Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၁၂) ဘူဇွာနှင့်သင်္ချာ
မနေ့ညတုန်းက အလုပ်မှပြန်ရောက်သည်မှာ ညဉ့်နက်နေရုံမကသေး၊ ကျောင်းမှ ပေးလိုက်သော အိမ်စာများကို ဖင်ကုန်းနေအောင်လုပ်ခဲ့ရသော ဘဲကြီးသည် မနက် ၈း၃၀ လောက်ထိ နှစ်ခြိုက်စွာ အိပ်မောကျနေ၏။ ယနေ့ ကျောင်းချိန်သည်လည်း ညနေ ၃ နာရီမှသာ အတန်းရှိသည်ဖြစ်သောကြောင့် ကောင်းကောင်းအနားယူဦးမည်ဟု ညကတည်းက ဆုံးဖြတ်ထားပြီး ခါတိုင်းပေးထားနေကြ နှိုးစက်နာရီကို ပိတ်ထားခဲ့သည်။
ထိုအချိန်တွင် အိမ်ဖုန်းက အသံကျယ်လောင်စွာ မြည်တွန်လာ၏။ ပထမဆုံးဖုန်းမြည်သံကို မကြားခဲ့ရ။ ဒုတိယ ဖုန်းမြည်သံကိုတော့ ဗျိုင်းကြီးရှိနေလျှင် သူ ကိုင်လိမ့်မည်ဆိုပြီး ပေပေတေတေ ဆက်အိပ်နေသေး၏။ တတိယ အကြိမ် ဖုန်းမြည်လာပြန်တော့ ဘဲကြီး အိပ်မှုန်စုံမွှားနှင့် ထလာရတော့သည်။ အိမ်တွင် ဖုန်းကိုင်မည့်သူဆို၍ သူ တစ်ဦးတည်းသာ ကျန်ရှိတော့သည် မဟုတ်ပါလား။
ဤအချိန်ကြီး ဝင်လာသော ဖုန်းသည် အရေးကြီးသော ဖုန်းဆက်မှု ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်ထားသည်။ ညနေ ကျောင်းဆင်းပြီး သွားရမည့် အလုပ်က အရေးကြီးသောကြောင့်များ ဖုန်းဆက်လာခြင်းလော…
ဘဲကြီးသည် အိပ်ချင်နေသောစိတ်ကို အတတ်နိုင်ဆုံး ဖျောက်ထားပြီးမှ အသံကြည်ကြည်လင်လင်ဖြင့် ဖုန်းထူးရန် ကြိုးစားလိုက်သည်။ သို့သော် သူ့အသံက အိပ်မှုန်စုံမွှားအသံ ဖြစ်နေဆဲဖြစ်ကြောင်းကိုတော့ လုံး၀ သံသယမရှိ။
“ဟဲလို… အေး ဟုတ်တယ်၊ ပြော။ အာ... မင်း ငါ့ကို လာစားနေတာလား။… ဟာ… ဒီကောင်ကြီး စားပြီကွာ၊ မဟုတ်ဘူး… ၁၂ လက်မ တစ်ပေ၊ ၃ ပေ ၁ ကိုက်ကမှ အမှန်… ဒါပဲလား။… အေး… ပြော၊ မဟုတ်ဘူး။ ကိုက်ဆိုတာ Yard ကိုပြောတာ။ အေး ဟုတ်တယ်၊ လေးထောင့်ကျတဲ့ဟာမှန်သမျှ အလျားနဲ့ အနံနဲ့မြှောက်- ဧရိယာရတယ်။”
ဖုန်းကို ပြန်တင်ထားလိုက်ပြီး ခုံပေါ်တွင် ခေါင်းတင်ထားကာ ဘဲကြီး ပြန်အိပ်ပျော်သွားပြန်၏။
+++++
သည်နေ့တစ်နေကုန်လုံး ဘူဇွာ အလုပ်ရှုပ်နေသည်။ ကျောင်းစဖွင့်ပြီဆိုသော်လည်း အတန်း တစ်တန်းမှ မတက်ရသေး။ အတန်းမတက်ခင် ရှေးဦးစွာ placement test ဟုခေါ်သော အရည်အချင်းစစ် စာမေးပွဲကြီးကို မနက်စောစော သွားဖြေခဲ့ရသေး၏။ နောက်အပတ်မှ အတန်းများ စမည်ဖြစ်သည်။
ယူထားသမျှ အတန်းချိန်များသည် ညတန်းများသာ ဖြစ်သောကြောင့် နေ့ခင်းဘက်တွင် ဘူဇွာ အလုပ်လုပ်နိုင်နေသေး၏။ ထို့ကြောင့် စာမေးပွဲ ဖြေပြီးသည်နှင့် တရုတ်တန်းရှိ မိန်းမိန် အေဂျင်စီကို အပြေးလှမ်းသွားခဲ့သည်။ မိန်းမိန်အတွက် ပန်းစီးလေးတစ်စီးလည်း ဝယ်သွားခဲ့၏။ မိန်းကလေးတိုင်း ပန်းကြိုက်တတ်သည် မဟုတ်ပါလား။
သူ ရောက်သွားပြီး ချက်ချင်းပင် မိန်းမိန်က ဘူဇွာ့ကို ခေါ်လိုက်သည်။ ပြီးနောက် တရုတ်လိုဖြင့်- “နင့်အတွက် ငါ အလုပ်တစ်ခုတွေ့ထားတယ်။ တစ်ရက်ကို ၆၀ ပေးမယ်တဲ့။ အလေးအပင်တွေတော့ ထမ်းရလိမ့်မယ်။ လုပ်နိုင်မလား။”
ဘူဇွာက တရုတ်လို ပြန်မေးလိုက်သည်။ “တစ်ရက်ကို ဘယ်နှစ်နာရီ လုပ်ရမှာလဲ။”
မိန်းမိန်သည် သူ့စားပွဲရှေ့မှ ရေးထားသော မှတ်စုများကို ဖင်ပြန်ခေါင်းပြန် လှန်ကြည့်လိုက်ပြီး - “မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ရမယ်။ တစ်ပတ်ကို ၆ ရက်လုပ်နိုင်မလား။”
ညအတန်းများသာ ယူထားသော ဘူဇွာအတွက် ထိုအချိန်ဇယားက အဆင်ပြေလေသည်။ ထို့ကြောင့် မဆိုင်းမတွပင် အဖြေပေးလိုက်၏။ “ရတယ်လေ… လုပ်မယ်။ ဘာလုပ်ရမှာတဲ့လဲ။”
မိန်းမိန်က စာရွက်ကို ပြန်ကြည့်ပြီး အဖြေပေးလိုက်သည်။ “အမ်း… တီရှပ်တွေ တံဆိပ်ရိုက်တဲ့ အလုပ်လို့ ပြောတာပဲ။”
ဘူဇွာက ချက်ချင်းပင် အဖြေပေးလိုက်ပြန်သည်။ “ရတယ်။ လုပ်မယ်။”
ပြီးနောက် ပိုက်ဆံ ၅၀ ကို မိန်းမိန် စားပွဲပေါ် တင်ထားပေးလိုက်၏။ မိန်းမိန်က ဘူဇွာ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေပြီးနောက် ၂၀ တန် တစ်ရွက်ကိုသာ ယူထားလိုက်သည်။ ပြီးနောက် - “နင်က ခင်ဖို့ ကောင်းတယ်။ ၂၀ ပဲ ယူထားလိုက်တော့မယ်။ ဟုတ်ပြီလား။”
ပိုက်ဆံ ၅၀ ထဲမှ ပိုသည်များကို ဘူဇွာ့ဘက်ကို ပြန်ထိုးပေးရင်း မိန်းမိန်က မျက်ထောင့်လေးကပ်ပြီး ဆက်ပြောလိုက်သည်။ “နင်ယူလာပေးတဲ့ ပန်းတွေအတွက် ကျေးဇူးပဲနော်။ နောက်ဆို အချိန်မရွေး လာလို့ရတယ်။ ဟုတ်ပြီလား။ ခဏနေဦး… နင့်ကို သွားရမယ့် လိပ်စာ ရေးပေးလိုက်ဦးမယ်။ ခဏစောင့်… အိုကေ… ဒီကနေ ချက်ချင်းသွားလိုက်ရင် ပိုတောင်ကောင်းသေးတယ်။ ငါ ကြိုပြီး ဖုန်းဆက်ထားလိုက်မယ်။ ဟုတ်ပြီလား။”
+++++
ထိုနေ့က အလုပ် အင်တာဗျူးသို့ ဘူဇွာ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားသည်။ အလုပ်မှာလည်း သိပ်ပြီးတော့ ဝေးလှသည်မဟုတ်။ ကိုဗျိုင်းတို့ အိမ်မှ ရထားစီးပြီး သွားလိုက်လျှင် မိနစ် ၄၀ ဆိုလျှင် ရောက်ပြီ။ သူ့ကျောင်းနှင့်ဆိုလျှင် ၁၅ မိနစ်ပင် ရထားစီးရမည်ဖြစ်သည်။ သည့်ထက် အဆင်ပြေသည့်အလုပ်မျိုး ဘယ်နား သွားရှာမည်လဲ…
ဘူဇွာ၏ အင်တာဗျူးသည်လည်း ချောချောမောမောပင်။ အလုပ်ရှင်သူဌေးက အမေရိကန်ပြည်ပေါက် ABC (American Born Chinese) ဖြစ်သည်။ ထောင်ထောင်မောင်းမောင်း ၀ဝတုတ်တုတ် ဖြစ်၏။ တရုတ်စကားကို မပြောတော့သော်လည်း ဘူဇွာနှင့် အင်္ဂလိပ်လို ပြောဆိုနိုင်သေး၏။ သူဌေးသည် သူ့အသက်အရွယ်ရှိ လူငယ်တစ်ယောက်ပင်ဖြစ်သောကြောင့် ဘူဇွာနှင့် ပို၍ပင် စကားပြော ကောင်းနေသေး၏။ သူ့ကိုလည်း နှစ်သက်ပုံရသည်။ မနက်ဖြန် အလုပ်စဆင်းနိုင်မလားဟု မေးလာသောအခါ ဘူဇွာက သူဆင်းနိုင်ကြောင်း မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။
သူဌေးက အလုပ်နှင့်ပတ်သက်သည်များကို အနည်းငယ် ရှင်းပြခဲ့သေးသည်။ သူ့ထံတွင် တီရှပ်တံဆိပ်ရိုက်သော အလုပ်သမားများ ရှိနေကြောင်း… သို့သော် သူ့အတွက် လက်ထောက်တစ်ယောက်လောက် လိုအပ်နေ၍ ထိုရာထူးအတွက် အလုပ်သမားအသစ်တစ်ယောက် ရှာနေခြင်းဖြစ်ကြောင်း၊ အထုပ်အပိုးများကို အနည်းငယ် ထမ်းပိုးရမည်ဖြစ်ကြောင်းများကို ရှင်းပြခဲ့ပြီး… အင်တာဗျူးသည် ထိုမျှသာ…
ထိုနေ့က ဘူဇွာတစ်ယောက် ကိုဗျိုင်း၏အိမ်သို့ စောစောစီးစီး ပြန်လာခဲ့လေသည်။
+++++
အိပ်မောကျနေသော ဘူဇွာတစ်ယောက် ဖုန်းမြည်သံကြောင့် နိုးထလာခဲ့သည်။ အိပ်ယာဘေးနားရှိ နာရီကိုလှမ်းကြည့်လိုက်တော့ ည ၈ နာရီပင် ကျော်နေပြီဖြစ်၏။
ဖုန်းပြောအပြီးတွင် ဘူဇွာ မျက်နှာသစ်၊ ခြေလက်သုတ်သင် ဆေးကြောလိုက်ပြီး အွန်လိုင်းပေါ် တက်နေလိုက်၏။ သူ့အတွက် အပန်းဖြေစရာဆို၍ အွန်လိုင်းပေါ်မှ သူငယ်ချင်းများသာရှိသည် မဟုတ်ပါလား။
ဘူဇွာ ဤနိုင်ငံသို့ရောက်ပြီး သိပ်မကြာခင်မှာပင် အမွှာညီနောင် ဝေါလ်ထရိတ်စင်တာကြီးသည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပြိုကျသွားခဲ့ပြီးဖြစ်၏။ ထိုစဉ်တုန်းက သူသည် အထက်ပိုင်းပြည်နယ်တွင် ကျောင်းတက်နေတုန်း…
မမြင်တွေ့လိုက်ရသော၊ သွားမလည်လိုက်ရသော ထိုအဆောက်အဦကြီးနှစ်ခုကို ဘူဇွာ နှမြောမိသည်။
ဤနိုင်ငံသို့ ဘူဇွာ ရောက်လာချိန်သည် အချိန်ကောင်းဟုပင် ပြောရမည်ဖြစ်သည်။ အင်တာနက် boom boom ဖြစ်သောအချိန် ဖြစ်သောကြောင့် လူမှုဆက်သွယ်ရေးကွန်ယက်များ ကြီးထွားလာကာစအချိန်ဖြစ်သည်။ လူတိုင်းပင် MSN Messenger အကောင့်ရှိသလို Yahoo Messenger အကောင့်လည်း ရှိနေချိန်ဖြစ်၏။
ဘူဇွာကတော့ Yahoo Messenger ကို ပိုကြိုက်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာမိန်းကလေးများ အများဆုံးအသုံးပြုသော ဆက်သွယ်ရေးတမန် ဖြစ်နေသောကြောင့်ပင်…
ဘူဇွာ့အတွက်လည်း သူငယ်ချင်းသစ်များ တိုးပွားလာသလို မိန်းကလေးအများအပြားနှင့် အွန်လိုင်းပေါ်တွင် ရင်းနှီးလာခဲ့၏။ သူ၏ အားလပ်ချိန်များသည် Chat Room ထဲဝင်ပြီး ဘာမဟုတ် ညာမဟုတ်သော စကားများကို အီးယောင်ဝါး ဖောရှောလိုက်ပြီး ပြောဆိုနေခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည် မဟုတ်ပါလား။
ဘယ်ကမှန်းမသိသော ဆိုက်ဘာကညာလေးတစ်ယောက်ကို ဘူဇွာ ကြူနေစဉ်မှာပင် ဘဲလ်တီးသံ မြည်လာခဲ့၏။
+++++
ဖင်ကောက်သည် ဝယ်လာသော ဘီယာပုလင်းများကို ရေခဲသေတ္တာထဲ သွားထားနေ၏။ ဧည့်ခန်းတွင်တော့ ဘူဇွာနှင့် ဖင်ကောက်ခေါ်ဆောင်လာခဲ့သော မျက်နှာစိမ်း ဧည့်သည်တစ်ယောက်သာ ရှိနေလေသည်။
ထိုမျက်နှာစိမ်းဧည့်သည်၏ မျက်နှာထားက ခပ်သုန်သုန်မှုန်မှုန် ရှိနေသောကြောင့် ဘူဇွာ မည်သို့ စတင် နှုတ်ဆက်ရမည်မှန်း မသိလောက်အောင် ဖြစ်နေရ၏။ ဂတုံးပြောင်အောင် ရိတ်ထားပြီး မျက်နှာတွင်လည်း ရိတ်ထားသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သောကြောင့် မုတ်ဆိတ်မွှေး၊ ပါးပြိုင်းမွှေး၊ နှုတ်ခမ်းမွှေးများ ခပ်ပါးပါးလေး ပေါက်နေ၏။
ရေခဲသေတ္တာထားရှိသော မီးဖိုချောင်တွင်းမှ ဖင်ကောက် ထွက်လာပြီး ဘူဇွာတို့ကို မိတ်ဆက်ပေးလိုက်သည်။ “ဟေ့ကောင်ကြီး… ဒါ ငါ့ ယောက်ဖလောင်း… ငါတို့ကတော့ သူ့ကို ရှမ်းပဲပုပ်လို့ခေါ်တယ်။”
ပြီးနောက် လူစိမ်းဘက်သို့ လှည့်ပြီး မိတ်ဆက်ပေးလိုက်သည်။ “ဒါကတော့ ငါပြောပြောနေတဲ့ မီးဘေးဒုက္ခသည်ပေါ့ကွာ… ဟဲဟဲ…”
“ကျနော့်ကို ရှမ်းပဲပုပ်လို့ပဲ ခေါ်နိုင်ပါတယ်” ဟု ဆိုလာသော ထိုသူ့လက်ကို ဘူဇွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ပြီးနောက်… “ကျနော်ကတော့ (xxxx) ပါ။ အားလုံးက ဘူဇွာလို့ပဲ ခေါ်ကြပါတယ်။” ဟု ပြန်ပြောလိုက်၏။
ဖင်ကောက်ကပင် ရှမ်းပဲပုပ်ဘက်သို့လှည့်ပြီး ထပ်မံ မိတ်ဆက်ပေးလိုက်ပြန်၏။ “ဒီကောင်ကြီးက ငါတို့ အားလုံးထက် အရင် ရောက်လာတာကွ။ သူ့ ဦးလေး ခေါ်လို့ ရောက်လာတာပေါ့။”
ဖင်ကောက်က ရှက်ပြုံးလေးပြုံးပြနေပြီး ဆက်ပြောလိုက်ပြန်သည်။ “ဟိုမှာတုန်းကတော့ ငါတို့ရဲ့ ဂိုက် ပေါ့။ ငါက တစ်နှစ်ကျ ခဲ့တာဆိုတော့ နှစ်ချင်းပေါက်အောင်သွားတဲ့ ဒီကောင်ကြီးက ငါတို့ကို ဂိုက်ပြန်လုပ်ပေးတာပေါ့ကွာ။ မင်းနဲ့တော့ အဆင်ပြေမှာပါ။ ဒီကောင်ကြီးက အသောက်ကြမ်းတယ်။”
ရှမ်းပဲပုပ်ကို တွေ့စတုန်းကတော့ ဆက်ဆံရခက်မည့်သူတစ်ယောက်ဟု ဘူဇွာ မှတ်ယူထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ မျက်နှာထား တင်းတင်းဖြင့် စကားပြောဆိုပုံ အမူအရာများကြောင့်ဖြစ်သည်။
ရှမ်းပဲပုပ်သည် ပါလာသော ကြွပ်ကြွပ်အိတ် အနက်လေးထဲမှ ကွမ်းရွက်များကို ထုတ်လိုက်၏။ ပြီးနောက် ထုံးသုတ်ပြီး ကွမ်းယာ ယာစားနေလိုက်သည်။
ဘူဇွာ သွားရည် တမြားမြား ကျသွားလေတော့သည်။ ဘူဇွာသည် မြန်မာပြည်မှာတုန်းက ကွမ်းယာကို ခုံမင်နှစ်သက်စွာ ဝါး ခဲ့သည် မဟုတ်ပါလား။
ဘူဇွာတစ်ယောက် ပါးလုတ်ပါးလောင်း လေသံကြီးဖြင့် မေးမြန်းလိုက်၏။ “ဟာ.. ဒီက အစ်ကိုက ကွမ်းယာတွေ ဘယ်က ရလာတာလဲ။ ကျနော်က ကွမ်းယာ အရမ်းကြိုက်တာဗျ။ ကျနော့်ကို တစ်ယာလောက်ပေးစားဗျာ.. နော်”
ကွမ်းယာကို စိမ်ပြေနပြေယာနေရင်းကနေ ဘူဇွာက ဆက်ပြောနေလိုက်၏။ “ဒီနိုင်ငံရောက်လာတော့ ကွမ်းမစားရတော့ဘူး ထင်နေတာ… အစ်ကိုနဲ့ တွေ့မှပဲ ကွမ်းစားရတော့တယ်ဗျာ။ ဘယ်မှာ သွားဝယ်တာလဲဆိုတာ ကျနော့်ကိုလည်း ပြောပြပါဦး။”
ရှမ်းပဲပုပ်က ဘုဆတ်ဆတ်ပင် ပြန်ပြောလိုက်သည်။ “နေစမ်းပါဦး… ခင်ဗျားက ဘယ်နှစ်ခုနှစ်မှာမွေးတာလဲ။”
ဘာမှ မဆိုင်သော မေးခွန်းကို မေးလာသည့် ရှမ်းပဲပုပ်ကို ဘူဇွာ အူကြောင်ကြောင် ကြည့်နေလိုက်၏။ ပြီးမှ ခေါင်းတဗြင်းဗြင်းကုတ်ပြီး သွားဖြီးလေးနှင့် ဖြေဆိုလိုက်သည်။ “ကျနော်က ၈၁ မွေးတာဗျ။”
ရှမ်းပဲပုပ်သည် ဘေးနားတွင်ချထားသည့် အမှိုက်ပုံးထဲသို့ ကွမ်းသွေးကို ပြစ်ကနဲ ထွေးထုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ “ကျနော်က ၈၂ မွေးတာဗျ။ ခင်ဗျားက ဘာဖြစ်လို့ ကျနော့်ကို အစ်ကို အစ်ကို ဆိုပြီး ခေါ်နေရတာတုန်း။”
+++++
သူတို့၏ ဘီယာဝိုင်းလေးသည် ဗျိုင်းကြီးရောက်လာပြီးသည့်နောက် ပို၍ပင် စိုပြေသွားတော့သည်။ ဗျိုင်းကြီးက အမဲသား ဆီသွတ်ဗူးများကို ဖောက်ပြီး ဆီလေးနှင့်နှပ်ကာ အမြည်းလုပ်ပေးခဲ့၏။ ဗျိုင်းကြီးသည် စကားကို လိုတိုရှင်းသာ ပြောတတ်သူ ဖြစ်သောကြောင့် ဘူဇွာတို့ကိုကြည့်ပြီး- “ဟေ့ကောင်တွေ… မင်းတို့ကို ငါ မိတ်ဆက်ပေးစရာ မလိုတော့ဘူးထင်တယ်။ ကြည့်ရတာ မြင်မြင်ချင်းကို ခင်သွားကြပုံပဲ။”
ဘူဇွာ၏အမြင်တွင်တော့ ရှမ်းပဲပုပ်သည် ခွတီးခွကျ စကားပြောတတ်သူဖြစ်သော်လည်း သဘောထားတော့ အင်မတန် ပြည့်ဝသူတစ်ယောက်ဖြစ်သည်။ ဘုကလန့်ဂွစာ ဆိုသော်လည်း စိတ်ရင်းကောင်းရှိပုံရသည်။ အဘယ်ကြောင့်မှန်းတော့မသိ... ကြည့်ရသည်မှာ ရှမ်းပဲပုပ်တစ်ယောက် စိတ်တိုနေပုံရသည်။
ဗျိုင်းကြီးက ဘီယာတစ်ပုလင်းကို ဖောက်ရင်း ရှမ်းပဲပုပ်ကို ပြုံးရွှင်စွာ မေးမြန်းလိုက်၏။ “ဟေ့ကောင်ကြီး… မင်းဆံပင်တွေက ဘယ်တော့မှ ပြန်ပေါက်လာမှာတုန်း။”
ရှမ်းပဲပုပ်သည် စိတ်တိုတိုဖြင့် ဘီယာပုလင်းကို စားပွဲပေါ် ဒုန်းကနဲချလိုက်ပြီး ပြောဆိုလိုက်၏။ “ဒီ သူတောင်းစားတွေ လက်ချက်လေ… အဲဒီတုန်းက ဒီကောင်တွေ လုပ်ပုံကို ဓာတ်ပုံရိုက်ထားရင်တောင် ကောင်းမယ်။”
ဘာမှမသိသေးသော ဘူဇွာက ဝင်ပြီး စပ်စုလိုက်၏။ “ မင်းက ဘာဖြစ်လို့ ဂတုံးကြီး ဖြစ်နေရတာလဲ။ ပဇ္ဇင်းခံထားလို့လား။”
ရှမ်းပဲပုပ်က ဘူဇွာ့ကို ဘုကြည့်ကြည့်ပြီး ပြောဆိုလိုက်၏။ “ချီးမှပဲ… ဒီကောင် ဖင်ကောက်နဲ့ ဘဲကြီးတို့ လက်တည့်စမ်းပြီး ငါ့ကို ဆံပင်ညှပ်ပေးကြတာလေ… ဂတုံး တုံးလိုက်ရတယ်။”
+++++
ဘဲကြီးသည် ည ၁၀ နာရီကျော်ကျော်မှ ပြန်ရောက်လာ၏။ သူပြန်ရောက်လာတော့ ဘီယာဝိုင်းသည် တော်တော်လေးပင် စိုစိုပြေပြေ ဖြစ်နေလေပြီ။
အင်္ကျီအဝတ်အစားများလဲပြီးနောက် ဘဲကြီးသည်လည်း ဘီယာဝိုင်းတွင် ဝင်ပါလာတော့သည်။ ဘူဇွာ့ကို ကြည့်ပြီး ဘဲကြီးက မေးမြန်းလိုက်၏။ “မင်း မနက်တုန်းက ဖြေတဲ့ စာမေးပွဲ အဆင်ပြေရဲ့လား။”
ပြုံးပြီး မေးမြန်းလာသော ဘဲကြီး၏ အမေးကို ဘူဇွာက သွားဖြီးလေးနှင့် ပြန်ဖြေလိုက်၏။ “အဆင်ပြေပါတယ်။… မဟုတ်ဘူးဗျ… ကျနော်က သေချာချင်လို့ ဘဲကြီးဆီ ဖုန်းဆက်မေးလိုက်တာ။ စာမေးပွဲခန်းထဲကနေ အိမ်သာသွားမယ်ဆိုပြီး ထွက်လာပြီး pay phone ကနေ ဆက်လိုက်တာ။”
ဘဲကြီးက ဆီသွတ်အမဲသားတစ်ဖဲ့ ကောက်ဝါးလိုက်ရင်း မေးမြန်းလိုက်၏။ “နေစမ်းပါဦး… ၁၂ လက်မ တစ်ပေ၊ ၃ ပေ တစ်ကိုက်ဆိုတာ မင်း တကယ်ပဲ မသိတာလား။”
ဘူဇွာ၏မျက်နှာကြီးသည် အီးမှန်ထားသလို ခပ်ဖြီးဖြီး ရှိနေလေသည်။
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်