Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၄) ဘူဇွာညှိနှိုင်းရေးဝိဇ္ဇာ
ဆရာတော်ကို လျှောက်ထားပြီးစရာများ လျှောက်ထားပြီးသည်နှင့် ဘူဇွာ အနီးဆုံး ဘဏ်ရှိရာသို့ သွားခဲ့၏။ ပြီးနောက် စာအိတ်ကလေးတစ်အိတ်ထဲတွင် ဒေါ်လာ ၂၀၀၀ ထည့်ပြီး ဘုန်းဘုန်း အထွေထွေသုံးရအောင်ဆိုပြီး ကပ်လှူခဲ့သည်။ ပြီးသည်နှင့် ဘုန်းဘုန်းတို့ကို နှုတ်ဆက်ပြီး ထရွိုင်မြို့ဘက်ကို မောင်းထွက်လာခဲ့တော့သည်။ စီစဉ်စရာရှိသည်များကို ဘုန်းဘုန်းနှင့် အသေးစိတ် တိုင်ပင်ခဲ့ပြီးဖြစ်၏။ ခေါင်းရှုပ်စရာတစ်ခု ပေါ့ပါးသွားခဲ့သော်လည်း နောက်ထပ်တစ်ခုကို ထပ်ရှင်းရပေဦးမည်။
ကားအကြီးကြီးများကို သူ ကြိုက်ရခြင်း၏ နောက်တစ်ချက်မှာ သူ၏ခန္ဓာကိုယ် အရွယ်အစားကြောင့်လည်းဖြစ်သည်။ သူလို ထောင်ထောင်မောင်းမောင်းနှင့် ဝလွန်းသူတစ်ယောက်အတွက် ကားငယ်လေးများကို စီး၍မရပါ။ ကားမောင်းလျှင်လည်း ခုံကို နောက်သို့ တော်တော်လေး ဆုတ်ထားပြီးမှ ဇိမ်ကျစွာ မောင်းလေ့ရှိသည်။ မာဖီးယားများကို သဘောကျသော ဘူဇွာသည် လူမည်းဂိုဏ်းစတားများ ကားမောင်းသည့်ဟန်ကိုလည်း နှစ်သက်တတ်သေးသည် မဟုတ်ပါလား။
ဘုန်းကြီးကျောင်းနှင့် ထရွိုင်မြို့ရှိ သူဖွင့်ထားသော ဆူရှီဆိုင်ကို အနည်းဆုံး ၄၅ မိနစ်ခန့် မောင်းရဦးပေမည်။ ကားမောင်းနေရင်းနှင့် Bluetooth ဖွင့်ပြီး ဖုန်းကို အမိန့်ပေးလိုက်သည်။ “Call: Phone”
ကားစပီကာမှ မိန်းမအသံတစ်ခု ထွက်ပေါ်လာသည်။ “Please say a name or number.”
ဘူဇွာက ငါးပိသံ ခပ်တစ်တစ်ဖြင့် ဆက်ပြောလိုက်သည်။ “Ko Win”
ထိုအခါ မိန်းမသံ ထပ်ထွက်လာပြန်သည်။ “Did you say: Kareem?”
ဘူဇွာ စိတ်တိုသွားသည်။ ဒါကြောင့် ဒီစနစ်ကြီးကို မုန်းမိတာ… ကားမောင်းရင်း ဖုန်းကို လက်ကိုင်ထားပြီး မပြောရ ဆိုသည့် ဥပဒေ နယူးယောက်ပြည်နယ်တွင် ထွက်ပေါ်လာသည်မှာ ၂၀၀၆ ကတည်းလောက်ကဖြစ်၏။ ပြီးတော့ အီရန်လူမျိုး သူ၏ မိတ်ဆွေတစ်ယောက်ဖြစ်သူ၏ နာမည်ကို လာရွတ်ပြနေသေး၏။ ဘူဇွာ ဖြဲအော်လိုက်သည်။ “NO…”
မိန်းမအသံ ထွက်ပေါ်လာပြန်သည်။ “Did you say: Ko Win?”
နောက်ဆုံးမှ အမှန်ထွက်လာသော နာမည်ကြောင့် ဘူဇွာ နည်းနည်းတော့ စိတ်ကျေနပ်သွား၏။ “YES.”
မိန်းမအသံ ထပ်မံထွက်ပေါ်လာပြန်သည်။ “Do you want to call: Home?”
ဘူဇွာ စိတ်မရှည်တော့။ ဖြဲအော်လိုက်ပြန်သည်။ “NO.”
နောက်ကြည့်မှန်ထဲမှ ကြည့်လိုက်သော် NY State Trooper (ပြည်နယ်ရဲ) ကားတစ်စီး သူ့ကားနောက်တွင် ကပ်ပါလာကြောင်း တွေ့နေရ၏။ ဘူဇွာ မောင်းနေသည့် အရှိန် နည်းနည်းလျှော့လိုက်သည်။
“Do you want to call: Cell?” တစ်ချိန်တည်းမှာပင် မိန်းမအသံ ထွက်ပေါ်လာပြန်သည်။
ဘူဇွာ စိတ်မရှည်စွာ ထပ်အော်လိုက်သည်။ “YES.”
မိန်းမအသံ ထပ်ထွက်လာပြန်သည်။ “Calling… Ko Win…. Cell.”
တီတီ… ဆိုသော ဖုန်းခေါ်သံ ထွက်ပေါ်လာမှ ဘူဇွာ သက်ပြင်းချလိုက်၏။ ဖုန်းတစ်ခါ ခေါ်ဖို့အရေး… လိပ်ခေါင်းထွက်အောင် အော်လိုက်ရသည်ကို သူ လုံး၀ မကျေနပ်… မတတ်နိုင်… သူ့နိုင်ငံမှာနေမှတော့ သူ့ဥပဒေကိုတော့ လိုက်နာရပေမည်။ မဟုတ်လျှင် ဒဏ်တပ်ခံရပါက ယဉ်မောင်းလိုင်စင်တွင် ပွိုင့်ထိမည်ဖြစ်သလို ပိုက်ဆံလည်း ထပ်ကုန်ဦးမည်။
“ဟဲလို… ကိုဝင်းလား…” သူပြောနေစဉ်မှာပင် ပြည်နယ်ရဲကားက သူ့ကားကို ဖြတ်ကျော်သွားသည်။ ကားကျော်သွားရုံမကသေး… သူ့ကိုလည်း တစ်ချက် စောင်းကြည့်သွားသေး၏။ “ကြွက်မသား” ဟု ဘူဇွာ စိတ်တွင်းမှ ကျိန်ဆဲလိုက်သည်။
“ကိုဝင်းလား… အေး… ကြားတယ်။ ကျနော်ကားမောင်းနေလို့… အေး… ကျနော် လာနေပြီနော့်… အမ်း… နောက် နာရီဝက်လောက်ဆိုရင် ရောက်မယ်ထင်တာပဲ။ ကားတော့မကြပ်ပါဘူး။ အိုကေ.. အိုကေ.. ခဏနေရင်တွေ့မယ်။ ခင်ဗျား ဆိုင်မှာပဲ ရှိမှာ မဟုတ်လား။… ဪ… ဟုတ်ပြီလေ… ကျနော် ရောက်တဲ့အချိန်နဲ့ဆို ကွက်တိလောက် ဖြစ်မှာပါ။ ခင်ဗျားကို ဆိုင်ကိုပဲ လာခေါ်တော့မယ်။ ဟုတ်ပြီလား… ပြီးမှ ဖိုးခွားဆီ သွားကြတာပေါ့။ အိုကေ… အိုကေ… တွေ့မယ်လေ။ ဒါပဲနော်…”
ဖုန်းချအပြီးတွင် ဘူဇွာ သက်ပြင်းချလိုက်သည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းရမည်မှန်း သူ စဉ်းစားရဦးမည်။ ဖိုးခွားက ရဲကိုတိုင်မည် ဟု ပြောခဲ့သည်။ သူ့ဆီကို ဖိုးခွား အရင်ဆုံး ဖုန်းဆက်ခဲ့လာခြင်းဖြစ်၏။ နောက်မှ ကိုဝင်း ဆက်လာခဲ့ပြီး ခိုညည်းသံလိုမျိုးဖြင့် ရှည်လျားထွေပြားစွာ ညည်းပြခဲ့၏။ သူ စိတ်ရှည်စွာ နားထောင်ခဲ့ပါသည်။ “ကျနော် လာခဲ့မယ်။” ဟု စကားစ ဖြတ်ထားခဲ့လိုက်သည်။ ယခုတော့ သူ တကယ်ပင် ရောက်ရှိလာခဲ့ချေပြီ။
+++++
ကိုဝင်းကို စတွေ့စဉ်တုန်းက ဘူဇွာ လွန်စွာမှပင် အံ့အားသင့်သွားခဲ့သည်။ သူနှင့် ဖုန်းပြောစဉ်တုန်းက လက်တွင် ပတ်တီးစီးထားရသော အကြောင်းအရာများ လုံးဝမဟခဲ့ချေ။ လက်သီးနှင့် စထိုးသူမှာ ကိုဝင်းဖြစ်သော်လည်း လက်တွင် ပတ်တီးစီးထားသည်မှာလည်း ကိုဝင်းပင်ဖြစ်နေ၏။ ကားပေါ်မှ သူ ဖုန်းဆက်စဉ်က ကိုဝင်းသည် ဆေးခန်း ခဏသွားနေလို့ဟု သူ့ကို ပြောခဲ့သည်မဟုတ်ပါလား။ သူထင်ထားခဲ့သည်က ကိုဝင်း၏ မိသားစုဝင် တစ်ယောက်ယောက်များ နေမကောင်းလို့ ဆရာဝန်ဆီရောက်နေသည်ဟု… ကိုဝင်းကို မေးကြည့်တော့မှ ဖိုးခွား၏ ဦးခေါင်းကို ထိုးမိခြင်းဖြစ်သောကြောင့် သူ့လက်ရောင်နေတာဖြစ်ကြောင်း သိခဲ့ရပြန်သည်။ မာလိုက်တဲ့ ဖိုးခွားခေါင်း…
ဖိုးခွား၏အိမ်ကိုရောက်သော် နေ့လည် ထမင်းစားချိန်ပင် ရောက်နေချေပြီ။ ကိုဝင်းပါနေ၍ထင့်… ဖိုးခွားသည် “ထမင်းစားပါလား” ဟုပင် သူ့ကို အရေးမလုပ်တော့။ သံတမန်နည်းလမ်းကို အသုံးချရမည်ဖြစ်မှန်း ဘူဇွာ ကောင်းစွာ သိရှိနေပါသည်။ ထို့ကြောင့်ပင် စကားစပြောလိုက်၏။ “ဘာတွေချက်ထားတာလဲကွ… ဖိုးခွား… ငါလည်း ဗိုက်ဆာနေပြီကွာ… ထမင်းပိုနေတယ် မဟုတ်လား။”
ထမင်းကို ခပ်မြန်မြန်စားနေသော ဖိုးခွားသည် ထရပ်လာခဲ့ပြီး ဘူဇွာ့ကို ခူးခပ်ပေးလိုက်၏။ “ဟင်းတွေတော့ သိပ်မကောင်းဘူး အစ်ကိုရာ… စားနိုင်တယ်ဆိုရင်တော့ အဝသာ စားပါ။”
ဖိုးခွားသည် တစ်ယောက်တည်းသမားဖြစ်၍ နေထိုင်သည့်အခန်းမှာလည်း ရှုပ်ပွနေ၏။ မည်သည့် ပရိဘောဂပစ္စည်းမှလည်း မရှိချေ။ ခုတင်တစ်လုံးနှင့် အိပ်ယာတစ်ခုအပြင် အခန်းတွင်း၌ အပိုရှိနေသည်ဆို၍ သူ၏ ကွန်ပြူတာ အဟောင်းလေးတစ်လုံးကိုသာ တွေ့ရလေသည်။
ဘူဇွာသည် ထမင်းနှင့်ဟင်းကို ပန်းကန်လုံးတစ်လုံးထဲတွင်ပင် ပုံပက်ပြီး ဇွန်းတိုလေးနှင့် ပါးလုတ်ပါးလောင်း စားနေလိုက်သည်။ သူ စားနေသည့်ပုံကိုကြည့်ပြီး ကိုဝင်းပင် သွားရည်တမြားမြား ကျလာရလေသည်။
ဟင်းများက တကယ်လည်း အရသာရှိမည့်ပုံပင်။ ငါးပိရည်ကျို၊ တို့စရာမြှုပ်စရာ အသီးအရွက်စိမ်းများနှင့် ငါးကြော်များဖြစ်သည်။ ငရုတ်သီးစိမ်းတောင့်တစ်တောင့်ကို ကိုက်စားလိုက်သော ဘူဇွာ၊ ရှုးရှဲ ဖြစ်သွားရ၏။ စားပွဲတွင် တွေ့နေရသော မတ်ခွက်တစ်လုံးကို ရုတ်တရက် ကောက်ဆွဲလိုက်ပြီး လက်ဆေးကန်ထဲရှိ ရေပိုက်မှ ရေခံပြီး သောက်လိုက်သည်။ ဘူဇွာ့ကို ကြည့်ရသည်မှာ ဘောစိတစ်ယောက်ဟန် လုံးဝမရှိ။ ကိုယ့်အိမ်မှာကိုယ် ထမင်းစားနေသလိုမျိုး သက်တောင့်သက်သာ ရှိလှသည်။ ပြီးနောက် အစားအသောက်ကောင်းကို ဇိမ်ရှိရှိ မက်မောစွာ စားသောက်တတ်သော သူ၏ အကျင့်စရိုက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်းကိုလည်း ကိုဝင်း သိရှိနေပါသည်။ သို့သော် ဘူဇွာသည် ဘူဇွာပင် မဟုတ်ပါလား။
ထမင်းစားပြီးသည်နှင့် ဘူဇွာက ပါးလုတ်ကျင်းပြီး ပြောဆိုလိုက်သည်။ “ဒီလိုလုပ်ကွာ ဖိုးခွား… ဖြစ်ခဲ့တာတွေကို မင်းပြောပြလို့ ငါလည်းသိပြီးနေပါပြီ။ ကိုဝင်းလည်း ပြောပြခဲ့ပါတယ်။ အဲဒီတော့ ထားလိုက်တော့… ဟုတ်ပြီလား… ရဲကိုလည်း မတိုင်ပါနဲ့တော့ကွာ။ အမှုအခင်းဖြစ်ပြီဆိုရင် မင်းလည်း မကောင်းဘူး၊ ငါတို့လည်း မကောင်းဘူး။ နှစ်ဦးနှစ်ဘက် အကျိုးမရှိပါဘူး.. ဟုတ်ပြီလား။ နောက်ပြီး ရှေ့နေရှေ့ရပ်တွေနဲ့ အချိန်ကုန်၊ ပိုက်ဆံကုန်ပါတယ်။ အလုပ်လည်းပျက်တယ်။”
“ကျနော်က ပါးစပ်နဲ့ပဲ ပြောတာ အစ်ကိုရ… သူက စ ထိုးတာ။” ဖိုးခွားက ကိုဝင်းကို မကြည့်ဘဲ ပြောလိုက်သည်။
“အေးပါကွာ… ငါသိပါတယ်။” ဘူဇွာက ဘာမှ မဖြစ်သလိုပင် ပြောလိုက်သည်။
“စကားမစပ်… မင်းအခန်းက ဘယ်လောက်ပေးရလဲ။”
ဘာမှ မသက်ဆိုင်သည့် မေးခွန်းကို မေးမြန်းလာသည့်အတွက် ဖိုးခွား ခဏတော့ ကြောင်သွားသည်။ ပြီးနောက်- “ ၃၅၀ ပေးရတယ်အစ်ကို… ရေမီးအစုံပါတယ်။ ဒါပေမဲ့ ကျနော်နေတဲ့ ဒီအခန်းလေးကို အစ်ကိုလည်း တွေ့ပါတယ်။ ကျန်တဲ့လူတွေ အားလုံးနဲ့ ရှဲနေရတာဆိုတော့လေ… အကောင်းကြီးမဟုတ်ပေမယ့် သူ့တန်ဖိုးနဲ့သူတော့ နေပျော်ပါတယ်။” ဟု အူကြောင်ကြောင်ပြန်ဖြေလိုက်၏။
ဘူဇွာက မေးစေ့ကို ပွတ်နေပြီး ဆက်ပြောလိုက်သည်။ “ဒါနဲ့ မင်းရဲ့ လက်ကိုင်ဖုန်းဖိုး၊ အင်တာနက်ဖိုးနဲ့ အထွေထွေ အသုံးစရိတ်တွေနဲ့ဆို တစ်လတစ်လ ၆၀၀ အောက် မကဘူးနဲ့တူတယ်။”
ဖိုးခွားကို စကားပင် ပြောခွင့်မပေးတော့ဘဲ ဘူဇွာတစ်ယောက်တည်း ဆက်ပြောနေလိုက်သည်။ “ဒီလိုလုပ်ကွာ… ဖိုးခွား… ဖြစ်ခဲ့တာတွေအားလုံးကို မေ့ထားလိုက်ပါတော့… ဟုတ်ပြီလား။ ငါတို့ မင်းကို တစ်ပတ်ကို ၅၀ ပိုပေးပါ့မယ်။ မင်းအတွက် ငွေနှစ်ရာလောက် တစ်လတစ်လ အပိုထွက်လာတာပေါ့၊ ဟုတ်ဘူးလား။”
ဖိုးခွား စဉ်းစားနေ၏။ ကိုဝင်းကိုတော့ လုံးဝမကျေနပ်။ အလုပ်သမားတစ်ယောက်ကို လူတစ်ယောက်လို မထင်သော အလုပ်ရှင်ဖြစ်သူကို သူလုံး၀ ကြည့်လို့မရ။ ပိုက်ဆံနည်းနည်း ပိုပေးမည်ဆိုသည်ကိုတော့ စဉ်းစားရပေမည်။ သူငွေစုနေ၏။ ယိုးဒယားနယ်စပ်တွင် ကျန်ရှိခဲ့သည့် ပူပူနွေးနွေးလက်ထပ်ထားခဲ့ပြီးမှ ခွဲခွာလာခဲ့ရသော မိန်းမကိုလည်း ခေါ်ရဦးမည် မဟုတ်ပါလား။ ဖိုးခွားသည် ကရင်လူမျိုး တစ်ယောက်ဖြစ်ပြီး ဤနိုင်ငံသို့ ဒုက္ခသည်အဖြစ် ထိုင်းနယ်စပ်မှ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာကို စိတ်ဝင်တစား သင်ကြားလာခဲ့သော ဖိုးခွားတစ်ယောက် ဤနိုင်ငံသို့ ရောက်လာကတည်းက သိပ်ပြီး အခက်မခဲမရှိလှချေ။ မည်သည့်အလုပ်ကိုမဆို အလွယ်တကူ ရရှိနိုင်ပေသည်။
သို့သော် ရသည့် လခချင်းအတူတူ၊ သူ့အိမ်မှ လမ်းလျှောက်၍သွားနိုင်သော ဤအလုပ်ကလေးကိုတော့ သဘောကျမိသည်။ ဘတ်စ်ကားစီးရန် မလိုအပ်သလို ကားဝယ်ရန်လည်း မလိုအပ်တော့ချေ။ ပိုက်ဆံလည်း ပိုစုနိုင်မည်ဖြစ်သည်။ ယခု သူ့ကို လခတိုးပေးမည်ဟု ပြောဆိုလာသော ကမ်းလှမ်းချက်ကို သေသေချာချာ စဉ်းစားရပေမည်။ အမှန်တော့ ဖိုးခွားအတွက် ခေါင်းညိတ်ဖြေဆိုရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ သို့သော် နည်းနည်းတော့ မူပြလိုက်ဦးမည်ဟု စဉ်းစားထား၏။
စဉ်းစားခန်းဝင်နေသော ဖိုးခွားကို ဘူဇွာ သိပ်စိတ်မရှည်တော့။ ဒီကောင် ပဲများနေသည်ဆိုသည်ကို သူသိနေပါသည်။ သို့သော် ဘာမှမပြောဘဲ အကဲခတ်၍သာ နေလိုက်၏။ ကိုဝင်းကတော့ မျက်ခုံးခပ်လှုပ်လှုပ် ဖြစ်နေ၏။ ဒီလောက် ပိုက်ဆံအများကြီး တိုးပေးရသလားဟု ဘူဇွာကိုလည်း စိတ်တွင်းမှ ကြိတ်ပြီး ဒေါသထွက်နေ၏။ သို့သော် လမ်းတွင် ဘူဇွာက သူ့ကို ပြောခဲ့လေသည်။ “ကဲ… ကိုဝင်း… ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးသွားပြီဗျာ။ ကျနော် ရှင်းမယ်… ဟုတ်ပြီလား။ ခင်ဗျား ဘာမှ ဝင်မပြောနဲ့။”
ဖိုးခွားက စဉ်းစားနေဟန်ဖြင့် သွေးတိုးစမ်းလိုက်သည်။ “၅၀ ပဲလား အစ်ကိုရာ… ကျနော့်ကို မွေ့ယာစက်ရုံကလည်း အလုပ်ခေါ်နေတယ်။ ဒီ့ထက်တောင်မှ ပိုရသေးတယ်ဗျာ။ ဒီအလုပ်လေးကို ကျနော် လုပ်နေတယ်ဆိုတာကလည်း အစ်ကို့ကို ခင်တဲ့ သံယောဇဉ်နဲ့ပါ။ ပြီးတော့ အိမ်နဲ့က နီးနီးလေးရယ်။”
ပဲများပြီး မူနေသော ဖိုးခွားကို ဘူဇွာ စိတ်မရှည်နိုင်တော့။ ဖိုးခွား စဉ်းစားနေသည့်အကြောင်းအားလုံးကို သူမပြောခင်ကတည်းက ဘူဇွာ သိနေပြီးသားဖြစ်၏။ သို့သော် ဤနေရာတွင် သည်းခံ၍ စကားပြောဆိုခြင်းသာ ဖြေရှင်းသည့် နည်းလမ်းအမှန်ဖြစ်ကြောင်း ဘူဇွာ သိရှိနေလေသည်။
ထို့ကြောင့် နောက်တစ်ဆင့် တက်လှမ်းပြီး ကမ်းလှမ်းလိုက်သည်။ “မင်း ဘယ်နေ့တွေ အလုပ်လုပ်တာလဲ။”
ဖိုးခွားက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။ “တစ်ပတ်ကို ၅ ရက်ခွဲလေ အစ်ကိုရဲ့… မေ့သွားပြီလား။”
“အေးပါကွာ.. သေချာအောင် မေးကြည့်တာပါ။ မင်းရဲ့ ပိတ်ရက်က ကြာသာပတေးနေ့နော်။ ဟုတ်လား။”
ဖိုးခွားက ခေါင်းညိတ်ဖြေဆိုလိုက်၏။
ဘူဇွာက သေသေချာချာ စဉ်းစားနေဟန်ဖြင့် ပြောဆိုလိုက်၏။ “ဒီလိုလုပ်ကွာ… တနင်္ဂနွေနေ့ကို ပိတ်ရက်ယူလိုက်။ ဟုတ်ပြီလား။ မင်းလည်း ဘုရားကျောင်း မသွားရတာ ကြာပြီဆိုတော့… စနေနေ့ကိုလည်း အလုပ်များမှသာ လာကူပေါ့ကွာ။ အလုပ်သိပ်မရှုပ်တဲ့နေ့ဆိုရင်လည်း အနားယူပေါ့။ ဟုတ်ပြီနော်။”
ဘူဇွာက ထပ်ဖြည့်ပြောလိုက်သည်။ “ပြီးတော့ အခု ငါ ပြန်ရင် နယူးယောက်ကို လိုက်ခဲ့ကွာ။ မင်းကို တစ်ပတ် ခွင့်ပေးမယ်။ ငါ့အိမ်မှာပဲတည်း… ဟုတ်ပြီလား။ ပြီးတော့ မင်းသွားလည်ချင်တဲ့နေရာတွေကို ငါ အားရင် လိုက်ပို့ပေးမယ်။”
ဖိုးခွားတစ်ယောက် ဤကမ်းလှမ်းချက်ကို ငြင်းပယ်နိုင်စွမ်း မရှိတော့ပါ။ သူသည် ခရစ်ယန်ဘာသာဝင် ကရင်လူမျိုးတစ်ယောက်ဖြစ်သောကြောင့် ဘုရားကျောင်းကို တနင်္ဂနွေနေ့မှာ သွားချင်သည်မှာလည်း မှန်၏။ နယူးယောက်စီးတီးကို တစ်ပတ်အနားရပြီး သွားလည်ရမည်ဆိုသည်ကိုလည်း စိတ်ဝင်စားသွားသည်။ ပန်းသီးမြို့တော်ကြီးကို သူ တစ်ခါမှ မရောက်ဖူးဘူး မဟုတ်ပါလား။ မိုးမျှော်တိုက်ကြီးများကို ငေးကြည့်ချင်သည်၊ တိုင်းမ်စကွဲကို သွားကြည့်ချင်သည်၊ ပြီးတော့ အင်ပါယာစတိတ် အဆောက်အဦကြီးကိုလည်း တက်ကြည့်ချင်နေမိသည်။ အမွှာညီနောင် ဝေါလ်ထရိတ်စင်တာကြီး ပြိုကျသွားပြီးနောက် အမြင့်ဆုံးကျန်ခဲ့သည့် အဆောက်အဦဆို၍ အင်ပါယာစတိတ်ကြီးသာ ကျန်ရှိတော့သည် မဟုတ်ပါလား။ နောက်တစ်ကြိမ် ထို အဆောက်အဦကြီးကို ထပ်မဖြိုကြဘူးဟု မည်သူကများ ပြောနိုင်ပါမည်နည်း။ နောက်ပြီး လစ်ဘာတီ ရုပ်တုကြီးတွင်လည်း ဓာတ်ပုံလေးဘာလေး သွားရိုက်ပြီး ထိုင်းနယ်စပ်ရှိ မိန်းမကို ကြွားရဦးမည်ဟု တေးမှတ်ထားလိုက်တော့သည်။
+++++
ဘူဇွာ၏ အပြန်လမ်းတွင် လူပိုတစ်ယောက် ကားပေါ် ပါလာခဲ့လေသည်။ သူ၏ သွက်သွက်လက်လက် ချက်ချက်ချာချာ ဖြင့် ဆုံးဖြတ်ချက်မှန်ကန်စွာ၊ အပေးအယူမျှတစွာ ကမ်းလှမ်းနိုင်ခဲ့ခြင်းကို ဂုဏ်ယူနေမိ၏။ သူ့ကိုယ်သူ ရုပ်ရှင်မင်းသားကြီး ကယ်ဗင်စပေစီ၏ The Negotiator ဇာတ်ကားထဲမှ အမူအရာများလို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း အတွေးပွားရင်း ကားမောင်းနေလိုက်တော့သည်။
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်