Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၁) မီးဘေးဘွတ်ပြတ်


သူ ကော်ဖီဆိုင်မှ ထွက်လာတော့ ညနေ ၆ နာရီ ထိုးခါနီးပြီဖြစ်သည်။ အလုပ်ဆင်းပြီးပြီးချင်းပင် အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့၏။

အိမ်ရောက်ပြီး သိပ်မကြာခင်လေးတွင်ပင် အိမ်ဖုန်းက မြည်လာသည်။ သူ ဖုန်းကောက်ကိုင်လိုက်ပြီး-

“ဟဲလို… ဟုတ်ကဲ့… ကျနော် ပြန်ရောက်နေပါပြီ… မစားနဲ့လေဗျာ… အိမ်ပြန်ရောက်နေလို့ ခင်ဗျားရဲ့ဖုန်းကို ကိုင်တာပေါ့ဗျ… လာခဲ့လေ.. ရှိပါတယ်။ ဘယ်မှ မသွားဘူး.. ရှိတယ်… အိုကေ…”

ဗျိုင်းကြီးက အရေးကြီးသောကြောင့် သူ့ထံ ဖုန်းဆက်လာခြင်းဖြစ်၏။ ဗျိုင်းကြီး၏ သူငယ်ချင်းတစ်ယောက် ဒုက္ခရောက်နေ၍ လာပြီး အကူအညီတောင်းမလို့ဟု ပြောခဲ့သည်။

ဖင်ကောက် ခဏမျှ အနားယူပြီး ရေမိုးချိုးလိုက်သည်။ သူ ရေချိုးပြီး အီးမေးလ် ခဏဝင်စစ်နေစဉ်တွင်ပင် ဘဲလ်တီးသံ ကြားလိုက်ရ၏။

သူ သွားပြီး တံခါးဖွင့်ပေးလိုက်သော်-

ဗျိုင်းကြီးနှင့်အတူ သူနှင့် သက်တူရွယ်တူအရွယ်ရှိ အရပ်ခပ်မြင့်မြင့် လူစိမ်းတစ်ယောက်ကို အထုပ်အပိုးများဖြင့် တွေ့လိုက်ရ၏။ အထုပ်ကြီးများက ကြီးမားလွန်းလှသည်။ အထုပ်ကြီးနှစ်ထုပ်ပင် မကသေး… အိမ်ပေါက်ဝတွင် အခြား တိုလီမိုလီများလည်း ရှိနေသေး၏။ ဖင်ကောက် ခရီးဦးကြို ပြုခဲ့ပါသည်။ “လာဗျာ ဘဲကြီး… ဟိုအစ်ကိုလည်း ဝင်လာပါလား။”

အိမ်၏ လှေကားများမှတဆင့် ဒုတိယထပ်ရှိ သူ့အခန်းတွင်းသို့ အထုပ်အပိုးများကို ၃ ယောက်ပေါင်း မနိုင့်တနိုင် သယ်တင်လာခဲ့ကြသည်။ အထုပ်ကြီးများက လေးလိုက်သည့်ဖြစ်ခြင်း…

ဗျိုင်းကြီးသည် သိပ်ပြီး စကားများများ ပြောတတ်သူမဟုတ်… ထို့ကြောင့်… “ဟေ့ကောင်.. ဒါ ငါ ပြောတဲ့ ငါ့ သူငယ်ချင်း ဆိုတာပဲ။ နည်းနည်း ဒုက္ခရောက်လာလို့ကွာ… သူ့ပစ္စည်းတွေ မင်းအိမ်မှာ ခဏထားလို့ ဖြစ်တယ်မဟုတ်လား။ သူက လောလောဆယ်တော့ ငါတို့နဲ့ လိုက်နေဦးမယ်။ ပြီးမှ အိမ်ခန်းလေး ဘာလေး ရှာပေးကြတာပေါ့။ မင်း အသိထဲက ရှိရင်လည်း ပြောဦးလေ.. ငါ သွားလိုက်ဦးမယ်… ည အတန်းတစ်တန်းရှိသေးတယ်။”

ဗျိုင်းကြီးသည် ခဏလေးသာ စကားပြောခဲ့ပြီး ခဏချင်း ထွက်ခွာသွားလေတော့သည်။ သူ့ အခန်းထဲတွင်တော့ ထို လူစိမ်းနှင့် သူ နှစ်ယောက်တည်း ငေါင်တောင်တောင်ကြီး ကျန်ရစ်ခဲ့၏။

ထို လူစိမ်းသည် သူ့ကို ပြုံးဖြီးဖြီးလေးကြည့်နေပြီး - “အစ်ကို.. ကျနော့် ပစ္စည်းတွေက များတော့ အားနာတယ်ဗျာ” ဟု စကားစလိုက်သည်။

ဖင်ကောက်က ပြာပြာသလဲပင် ပြောဆိုလိုက်၏။ “ဟာ.. ရပါတယ်ဗျာ.. ဒီမှာက ကျနော် တစ်ယောက်တည်းပဲ နေတာဗျ… ထားလို့ရပါတယ်။”

ဖင်ကောက်သည် အင်္ကျီအိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ရှာနေရင်း ပြောဆိုလိုက်သည်။ “လာဗျာ… အပြင်ထွက်ပြီး ဆေးလိပ်လေးဘာလေး သွားသောက်ရအောင်…”

အိမ်ရှေ့တွင် နှစ်ယောက်သား ဆေးလိပ် ထွက်သောက်နေရင်း ဖင်ကောက် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ “ကျနော့် နာမည်က (xxxx) ပါ။ အစ်ကိုက ဘယ်က လာခဲ့တာလဲ။”

ဘူဇွာသည်လည်း ပြန်၍ လက်ဆွဲနှုတ်ဆက်လိုက်ပြီး “ကျနော်ကတော့ (xxxx) ပါ။ ကျနော် အထက်ပိုင်းပြည်နယ်က လာခဲ့တာဗျ။ ရောက်တာ သိပ်မကြာသေးဘူး… ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲဗျာ… ဒုက္ခရောက်လိုက်တာ။”

ဖင်ကောက်က စူးစမ်းလိုက်၏။ “ဒါနဲ့ အစ်ကိုက ဘာဖြစ်လာတာလဲ။”

ဘူဇွာသည် သက်ပြင်းရှိုက်လိုက်ပြီး ပြန်ဖြေလိုက်သည်။ “အေးဗျာ… ကံဆိုးတာပါ။ ကျနော် ငှားနေတဲ့အိမ်မှာ မီးလောင်လို့…”

ဖင်ကောက် ပါးစပ် အဟောင်းသားနှင့် အံ့အားသင့်သွားခဲ့၏။ “ဟာဗျာ… ဘယ်လိုဖြစ်ရတာလဲ… တစ်အိမ်လုံး ပါသွားတာလား။”

ဘူဇွာသည် မီးငြိမ်းစပြုနေပြီဖြစ်သော သူ၏ ဆေးလိပ်တိုလေးကို ပလက်ဖောင်းပေါ် ပစ်ချပြီး ခြေထောက်ဖြင့် နင်းခြေလိုက်၏။ “တစ်အိမ်လုံးတော့ မပါသွားပါဘူး။ မီးဖိုချောင်တော့ ကုန်သလောက် ပါသွားတယ်။ ကျနော်လည်း တော်တော် လန့်သွားတာဗျ။ မီးကြီးတွေက အကြီးကြီး ထလောင်တာ… နောက်တော့ မီးသတ်တွေကော ရဲကားတွေပါ တစ်လမ်းလုံး ပိတ်ထားပြီး စစ်လိုက်ဆေးလိုက်တာဆိုတာလည်း မပြောပါနဲ့တော့ဗျာ… ကျနော့် ပတ်စ်ပို့ကိုတောင်မှ အိမ်ရှင်က မောင်ပိုင်စီး သိမ်းသွားခဲ့သေးတယ်။”

ဖင်ကောက်က ဘာမှမပြောဘဲ စောင့်၍ နားထောင်နေလိုက်သေး၏။

ဘူဇွာက စိတ်ညစ်ညူးလာဟန်ဖြင့် “ကျနော့်ကို ဆေးလိပ်တစ်လိပ်လောက် ထပ်တိုက်ပါလားဗျာ…” ဟု ဆိုလာသောကြောင့် ဆေးလိပ်တစ်လိပ်ကို မီးပင်ညှိပေးလိုက်သေး၏။

ဆေးလိပ်ဖွာရှိုက်နေရင်း ဘူဇွာက ဆက်ပြောနေလေသည်။ “အေးဗျာ… ကျနော်ကလည်း ကျနော်ပါပဲ… မီးပေါ့ဆတာတော့ မဟုတ်ပါဘူး။ လျှာရှည်ပြီး အာလူးကက်သလိတ် သွားကြော်တာဗျ။ ဘယ်လိုလုပ်ပြီး မီးက ထလောင်သွားတာလဲ မပြောတတ်ပါဘူးဗျာ။”

မီးဘေးဒုက္ခသည် ဘူဇွာ့ကို ဖင်ကောက်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေလေသည်။ သူနှင့် စကားပြောဆိုနေသူသည် ပိန်ပိန်ရှည်ရှည်ဖြစ်ပြီး ဆံပင်များကလည်း လည်ဂုတ်တွင် ဝဲနေသေး၏။ အဆိုတော် လေးဖြူနှင့် ခပ်ဆင်ဆင်တူသူတစ်ယောက်ဖြစ်သော်လည်း လေးဖြူထက်တော့ ပိုပြီးကြည့်လို့ကောင်းသည်ဟု မဆီမဆိုင် တွေးမိနေသေးသည်။ ဟဲဗီးမက်တယ်လ် ရော့ခ်ကာကြီးတစ်ယောက်လို အသွင်အပြင် ရှိနေရုံမကသေး၊ စကားပြောဆိုသည်မှာလည်း ပွင့်ပွင့်လင်းလင်း ရှိလှသည်ဟု ယူဆရသည်။

ဘူဇွာက ဆေးလိပ်ကို ဟန်ပါပါဖြင့် ခဲနေပြီး မေးမြန်းလိုက်သည်။ “ဒါနဲ့ အစ်ကိုက ရောက်တာကြာပြီလား။”

ဖင်ကောက်သည် ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိနေရင်း ပြန်ဖြေဆိုလိုက်၏။ “၄ လ ကျော်ကျော်ပဲ ရှိသေးတယ်ဗျ။ ရောက်တာ သိပ်မကြာသေးဘူးလို့ ပြောရမှာပေါ့။”

ဘူဇွာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ “ကျနော်ကတော့ ရောက်နေတာ ၇ လလောက်ရှိပြီဗျ။ အထက်ပြည်နယ်မှာ ကျောင်းတက်နေတာတောင် 1 semester တောင်ပြီးသွားပြီ။ နယူးယောက်ကို ရောက်တာ မကြာသေးဘူးဗျ။ နှစ်လလောက်ပဲ ရှိသေးတယ်။ ဒါနဲ့ အစ်ကိုက ဘာနဲ့လာတာလဲ။”

ဖင်ကောက်က ဆေးလိပ်ကို ဖွာရှိုက်ရင်း ပြောဆိုလိုက်၏။ “အစိမ်းပေါက်ပြီး ရောက်လာတာဗျ။ ခင်ဗျားကော…”

အစိမ်းပေါက်သည်ဆိုခြင်းကြောင့် Green Card ပေါက်ပြီး ရောက်လာမှန်း ဘူဇွာ သိလိုက်ရ၏။ “ကျနော်ကတော့ ကျောင်းသားနဲ့ ရောက်လာတာဗျ။ အခုတော့ ဒီမှာ ကျောင်းလာတက်တာပေါ့ဗျာ။”

+++++

ဤသို့နှင့် ဘူဇွာနှင့် ဖင်ကောက်တို့နှစ်ယောက် ခင်မင်သော သူငယ်ချင်းများ ဖြစ်သွားခဲ့ကြ၏။ ဘူဇွာသည် ဗျိုင်းကြီး၏ အိမ်တွင် တည်းခိုနေထိုင်သော်လည်း အိမ်က ကျဉ်းနေသောကြောင့် ပစ္စည်းများကို ဖင်ကောက်ထံတွင် ထားရှိရလေသည်။ ထမင်းစားချိန်၊ အိပ်ချိန်များကို ဗျိုင်းကြီးအိမ်၌သာ ပြုလုပ်ပြီး ရေချိုးချိန်၊ အဝတ်အစားလဲချိန်များတွင်မူ ဖင်ကောက်ထံသို့ ရောက်လာတတ်၏။

သူတို့နှစ်ယောက်၏ အခေါ်အဝေါ်များကလည်း ပြောင်းလဲသွားခဲ့ကြသည်။ မင်းနှင့် ငါနှင့် ခေါ်ဆိုလာကြပြီး နာမည်ရင်းများကိုပင် မခေါ်ကြတော့…

ဗျိုင်းကြီး၏ အခန်းဖော်ဖြစ်သူ နောက်တစ်ယောက်ကို ဘူဇွာ သိလာခဲ့သည်မှာ ဘဲကြီးဖြစ်၏။ ဘဲကြီးနှင့် ဗျိုင်းကြီးက အထက်တန်းကျောင်းမှာကတည်းက သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ ပန်းသီးမြို့တော်ကို ဘဲကြီးက အရင်ရောက်နှင့်ပြီး ဗျိုင်းကြီးက နောက်မှ ရောက်လာသူဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဘဲကြီးနှင့် ဖင်ကောက်တို့သည် ဆွေမျိုး တော်စပ်နေကြလေသည်။

ပန်းသီးမြို့တော်ကြီးတွင် ဘူဇွာ မပျင်းတော့ပါ။ သူငယ်ချင်းအသစ်များ ရရှိလာပြီ မဟုတ်ပါလား။ ကျောင်း အဆင်ပြေဖို့နှင့် အလုပ် အဆင်ပြေဖို့သာ ကျန်တော့သည်။

+++++

ပန်းသီးမြို့တော်ကြီးတွင် မရနိုင်သည့်အရာများ မရှိသလောက်ပင် ရှားပါးလှသည်။ နေရာ ဂျကာများကို သိထားဖို့ပင် လိုအပ်သည်။

ဘူဇွာသည် ရောက်စကတည်းက Manhattan မြို့ထဲရှိ တရုတ်တန်းကို လွန်စွာ သဘောကျသွားခဲ့သည်။ တရုတ်လို စကားပေါက်၍တစ်ကြောင်း၊ အလုပ်ရှာဖွေရန် လွယ်ကူသောကြောင့်တစ်ဖုံ… တရုတ်တန်းကို အလွန်နှစ်ခြိုက်သွားမိ၏။

တရုတ်တန်းတွင် ဘူဇွာ ပထမဆုံးရောက်သွားခဲ့သည့်နေရာမှာ အလုပ်ရှာဖွေရေး အေဂျင်စီဖွင့်ထားသော ကွမ်းတုံတရုတ် ညီအစ်မများ၏ ရုံးသို့ဖြစ်၏။ ထိုညီအစ်မများထဲမှ မိန်းမိန် ဆိုသော အမျိုးသမီးသည် ဘူဇွာနှင့် လွန်စွာမှပင် လေပေးဖြောင့်သည်။

ကျောင်းမဖွင့်သေး၍ ဘူဇွာ ပထမဆုံး ရသောအလုပ်မှာ အချိန်ပြည့်လုပ်ရသော မီးဖိုချောင် အလုပ်သမား အလုပ်ဖြစ်၏။ ပထမတော့ ဘူဇွာက အီးအဲ လုပ်နေသေး၏။ သို့သော် လခ ပေးတာကောင်း၍ ငြိမ်နေလိုက်သည်။ ဒီအလုပ်မရလည်း နောက်တစ်လုပ်ဟုသာ သဘောထားခဲ့သည်။

မီးဖိုချောင်ထဲတွင် ဘူဇွာ အတော် ပင်ပမ်းလှသည်။ ပန်းကန်များကို ဆေးကြောရသည်။ သန့်ရှင်းရေး လုပ်ရသည်။ မီးဖိုချောင်အတွက် အစားအသောက်များ လာပို့သော ထရပ်ကားများ ရောက်လာချိန်တွင် အလေးအပင်များကို ထမ်းမရသည်။ အသီးအရွက်များ၊ အသားငါးများကို ဆေးကြော ခုတ်ထစ်ရသည်။ အဆိုးဆုံးမှာ နှစ်ပတ်တစ်ခါ မီးဖိုချောင် သန့်ရှင်းရေး လုပ်ရခြင်းပင်ဖြစ်သည်။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် အချိန်မရွေး လာစစ်တတ်ကြသည်ဖြစ်သောကြောင့် ဘူဇွာတို့ ဆိုင် မန်နေဂျာက နှစ်ပတ်တစ်ခါ မီးဖိုချောင် သန့်ရှင်းရေး လုပ်ခိုင်းခြင်းဖြစ်သည်။ ထိုနေ့ဆိုလျှင် အိမ်သို့ မနက် ၃ နာရီကျော်မှသာ ဘူဇွာ ပြန်ရောက်လေ့ ရှိ၏။ သို့သော် ဘူဇွာ မမှုပါ။ ကျောင်းခဏပိတ်ထားတုန်းလေး ကြုံးလုပ်ထားမည်။ ကျောင်းဖွင့်သည့်အချိန်တွင်တော့ မိန်းမိန်အားကိုးဖြင့် နောက်ထပ် အချိန်ပိုင်း အလုပ်ကလေး တစ်ခုလောက် ရှာနိုင်ကောင်းရဲ့ဟု တွေးထားလေသည်။

အလုပ်ရှာဖွေရေးအေဂျင်စီ ဆိုသော်လည်း အလကားမတ်တင်းတော့မရ… အလုပ်တစ်ခု ရှာဖွေပေးသည်ကို အဆင်ပြေသွားလျှင် အလုပ်လာရှာသူက ပိုက်ဆံ ၅၀ ပေးရပြီး အလုပ်ရှင်သည်လည်း ပိုက်ဆံ ပေးရ၏။ ဘယ်လောက်မှန်းတော့ ဘူဇွာ မသိ…

+++++

နောက် ၃ ရက်ဆိုလျှင် ကျောင်းပြန်ဖွင့်တော့မည်ဖြစ်သောကြောင့် ဘူဇွာ အလုပ်ထွက်လိုက်သည်။ တရုတ်လူမျိုးဖြစ်သူ ဘူဇွာ၏ ဆိုင်မန်နေဂျာသည် လွန်စွာမှပင် စိတ်ဆိုးသွားခဲ့သည်။ သူ့ကို နှစ်ပတ်ကြိုတင် အသိမပေးရကောင်းမလား ဆိုပြီး ဘူဇွာ့ကို ဆူပူဆဲဆိုတော့သည်။

ဘယ်တတ်နိုင်မလဲ.. ဘူဇွာလည်း သိမှမသိဘဲ… “အလုပ်ခန့်တုန်းကတည်းက ဒီအကြောင်းကို ခင်ဗျား ပြောပါလား” ဟု ဘူဇွာပြောတော့ မန်နေဂျာကြီး စိတ်တိုလိုက်သည့်ဖြစ်ခြင်း…

ထိုနေ့ညနေက ဘူဇွာ အလုပ်စောစော ဆင်းလာခဲ့၏။ ရစရာရှိသည့် လုပ်အားခများကို နောက်တစ်ပတ် ပိုက်ဆံထုတ်ပေးရက်မှ လာယူဆိုတော့ သူ တော်တော် တင်းသွားခဲ့သည်။ မတတ်နိုင်… သူ့စည်းကမ်းဆိုတော့လည်း ဘာမှ မပြောသာ…

ဗျိုင်းကြီး၏ အိမ်သို့ ပြန်ရောက်လာတော့ ဘယ်သူမှ အိမ်ပြန်မရောက်ကြသေး။ အိမ်ရှေ့လှေကားလေးတွင် ဘူဇွာတစ်ယောက် စိတ်ညစ်ညစ်နှင့် ဆေးလိပ် ထိုင်သောက်နေ၏။ သူ့ကို ကိုဗျိုင်းက သော့အပိုတစ်ချောင်း ပေးထားသော်လည်း အိမ်တွင်းသို့ မဝင်ချင်သေးပါ။ ရှေ့ဆက်လုပ်ရမည့် အလုပ်များကို ဘူဇွာ ဆက်ပြီး စဉ်းစားနေလိုက်သည်။ ဒီအတိုင်းတော့ သွားလို့မဖြစ်… တစ်ခုခုတော့ ဖြစ်အောင် လုပ်ရမည်ဟု သန္နိဋ္ဌာန်ချထားမိ၏။

အိမ်ရှေ့တွင် ထိုင်ပြီး မှိုင်တွေ စဉ်းစားနေသော ဘူဇွာ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ သူထိုင်နေသည့် လှေကား၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော အလယ်တန်းကျောင်း၏ ဘတ်စကက်ဘောကွင်းထဲတွင် ဘောလုံးကန်နေကြသူများ ဖြစ်သည်။ တောင်အမေရိကတိုက်မှ လာသူများဖြစ်ပုံရသည်။ ထိုသူများအပါအဝင် မက္ကဆီကန်လူမျိုးများကို အမေရိကန်ပြည်နယ်၏ အရှေ့ဘက်ကမ်းရိုးတန်းနေ မြန်မာလူများက “စလုံး” လူမျိုးများဟု ခေါ်ဆိုကြပြီး အနောက်ဘက် ကမ်းရိုးတန်းတွင် နေထိုင်ကြသူ မြန်မာလူမျိုးများက “ပဲ” လူမျိုးများဟု ခေါ်ဆိုကြသည်။

စလုံး ဆိုသည်မှာ Spanish/Hispanic ကို အတိုကောက် မြန်မာမှု ပြုထားခြင်းဖြစ်ပြီး စလုံး စကားပြောဆိုသူ မည်သည့် တောင်အမေရိကနိုင်ငံမှ လူမျိုးများကိုမဆို စလုံး ဟု သမုတ်ကြခြင်းဖြစ်သည်။ အနောက်ဘက် ကမ်းရိုးတန်းတွင် ခေါ်ဆိုကြသည့် “ပဲ” ဆိုသည်မှာ အထူးသဖြင့် မက္ကဆီကန်များကို သမုတ်ကြခြင်းဖြစ်သည်။ အနီရောင် ကျောက်ကပ်သဏ္ဌာန်ရှိ ပဲစေ့များကို စားသုံးကြသောကြောင့် ပဲလူမျိုးများဟု ချစ်စနိုးဖြင့် ခေါ်ဝေါ်သမုတ်ကြခြင်းဖြစ်သည်။

လှေကားတွင် ထိုင်နေရင်း ဘူဇွာ တွေးနေမိ၏။ မြန်မာပြည်မှ လာသူများသည် သူတို့ကိုယ်သူတို့တော့ “ရွှေ” ဟု တင်စားသမုတ်ကြပြီး ကျန်လူမျိုးများကိုတော့ နာမည်ပြောင်များ အမျိုးမျိုး မှည့်ခေါ်တတ်ကြသည်ဟု မဆီမဆိုင် အတွေးပွားနေမိသေး၏။ မြန်မာပြည်မှ ရောက်လာသူများကိုရော... တခြားလူမျိုးများက မည်သို့ ခေါ်ဆိုကြမည် ဆိုသည်ကိုလည်း ဘူဇွာ သိချင်နေမိ၏။

ဘောလုံးကန်နေသောနေရာသို့ ဘူဇွာတစ်ယောက် စိတ်ဝင်စားစွာဖြင့် လျှောက်သွားလိုက်ပြီး ခြံစည်းရိုးမှ ငေးကြည့်နေမိ၏။ ဘူဇွာ့နားသို့ ဘောလုံးလိမ့်လာခဲ့သောကြောင့် ဘောလုံးလာကောက်သူတစ်ယောက်က ဘူဇွာ့ကို စလုံး စကားဖြင့် မေးမြန်းလိုက်သည်။ “အမီးဂိုး” ဆိုသော စကားလုံးမှလွဲပြီး ကျန်တာ ဘာပြောနေမှန်း ဘူဇွာ နားမလည်ပါ။ သို့သော် သူ့ပုံစံကိုကြည့်ပြီး သူတို့လူမျိုးတစ်ယောက်ဟု ထင်နေကာ ဘောလုံးကစားဖို့ ခေါ်နေကြောင်းကိုတော့ ရိပ်ဖမ်းသံဖမ်း နားလည်လိုက်၏။

ထို့ကြောင့် ဘူဇွာသည် ဘာမှပင် မငြင်းဆန်တော့ဘဲ ကွင်းထဲသို့ ဝင်ပေါက်မှ ပြေးဝင်သွားခဲ့သည်။ ကွင်းလယ်တွင် ဘောလုံးကို တည်ထားပြီး နောက်တစ်ပွဲကန်ရန် ဆိုင်းပြင်းနေကြခြင်းဖြစ်၏။ ဘူဇွာသည် ရှေ့ကို ပြေးသွားလိုက်ပြီး ဂိုးတိုင်အနီးအနားတွင် စောင့်နေ၏။ သူ့ထံလှမ်းပို့လိုက်သော ဘောလုံးကို အားရပါးရ ကြုံးပြီး ကန်ထုတ်လိုက်ရာ…

ဘောလုံးသည် အပေါ်တည့်တည့်သို့ မြောက်တက်သွားပြီး ဂိုးတွင်းသို့ သူစီးထားသော Timberland ဖိနပ်တစ်ခြမ်းက အရှိန်ပြင်းစွာဖြင့် ဝင်သွားလေတော့သည်။ ပထမတော့ ဂိုးသွားပြီထင်ပြီး ဘူဇွာ သွားဖြီးလေးဖြင့် နောက်သို့ လှည့်ရယ်ပြနေသေး၏။ သူ့ညာခြေထောက်ကို ချလိုက်သောအခါတွင်မူ တစ်ခုခု  လိုအပ်နေသည်ထင်၍ ငုံ့ကြည့်လိုက်ရာ သူစီးထားသော ဘွတ်ဖိနပ်ကြီး၏ အောက်ခံအပြားကြီးမရှိတော့ဘဲ သူ့ခြေဖဝါးများက ကွန်ကရစ်ကြမ်းပြင်ဖြင့် ဘာအကာအစီးမှ မပါဘဲ ထိတွေ့နေကြောင်း ခံစားမိလိုက်၏။

ကံဆိုးလှစွာပင်…

ထိုဖိနပ်သည် သူ၏ တစ်ရံတည်းသော ဖိနပ်လည်းဖြစ်နေပြန်၏။

+++++

အလုပ်မှ ပြန်ရောက်လာသော ဗျိုင်းကြီးသည် အိမ်ခန်းတွင်းသို့ ဝင်ဝင်လာခြင်းပင် စိတ်ပျက်လက်ပျက် ခြေပစ်လက်ပစ် ကြမ်းပြင်ပေါ်ထိုင်နေသော ဘူဇွာ့ကို တွေ့သွားခဲ့သည်။

“ဟေ့ကောင်ကြီး… မင်းဒီနေ့ အလုပ်ပြန်လာတာ စောလှချည်လား။”

ထိုအမေးစကားကို ပြန်မဖြေနိုင်သေးဘဲ ဘူဇွာက ဗျိုင်းကြီးကို ဘူသံကြီးဖြင့် ပြန်လည် မေးမြန်းလိုက်သည်မှာ-

“ဒီအနီးတဝိုက်မှာ ဖိနပ်ဝယ်လို့ရတဲ့ဆိုင် ရှိလားဗျ…”

0 Comments: