Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၅) ဘူဇွာပြေးပြီ
ဖိုးခွားကို ပန်းသီးမြို့တော်ကို ခေါ်လာပြီးသည့်နောက် ပြောခဲ့သည့်အတိုင်းပင် ဘူဇွာတစ်ယောက် ကောင်းကောင်းကြီး ပြုစုခဲ့ပါသည်။ ဖိုးခွားမရောက်ဖူးသည့်နေရာများကို အပင်ပန်းခံကာ လိုက်ပို့ပေးခဲ့၏၊ ပြီးနောက် စားသောက်ဆိုင်ကောင်းကြီးများတွင်လည်း ခေါ်ယူကျွေးမွေးခဲ့သေးသည်။ အမဲသားကို ကင်၍စားရသော Steak House ဆိုသည့် အမေရိကန် အကင်ဆိုင်ကြီးတွင်လည်း ကျွေးမွေးခဲ့သေး၏။ နာမည်ကြီး Peter Luger ဆိုသော အကင်ဆိုင်ကြီးတွင် သေသေချာချာ သီးသန့်ဘွတ်ကင် (Reservation) လုပ်ပြီး ကျွေးမွေးခဲ့သည်။ ဖိုးခွား၏ ဘဝတွင် တစ်ခါမှ မစားဘူးသော အစားအသောက်များကို ဇိမ်ကျကျ စားသောက်ခဲ့ရ၏။ ထို့အတွက် ဖိုးခွားသည် ဘူဇွာအတွက်ဆိုလျှင် ဘာမဆို လုပ်ပေးမည့် လူယုံတစ်ယောက် ဖြစ်လာတော့ပေမည်။
ဘတ်စ်ကားပေါ်တက် ပြန်ခါနီးတွင် ဖိုးခွားသည် ဘူဇွာ့ကို ဦးချမတတ်ပင် လေးစားသွားခဲ့တော့၏။ ကိုဝင်းဆိုသော အလုပ်ရှင်နှင့် မည်သို့ကွာခြားကြောင်း ဖိုးခွားတစ်ယောက် ကောင်းကောင်းကြီး သိသွားခဲ့ချေပြီ။
စီးပွားရေးလုပ်ရာတွင် ရင်းနှီးရသည့်အရာများ ရှိနေကြောင်း ဘဝနာခဲ့သော ဘူဇွာ ကောင်းကောင်းကြီး သိနေ၏။ လုပ်ငန်းကြီးတစ်ခုကို လုပ်ကိုင်တော့မည်ဆိုလျှင် လူတစ်ယောက်တည်းဖြင့် မပြီးမြောက်နိုင်ကြောင်း သူ့ဘ၀နှင့်ရင်းပြီး လေ့လာခဲ့ပြီးဖြစ်သည်။ သစ္စာရှိ လူယုံများ လိုအပ်သည် မဟုတ်ပါလား။ ထိုသူများသည် တစ်ချိန်တွင် မိမိအတွက် အသုံးဝင်လာနိုင်လေသည်။
ဖိုးခွား ပြန်သွားပြီးမှသာ ဘူဇွာတစ်ယောက် သက်ပြင်းချနိုင်တော့သည်။ သည်တစ်ခေါက် ခရီးထွက်တာ ပိုက်ဆံတော်တော် ကုန်သွားပြီ။ အငယ်ကောင် လုပ်ချင်နေသော အသံသွင်း စတူဒီယိုငယ်လေး၏ အိပ်မက်သည်လည်း နောက်တစ်နှစ်သို့ ရွေ့လျားသွားခဲ့ချေပြီ။ မတတ်နိုင်… အရင်ဆုံးဖြေရှင်းရမည်များကို ခပ်မြန်မြန် ဖြေရှင်းလိုက်ခြင်းက အကောင်းဆုံး ဆုံးဖြတ်မှုဖြစ်ကြောင်း ဘူဇွာ သိနေ၏။ ထို့ကြောင့် သူ့စိတ်ထဲတွင် မည်သို့မျှ မနေချေ။
+++++
သူ၏ အစီအစဉ်များအရ… နောက်တစ်လဖြစ်သော ဖေဖော်ဝါရီလလယ်လောက်တွင် လုပ်မည့်အလှူအတွက် ဘူဇွာ ဆိုင်းပြင်းရတော့မည်။ သူ့အတွက် အချိန် တစ်လခန့်ကျန်နေသေးသည် မဟုတ်ပါလား။ ဘူဇွာသည် ပြေးရန် စဉ်းစားထားပြီးဖြစ်၏။
ထိုအတွက်လည်း စီစဉ်ထားပြီးလေပြီ။ သူ့အတွက် ဖုန်း တစ်ချက်နှစ်ချက်လောက်သာ နှိပ်လိုက်ရုံရှိသည်။ အားလုံးအတွက် အဆင်ပြေစရာများ ရောက်ရှိလာပေလိမ့်မည်။
+++++
ရှမ်းပဲပုပ်တစ်ယောက် အလွန် အလုပ်ရှုပ်နေ၏။ ပရောဂျက်တစ်ခု ဝင်ရောက်လာသောကြောင့် အလုပ်ခွင်ထဲတွင် ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေရသည်။ မန်နေဂျာကလည်း ဒီလအကုန် အပြီးလိုချင်သည်ဟု Deadline ပေးထားသောကြောင့် ပို၍ပင် အလုပ်ရှုပ်နေရသေး၏။
အမှန်အတိုင်းပြောရလျှင် ဒီအလုပ်ကြီးကို သူ ကြိုက်လွန်း၍ လုပ်နေရသည်မဟုတ်။ မတတ်သာ၍သာ စားဝတ်နေရေးအတွက် လုပ်နေရခြင်းဖြစ်သည်။ ရှမ်းပဲပုပ်၏ ဝါသနာမှာ ငါးမျှားထွက်မည်၊ နေရာဒေသသစ်များကို လျှောက်သွားချင်သည်၊ ပြီးလျှင် ကိုယ်စိတ်ဝင်စားသော အင်ဂျင်နီယားရင်း ပရောဂျက်ငယ်လေးများကို စမ်းသပ်လုပ်ကိုင်ချင်သည်။ အားသည့်အချိန်များတွင်မူ စာလေးဘာလေး နည်းနည်းပါးပါး ရေးချင်၏။ ဘာရယ်မဟုတ်… စိတ်ဖျော်ဖြေမှုတစ်ခုအဖြစ် သူ့ကိုယ်သူ ရသေ့စိတ်ဖြေလုပ်ခြင်းပင်ဖြစ်သည်။
အလုပ်ခွင်ထဲတွင် Schematics များဖြင့် အလုပ်ရှုပ်နေသော ရှမ်းပဲပုပ်ထံ ဖုန်းတစ်ချက် ဝင်လာ၏။ ဖုန်းခေါ်ဆိုသည့်သူ၏ နာမည်ကို ဖုန်းထဲတွင် ခဏမျှ ကြည့်လိုက်ရာ… WMD (Weapons of Mass Destruction) ဆိုသော နာမည်ပေါ်လာသောကြောင့် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ သည်ကောင်ကြီးနှင့် ဖုန်းမပြောရသည်မှာ လပေါက်၍ပင်နေပြီဖြစ်၏။
“ဟေးဟေး… ဒီအချိန်ကြီး ငါ့ကို ဖုန်းခေါ်တာ ဘယ်သူများလဲလို့…. ယောက်ဖကြီး… ပျောက်ချက်သား ကောင်းလှချည်လား။”
“ဘယ်လိုလဲ… မင်းကော နေကောင်းရဲ့လား။ အားလုံး အဆင်ပြေရဲ့လား။… အေး… ငါ အလုပ်ထဲမှာလေ… ခဏနေဦး… နေ့လည် ထမင်းစားချိန်ရောက်တော့မယ်။ ငါ ပြန်ခေါ်လိုက်မယ်… အိုကေ…”
+++++
ဘူဇွာအတွက် သည်နေ့တော့ ဘာအလုပ်မှ ပြီးမြောက်မည့်ပုံမပေါ်။ အငယ်ကောင်သည်လည်း ကျောင်းသွားနေ၍ အိမ်တွင် သူတစ်ယောက်တည်း ဖြစ်နေ၏။ ထို့ကြောင့် ဘာလုပ်၍ဘာကိုင်ရမှန်း မသိအောင် ပျင်းနေမိသည်။ ဖိုးခွားရှိတုန်းကတော့ ဖိုးခွားကို လိုက်ပို့ရခြင်းများအတွက် အလုပ်တစ်ခုရသလိုမျိုးလည်း ဖြစ်နေခဲ့သည်။ ယခုတော့ သူတစ်ယောက်တည်း… လောလောဆယ်တွင်လည်း လုပ်စရာအလုပ်များ သူ့ထံတွင် ဘာတစ်ခုမျှ မရှိနေပါ။
ထို့ကြောင့် သူငယ်ချင်းများကို သတိရလာမိတော့သည်။ တမ်းတမိသည်ဆိုက ပိုမှန်ပေလိမ့်မည်။ သူငယ်ချင်းအချို့ ကျောင်းပြီးသွားပြီဖြစ်သဖြင့် လုပ်ငန်းခွင်ထဲ ဝင်သွားခဲ့ချေပြီ။ တချို့ သူငယ်ချင်းများသည်လည်း မိန်းမရသွားခဲ့ကြပြီး အခြား ပြည်နယ်များတွင် အခြေချ နေထိုင်နေကြပြီဖြစ်သည်။ ကလေး ကို ခေါ်ပြီး စကားပြောနေရလျှင် ကောင်းမလားဟု စဉ်းစားလိုက်သော်လည်း ထိုအတွေးများကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်၏။ ယခုအချိန်ဆိုလျှင် သူ့ ကလေးတစ်ယောက် စာသင်ခန်းထဲတွင် ရောက်နေချိမ့်မည်။ ယခုအချိန် သွားခေါ်လို့ကတော့ စိတ်ကောက်မှုများအပြင် အခြားရစရာများ လုံးဝမမြင်။ ထို့ကြောင့် မည်သူ့ကို ဦး (အုန်း) စားရလျှင်ကောင်းမလဲဟု စဉ်းစားလိုက်သော်…
+++++
နေ့လည်စာကို ရှမ်းပဲပုပ်တစ်ယောက် ဖြစ်သလိုသာ စားသောက်လိုက်၏။ အနီးအနားတွင် ရှိနေသော အမြန်ရနိုင်သော အစားအစာများကို ခပ်မြန်မြန်ပင် ဝယ်စားလိုက်သည်။ နောက် နာရီဝက်လောက်ဆိုလျှင် အလုပ်ပြန်ဝင်ရပေတော့မည်။
ခဏတော့ အနားယူလိုက်ဦးမည်ဟု တွေးလိုက်မိပြီး ကားထဲတွင် စိုင်းထီးဆိုင်၏ ချစ်သူလမ်းကြား သီချင်းလေးကို နားထောင်ရင်း အနားယူနေလိုက်၏။ စိုင်းထီးဆိုင် မသေဆုံးခင် နောက်ဆုံးဆိုခဲ့သော Live Show အခွေထဲမှ သီချင်းများ ဖြစ်သောကြောင့် ပို၍ပင် နားထောင်၍ ကောင်းနေသေးတော့သည်။ နှမြောမိတယ် ကိုထီးရယ်…
ထိုအချိန်၌ပင် ဖုန်းက မြည်လာပြန်သည်။ ဤအချိန်တွင် သူ့ကို ဖုန်းခေါ်လာနိုင်သူဟု မျှော်လင့်ထားသူ တစ်ယောက်တည်းသာရှိ၏။ သူ့ချစ်ချစ်ပင် ဖြစ်လေသည်။ သို့သော် မြည်လာသော ဖုန်း၏သီချင်းသံက ကြားနေကျ ဖုန်းသံ မဟုတ်ချေ။ ထူးဆန်းနေ၏။ သည်အသံကို သူ သိပ်ပြီး မမှတ်မိ။ သူ့ဖုန်းထဲတွင် လူအများကို ဖုန်းခေါ်ဆိုသံများဖြင့် ခွဲခြားသတ်မှတ်ထားခဲ့သည် မဟုတ်ပါလား။
ကားထဲတွင် မှေးစက်လုဖြစ်နေသော ရှမ်းပဲပုပ်တစ်ယောက် မျက်စိမှိတ်လျှက်ပင် ဖုန်းကိုင်လိုက်သည်။ “ယဲလို…”
“ဟာ…. ယောက်ဖကြီး… ဆောရီးကွာ… ငါပြန်ခေါ်ဖို့ မေ့သွားလို့… ချီးမှပဲ၊ ရှုပ်လိုက်တဲ့ အလုပ်တွေကလည်း… အေး… ပြော… အေး… အဆင်ပြေပါတယ်။”
“ဟမ်…”
ရှမ်းပဲပုပ်၏အသံ ကားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။ သူ၏အသံတွင် မယုံကြည်နိုင်မှုများ၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
“မင်းတကယ်ကြီး ပြောနေတာလား… ဟမ်… မဟုတ်ပါဘူးကွာ… ငါ နားကြားများ မှားနေလားလို့ပါ… ဟားဟားဟား… အိုကေလေ… ငါလား… ညနေ… ၅း၃၀ လောက်ဆိုရင် ပြန်ရောက်ပြီကွ… အေးပါ… ခဏနေဦး… မင်း ငါ့ဆီလာမယ်ဆိုရင် ည ၈း၃၀ လောက်မှ လာခဲ့ပါလား။ ငါတို့က ၉ နာရီလောက်မှ သွားတယ်။ အေး… တွေ့မယ်လေ.. နော်… ဘိုင်…”
+++++
ည ၈ နာရီထိုးသည်နှင့် ဘူဇွာတစ်ယောက် အဆင်သင့်ဖြစ်နေလေပြီ။ အိတ်ထဲသို့ ထည့်စရာများထည့်ပြီးသားဖြစ်နေ၏။ လိုအပ်မည်ဟုထင်သော အရာများ အားလုံးထည့်ထားသောကြောင့် သူ့အိတ်ကြီးသည် ဖောင်းပွနေ၏။
ရှမ်းပဲပုပ်ဆီသို့ရောက်ချိန်တွင် ၈း၃၃ အတိအကျပင်။ ဘဲလ်တီးလိုက်သည်နှင့် ရှမ်းပဲပုပ်တစ်ယောက် အိပ်ချင်မူးတူးဖြင့် တံခါး လာဖွင့်ပေး၏။
ဘူဇွာက နှုတ်ဆက်လိုက်သည်။ “ယောက်ဖကြီး… နေကောင်းလား။”
သူတို့နှစ်ယောက်သည် ညာဘက်လက်မများချိတ်ထားကာ လက်ဝါးချင်းဆုပ်ကိုင်ထားပြီး ပခုံးချင်းတိုက် နှုတ်ဆက်လိုက်ကြသည်။ ဤသည်မှာလည်း လူမည်းဂိုဏ်းစတားများ၏ နှုတ်ဆက်နည်းပင် မဟုတ်ပါလား။
ယောက်ဖဆိုသည်မှာလည်း သူတို့သူငယ်ချင်းများအကြား အချင်းချင်း ခေါ်ဆိုကြသော အခေါ်အဝေါ်ဖြစ်သည်။ မည်သူက နှမပေး၍၊ မည်သူက အစ်မပေး၍ ဆိုကာ ယောက်ဖ ခေါ်ဆိုကြခြင်းမဟုတ်။ သူငယ်ချင်း အချင်းချင်း အလွန် ရင်းနှီးစွာ ယောက်ဖ ခေါ်ဆိုကြခြင်းသာဖြစ်လေသည်။
ရှမ်းပဲပုပ်က မဆိုင်းမတွပင် မေးမြန်းလိုက်၏။ “မင်းက ဘာစိတ်ကူးပေါက်ပြီး ငါ့ဆီ ရောက်လာတာလဲ။”
ဘူဇွာက ငါးခူပြုံးလေး ပြုံးပြနေ၏။ “ဘာမှ မဟုတ်ပါဘူးကွာ.. ငါလည်း မင်းညီတွေကို အားကျပြီး စိတ်ပါလာလို့ပါ။”
ရှမ်းပဲပုပ် စူးစမ်းလိုက်၏။ “မင်းက ငါ့ညီတွေကို တွေ့ဖူးလို့လား။”
“မင်းညီလေးကိုတော့ တွေ့ဖူးတယ်လေကွာ။ မင်း ကာစင် (ဝမ်းကွဲညီ) ကိုတော့ မတွေ့ဖူးသေးဘူး။ ငါ ဖင်ကောက်ကို မေးထားတော့ မင်းတို့ပဲ ငါ့ကို ကူညီနိုင်မယ်ဆိုတာသိလို့ပါ။” ဘူဇွာတစ်ယောက် သနားစရာမျက်နှာပေးလေးဖြင့် ပြောပြလိုက်သည်။
ရှမ်းပဲပုပ် သိနေ၏။ ဤမျက်နှာပေးဖြင့် သည်ကောင် ရောက်လာပြီဆိုလျှင် တစ်ခုခုတော့ ထူးခြားနေပြီဖြစ်သည်။ ပြီးခဲ့သည့် သူတို့ချင်း မတွေ့ခဲ့သည့်တစ်ချိန်လုံး ဖုန်းပင် ဆက်ဖော်မရခဲ့… ယခုတော့ အသည်းအသန်ကြီးကို ခင်မင်ပြနေပါ့လား…
အိမ်ထဲသို့ အရောက်တွင်မှ ရှမ်းပဲပုပ်က ထပ်မံမေးမြန်းလိုက်ပြန်၏။ “နေစမ်းပါဦး… မင်းက ရုတ်တရက်ကြီး ဘာဖြစ်လို့ သွားချင်နေရတာလဲ… တစ်ခုခုများ မှားနေလားမသိဘူး။ နေဦး… ဟိုကောင့်ကို ဖုန်းခေါ်လိုက်ဦးမယ်။ ငါ့ကို ချောက်ချတဲ့ကောင်…”
ဘူဇွာက ကန့်ကွက်လိုက်၏။ “ယောက်ဖကြီး… မခေါ်ပါနဲ့ကွာ… ဒီအချိန်လောက်ဆို ဒီကောင်ကြီးလည်း နှပ်နေလောက်ရောပေါ့… ငါ ရှင်းပြပါ့မယ်ကွာ… အိုကေ…”
“မင်းက တကယ်ကြီးကို ကျချင်နေတာလား။ အပင်ပန်းခံနိုင်တာကော သေချာရဲ့လား။” ရှမ်းပဲပုပ်က မယုံကြည်နိုင်သေးဟန်ဖြင့် ထပ်မေးလိုက်သည်။
“သေချာပါတယ်ကွာ… ငါ့ ဆရာဝန်ကပြောတယ်။ ငါ့မှာ ကိုလက်စထရောတွေ နည်းနည်းများနေတယ်တဲ့။ အစားအသောက် ရှောင်ပြီး လေ့ကျင့်ခန်း များများလုပ်ပါတဲ့… ငါလည်း ထိုင်နေတဲ့အချိန်တွေ များခဲ့ပြီလေ… မင်းသိပါတယ်ကွာ။” ဘူဇွာက မျက်နှာငယ်လေးဖြင့် ဆက်၍ပြောနေဆဲ…
“အေးပါ… ထားလိုက်ပါတော့… မင်းမှာ ဘာရည်ရွယ်ချက်ပဲ ရှိရှိ… ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ တစ်ခုပဲ ရှိတယ်နော်.. ငါတို့က ၉ နာရီလောက်မှ သွားတာ။ ငါ့ညီဝမ်းကွဲက အဲဒီအချိန်လောက်မှ အလုပ်ဆင်းတာ… အိုကေ…” ရှမ်းပဲပုပ် ရှင်းပြလိုက်၏။
“နောက်ပြီးတော့ တစ်ရက်ခြားတစ်ခါပဲ သွားတာနော်… နေ့တိုင်း သွားတာမဟုတ်ဘူး။” ရှမ်းပဲပုပ် ထပ်ဖြည့်ပြောလိုက်သည်။
“အေးပါ… ငါသိပါတယ်။ ဒါကြောင့်လည်း မင်းတို့သွားတဲ့ Gym ကို သွားဖို့ ငါ ဆုံးဖြတ်ထားတာပါ။ ကျန်းမာရေး လိုက်စားရတော့မယ် ယောက်ဖရယ်… သိတယ်မဟုတ်လား… အလုပ်ထဲမှာပိတဲ့ ဒဏ်တွေလေ…” ဘူဇွာက မျက်နှာလေး ရှုံ့မဲ့နေပြီး ပြောပြလိုက်၏။
“အိုကေလေ.. မင်းမှာ ဝတ်စရာတွေကော ပါလာရဲ့လား… ငါ့ဟာတွေနဲ့တော့ တော်မှာ မဟုတ်ဘူးနော်။ ဪ.. ပြောဖို့မေ့နေလို့… ငါတို့ဂျင်မ်မှာ မင်းကို တစ်ပတ် အလကား ပေးကစားတယ်ကွ… ငါ့မှာ Guest Pass တစ်ခုကျန်နေသေးတယ်။”
ဘူဇွာက ဘာမှ အရေးမကြီးသလိုပင် ပြောဆိုလိုက်၏။ “ထားလိုက်ပါကွာ… မင်းပေးချင်တဲ့လူတွေကို ပေးလိုက်ပါ။ ငါ ဒီနေ့ပဲ မင်န်ဘာဝင်လိုက်ပါ့မယ်။ မင်းတို့က ည ၉ နာရီလောက်မှ သွားတာမဟုတ်လား။ ငါ မင်းကို သွားတဲ့ရက်တိုင်းလည်း လာကြိုပါ့မယ်။”
ရှမ်းပဲပုပ်၏စိတ်ထဲတွင် ထူးဆန်းလေစွဟု တွေးနေမိ၏။ ဘာပဲဖြစ်ဖြစ် သည်ကောင်ကြီးကိုတော့ အငြိုးနှင့်ကို မောင်းရဦးမည်။ ဘူဇွာ ပေးထားခဲ့သည့် ဒုက္ခများက ယခုအချိန်ထိပင် မကြေသေး… ဒီလောက် ဝိတ်ကျချင်တဲ့ကောင်… ကောင်းကောင်းကို ပြေးခိုင်းလိုက်ဦးမည်ဟု ရှမ်းပဲပုပ်တစ်ယောက် တွေးနေမိတော့၏။
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်