်၏ စပရိန်မွေ့ယာပေါ်တွင် ခြေထောက်ထွက်နေ၏။ ပြီးနောက် အိပ်ယာသည်လည်း စပရိန်များ ပျော့လွန်းသောကြောင့် သူ့အတွက် သိပ်မကောင်းချေ။ ဘူဇွာတွင် ခါးခွဲစိတ်ထားသော ဒဏ်ရှိနေသည်မဟုတ်ပါလား။

“ကိုကျောက်… ဦးဇင်းမအိပ်သေးဘူး မဟုတ်လား။” ဘူဇွာက ပက်လက်လှန်လှဲပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားရင်း မေးမြန်းလိုက်၏။

မောင်ကျောက်က စိတ်မပါ့တပါလေသံဖြင့် ဖြေဆိုလိုက်သည်။ “အင်း…”

သူအာရုံရနေသည်မှာ တခြားဖြစ်နေ၍ လေသံက သိပ်ပြီး စိတ်မပါလှ။

“ဘုန်းဘုန်းဆီမှာ ခြုံဖုံနဲ့ ခေါင်းအုံးအပိုတွေ ရှိတယ်မဟုတ်လား။” ဘူဇွာက မျက်လုံးမှိတ်ထားရင်း မေးမြန်းလိုက်သည်။

ဘူဇွာဘက်သို့ မောင်ကျောက် လှည့်လာခဲ့တော့သည်။ “ရှိတယ်လေ… ဘောစိ ဘာလုပ်မလို့လဲ။ အဲဒီမှာ ကျနော့်ဟာတွေ ယူခြုံထားနှင့်လေ… ကျနော် ခဏနေမှ အိပ်မှာ…”

“အာ… ကျနော် ဒီမှာအိပ်လို့ မဖြစ်ဘူးဗျ။ ခင်ဗျား ကုတင်လေးက တိုတိုလေးရယ်… ကြမ်းပြင်ပေါ်မှာပဲ အိပ်မယ်ဗျာ။ ဘုန်းဘုန်းဆီက ခြုံဖုံအပိုတွေနဲ့ ခေါင်းအုံးအပို ယူလာခဲ့ပေးပါလား။ တစ်ခုခင်း တစ်ခုခြုံလို့ရအောင် နှစ်ထည် ယူလာခဲ့ဗျာ။”

မောင်ကျောက်က ပြာပြာသလဲ ငြင်းဆိုလိုက်၏။ “အာ… ဘောစိ.. မလုပ်ပါနဲ့… မကောင်းပါဘူးဗျ။ ကျနော်ပဲ ကြမ်းပြင်ပေါ်မှာ အိပ်လိုက်ပါ့မယ်။”

“ခင်ဗျား နားမလည်ပါဘူးဗျာ… သွား..သွား.. ကျေးဇူးပြုပြီး သွားယူပေးပါဗျာ။” ဘူဇွာက နားလည်ရခက်သော အပြုံးမျိုးဖြင့် ပြုံးနေပြီး ပြောဆိုလိုက်၏။

ထိုအပြုံးကို မောင်ကျောက် မြင်တွေ့ဖူးပါသည်။ ညနေတုန်းကလေးတင် မြင်ခဲ့ရသေး၏။ ဘောစိတစ်ယောက် ဤအပြုံးမျိုး ပြုံးနေပြီဆိုလျှင် တစ်ခုခုတော့ ထူးဆန်းနေသည်ဟု မောင်ကျောက် နားလည်ထား၏။

ထို့ကြောင့် ဘာမှ အငြင်းပွားမနေတော့ဘဲ အပေါ်ထပ်သို့ တက်သွားကာ ကလော့ဆက် (closet) ထဲမှ ခြုံဖုံအပိုများနှင့် ခေါင်းအုံးအပိုတစ်လုံး ယူဆင်းလာခဲ့တော့သည်။

အခန်းတွင်းသို့ မောင်ကျောက် ပြန်ရောက်လာချိန်တွင် ဘူဇွာသည် အားသွင်းထားသောဖုန်းကို ကြိုးတန်းလန်းကြီးဖြင့် ဖုန်းပြောနေ၏။

မောင်ကျောက်သည် သူ၏ ကွန်ပြူတာခုံရှေ့တွင် ပြန်ထိုင်နေပြီး ဘူဇွာကို စိတ်ဝင်တစား တစေ့တစောင်း အကဲခတ်နေလိုက်သည်။ စကားပြောနေသော ဘူဇွာ၏ လေသံလေးက ချိုမြနေသည်ဟု မောင်ကျောက် စဉ်းစားနေ၏။

သည်ဘောစိထံတွင် မျက်နှာမြင် ချစ်ခင်ပါစေ ဆိုသော ရုပ်ရည်သွင်ပြင်ရှိနေရုံမကသေး… ယခုလို စကားပြောဆိုနေလျှင် အသံလေးက ပို၍ပင် ခင်ချင်စရာ ကောင်းနေသေးတော့၏။ ဘူဇွာ၏အသံသည် အလွန်နူးညံ့ချိုမြနေလေသည်။

“မနက်ဖြန်ဆို ပြန်လာပါပြီ ကလေးရဲ့… အင်း… ကလေး နေမကောင်းဘူးလား… ချောင်းဆိုးနေသလိုပဲနော်… ဆားရည်လေးနဲ့ အာခေါင်ကျင်းထားလိုက်လေ… သလိပ်ကြေတာပေါ့။ မနက်ဖြန် ကိုယ်ပြန်လာမှ ဆရာ့ဆီမှာ ဆေးစာ သွားရေးခိုင်းရဦးမယ်။”

“အာ… အဲလို ခေါင်းမမာရဘူးလေ ကလေးရဲ့… လိမ္မာပါတယ်ကွာ… နော်… ကိုယ် ပြန်မလာသေးလို့ စိတ်ကောက်နေတာလား… ဟင်းဟင်း… သိပ်မကြာပါဘူး ကလေးရ… အလုပ်ပြီးပြီးချင်း ပြန်လာမယ်။ ဟုတ်ပြီလား… အိပ်တော့နော်… ညနက်နေပြီ… အင်း… ကိုယ်လည်း လွမ်းပါတယ်… အိုကေအိုကေ… နိုက်တီနိုက်… မွှား…. ပြွတ်ပြွတ်…”

ခုတင်ပေါ်တွင် တစ်ဘက်စောင်းပြီး ကွေးကွေးလေး ပဲများနေသော ဘူဇွာ့ကို မောင်ကျောက် ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိ၏။ “သည်ဘောစိ ဘာများဖြစ်နေတာပါလိမ့်… ရည်းစားနှင့် စကားပြောနေရလျှင် တစ်လောကလုံးကိုများ မေ့သွားခဲ့ပြီလားမသိ။ အားတော့ အားကျစရာကြီး…” ဟုလည်း တွေးနေမိသည်။

ကွန်ပြူတာ ဖန်သားပြင်ကို အာရုံစိုက်နေရာမှ မောင်ကျောက် ညည်းတွားလိုက်သည်။ “သူများတွေများ ကောင်းစားနေလိုက်ကြတာနော်… အိပ်ခါနီး မွှေးမွှေးပေးတဲ့လူတောင်မှ ရှိနေသေး… အဟက်…”

ထိုမှတ်ချက်ကို ဘူဇွာ မည်သို့မျှ မတုံ့ပြန်ခဲ့ပါ။ မောင်ကျောက်ယူလာသော ခြုံဖုံတစ်ထည်ကို ကြမ်းပြင်ပေါ်တွင် သေသေသပ်သပ် ခင်းလိုက်ပြီး ခေါင်းအုံးကို ပြုပြင်ကာ လှဲချလိုက်တော့သည်။ ကျန်ခြုံဖုံတစ်ထည်ကို ခြေထောက်ဖြင့် မ,ယူကာ ခြုံထားလိုက်တော့သည်။

စကားမစပ်စွာ ဘူဇွာက အိပ်နေရင်း မောင်ကျောက်ကို လှမ်းမေးလိုက်သည်။ “ကိုကျောက်… ခင်ဗျား ဆူရှီ လိပ်တတ်လား။ ဘာမှတော့ သိပ်မခက်ပါဘူး။ သင်ပေးလိုက်ရင် ခဏလေးတတ်သွားမှာ။”

မောင်ကျောက်က ဘူဇွာအိပ်နေသည့်ဘက်သို့ ထိုင်ခုံကိုလှည့်လာခဲ့၏။ “မဖြစ်ဘူးထင်တယ် ဘောစိ။ ကျနော်က ဒါများထားတော့ လက်တုန်တတ်တယ်။” မောင်ကျောက်က လက်မထောင်ပြီး အရက်သောက်သည့်ပုံ လုပ်ပြပြီး ပြောဆိုလိုက်သည်။

“ပြီးတော့ ဆူရှီလှီးတဲ့ဓားတွေက အတော်လေးထက်တယ်လို့ ကြားဖူးထားတယ်… ဟုတ်လား။ မတော်… လက်ပြတ်သွားရင် ကိုယ်ကျိုးနည်းရချည်သေး ဘောစိရယ်။”

ဘူဇွာက စိတ်မရှည်တော့သံနှင့် ညည်းတွားလိုက်သည်။ “ခင်ဗျားဗျာ… လုပ်ဖြင့် မလုပ်ကြည့်ရသေးဘူး… အရင်ဆုံး ငြင်းနေတော့တာပါလား။”

မောင်ကျောက် စိုးရိမ်စွာဖြင့် ငြင်းဆိုလိုက်သည်။ “မဟုတ်ပါဘူး ဘောစိရဲ့… ကျနော်က အင်္ဂလိပ်လိုလည်း တစ်လုံးမှ မတတ်တာ။ မတော်… သူများတွေ လာမေးပြီး ဟိုဟာလိပ်ပေး… သည်ဟာ လိပ်ပေးဆိုရင် လုပ်တတ်မှာ မဟုတ်ဘူးဗျ။ ခု လုပ်နေတဲ့ မွေ့ယာစက်မှာဆိုရင် အင်္ဂလိပ်စကား တစ်လုံးမှ ပြောစရာမလိုဘူး။ ဗမာတွေလည်း များတယ်လေ။ မွေ့ယာချုပ်လိုက်၊ ပလတ်စတစ်အိတ်ထဲ သွတ်လိုက်၊ ပြီးတာနဲ့ တံဆိပ်ကပ်ပြီး ဂိုထောင်ထဲ သွားပို့ထားရုံပဲ…”

ဘူဇွာ ဘာမှ ပြန်မပြောတော့ပါ။ တစ်ဘက်သို့လှည့်၍ အိပ်နေလိုက်တော့သည်။ “ကျနော် အိပ်တော့မယ်ဗျာ။ ခင်ဗျား အိပ်ရင် မီးပိတ်လိုက်ဦး… မီးအပွင့်လိုက်ကြီး ကျနော် မအိပ်တတ်ဘူးဗျ။”

“အင်း…” မောင်ကျောက်သည် ကွန်ပြူတာကို ပြန်၍ အာရုံစိုက်နေပြီး ဖြေဆိုလိုက်၏။

ဘူဇွာ စဉ်းစားထားသည်မှာ မနက်ဖြန် သူဖြေရှင်းရမည့် ဆူရှီဆိုင်ပြဿနာ မပြေလည်ခဲ့ပါက လောလောဆယ် ဆူရှီလိပ်ဆရာတစ်ယောက် အမြန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် လိုရမည်ရသဘောဖြင့် မောင်ကျောက် လုပ်ချင်မှန်း/မလုပ်ချင်မှန်း သိရအောင် မေးမြန်းထားခြင်းလည်း ဖြစ်သည်။

ပိုက်ဆံရှာသည့် ကိစ္စနှင့် ပတ်သက်လာလျှင် ဘူဇွာတို့က ဤသို့ လာဘ်မြင်သည်။ ဘယ်ကွေ့တွင် ဘယ်တက်နှင့် လှော်ရမည်ကို နောကြေနေပြီးဖြစ်၏။ ထို့ကြောင့်ပင် ဘူဇွာ ဖြစ်နေသည် မဟုတ်ပါလား။

+++++

မနက်နိုးထလာတော့ သွားတိုက်စရာ သွားပွတ်တံ အပိုမရှိသဖြင့် ဘူဇွာသည် ဆားရေနှင့်သာ ပလုတ်ကျင်းခဲ့သည်။ ဆရာတော် နိုးလာပြီးသည့်နောက် မောင်ကျောက် ဖျော်ထားပေးသည့် ကော်ဖီနှင့် ပေါင်မုန့်ထောပတ်သုတ် တစ်ချပ်ကို ထိုင်စားနေ၏။ ဘုန်းဘုန်းကတော့ အရုဏ်ဆွမ်း ဘုန်းပေးပြီးဖြစ်သဖြင့် ကော်ဖီတစ်ခွက်သာ သောက်နေသည်။

“ညက ကောင်းကောင်းမှ အိပ်ရရဲ့လား ဒကာလေး…”

“အိပ်ပျော်ပါတယ် ဘုရာ့…” ဘူဇွာက ကော်ဖီတစ်ကြိုက် မော့ရင်း ပြန်ဖြေလိုက်သည်။

“ဒါနဲ့ စကားမစပ်… ဒကာလေး ဘာကိစ္စနဲ့ ဒီကို လာခဲ့တာလဲ။” ဘုန်းဘုန်းက သိလျက်နှင့်ပင် မေးမြန်းလိုက်သည်။

