Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၁၃) မိုက်ခဲ၏ဆိုက်ဘာတိုက်ပွဲ
ဖင်ကောက်၏ မိတ်ဆွေတစ်ယောက် စီစဉ်ပေးမှုကြောင့် ဘူဇွာနှင့် ဖင်ကောက်တို့ နှစ်ယောက် အခန်းဖော်များ ဖြစ်သွားကြလေတော့သည်။ ဖင်ကောက်သည်လည်း ယခင် ငှားနေသောအိမ်မှ ရွှေ့ပြောင်းလာခဲ့ပြီး ဘူဇွာနှင့်အတူ အခန်းဖော်အဖြစ် လာနေပေးခဲ့၏။
ဘူဇွာကတော့ ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက်ဖြင့် ပင်ပမ်းကြီးစွာ ရုန်းကန်လှုပ်ရှားနေဆဲ… တီရှပ်တံဆိပ်ရိုက်သော စက်ရုံမှ သူဌေးနှင့် ဘူဇွာသည် အလွန်အတွဲညီကြ၏။ သူ့သူဌေးက ဘူဇွာ ကျောင်းမရှိသည့်ညများဆိုလျှင် အပြင်ဘက်ထွက်သည့်အခါတိုင်း ဘူဇွာ့ကို ခေါ်သွားလေ့ရှိသည်။ ညကလပ်များစွာသို့ ဘူဇွာ ရောက်ဖူးသွားခဲ့သည်။ လူမျိုးပေါင်းစုံနှင့် ထိတွေ့ ဆက်ဆံဖူးသွားခဲ့သည်။
သို့သော် နောက်ထပ် စာသင်ရာသီတစ်ခုတွင်မူ ထိုအလုပ်ကို ဘူဇွာ လုပ်၍မဖြစ်နိုင်တော့ချေ။ ယူရမည့် အတန်းများက ညအချိန်သီးသန့် မရှိတော့။ နေ့ခင်းဘက်ချည့်ပဲ ၃ ရက်လောက် တက်ရမည့်အတန်းများ ဖြစ်နေကြ၏။ ဘူဇွာ စဉ်းစားရလေပြီ။ လိုအပ်သလောက် အတန်းကို အပြည့်အဝမယူဘဲ ကျောင်းပျက်ပါကလည်း သူ့ ဗီဇာသက်တမ်းအတွက် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။ ကျောင်းကို တက်နေပါကလည်း ဤအလုပ်နှင့် အဆင်ပြေတော့မည်မဟုတ်။
နောက်ဆုံးတွင် ကျောင်းဆက်တက်ရန်သာ ဘူဇွာ ဆုံးဖြတ်ထားခဲ့လိုက်တော့၏။ သူဌေးကိုလည်း အလုပ်ထွက်ရန် စောစောစီးစီး ကြိုတင် အသိပေးခဲ့၏။ ပထမတော့ သူ့သူဌေးက ပိုက်ဆံပေးတာနည်း၍လားထင်ကာ ပိုက်ဆံတိုးပေးမည် ပြောခဲ့သေး၏။ သို့သော် ဘူဇွာက သူ့အခြေအနေကို ရှင်းပြလိုက်သည်။ သူသည် နိုင်ငံတကာ ကျောင်းသားဖြစ်နေ၍ ဥပဒေအရဆိုလျှင် တစ်ပတ်ကို နာရီ ၂၀ ထက် အလုပ်ပိုလုပ်ခွင့်မရှိကြောင်း၊ သူဌေးက သူ့ကို ချက် (cheque/check) ဖြင့် လစာပေးခြင်းမဟုတ်ဘဲ ပိုက်ဆံဖြင့်ပေးသောကြောင့် ဤအလုပ်မှာ သူ့အတွက် အလွန်အဆင်ပြေကြောင်း… သို့သော် ကျောင်းလည်း ပျက်ကွက်လို့မဖြစ်သဖြင့် ကျောင်းကို ဦးစားပေးရမည်ဖြစ်ကြောင်းများကို ရှည်လျားစွာ ရှင်းပြပြီးမှ အလုပ်ထွက်ခဲ့သည်။
အလုပ်နားနေစဉ်ကာလတစ်လျှောက် ဘူဇွာ အိမ်တွင်း အောင်းတတ်လာခဲ့သည်။ လောလောဆယ် ခဏလောက်တော့ အနားယူလိုက်ဦးမည်ဟု စဉ်းစားထား၏။ နောက်နှစ်ပတ်လောက်နေမှ မိန်းမိန်အေဂျင်စီကို ပြန်သွားပြီး ညနေပိုင်းအလုပ်ကလေးတစ်ခုလောက် ထပ်ရှာရန်လည်း ဆုံးဖြတ်ထားခဲ့သည်။
ဘူဇွာ၏ အိမ်တွင်းအောင်းကာလတိုလေးတွင် အချိန်အများစုကို အွန်လိုင်းပေါ်၌သာ ကုန်ဆုံးစေခဲ့သည်။ ယခုဆိုလျှင် သူ့ကို Yahoo Chat Room ထဲတွင် လူသိများလာပြီဖြစ်၏။ မိန်းကလေး ဆိုက်ဘာသူငယ်ချင်းများစွာလည်း ရရှိထားပြီးဖြစ်၏။
ထိုအတောအတွင်း တစ်နေ့တွင်…
ဖင်ကောက် အိမ်ပြန်လာသောအခါ ဖင်ကောက်နှင့်အတူ ရှမ်းပဲပုပ်ပါ ပါလာခဲ့၏။ သူတို့နှစ်ယောက်တည်းသာ မဟုတ်… ဘူဇွာမသိသော မျက်နှာစိမ်းတစ်ယောက်လည်း ပါလာခဲ့ပြန်သည်။ ထိုသူသည် ရှမ်းပဲပုပ် ယခင် အလုပ်လုပ်နေသော အလုပ်မှ သိကျွမ်းလာသူဟု သိရသည်။ ထိုသူက ဘူဇွာ့ကို ယဉ်ကျေးပျူငှာစွာပင် မိတ်ဆက်လာခဲ့ရာ ဘူဇွာသည်လည်း သူ့ကိုယ်သူ ပြန်လည် မိတ်ဆက်ခဲ့၏။
ဘူဇွာ့အိမ်တွင် အပျင်းပြေတီးရန် ဂစ်တာတစ်လုံး ဝယ်ထားတာရှိသည်။ အခန်းထောင့်တွင် ထောင်ထားသော ဂစ်တာကြီးကို တွေ့သည်နှင့် ထိုသူသည် ဂစ်တာကို လက်မှ မချတော့။ စိုင်းထီးဆိုင် သီချင်းများကို အဆက်မပြတ်ပင် တီးခတ်သီဆိုနေ၏။
ဂစ်တာတီးသည်မှာလည်း ပရမ်းပတာနိုင်လှသလို ပြာတာတာ၊ အက်ကွဲကွဲဖြင့် အသံကလည်း မကောင်းလှ... သို့သော်လည်း ဘူဇွာတို့ သည်းခံပြီး နားထောင်နေရလေသည်။ ထိုသူသည် သူ့ကိုယ်သူ မိတ်ဆက်လာစဉ်တုန်းက သူ၏ဘိုနာမည် Michael ဟု မိတ်ဆက်လာသောကြောင့် အားလုံးက သူ့ကို ကိုမိုက်ကယ်ဟု ခေါ်ဆိုကြသည်။ မိုက်ကယ်သည် သူတို့အားလုံးထက်လည်း အသက်ကြီးသူတစ်ယောက်ဖြစ်၏။
ရောက်လာပြီးမကြာခင်လေးတွင်ပင် ဖင်ကောက်နှင့် ရှမ်းပဲပုပ်တို့က အရက်သွားဝယ်မည်ဆိုပြီး အပြင်ကို ခဏထွက်သွားခဲ့ကြသည်။ ဘူဇွာကတော့ ကိုမိုက်ကယ်နှင့် နှစ်ယောက်တည်း ကျန်ခဲ့ပြီး နားဒုက္ခပေးခြင်းကို ကောင်းစွာ ခံစားနေရလေသည်။
ဘူဇွာသည် နားကလောမှုများကို ကြိတ်မှိတ်သည်းခံပြီး ချတ်ရွမ်းထဲ၌ပင် စိတ်ကို နှစ်မြှုပ်ထားခဲ့သည်။
+++++
ညနေပိုင်း အလုပ်ဆင်းပြီး ပြန်လာသော ဗျိုင်းကြီးသည်လည်း ဘူဇွာတို့ ဝိုင်းကောင်းနေချိန်တွင် ရောက်လာခဲ့၏။ ဘဲကြီးကတော့ ညအတန်းရှိနေ၍ မလာနိုင်ဟု ကြိုတင်ဖုန်းဆက်ထားခဲ့သည်။
အမြည်းအဖြစ် ကြက်ကြော်များရှိသည်၊ Gyro ဟုခေါ်သော သိုးသားလုံးကြီးကို မီးဖြင့်လှည့်ပြီးကင်ထားကာ ပါးပါးလှီးထားသော သိုးသားကင်များလည်း ဖင်ကောက်တို့ ဝယ်လာခဲ့ကြသေး၏။ သောက်စရာကတော့ ဧရာမ ပုလင်းကြီးဖြစ်သော ဗော့ဒ်ကာ အရက်များပင်ဖြစ်သည်။ ဘူဇွာ ဝယ်ထားသော လိမ္မော်ဖျော်ရည်များဖြင့် စပ်သောက်ကြရာ အရက် ဝင်လို့ဝင်သွားမှန်းမသိ ချိုစိမ့်နေကြ၏။
အရက်မူးလာလေ… ကိုမိုက်ကယ်က သီချင်းပိုဆိုပြချင်လေ ဖြစ်လာတော့သည်။ ဘူဇွာ သည်းမခံနိုင်တော့… ထို့ကြောင့် သီချင်းအဆိုများ ရပ်သွားမလားဟု ဘူဇွာ သွေးတိုးစမ်းကြည့်သည်။ “ဒီကအစ်ကိုက သီချင်းအရမ်းဆိုတယ်နော်…ဟဲဟဲ…”
မိုက်ကယ်က အရက်တစ်ခွက်ကို မော့သောက်နေပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ပြန်ဖြေလိုက်၏။ “ကိုယ်က ကိုထီး ခရေဇီကွ… ကိုယ်တို့မြို့မှာဆိုရင် လမ်းဘေးတီးဝိုင်းမှာဆို ကိုထီးကိုပဲ တီးဆိုကြတာများတယ်။”
ရှမ်းပဲပုပ်သည်လည်း သည်းမခံနိုင်တော့၍လားမသိ စကားဝိုင်းထဲသို့ ကျွမ်းပစ်ပြီး ဝင်ပါလာခဲ့တော့သည်။ “ဟေ့ကောင် ယောက်ဖကြီး… မင်းနဲ့တစ်ချိန်လုံး ချတ်နေတဲ့ ဟိုလူကြီးဟာကွာ… ဘယ်သူတဲ့… ကာလီဖိုးနီးယားမှာ နေတယ်ဆိုတဲ့ တစ်ယောက်လေ…”
ဘူဇွာက ဆိုက်ဘာနာမည်တစ်ခုကို ရွတ်ပြပြီး စကားထောက်ပေးလိုက်၏။ ရှမ်းပဲပုပ်က ဆက်ပြောနေလေသည်။ “အေး.. အေး.. အဲဒီလူကြီး မင်းနဲ့ပြောဆိုနေတာ ကြားဖူးတာပဲ။ ဘာတဲ့… မြန်မာပြည်ဦးသိန်းတန်အကြောင်းလကွာ…”
ရှမ်းပဲပုပ် ဘယ်သို့စကားညွှန်နေမှန်း ဘူဇွာ ဓာတ်သွားပြီ။ ထို့ကြောင့်… “ဟာ… ဟုတ်တယ်ကွ… သူပြောပုံအရဆိုရင် ဒီဘဲကြီးက ပွဲတိုင်းကျော်လို့ ပြောတယ်။ မြန်မာတွေလုပ်တဲ့ပွဲတိုင်း သူ့ကိုဖိတ်ရင် အရမ်းသီချင်းဆိုတာကွ… စင်နောက်မှာ ခွက်ပုန်းကလည်း တွယ်လိုက်သေးတယ်။ ကောင်းနေပြီဆိုရင် ကိုင်ထားတဲ့ မိုက်ခ်ကို လက်ကမလွှတ်တော့ဘူးလို့ ပြောကြတာပဲ။ နောက်ဆိုမယ့်လူတွေ တော်တော်လေး စိတ်တိုကြတယ်လို့ ကြားဖူးတာပဲ။”
ရှမ်းပဲပုပ်၏မျက်နှာက စပ်ဖြီးဖြီးဖြစ်သွားခဲ့ပြီး ကိုမိုက်ကယ်ဘက်သို့ လှည့်ကြည့်လိုက်ကာ- “ခင်ဗျားကိုလည်း ကျုပ်တို့က နာမည်သစ်တစ်ခု ပေးရဦးမယ်။ ဟဲဟဲ… ခင်ဗျားနာမည်က မိုက်ကယ်ဆိုတော့ သိပ်ပြီးလည်း ခေါ်ရခက်မှာ မဟုတ်ပါဘူး။… ခင်ဗျားကို မိုက်ခဲလို့ပဲ ခေါ်မယ်ဗျာ… ဟားဟားဟား…”
မိုက်ကယ်၏မျက်နှာကြီး ရှုံ့တွသွားခဲ့တော့၏။
+++++
ညဉ့်ရောက်လာလေ… ဘူဇွာတို့ဝိုင်းက ပိုစည်ကားလာလေ ဖြစ်လာခဲ့၏။ အရက်လည်း မူးနေကြလေပြီ။ ဘူဇွာကိုယ်တိုင်လည်း တော်တော်လေး ထွေနေပြီ။ သို့သော် ဘူဇွာကတော့ လုပ်စရာအလုပ်များကို မညည်းမညူဘဲ ဆက်လက်ပွားနေတုန်း… သူ၏ ချတ်ရွမ်းထဲ၌ ဆက်လက် ချတ်နေတုန်း…
ဘူဇွာ၏ ချတ်ရွမ်းထဲတွင် တဖြည်းဖြည်း လူများ များပြားလာပြီဖြစ်၏။ နိုင်ငံပေါင်းစုံမှ လူပေါင်းစုံ ပါဝင်လာကြသောကြောင့် ဖွင့်ထားသော စပီကာကြီးမှ အသံပေါင်းစုံ ထွက်နေသည်။
ခပ်ထွေထွေဖြစ်နေသော မိုက်ခဲက ဘူဇွာ့ကို လှမ်းပြောလိုက်သည်။ “ညီလေး… မင်းဟာကြီး ခဏပိတ်ထားလိုက်ပါလားကွာ… အရည်မရ အဖတ်မရတာကြီး လုပ်နေမယ့်အစား ဒီအရည်လေးတွေ လာသောက်စမ်းပါ…”
မိုက်ခဲ၏ မူးကွဲနေသော အာလုတ်လျှာလုတ်သံကြီးက ကွန်ပြူတာနှင့် ဆက်သွယ်ထားသော မိုက်ခ်အတွင်းမှ ချတ်ရွမ်းထဲရှိနေကြသူအားလုံးကို ကြားသွားစေတော့သည်။ ထိုအချိန်တွင် စပီကာကြီးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ “ညီလေး… အခုနက မင်းပြောလိုက်တာလား။”
ဘူဇွာက ပြာပြာသလဲပင် ငြင်းဆိုလိုက်၏။ “ဟာ… မဟုတ်ဘူးအစ်ကို… ကျနော်တို့ သူငယ်ချင်းတွေ နည်းနည်းပါးပါး သောက်ရင်း စကားပြောနေကြတာ။”
စပီကာထဲမှ အသံထပ်ထွက်လာပြန်သည်။ “သောက်ရင်လည်း လူလိုသူလို သောက်လို့ ပြောလိုက်စမ်းကွာ… ငမူးလေသံကြီးနဲ့ နားကလောတယ်။ ဘုရားမကြိုက်တာတွေလုပ်နေပြီး… ဘာလဲကွ… အဲဒီကောင်က…”
စပီကာကို ပိတ်ဖို့မေ့နေသော ဘူဇွာ၏မျက်နှာ ပျက်သွားခဲ့သလို ရှမ်းပဲပုပ်တို့ဝိုင်းမှလည်း အားလုံး တင်းသွားကြတော့သည်။ မိုက်ခဲက ဆတ်ကနဲ မတ်တတ်ထရပ်လိုက်ပြီး အော်ပြောလိုက်၏။ “ဟေ့ကောင်… အခုပြောနေတာ ဘယ်ကကောင်လဲကွ… ဘယ်က အုတ်ကြားမြက်ပေါက်က လာပြောနေတာလဲ။”
စပီကာမှ အသံထွက်ပေါ်လာပြန်၏။ “မင်းကကော ဘယ်ကကောင်လဲကွ… ဒါ ကလေကချေတွေ စုနေတဲ့နေရာမဟုတ်ဘူး… မင်းအဖေက မင်းကို မသင်ပေးထားဘူးလား…”
မိုက်ခဲက မတ်တတ်ရပ်နေရာ အားရပုံမရ… ကွန်ပြူတာရှေ့တွင် ကျကျနနကြီးထိုင်ပြီး မူးသံကြီးဖြင့် တုံ့ပြန်လိုက်၏။ “ဟေ့ကောင်… ငါ့ နာမည်က မိုက်ခဲ တဲ့ကွ… ငါ ကိုင်ထားတဲ့ မိုက်ကြီးနဲ့ သမ လိုက်လို့ ခရေပွင့်သွားမယ်… ဘာမှတ်နေလဲ…”
ထိုအချိန်မှစ၍ မိုက်ခဲဦးဆောင်သော ရှမ်းပဲပုပ်တို့အဖွဲ့နှင့် ချတ်ရွမ်းထဲမှ ဘူဇွာ၏မိတ်ဆွေများ၏ ဆိုက်ဘာ ဆဲဆိုပွဲကြီး စတင်ပါလေတော့သည်။ ချတ်ရွမ်းထဲမှ လူများက မိုက်ရိုင်းစွာ ဆဲဆိုကြ၏။ မိုက်ခဲကလည်း မူးမူးကွဲကွဲနှင့် အယုတ္တအနတ္တမျိုးစုံ ပြန်လည်ဆဲဆို၏။ ရှမ်းပဲပုပ်က ဂစ်တာ တဒေါင်ဒေါင်တီးပြီး ဘေးကနေ ဝိုင်းအားပေး၏။ မိုက်ခဲ၏ ဆဲဆိုသံတစ်ခုပြီးတိုင်း ချန်းချန်းဆိုသောအသံထွက်အောင် ဂစ်တာခေါက်၏။ ချတ်ရွမ်းထဲမှလူများ ဆဲဆိုနေချိန်တွင်မူ ဂစ်တာကြီးကို ကျယ်လောင်စွာတီးခတ်ပြီး အနှောင့်အယှက်ပေး၏။
ဖင်ကောက်သည်လည်း မနေနိုင်တော့။ ဝင်ရောက်ဆဲဆိုလေတော့သည်။ လွန်စွာမှ စကားနည်းလှသော ဗျိုင်းကြီးသည်လည်း မူးကွဲလာတော့ ဘာမှန်းမသိဘဲ ဝင်ဆဲ၏။ အဆဲနိုင်ဆုံးကတော့ မိုက်ခဲပင်ဖြစ်သည်။
ဘူဇွာ စိတ်ညစ်နေ၏။ တစ်ဘက်တွင်လည်း သူ၏ ဆိုက်ဘာသူငယ်ချင်းများဖြစ်သလို သည်ဘက်တွင်လည်း သူ၏ အချစ်ရဆုံးသော သူငယ်ချင်းများ ဖြစ်နေပြန်၏။ အစတုန်းကတော့ ကြားနေရန် ဘူဇွာ ဆုံးဖြတ်ထားခဲ့သည်။ ကြားနေရသော စကားသံများကို သည်းမခံနိုင်လာတော့၍ နောက်ဆုံးတွင် ဘူဇွာပါ ဝင်ရောက်ဆဲဆိုလေတော့သည်။
မိုက်ခဲနှင့် ဘူဇွာတို့နှစ်ယောက်၏ ပါးစပ်တိုက်စစ်ကို မည်သူမှ မခံနိုင်ကြတော့… အားလုံးပင် အလံဖြူထောင်ပြီး ချတ်ရွမ်းထဲမှ ထွက်သွားကြလေပြီ။
ထိုနေ့ညက အားလုံး လူမှန်းသူမှန်းမသိအောင် မူးခဲ့ကြပြီး အိမ်လယ်ခန်းတွင် ပိုးလို့ပက်လက်ကြီးများ အိပ်ပျော်သွားခဲ့ကြ၏။
+++++
ရှမ်းပဲပုပ် မနက်စောစော ထလာသောအချိန်တွင် ဘူဇွာ့ကို မျက်နှာငယ်လေးဖြင့် ကွန်ပြူတာရှေ့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ရှမ်းပဲပုပ် ရှူးရှူးသွားပေါက်ပြီး ပြန်လာသည်ထိ ဘူဇွာသည် ငေးငိုင်စွာ ထိုင်နေဆဲ… သူ၏ကွန်ပြူတာ ဖန်သားပြင်ပေါ်တွင်တော့ မနေ့ညက သူတို့အားလုံး ဝိုင်းဆဲခဲ့ကြသော ဆိုက်ဘာနာမည်ပိုင်ရှင်များက အချင်းချင်း ချတ်နေကြသည်။
ချတ်ရွမ်းထဲမှ တစ်ယောက်က ပြောလိုက်၏။ “ဟေ့ကောင်… မင်းမနေ့တုန်းက တော်တော်ရိုင်းတဲ့ကောင်ပဲ… ငါတို့ ချတ်ရွမ်းထဲကို မလာနဲ့တော့ကွာ။ ဒီထဲမှာ မိန်းကလေးတွေလည်း ရှိနေတယ်ဆိုတာ သိရဲ့သားနဲ့… မင်းမို့လို့ကွာ… လုပ်ရက်တယ်။”
ဘူဇွာက မျက်နှာငယ်လေးဖြင့် တောင်းပန်လိုက်၏။ “မနေ့က ကျနော့် သူငယ်ချင်းတွေ လာသောင်းကျန်းသွားလို့ပါ အစ်ကိုရယ်… ကျနော် မပါပါဘူး။ အဲဒီအတွက်လည်း ကျနော် အနူးအညွတ် တောင်းပန်ပါတယ်ဗျာ။ ဒီထဲက အစ်ကိုတွေ၊ အစ်မတွေကို ကျနော် တောင်းပန်ပါတယ်။”
ရှမ်းပဲပုပ်သည် ကြမ်းပြင်ပေါ်ရှိ သူ့အိပ်ယာတွင် ပြန်လှဲနေပြီး နားစွင့်နေလိုက်၏။ ဘူဇွာ၏ အထပ်ထပ် တောင်းပန်မှုများကို ဟိုဘက်ကလူများ လက်ခံသွားကြပုံရသည်။ ပြီးနောက် အသံပလံများ တိတ်ဆိတ်သွားခဲ့ပြန်၏။
ခဏအကြာတွင်…ချတ်ရွမ်းထဲမှ မိန်းမတစ်ယောက်၏အသံကို ရှမ်းပဲပုပ် ထူးဆန်းစွာ ကြားလိုက်ရသည်။ ဘူဇွာသည် ထိုမိန်းကလေးနှင့် သီးသန့် ချတ်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ကျန်သည့်လူများ၏ အသံများ တိတ်ဆိတ်နေ၍ဖြစ်သည်။
“မောင်လေး… နောက် မမိုက်နဲ့တော့ကွာ… နော်။ အဲလို သူငယ်ချင်းတွေနဲ့လည်း မပေါင်းသင်းနဲ့တော့။ အစ်မ မင်းအတွက် စိတ်မကောင်းလွန်းလို့ တစ်ညလုံး အိပ်လို့တောင် မပျော်ဘူး။”
ဘူဇွာသည် နားကြပ်တပ်ပြီး ပြောနေခြင်းဖြစ်သော်လည်း သူ၏နားကြပ်တွင်းမှ အသံများသည် တိတ်ဆိတ်နေသော အိမ်ခန်းတွင်းတွင် သေချာနားစွင့်ပါက ကြားနေရသေး၏။
ဘူဇွာ၏ သနားစရာအသံလေးက ထွက်ပေါ်လာပြန်သည်။ “ဟုတ်ကဲ့ပါ မမရယ်… ကျန်တဲ့လူတွေထက် မမကို ကျနော် အားအနာဆုံးပဲ… မမကို ကျနော် အနူးအညွတ်တောင်းပန်ပါတယ်ဗျာ… ကျနော့်ကို စိတ်မပျက်သွားပါနဲ့ဗျာ… နော်…”
ဘူဇွာ၏ အသံက ပို၍ပင် ချိုအီစွာ ထွက်ပေါ်လာနေ၏။ “မမဟာ ကျနော့် ဘဝပါဗျာ…” ထိုစကားသံကို ရှိုက်သံအပြည့်ဖြင့် ဘူဇွာ ပြောဆိုလိုက်ခြင်းပင်ဖြစ်၏။
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်