Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၁) တစ်ဂါထာဆန်းသောကျောင်းနှင့်မိုးပျံပူဖောင်း
နယူးယောက်ပြည်နယ်ကို Empire State ဟု ခေါ်ကြသည်။ အမေရိကန်နိုင်ငံ၏ ပြည်နယ်တိုင်းလိုလို သူ့နာမည်လေးများဖြင့်သူ ရှိကြ၏။ ဥပမာ- Florida ပြည်နယ်ကို Sunshine State, New Jersey ပြည်နယ်ကို Garden State ဟုခေါ်ဆိုပြီး Texas ပြည်နယ်ကိုကျပြန်တော့ Lone Star State ဟု သမုတ်ကြပြန်ရော… ပြည်နယ်အသီးသီး၏ ကားနံပါတ်ပြားများတွင်လည်း ပြည်နယ်များ၏ Nick Name များ ရေးထွင်းထားပြန်သည်။
နယူးယောက်သည် အင်ပါယာပြည်နယ်ဟု နာမည်ရှိခြင်းတွင်လည်း အဓိပ္ပါယ်လေးများရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အကြီးဆုံးဟု ပြောနိုင်သော စတော့ဈေးကွက်နှင့် ငွေကြေးဈေးကွက်ကြီး ရှိနေသောကြောင့်ဖြစ်သလို ဘဏ်အများစု၏ ဓနအင်အား စုဝေးရာပြည်နယ်လည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဒါတင်မကသေး… မီဒီယာလောကကို စိုးမိုးခြယ်လှယ်ထားနိုင်သော သတင်းစာကြီးများ၊ တီဗွီလိုင်းများနှင့် သတင်းဌာနများ အများစု စုဝေးနေသောကြောင့်လည်း ဖြစ်သည်။
ပြည်နယ်၏ပထမဆုံးမြို့တော်သည် ၁၇၇၇ ခုနှစ်တွင် Kingston ဖြစ်ခဲ့သော်လည်း ၁၇၉၇ တွင်မူ Albany မြို့က ပြည်နယ်၏မြို့တော် ဖြစ်လာခဲ့၏။
နယူးယောက်မြို့တော် (NYC) ကို Big Apple ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း တစ်ကိုက်စီလောက် ကိုက်စားနိုင်လောက်အောင် ကြီးမားသည့် ပန်းသီးကြီး ဖြစ်သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ ရောက်လာသူ မည်သူ့အတွက်ကိုမဆို ဘဝရပ်တည် ရှင်သန်ရေးအတွက်၊ လူတန်းစားအလွှာတိုင်းအတွက်၊ အခွင့်အလန်းများ ပေါများသည်ဟု ဆိုလိုရင်းဖြစ်သည်။
+++++
ဇန်နဝါရီလ၏နှင်းများက မကြာခဏဆိုသလို ကြိုးကြားကြိုးကြား ကျဆင်းနေ၏။ သည်နှစ်ထဲတွင် အမေရိကန်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် နှင်းမုန်တိုင်းများ ခဏခဏ ကျရောက်မည်ဟု မိုးလေဝသဌာနများက ဟောကိန်းထုတ်ထားခဲ့၏။ နယူးယောက်ပြည်နယ်သည်လည်း အရှေ့ဘက်ရှိ အတ္တလန္တိတ် သမုဒ္ဒရာကြီး၏ ကမ်းရိုးတန်းတစ်လျှောက်တွင် ရှိနေသောကြောင့် နှင်းမုန်တိုင်းများမှ မလွတ်ကင်းနိုင်ခဲ့ပါ။
မနေ့ညကကျဆင်းခဲ့သော နှင်းများက ၁၄ လက်မခန့်ရှိ၏။ ဆောင်းတွင်း မနက်စောစော၏ အချမ်းဒဏ်ကို အံတုပြီး အဆောင်ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်မိသော ဆရာတော် ဦးပညာသည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သက်ပြင်းလေးလံစွာ ချမိလိုက်သည်။ လူသွားလမ်းဖောက်ရန် နှင်းများကို ထွက်ကြုံးရပေဦးတော့မည်။ အနီးအနားတွင် နေထိုင်ကြသည့် ဒကာများလည်း လာရောက်ကူညီကြပါလိမ့်မည်။ သို့သော် ဒကာများ မရောက်လာခင်၊ ယခုလောလောဆယ် လူသွားလမ်းလေးတစ်လမ်းလောက် ဖောက်ရန်ကိုတော့ သူနှင့် ဒကာမောင်ကျောက်တို့ နှစ်ယောက်၏ တာဝန်သာ ဖြစ်ပေလိမ့်မည်။
မောင်ကျောက်သည် အလုပ်ပြုတ်လိုက်၊ ရလိုက်နှင့် ဆရာတော်၏ ကျောင်းတွင် သောင်တင်နေသည်မှာ တစ်နှစ်ကျော်ကျော်မျှ ရှိရော့မည်။ ဆည်းဆာချိန်မှန်ရောက်ပြီဆိုလျှင် သူရာလေးကလည်း ထွေတတ်သေး၏။ သို့သော် ဆရာတော်အတွက် ကူဖော်လောင်ဖက် အားကိုးအားထားပြုရသည့် ဒကာတစ်ယောက် ဆိုသည်ကိုတော့ မငြင်းနိုင်ပါ။ မရှိအတူ၊ ရှိအတူပေါ့လေ…
ညတုန်းက ချမ်းချမ်းနှင့် ရေချိန်မှန်ပြီး စောစောစီးစီး အိပ်ယာဝင်သွားခဲ့ကာ ယခုအချိန်ထိ ကျိုးနေသော ဒကာမောင်ကျောက်ကို ဆရာတော် လှုပ်နှိုးလိုက်၏။
“မောင်ကျောက်… ဒကာလေး… ထတော့… ထတော့… ဦးဇင်းတို့ နှင်းထွက်ကြုံးရဦးမယ်။”
မောင်ကျောက်၏ ကောင်းကွက်လေးတစ်ခုမှာ ဆရာတော်က မည်သည့်အချိန်တွင် ခေါ်ခေါ်၊ ရောက်နေသည့်နေရာမှ ဇိုးကနဲ ဆတ်ကနဲ ရောက်ရှိလာတတ်ပြီး၊ အိပ်ပျော်နေလျှင်လည်း ငေါက်ကနဲ ထပြီးသား ဖြစ်နေ၏။
မောင်ကျောက် ဝါးကနဲ ဟားသန်းလိုက်ပြီး ငုတ်တုတ်ပင် ထထိုင်နေလေပြီ။
“တင်ပါ့ဘုရာ့…”
ဆရာတပည့်နှစ်ယောက် ခါးကော့အောင် နှင်းကြုံးလိုက်ကြရသည်။ ဒါတောင်မှ ကျောင်းတွင်းသို့ ဝင်ပေါက်ဖြစ်သော လူသွားလမ်းလေးတစ်ခုနှင့် လမ်းမပေါ်ရှိ ပလက်ဖောင်း (side walk) ပေါ်ရှိ နှင်းများကို လူတစ်ကိုယ်စာ သွားနိုင်ရုံလေး ဖောက်ခဲ့ကြခြင်းဖြစ်သည်။ ကိုယ့်ဝင်းရှေ့ နှင်းမကြုံးသောကြောင့် လမ်းသွားလမ်းလာများ ချော်လဲခဲ့ကြမည်ဆိုလျှင် အိမ်ဝင်းပိုင်ရှင်ကို တရားစွဲဆိုနိုင်၏။ တရားစွဲဆိုခြင်းဆိုသည်မှာ ဤနိုင်ငံရှိလူများအတွက် ထမင်းစားရေသောက် အလုပ်လိုမျိုး ဖြစ်နေကြပြီး မူးယစ်ဆေးဝါးလို စွဲလန်းစွာ လုပ်ဆောင်ကြသော အမှုလည်းဖြစ်သည်။
ရေခြား၊ မြေခြားတွင် သာသနာပြုမည်ဆိုသော ရည်ရွယ်ချက်ဖြင့် ထွက်ခွာလာခဲ့သော ဆရာတော် ဦးပညာအဖို့ ရောက်စတုန်းက မည်သည့်အရာနှင့်မျှ အသားမကျခဲ့ချေ။ မြန်မာပြည်မှာဆိုလျှင် ကိုယ့်ဝင်းကိုယ့်ခြံနှင့်၊ ကျောင်းဝင်းကြီး ခန့်ခန့်ထည်ထည်နှင့် သီတင်းသုံးနိုင်သေး၏။ ဘုန်းကြီးကျောင်းဟု ယခု ခေါ်ဆိုနေသော အဆောက်အဦမှာ သာမန် ၂ ထပ်အိမ် (မြေအောက်ထပ်ကို ထည့်တွက်ပါက ၃ ထပ်) လေးသာဖြစ်၏။ သစ်ပင်ပန်းမန်လ်များ မရှိနေသလို ဝင်းခြံလေးကလည်း ကျဉ်းကျဉ်းရှည်ရှည်လေး ဖြစ်နေသေးသည်။ သို့သော် ဤအရပ်ဒေသရှိ ဒကာ၊ ဒကာမများ၏ ကောင်းမှုကြောင့် ဤအဆောက်အဦလေးတွင် သီတင်းသုံးနိုင်နေသေးသည်မှာ ကံကောင်းလှပေသည်။ အနည်းဆုံးတော့ ဘုန်းကြီးကျောင်းအဖြစ် ခေါ်ဆိုနိုင်သေးသည်မဟုတ်ပါလား။
ဆရာတပည့်နှစ်ယောက် နှင်းထွက်ကြုံးပြီးချိန်၌ ဆွမ်းစားချိန်ပင် ရောက်လုနီးပြီ။ ဆွမ်းခံခြင်းနှင့် ပတ်သက်ပြီးလည်း ဆရာတော်ဦးပညာ အစက လုံး၀ သဘောမတွေ့… မြန်မာပြည်မှာလို ဆွမ်းခံထွက်ခြင်း အလေ့အထ လုံးဝမရှိ။ ဆွမ်းခံထွက်လို့လည်း မဖြစ်နိုင်ပြန်။ ဤအရပ်ရှိ ဒကာ၊ ဒကာမ များက ဆွမ်းဟင်းကိုတော့ မှန်မှန်လောက်နီးနီး ပို့ပေးကြပါသည်။ သို့သော် ဆွမ်းဟင်းမပို့သည့် နေ့ရက်များလည်း ရှိနေတတ်သေးပြန်၏။ ဒုက္ခရောက်လိုက်သည့်ဖြစ်ခြင်း… ဝိနည်းတော် လွတ်မလွတ်ကို သိပ်ပြီး အာရုံမထားနိုင်တော့… ဘုန်းကြီးကျောင်းတွင် အရေးပေါ်အသုံးပြုရန် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဥ၊ နွားနို့၊ လက်ဖက်ခြောက်… စသည်များ ဝယ်ဖြည့်ထားရတော့သည်။ ဆရာတော်သည် အသား၊ ငါး ကိုတော့ အတတ်နိုင်ဆုံး ရှောင်ရှားပြီး ဝယ်မဖြည့်ထားတတ်ချေ။ ဒါတောင် မောင်ကျောက်တစ်ယောက် ကြိုးကြားကြိုးကြား မ, လာသည့် အသားများလည်း ရေခဲသေတ္တာ အအေးခန်းတွင်း၌ ရှိနေတတ်သေး၏။ များသောအားဖြင့် ထမင်းကိုတော့ ကိုယ်တိုင်ချက်ပြုတ်ရလေသည်။
ဆရာတော်သည် ဆွမ်းဘုန်းပေးပြီးနောက် တရားခွေလေး နားထောင်နေချိန်၌ စားပွဲပေါ်တင်ထားသော လက်ကိုင်ဖုန်းလေး (cell phone) မြည်လာ၏။
“ကိုကို့… ဖုန်းလာနေတယ်လို့… ကိုကို့ … ဖုန်းလာနေတယ်လို့…”
“မြတ်စွာဘုရား… ဘာသံလဲဟ…” ဟု ဆိုပြီး ဆရာတော် ဖုန်းကောက်ကိုင်လိုက်၏။
“ဟဲလို…”
“အေး… ဒကာလေး… ပြော… အေး… ကောင်းပါတယ်… မောင်ကျောက်နဲ့ နှင်းတွေတောင် ထွက်ကြုံးကြပြီးပြီ။”
“လာခဲ့လေ… ဦးဇင်း ဘယ်မှ သွားစရာ မရှိပါဘူး။ အေး… အေး… တွေ့မယ်လေ… ဦးဇင်းလည်း ဒကာလေးကို မျှော်နေတာနဲ့ အတော်ပဲ။”
တစ်ဘက်မှ ဖုန်းချသွားအပြီးတွင် ဆရာတော်သည် မောင်ကျောက်ကို အော်ခေါ်လိုက်၏။
“မောင်ကျောက်… ဟဲ့ မောင်ကျောက်… လာဦး…”
ပန်းကန်များ ဆေးကြောအပြီး အနားယူ နှပ်လိုက်ဦးမည်ဟု ဆင်ကြံကြံနေသော မောင်ကျောက် အပြေးလေး ရောက်လာခဲ့၏။
“ဘာ ခိုင်းမလို့လဲဘုရာ့…”
ဆရာတော်သည် မျက်နှာထားတင်းတင်းဖြင့် မေးမြန်းလိုက်၏။
“ဒီဖုန်းထဲက မိန်းမသံက နင့်လက်ချက် မဟုတ်လား။”
မောင်ကျောက် သွားဖြီးလေးနှင့် ရယ်နေ၏။ မနေ့ညတုန်းက မူးမူးနှင့် ဆရာတော်၏ ဖုန်းထဲသို့ သူငယ်ချင်းတစ်ယောက်ဆီမှ ရထားသော ring tone လေးကို ကွန်ပြူတာအစုတ်ကလေးနှင့် ခိုးထည့်ထားခဲ့မိသည်။ သူ၏ နောက်တောက်တောက် ပြောင်ချော်ချော် လုပ်တတ်သော အကျင့်ကို ဆရာတော် ခွင့်လွှတ်ပေးခဲ့ပါသည်။
“ပြန်ပြင်ပေးဦး… ကျုပ်တော့ ဘာမှ မလုပ်တတ်ဘူး။ လူရှေ့သူရှေ့ရောက်ရင် မခက်လား။ ရော့…”
ဤဘုန်းကြီးကျောင်းတွင် ဤသို့ တစ်ဂါထာဆန်းလေသည်။
+++++
လမ်း၏ဘေးတစ်ဘက်တစ်ချက်စီတွင် ရပ်ထားသော ဆိုင်ရာဆိုင်ရာကားများကို ကားပိုင်ရှင်များ ထွက်လာကြပြီး နှင်းရှင်းနေကြသည်မှာ စုစုဝေးဝေးနှင့် ပျော်စရာ မြင်ကွင်းတစ်ခု ဖြစ်၏။ ဤဘဝများကို သူ ဖြတ်သန်းခဲ့ဖူးပါသည်။
ယခုတော့… သူ မောင်းသည့်ကားကို လမ်းဘေးတွင် ညအိပ်ရပ်ထားရန် မလိုအပ်တော့သလို ကားဂိုထောင်ထဲမှ အဆင်သင့် ထုတ်စီးသွားနိုင်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေလေပြီ။ ကားဂိုထောင်လမ်းပေါက်နှင့် ပလက်ဖောင်းပေါ်မှ နှင်းများကိုလည်း နှင်းမှုတ်သော စက်ကြီးဖြင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ရှင်းလင်းခဲ့ပြီးပြီ။ သူများတွေလို ဂေါ်ပြားများဖြင့် ခါးကော့အောင် နှင်းထွက်ကြုံးစရာမလိုတော့။
သည်လောက်နှင်းတွေကျပြီးချိန်မှ ခရီးတစ်ခု ထွက်ရဦးမည်။ မိုင် ၁၆၀ ခန့် ကားမောင်းပြီး သွားရဦးမည်။ သူ့လူတွေ အလုပ်လုပ်ပုံ လုံးဝအသုံးမကျ။ အရာရာတွင် သူမပါလျှင် ပွဲမစည်ဘူးရယ်လို့ ဆိုသလိုပင် ဖြစ်နေရော့သလား… အလုပ်ကိစ္စ အတော်များများတိုင်းမှာ သူကိုယ်တိုင် ဝင်မပါရလျှင် မပြီးပြတ်နိုင်ကြောင်းကိုလည်း သိထားပြန်၏။
အထက်ပြည်နယ်ရှိ သူ့နာမည်နှင့် ဖွင့်ထားသော ဆူရှီးဆိုင်တစ်ဆိုင်တွင် ပြဿနာ တက်နေသည်။ မန်နေဂျာလုပ်သူနှင့် ဆူရှီးလိပ်သူ တစ်ယောက် ထိုးကြကြိတ်ကြသည်ဟု ပြောသည်။ မန်နေဂျာ လုံးဝအသုံးမကျချေ။ သည်လောက်လေးတောင်မှ ကောင်းမွန်စွာ မကိုင်တွယ်၊ မဖြေရှင်းတတ်တော့ဘူးလား။ ထိုဆိုင်သည် သူ့နာမည်နှင့် ဖွင့်ထားသည် ဆိုသော်လည်း ထိုမန်နေဂျာဆိုသည့်လူနှင့် စပ်တူလုပ်ကိုင်ထားသော လုပ်ငန်းလည်း ဖြစ်နေပြန်၏။
ဤအရေးတွင် သူ ကြားဝင်စေ့စပ်ပေးမှပင်ရမည်။ မဟုတ်ပါက နောက်ထပ် ဆူရှီးလိပ်ဆရာတစ်ယောက် ထပ်ရှာရန် အခက်အခဲတွေ့နိုင်သည်။ ထို့ကြောင့် ညဦးကတည်းက ကျခဲ့သော နှင်းများကို မနက်စောစောစီးစီး နှင်းမှုတ်စက်ကြီးဖြင့် ရှင်းလင်းပြီး ခရီးထွက်ရန် အဆင်သင့် ဖြစ်နေလေပြီ။ အလုပ်တိုင်းကို သူကိုယ်တိုင် လုပ်ရမှ ကျေနပ်တတ်သည်မှာလည်း သူ့သဘာဝတစ်မျိုး ဖြစ်၏။ အမြန်ပြေးလွှားလှုပ်ရှားနေရသော ပန်းသီးမြို့တော်၏ ယဉ်ကျေးမှုအရ ဖျော်ပြီးသား ကောဖီတစ်ခွက်ကို ကားထဲသို့ ယူလာခဲ့သည်။ ကော်ဖီတစ်ခွက် သောက်အပြီးတွင် အမြန်လမ်းမကြီးပေါ်သို့ သူ ရောက်နေခဲ့ချေပြီ။
အထက်ပြည်နယ် ရောက်တုန်းရောက်ခိုက် သူလှူထားသော ဘုန်းကြီးကျောင်းကို ဝင်ကြည့်ရန်လည်း သတိရလိုက်သေး၏။ ထို့ကြောင့် အော်လ်ဘနီ ရောက်ခါနီး ဓာတ်ဆီဝင်ဖြည့်ချိန်တွင်မှ ဆရာတော်ကို ဖုန်းလှမ်းဆက်လိုက်သည်။ ဆရာတော့်ကျောင်းကို အရင်ဦးဆုံးသွားမည်… ပြီးမှ ကျန်သည့် အမှုကို ဆက်ရှင်းမည်ဟု ဆုံးဖြတ်ထား၏။ ဆရာတော်ကိုလည်း သူပဲ စပွန်ဆာပေးပြီး ခေါ်ထားကိုးကွယ်ခဲ့ခြင်း မဟုတ်ပါလား။ လက်ဦးဆရာဆီ အရင်ဦးဆုံးသွားရောက် ဖူးမျှော်သည်ကမှ ကုသိုလ် ပိုရနိုင်သေး၏။
+++++
နေ့လည်ခင်းချိန်သည် အေးစက်လှသော ရာသီဥတုအောက်တွင် မှုန်မှိုင်းနေ၏။ ဤအချိန်တွင် နေရောင်ခြည်ကို ရွှေပေး ဝယ်ယူ၍ပင် မရနိုင်ချေ။
ဘုန်းကြီးကျောင်းဝင်းရှေ့သို့ လင်ကွန်းကားအနက်ကြီးတစ်စီး ထိုးစိုက်လာသည်။ ကားမီးများပိတ်လိုက်ပြီးနောက် ဟွန်းတီးသံတစ်ချက် ထွက်ပေါ်လာခဲ့၏။ မြေညီထပ်တွင် တီဗွီကြည့်နေသော မောင်ကျောက် ကျောင်းရှေ့တံခါးမကြီးကို ကမန်းကတမ်း ပြေးဖွင့်ပေးလိုက်သည်။
ဆရာတော်သည် ပက်လက်ကုလားထိုင်ပေါ်တွင် စာအုပ်တစ်အုပ်ဖတ်နေရာမှ ခေါင်းမော့ကြည့်လိုက်ရာ မိုးပျံပူဖောင်းကြီးတစ်လုံး လှေကားမှတဆင့် တလိမ့်လိမ့်ဖြင့် တက်လာနေသည်ကို တွေ့လိုက်ရ၏။
ပေါင်ချိန် ၂၅၀ ခန့်ရှိသော မိုးပျံပူဖောင်းကြီးတစ်လုံး ဖြစ်လေသည်…
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်