ဘူဇွာ မလာခင်ကတည်းက ဤပြဿနာသည် ဘုန်းဘုန်းထံသို့ ပေါက်ကြားထားပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘူဇွာ ဆိုင်ဖွင့်ထားသော Troy မြို့ထဲတွင် ဘုန်းဘုန်း၏ လက်ရင်းတပည့် ဒကာတစ်ယောက် ရှိနေသည် မဟုတ်ပါလား။ ဖြစ်ပျက်သမျှ အလုံးစုံကို ဘုန်းဘုန်း သိရှိနေပြီး ဖြစ်သော်လည်း ပို၍သေချာစေရန် ဘူဇွာ့ကို မေးမြန်းလိုက်ခြင်းလည်း ဖြစ်သည်။

ဘူဇွာသည် ပေါင်မုန့်ကို ကုန်အောင်စားပြီးမှ ပြောဆိုလိုက်သည်။ “သူတို့တွေ ရန်ဖြစ်ကြတယ် ပြောတယ်။ ထိုးကြကြိတ်ကြ ဖြစ်ကြတယ် ပြောတာပဲ။ တပည့်တော် ကောင်လေးကလည်း ရောက်တာမကြာသေးဘူး။ စိတ်ဆတ်တယ်နဲ့ တူပါတယ်။”

ဆရာတော်က နားထောင်၍သာ နေလိုက်၏။ ဘာမှတော့ မှတ်ချက်မပေးခဲ့ပါ။

ဘူဇွာက ဆက်ပြောနေလိုက်သည်။ “အဆင်ပြေအောင်တော့ ညှိနှိုင်းရမှာပဲ ဦးဇင်းရယ်… ဖြစ်လာပြီဆိုမှတော့ ဖြေရှင်းဖို့ နည်းလမ်း ရှာရတော့မှာပေါ့။ အလုပ်ထုတ်ပစ်တာ… ဘာညာ… ဆိုတာ သူ့အတွက်လည်း မကောင်းသလို ကိုယ်လည်း အခက်အခဲ ဖြစ်သွားနိုင်တယ်လေ။”

ဆရာတော်သည် “အင်း” တစ်လုံးသာ မိန့်လိုက်တော့သည်။ ပြီးနောက် ခေါင်းတညိတ်ညိတ်ဖြင့် ကော်ဖီကို ဖြည်းညင်းစွာ ဇိမ်ယူသောက်နေလိုက်သည်။

ဘူဇွာသည် သေသေချာချာ စဉ်းစားနေပြီးမှ စကားဦးသန်းလိုက်သည်။ “တပည့်တော် ကျောင်းကို အရင်ဝင်လာခဲ့တာ တခြားအရေးကြီးတာလေးလည်း လျှောက်တင်စရာ ရှိနေလို့ပါ။”

ဆရာတော်က ဆက်ပြောပါဆိုသော မျက်နှာပေးဖြင့် နားစွင့်နေလိုက်သည်။

ဘူဇွာက ဆက်၍ရှင်းပြလိုက်သည်။ “နောက်လထဲမှာ တပည့်တော် အလှူတစ်ခု လုပ်ချင်လို့ပါ ဘုရာ့။”

“ဆွမ်းကျွေးအလှူလုပ်မလို့လား…” ဆရာတော်က မေးမြန်းလိုက်၏။

“တင်ပါ့ဘုရား…”

“အဲဒီတော့ ဦးဇင်းက ဘာလုပ်ပေးရမှာလဲ။”

ဘူဇွာ သေသေချာချာ စဉ်းစားနေပြီးမှ စကားကို ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ “ဆွမ်းဘုန်းပေးချိန်ကျရင် ဒီအနီးတဝိုက်မှာရှိနေတဲ့ ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ချင်ပါတယ် ဘုရာ့။ ပြီးတော့ တရားပွဲလေးလည်း လုပ်ချင်ပါသေးတယ်။ ဆွမ်းကျွေးပြီးသွားရင်တော့ တပည့်တော်ရဲ့ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို ဖိတ်ကျွေးချင်ပါတယ်။ အတီးအမှုတ်လေးလည်း နည်းနည်းလောက်ပါရင် ကောင်းမလားလို့ပါ ဘုရာ့။” ဘူဇွာက သွေးတိုးစမ်းပြီး မေးမြန်းလိုက်၏။

“ဘာအတွက်များလည်း ဒကာလေးရဲ့…” ဆရာတော်က နားမလည်ဟန်ဖြင့် မေးမြန်းလိုက်သည်။

ထိုမေးခွန်းကို ပြန်ဖြေရန် ဘူဇွာ တော်တော်လေး အခက်အခဲ တွေ့သွားခဲ့လေသည်။ ဆရာတော်ကို ဘာအတွက်ဟု ပြောပြလိုက်ရလျှင် ကောင်းမည်လားဟုလည်း စဉ်းစားနေလိုက်၏။ မပြောလို့လည်းမဖြစ်… တော်သေး၏။ မောင်ကျောက်သည် ဤနေရာတွင် ရှိမနေချေ။ သူ့အခန်းထဲတွင် ကျိုးနေပုံရသည်။

“တပည့်တော်… ရဲ့ မင်္ဂလာဆွမ်းကျွေး လုပ်ချင်လို့ပါ ဘုရာ့။”

ဘူဇွာ၏ အဖြေစကားကို ကြားလိုက်ရသော ဆရာတော် ဦးပညာသည် အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ သူ သိရသလောက်… ဤဒကာလေးသည် မိန်းမယူဖို့ စဉ်းစားထားသူတစ်ယောက် မဟုတ်ချေ။

မိဘများ သဘောတူ ပေးစားထားသော မြန်မာပြည်မှ ဆရာဝန်မလေးကိုပင် အီးအဲလုပ်ကာ အချိန်ဆွဲထားနေသော ဒကာလေး… မိန်းမယူရန် စိတ်ကူးမရှိသေးပါဟု ကြုံတွေ့တိုင်း ပြောပြခဲ့သော ဒကာလေး… ဘာစိတ်ကူးများ ပေါက်ပြီး မိန်းမယူချင်စိတ် ပေါက်လာရပါသနည်း။…

သို့သော် ဤကိစ္စများသည် ဆရာတော် မေးမြန်းစပ်စုရမည့် အရေးကိစ္စများမဟုတ်…။ သူသည် လောကီရေးရာများနှင့် သံယောဇဉ် ဖြတ်ထားသော သံဃာတော်တစ်ပါး မဟုတ်ပါလား။…

ထို့ကြောင့် ဆရာတော်သည် ဘာမှ မမေးမြန်းတော့ဘဲ ခေါင်းညိတ် သဘောတူလိုက်လေတော့သည်။ သို့သော် မေးဖြစ်အောင်တော့ မေးမိခဲ့သေး၏။ “ဒကာလေးက မိန်းမ တကယ်ယူတော့မယ်ပေါ့လေ…”

ပြုံး၍မေးမြန်းလာသော ဆရာတော်၏ အမေးစကားကို ဘူဇွာတစ်ယောက် ခေါင်းလေးစောင်းငဲ့ကာ ညိတ်ပြ ဖြေဆိုလိုက်၏။ သူ့မျက်နှာတွင်တော့ ပါးနှင့်နား ချိတ်နေသော အပြုံးကြီးတစ်ခု တောက်ပစွာ ထွက်ပေါ်နေ၏။ ထိုအပြုံးတွင် လျှို့ဝှက်ချက်များ မြှုပ်နှံထားသည်ဟု ဆရာတော် ယူဆမိ၏။ ဘာမှန်းတော့မသိ…

ဘူဇွာသည် အသံတိုးတိုးလေးဖြင့် ဆက်ပြောနေလိုက်၏။ “ဘုန်းဘုန်း… ဘယ်သူ့ကိုမှတော့ သွားမပြောနဲ့နော်… တပည့်တော်က အားလုံးကို အံ့အားသင့်သွားစေချင်လို့ပါ။”

ဘူဇွာ၏မျက်နှာအမူအရာများကို အကဲခတ်နေသော ဆရာတော် နားလည်လိုက်ပါသည်။ ထူးထူးဆန်းဆန်း အလုပ်များကို လုပ်ကိုင်ဆောင်ရွက်တတ်သော သူ့တပည့်၏ စိတ်ဓာတ်ကလေးကို သိနေပါသည်။ ထို့ကြောင့်-

“စိတ်ချပါ ဒကာလေးရဲ့… ဦးဇင်း ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါပေသိ… လူတွေကိုတော့ ဒကာလေး အသိပေးဖိတ်ကြားမှာ မှုတ်လား။”

ဘူဇွာတစ်ယောက် လေးတွဲ့စွာ ခေါင်းညိတ်ပြလိုက်လေတော့သည်။ မှတစ်ပါး အခြားမရှိသည် မဟုတ်ပါလား။…

သို့သော် ဘူဇွာတစ်ယောက် သဘောကျစွာ ပြုံးနေလေသည်။

0 Comments: