Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂) ဒဿနများနှင့်စကားစမြည် (အပိုင်း-၁)


နိုင်ငံရေးလုပ်ကိုင်ဖို့ ဆန္ဒပြင်းပြနေသော ပြည်ပရောက်လူငယ်တစ်ယောက်အား ရိုး စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ဖူးသည်။ “နိုင်ငံရေးမလုပ်ပါနဲ့ကွာ၊ နိုင်ငံရေးလောက တော်တော်ရှုပ်တယ်။”

စိုင်း။ ။“ကိုရိုးကိုယ်တိုင် နိုင်ငံရေးလုပ်ကိုင်နေခဲ့ပြီး တခြားလူငယ်တစ်ယောက်ကို ဘာလို့နိုင်ငံရေးမလုပ်စေချင်တာလဲ?”

ရိုး။ ။“ဒီကိစ္စပြောရခက်တယ်၊ ဆိုလိုတာက... ဥပမာ... ငါတို့ငယ်ငယ်တုန်းက ငါ့အဖေကပြောတယ်၊ ‘ဆေးလိပ်မသောက်နဲ့’။ ငါ့စိတ်ထဲမှာဘာဖြစ်လဲဆိုတော့... ‘သူကျတော့သောက်နေပြီးတော့’... ‘အဖေကျတော့မသောက်တာကျနေတာဘဲ’လို့မေးတော့... ‘အေး၊ ငါသောက်နေလို့ပြောတာဟေ့... မကောင်းမှန်းသိလို့ မင်းကိုပြောနေတာ၊ ငါကတော့ကျွံနေပြီ’။ အဲ့ဒီသဘောမျိုးဆန်ဆန်ပေါ့လေ... နိုင်ငံရေးအသိုင်းအဝိုင်းထဲကိုဝင်လာပြီဆိုရင် ကျယ်ပြန့်လာပြီ။ မကောင်းဘူးမဟုတ်ဘူးနော်၊ နိုင်ငံရေးလုပ်တာသိပ်ကောင်းတယ်၊ ဒါပေမယ့်... ကိုယ့်ကိုကိုယ် ဘယ်လောက်အထိပြင်ဆင်ထားပြီးပြီလဲ? ဒါကမေးရမယ့်မေးခွန်း။”

ရိုး။ ။“ဥပမာ၊ နိုင်ငံရေးလောကဆိုတာမှာ ကိုယ့်ကိုနင်းမယ့်လူတွေရှိတယ်၊ ကျော်မယ့်လူတွေရှိတယ်၊ ခွမယ့်လူတွေရှိမယ်... အေး... ကျော်ပါစေကွာ၊ ခွပါစေကွာဆိုပြီး အကျော်ခံနိုင်ပြီလား၊ အနင်းခံနိုင်ပြီလား၊ အခွခံနိုင်ပြီလား၊ ခံနိုင်ရည်ပေါ့... ရှိပြီလား။ ရှိပြီဆိုရင်တော့၊ ဒါ တစ်ဆင့်အနေနဲ့လုပ်လို့ရတာပေါ့။”

မျိုး။ ။“ကိုရိုးပြောတာ တော်တော်ရှင်းတယ်။ ကျနော်ကိုယ်တိုင် ဆေးလိပ်သောက်နေတဲ့လူဆိုတော့... ဆေးလိပ်သောက်တာ မကောင်းမှန်းပိုသိတယ်။ မသောက်တတ်သေးတဲ့လူတစ်ယောက်ကို သောက်ဖို့တော့ ကျနော်မတိုက်တွန်းချင်ဘူး။ သောက်ပြီးသွားရင် ပြန်ဖြတ်ဖို့မလွယ်တော့ဘူး။”

စိုင်း။ ။“ဒီထဲမှာပဲနစ်နေသလို ဖြစ်သွားတာပေါ့”

ရိုး။ ။“ဆေးလိပ်သောက်တာတော့... ဟုတ်တယ်၊ သောက်မယ်ကွာဆိုပြီး ဆေးလိပ်ကောက်ကိုင်၊ မီးညှိပြီးဖွာလိုက်ရုံပဲ။ ငါဆို လေးတန်းနှစ်လောက်ကတည်းက လက်တည့်စမ်းခဲ့တာ။”

ရိုး။ ။“နိုင်ငံရေးလောကထဲကျတော့... ဟေ့ကောင်... ဝင်တယ်ကွာဆိုပြီး ခုန်ဝင်ခဲ့တာမဟုတ်ဘူး။ ဘယ်လိုကနေဘယ်လို... ဝင်သွားခဲ့မှန်းမသိတာ... အဓိကကတော့ မခံချင်စိတ်ကြောင့်။ သိတဲ့အတိုင်းပဲ၊ အရေးအခင်းဖြစ်တယ်ကွာ... ၈၈၈၈ ပေါ့၊ သေနတ်နဲ့ပစ်တယ်... လူသတ်တယ်၊ အနိုင်ကျင့်တယ်။ အဓိကကတော့ ငွေစက္ကူတွေသိမ်းတာ။”

မျိုး။ ။“ဒါ... နိုင်ငံရေးနဲ့သိပ်မဆိုင်တော့ဘူး၊ လုယူတာဖြစ်သွားပြီ။ ပိုက်ဆံတွေအလုခံလိုက်ရတာ။ တရားမဝင် ငွေလုယူတာ။”

ရိုး။ ။“ဒါ... နိုင်ငံရေးပဲ၊ မင်းတို့ကတော့ ငယ်ငယ်လေးပဲရှိကြဦးမှာ။ (၂၅) ကျပ်တန်တောင် မှတ်မိကြဦးမလားမသိဘူး။ (၂၅)... (၃၅)... (၇၅)... (၁ဝဝ) တန်တွေသိမ်းတာ။ (၂၅) ကျပ်တန်မှာ လူတွေတော်တော် ထိသွားခဲ့ကြတယ်၊ ဆိုက္ကားသမား၊ မြင်းလှည်းသမားက အစ... ငါက... အဲ့ဒီအချိန်တုန်းက မန္တလေးမြို့မှာ... မင်းတို့ အမကြီးနဲ့ အိမ်ထောင်ကျပြီးပြီ။ ရှမ်းပြည်နဲ့ကုန်ကူးတာပေါ့ကွာ... ရှမ်းပြည်ကထွက်ကုန်တွေ မန္တလေးမှာ ပြန်ဖြန့်တာပေါ့။ ပိုက်ဆံတွေသိမ်းတော့ ငါအရမ်းထိသွားတယ်။ အရင်းရော၊ အမြတ်ရော ကုန်းကောက်စရာမကျန်အောင်မွဲသွားတာ။ ကံအကြောင်းမလှလို့ ကုန်ရောင်းယင်းရှူံးတယ်ဆိုရင်တမျိုး... ခံနိုင်သေးတယ်။ (၂၅) ကျပ်တန်မှာ အထူးသဖြင့် လက်လုပ်လက်ကိုင် လူတန်းစားတွေ အရမ်းအထိနာသွားခဲ့ကြတယ်။ ဒါ ဘယ်သူလုပ်တာလဲ? နာကျည်းမှုနဲ့ မခံချင်စိတ်တွေ အဲ့ဒီမှာစခဲ့တာပဲ။”

ရိုး။ ။“အလုပ်ထဲမှာ ငွေအလွဲသုံးစားလုပ်လို့ကတော့ ရုံးရောက်၊ ဂါတ်ရောက်ပြင်ပိုမရှိဘူး။ ဒါပေမယ့် နိုင်ငံရေးမှာကျတော့ လှည့်တတ်ရမယ်၊ အသုံးချတတ်ရမယ်၊ ဘယ်ကွေ့မှာဘယ်တက်နဲ့ လှော်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေပေါ့။ ကိုယ်က ဗမာပြည်အတွက်လုပ်တယ်ဆိုပြီးတော့ ပါးစပ်ကပြောနေတယ်၊ ဒါပေမယ့် တစ်ဘက်မှာနိုင်ငံရေးအတွက်ဆိုပြီး ကိုယ့်အိတ်ထဲကို ငွေတွေဆွဲသွင်းနေကြတယ်၊ ဒီလိုလူတွေ ဗမာပြည်အပြင်ဘက်မှာ အများကြီးရှိနေတယ်။ ကိုယ်ကအမှန်တကယ်လုပ်မယ့်လူ၊ ဟုတ်ပြီနော်... အဲ့ ဒီလိုလူမျိုးတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင်... ဘယ်လိုလုပ်မလဲ၊ ခံနိုင်ရည်ရှိပါ့မလား၊ ဆိုတာလိုပေါ့။”

မျိုး။ ။“တကယ်လို့ ဒီအကြောင်းတွေ ကိုယ့်အနေနဲ့ ဖွင့်ပြောတယ်၊ ထုတ်ဖော်ပြောတယ်ဆိုရင် ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ရင်ဆိုင်ရနိုင်လဲ?”

ရိုး။ ။“ဒါက နေရာဒေသပေါ်မှာမူတည်တယ်။ အုပ်ချုပ်မှုမရှိတဲ့နေရာ၊ ဆိုလိုတာက... ဥပဒေမရှိတဲ့နေရာဆိုရင်တော့ ပြီးသွားပြီပေါ့၊ ကိစ္စတုံးဆိုတဲ့အဆင့်မှာရှိတယ်။”

စိုင်း။ ။“နိုင်ငံရေးခံယူချက်တွေနဲ့ပါတ်သက်ပြီး အသက်... ဘယ်အရွယ်လောက်မှာစပြီး ရဲရဲရင့်ရင့် လုပ်ကိုင်ဆောင်ရွက်ခဲ့တာလဲ?”

ရိုး။ ။“အင်း... အသက်အပိုင်းအခြားအရ ပြောရတော့ခက်တယ်။ ၈၈ အရေးအခင်းမှာ စခဲ့တယ်ထင်တယ်။ ဒါပေမယ့် အစပျိုးနေခဲ့တာတော့ ပိုက်ဆံတွေသိမ်းလိုက်ကတည်းကပဲ။ ပြောပြီးခဲ့လိုပဲ ကုန်းကောက်စရာမရှိအောင်ကို မွဲသွားခဲ့တာ။ ဒါဟာ နိုင်ငံရေးပဲဆိုတာကို အဲ့ဒီအချိန်တုန်းက သိတောင်မသိခဲ့ဘူး။”

ရိုး။ ။“နောက်တစ်ခုကဘာလဲဆိုတော့... ပြည်၊ တောင်ကြီးမှာ ‘ကုလား-ဗမာ’ အဓိကရုဏ်းဖြစ်တယ်။ အဲ့ဒီမှာ ပြည်မှာရှိတဲ့ ငါ့အိမ်ပါသွားခဲ့တယ်။ ၈၇... ငွေသိမ်းပြီးကာလလောက်မှာထင်တယ်။ အဲ့ဒီ နာကျည်းမှုတွေပါ ပါတယ်။ ငါပြည်ပြန်ရောက်သွားတော့ ပြည်ကလမ်းမကြီးတွေပေါ်မှာ ပြာပုံတွေကြီးပဲ၊ တော်တော်ရင်နာဖို့ ကောင်းတယ်။ အနိဋ္ဌာရုံမြင်ကွင်းတွေပေါ့၊ မြင်ခဲ့ရတယ်။ နာကျည်းမှုတွေ အဲ့ဒီမှာ အစပျိုးခဲ့တယ်ပေါ့ကွာ။ ဒါပေမယ့် ဘယ်သူ့ကိုနာကျည်းရမှန်း မသိခဲ့သေးဘူး။”

မျိုး။ ။“ကိုရိုးပြောခဲ့သလို အဓိကရုဏ်းတွေဆိုတာ နိုင်ငံရေးလှည့်ကွက်ဖန်တီးချက်တွေပဲ... နိုင်ငံရေးလောကထဲရောက်လာပြီးနောက်ပိုင်းမှာ ကိုရိုးအနေနဲ့ ဘယ်သူတွေရဲ့ဖန်တီးလုပ်ဆောင်ချက် တွေလဲဆိုတာသိလာခဲ့မှာပေါ့။ အရင်တုန်းကတော့ ကိုရိုးက ရှေ့ကပွဲကြည့်ပရိသတ်ပဲ... အခုအချိန်မှာတော့ နောက်ကွယ်ကနေဝင် ‘က’ နေတဲ့သူဖြစ်သွားပြီ။ ဘယ်သူတွေက ဘာကြောင့်မို့လို့ အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးလုပ်ဆောင်ခဲ့ကြတယ်ဆိုတာ နည်းနည်းလောက်ပြောပြပါလား။”

ရိုး။ ။“အရေးအခင်းပြီးနောက်ပိုင်းမှာ သေချာပြန်သုံးသပ်ကြည့်လိုက်တော့ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာပြီဆိုရင် ထွက်ပေါက်တစ်ခုရှာရတော့မယ်။ လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေး အဓိကရုဏ်းတွေလုပ်မယ်၊ လူတွေကို အာရုံပြောင်းအောင်လုပ်တာ... ဒါနိုင်ငံရေးလှည့်ကွက်တစ်ခု။ ပိုက်ဆံတွေ အသိမ်းခံလိုက်ရတော့ လူတွေလှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်လာကြပြီ။ ပြည်နဲ့တောင်ကြီးမှာဖြစ်ခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းတွေဟာ ဦးနေဝင်းအစိုးရရဲ့ လက်ချက်တွေပဲ။ နိုင်ငံရေးထွက်ပေါက်ရှာတာပေါ့။”

စိုင်း။ ။“ငါတော့နိုင်ငံရေးလုပ်ပြီဟေ့လို့ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာခဲ့တဲ့ အကြောင်းလေးပြောပြနိုင်မလား?”

ရိုး။ ။“တိတိကျကျနဲ့ သတ်သတ်မှတ်မှတ်ကြီးရယ်လို့တော့ မရှိပါဘူး။ ပြောခဲ့ပြီးသလိုပဲ နာကျည်းမှုတွေက များခဲ့တာကိုး... အများရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ကိုယ်ပါ လိုက်ပါဆောင်ရွက်ခဲ့တာတွေတော့ရှိတာပေါ့။ ၈၈ စက်တင်ဘာလ ၁၈ရက်မှာ စစ်တပ်ကအာဏာသိမ်းခဲ့တယ်။ ၈၉ ဇူလိုင် ၁၉၊ အာဇာနည်နေ့မှာ... ကျဆုံး သွားခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကိုဂါရဝပြုဖို့ ငါတို့တွေ ဆောင်ရွက်ခဲ့ကြတယ်။ ငါ့ဘလော့ဂ် မှာရေးထားတာရှိတယ်။ “ရဲရင့်သူတို့အောင်ပွဲ (သို့မဟုတ်) မှတ်မှတ်ရရ ကျနော်၏ရဲဘော်များ”... ငါကိုယ်တိုင်ပါဝင်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ငါကိုယ်တိုင်ရေးထားတာ။”

ခိုင်။ ။“ခဏဖတ်ကြည့်လို့ရမလား?”

ရိုး။ ။“ဖတ်ကြည့်လေ... ငါ့ဘလော့ဂ်ပေါ်မှာရှိတယ်”

“ရဲရင့်သူတို့အောင်ပွဲ (သို့မဟုတ်) မှတ်မှတ်ရရ ကျနော်၏ရဲဘော်များ”

ဒီနေ့မနက်ဟာ ခါတိုင်းနေ့တွေနဲ့မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေးပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက်၊ သုံးယောက်၊ လမ်းမပေါ်မှာလည်း “ကား” မပြောနဲ့၊ ဆိုက်ကားတောင်မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ်၊ ဒီနေ့ဟာ ဒီမြို့လေးတမြို့တည်းအတွက်တင် ဝမ်း နည်းကြေကွဲဘွယ် နေ့တနေ့မဟုတ်၊ မြန်မာတနိုင်ငံလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့လည်း ဖြစ်တယ်။

တခဏအတွင်းမှာ ခြောက်သွေ့နေတဲ့လမ်းမကြီးပေါ်မှာ အဖြူ၊ အစိမ်း ဝတ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စုဝေးရောက်ရှိလာကြသလို၊ လမ်းဘေး ပလက်ဖေါင်းပေါ်မှာလည်း ပြည်သူတွေ ပြည့်နှက်သွားတယ်။ လေးယောက်တတန်း၊ တန်းစီထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ အရာရာကိုရင်ဆိုင်ကျော်လွှားဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ရှေ့ဆုံးမှာ ပန်းခွေနှစ်ခွေကိုကိုင်ထားတဲ့ အလယ်တန်း ကျောင်းသူကလေး ၄ ဦး၊ သူတို့နောက်မှာတော့ အလယ်တန်း၊ အထက်တန်းနဲ့ ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေအဆုံးပေါ့။ အားလုံးရဲ့ ထိပ်ဆုံးမှာတော့ သတ်ရင်လည်းအသေခံ၊ ဖမ်းရင်လည်းအဖမ်းခံပြီး မိမိတို့လိုရာခရီးအတွက် ရင်ဆိုင် ဖြေရှင်းမယ့် ကျောင်းသား ၁ ယောက်၊ သူ့လက်ထဲမှာက ဗိုလ်ခင်ညွန့်ရဲ့ “အာ ဇာနည်များအားလွတ်လပ်စွာဂါရဝပြုခွင့်ပြုသည်” ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက် ပါတဲ့ သတင်းစာတစောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။

ကျောင်းသား၊ ကျောင်းသူများ စထွက်ခွာတာလိုက်တာနဲ့ တပြိုင်နက်ထဲမှာပဲ စစ်ကားသုံးစီးဟာ ချီတက်ရာလမ်းကြောင်းရှေ့မှာ ရုတ်တရက်ဝင်ရောက်ရပ်တန့်ပြီး၊ စစ်သားတွေကလည်း ချက်ခြင်းဆိုသလို ကားပေါ်ကနေခုန်ဆင်း ပိတ်ဆို့လိုက်တယ်။ ဒီအခြေအနေကို ကြိုတင်တွက်ဆထားတဲ့ကျောင်းသူ/သားများဟာ တုန်လှုပ်ခြင်းမရှိဘဲ၊ တည်ငြိမ်စွာနဲ့ရပ်တန့်လိုက်ကြတယ်။ စစ်ကားတစီးပေါ်က စစ်ဗိုလ်တဦး ခက်ထန်မာကျောတဲ့မျက်နှာနဲ့ ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုယင်းဆင်းလာတယ်။ တချိန်ထဲမှာပဲ သတင်းစာကိုင်ထားတဲ့ကျောင်းသား ရှေ့ထွက်သွားတယ်။ သူတို့ ဗိုလ်ချုပ်ကျောက်ရုပ်ကို သွားရောက်ပန်းခွေချမယ့်အကြောင်း ပြောလိုက်တယ်။ စစ်ဗိုလ်ကလက်မခံဘူး၊ လူစုခွဲဖို့သာပြောတယ်။ ကျောင်းသားက လက်ထဲမှာပါလာတဲ့ သတင်းစာကိုပြလိုက်ပြီး သူတို့ ၂ဦး အခြေအတင် ပြောဆိုနေရာက လေးယောက်တတွဲ သွားခွင့်ပြုလိုက်တယ်။ စစ်ဗိုလ်က ခွင့်သာပြုလိုက်ရတယ် သိပ်ကြေလည်ပုံမရ၊ ကျောင်းသားတွေကတော့ မရ၊ ရတဲ့နည်းနဲ့ချီတက်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ပထမဦးဆုံး ၄ ယောက်ထွက်လာတယ်၊ သူတို့က ပန်းခွေကိုင်ထားတဲ့ ကျောင်းသူကလေး ၄ဦး ဖြစ်တယ်။

သူတို့ ၄ ဦး စတင်ချီတက်သွားပြီဖြစ်လို့ နောက် ၄ ဦးက အရန်အသင့် စောင့်နေချိန်မှာ စစ်ဗိုလ်က သူနဲ့စကားပြောခဲ့တဲ့ကျောင်းသားကို အတင်းဝင်ရောက် ဖမ်းဆီးလိုက်တယ်။ ဒါ့ကြောင့် လမ်းဘေးတဖက်တချက်မှာရပ်ကြည့်နေတဲ့ လူထုကြီးက ကျောင်းသားကိုအကာအကွယ်ပေးရင်း စစ်ဗိုလ်ကိုဝိုင်းရံထားလိုက်ကြတယ်။ ရုတ်တရက် ဝိုင်းအုံလာတဲ့လူအုပ်ကြီးကို မြင်လိုက်တဲ့စစ်ဗိုလ်က သူ့ခါးကသေနတ် ကိုထုတ်ပြီး မိုးပေါ်ကိုထောင်ပစ်လိုက်တယ်။ တချိန်တည်းမှာ လမ်းကြောင်းကိုပိတ်ထားတဲ့ စစ်သားတွေကလည်း သေနတ်တွေပစ်ဖေါက်ပြီး လူအုပ်ကြီးကို ဝင်ရောက် ဖြိုခွင်းတော့တယ်။

သေနတ်ပြောင်းနဲ့အထိုးခံရသူတွေ၊ ခြေနဲ့အကန်ခံရသူတွေ၊ အဖမ်းခံရသူတွေ အများအပြားရှိသလို ကျောင်းသားလေးတွေကို နီးရာအိမ်တွေက ခေါ်ယူဖွက်ပေးထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြလွှားကြနဲ့ရှုပ်ထွေးနေချိန်၊ သေနတ်သံတွေဆူညံနေချိန်၊ ပန်းခွေတွေနဲ့ချီတက်နေတဲ့ ကျောင်းသူ ၄ ဦးကတော့ သေနတ်သံတွေကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်းမရှိဘဲ သူတို့နောက်ကျောက သူတို့ကိုပစ်မယ်ဆိုရင် သူတို့တွေ အဲ့ဒီလမ်းမကြီး ပေါ်မှာပဲ အသေခံသွားမယ်ဆိုတဲ့စိတ်ဓါတ်နဲ့ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကို ဂါရဝပြုဖို့ ဗိုလ်ချုပ်ကျောက်ရုပ်ဆီကိုသာ ဦးတည်ချီတက်နေပါတယ်။

ချီတက်ရာလမ်းတလျှောက် အိမ်နဲ့ဈေးဆိုင်တွေက ပြည်သူတွေကလည်း လက်ခုတ်တီးအားပေးကြတာကြောင့် သူတို့ ၄ ဦးမှာ အင်အားတွေပြည့်ဝနေတယ်။ ပြည်သူတွေရဲ့လက်ခုပ်သံတွေက သူတို့ကို အကြောက်တရားတွေကနေ ကင်းဝေးစေသလားပဲ။ လမ်းမအလယ်မှာ အဖြူ၊ အစိမ်းဝတ် ကျောင်းသူကလေး ၄ ဦး ပန်းခွေတွေကိုင်ဆောင်ရင်း တည်ငြိမ်အေးငြိမ်းစွာ ချီတက်နေတဲ့မြင်ကွင်းကို မြင်နေရသူအဖို့ အားရဖွယ်၊ ကြည်နူးဖွယ်ကောင်းသလို၊ စိတ်မချမ်းမြေ့ဖွယ်၊ ကြေကွဲဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။

လက်နက်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်ဖြိုခွင်းလိုက်ရင် ကြောက်ရွံ့တုန်လှုပ်သွားပြီလို့ထင်ခဲ့ရင်တော့ သူတို့မှားသွားလိမ့်မယ်။ နောက်တကြိမ် ကျောင်းသားပြည်သူတွေ ပြန်လည်စုစည်းကြပြန်တယ်။ ဗိုလ်ချုပ်ကျောက်ရုပ်နဲ့ သိပ်မဝေးလှတဲ့နေရာမှာ ကျောင်းသူ ၄ ဦး အာဇာနည်ကြီးတွေကို ပန်းခွေချအလေးပြုနေတာ လှမ်းမြင်နေရတယ်။ စစ်တပ်ကလည်း အဲဒီနေရာကိုပဲထပ်ပြီး ပိတ်ဆို့ပြန်တယ်။ ဒါပေမဲ့ ကျောင်းသားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုအားကို မခံနိုင်တဲ့ အဆုံး ၄ ယောက်တတွဲ အလေးပြုခွင့်ကို အာဏာပိုင်တွေက ခွင့်ပြုလိုက်ရတယ်။

ကျောင်းသူ ၄ ဦးဟာ ပန်းခွေချ အလေးပြုပြီး စထွက်ခဲ့စဉ်ကလိုပဲ နှစ်ယောက်တတွဲ ပြန်ထွက်လာတယ်။ လူထုနဲ့ ဗိုလ်ချုပ်ကျောက်ရုပ်အလယ်ကြား အရောက်မှာ ကျောင်းသားတယောက် သူတို့အနားရောက်လာပြီး “ဘာမှမစိုးရိမ်နဲ့ တို့အောင်မြင်တယ်။ မင်းတို့၊ ငါတို့ကို ပစ်ပြီး လူစုခွဲတဲ့နေရာအထိဆက်လျှောက်ပါ”လို့ ကပ်ပြောသွားခဲ့တယ်။ သူတို့လေးဦး လူထုကြီးနဲ့ နီးလာလေလေ၊ သူတို့ ကိုအားပေးသံ၊ လက်ခုတ်တီးသံဟာ ပိုပြီး ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပါတယ်။ လူထုအနီးရောက်လာတဲ့သူတို့ကို စစ်ဗိုလ်တဦးက လမ်းဘေးကဆင်းလျှောက်ဖို့ ပြောလာတယ်။ သူတို့ကလည်းတည်ငြိမ်စွာနဲ့ “ကျမတို့ ကျောင်းသားတွေကိုပစ်ပြီး လူစု ခွဲတဲ့နေရာရောက်တဲ့အထိ ဆက်လျှောက်မယ်”လို့ ပြန်ပြောလိုက်တယ်။ လူထုကြီးဟာ သူတို့အနားရောက်လာတဲ့ ကျောင်းသူ ၄ ဦးကို အားပေးရင်းအံ့ဩနေကြတယ်။ သူတို့မရပ်သေးဘူး၊ ဆက်လျှောက်နေဆဲမို့ လူထုကြီးက သူတို့ကို လမ်းရှင်းပေးရင်း၊ အားပေးရင်းနဲ့ သူတို့ကိုငေးကြည့်နေတယ်။ မပြီးဆုံးသေးတဲ့ သူတို့ခရီးလမ်းရဲ့ ဘေးတဖက်တချက်မှာရှိနေတဲ့ အိမ်တွေထဲက ပြေးထွက်ပြီးအားပေးကြ၊ တချို့ဆို ဘုရားစင်ကသပြေပန်းတွေကမ်းကြ၊ တချို့ကတော့ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ပြီး မျက်ရည်တွေဝိုင်းလို့ပေါ့။ သူတို့ကတော့ မလျော့တဲ့ဇွဲသတ္တိနဲ့ အကြောက်တရားကို ဖယ်ရှားမောင်းထုတ်ထားပြီး ခရီးဆုံးဖြစ်တဲ့ ပန်းတိုင်အရောက် လျှောက်လှမ်းလျှက်။

၁၉၈၉ ခုနှစ် အာဇာနည်နေ့ရဲ့ ဒီမြင်ကွင်း၊ ပြည်မြို့က ကျောင်းသား၊ ပြည်သူတွေရဲ့ညီညွတ်ခြင်း၊ ရဲရင့်ပြတ်သားတဲ့ ကျောင်းသားရဲဘော်တဦးနဲ့ ကြောက်ရွံ့မှုကင်းဝေးပြီး ဇွဲသတ္တိအပြည့်နဲ့ မိမိတို့ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်ခဲ့ကြတဲ့ ကျောင်းသူကလေး ၄ ဦးကို နှစ်ကာလတွေဘယ်လောက်ပဲကြာပါစေ သူတို့ အားလုံးရဲ့ ယုံကြည်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုတွေအပေါ် အမြဲမှတ်မှတ်ရရ ဂုဏ်ပြုလေးစားလျက်ရှိနေရပါတယ်။

0 Comments: