Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၄) ဒုစရိုက်မြို့တော်ရောက်နတ်ဆိုးများ


ကျောင်းပြန်ဖွင့်ပြီဖြစ်သောကြောင့် ဘူဇွာ အလုပ်ရှုပ်လာပြန်သည်။ ကျောင်းစာများကလည်း တဖြည်းဖြည်း များလာသည်ဖြစ်သောကြောင့် မနည်းအမီလိုက်နေရ၏။ တစ်ခုကောင်းသည်မှာ သူ မရသော စာများကို ဘဲကြီးထံတွင် အကူအညီတောင်းပြီး ရှင်းပြခိုင်းခြင်းပင်ဖြစ်၏။ ဘဲကြီးသည် သူတို့အားလုံးထဲတွင် စိတ်အရှည်ဆုံးဖြစ်သလို ဉာဏ်လည်း အတော်ကောင်း၏။

ဘူဇွာမရသော စာများဆိုလျှင် ဘဲကြီးထံပြေးသွား၍သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း စာရှင်းပြခိုင်းလေ့ရှိသည်။

ကျောင်းဖွင့်ပြီး နည်းနည်း အသားကျလာသောအခါတွင်မူ ဘူဇွာတစ်ယောက် မိန်းမိန်အေဂျင်စီကို နောက်တစ်ခေါက် မြန်းရပြန်လေပြီ။ သည်တစ်ခါတွင်တော့ ဘူဇွာက မိန်းမိန်အတွက် မိန်းမကိုင် ပိုက်ဆံအိတ် လှလှလေးတစ်ခု ဝယ်သွားပေးခဲ့၏။

သို့သော် သူလိုချင်နေသော ညနေပိုင်းအလုပ်သည် ချက်ချင်းကြီးတော့ မရနိုင်ခဲ့ပါ။ အလုပ်ပေါ်လာလျှင် ပေါ်လာချင်း သူ့ကို ဖုန်းဆက်အကြောင်းကြားမည်ဟု မိန်းမိန်က ပြောလာခဲ့သည်။ မိန်းမိန်ကိုတော့ ဘူဇွာ ယုံသည်။ သူမထံတွင် သူ့အတွက် သူလိုချင်သော အလုပ် မရှိသေးဘူးဆိုလျှင် တကယ်ပင် မရှိသေးသောကြောင့်ဖြစ်၏။

ဘယ်တတ်နိုင်မှာလဲ… စိတ်ရှည်ရှည်ထားပြီး သည်းခံစောင့်ဆိုင်းရုံသာ ကျန်တော့သည်။

နောက်တစ်ပတ်ကျော်ကျော်လောက်တွင် ဘူဇွာ့ထံသို့ မိန်းမိန် ဖုန်းဆက်လာခဲ့၏။ ကံကောင်းတိုက်ဆိုင်စွာပင် သူလိုချင်သော အလုပ်ကို ရှာတွေ့ထားကြောင်း… သူမထံကို လာရန် မလိုအပ်တော့ကြောင်း… ထိုအလုပ် ရှိရာနေရာသို့ ယနေ့ သွားနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း… သူမက  အလုပ်ရှင်ထံကို ကြိုတင်ပြီး ဖုန်းဆက်ထားမည်ဖြစ်ကြောင်းတို့ကို မိန်းမိန် ဆက်လာခြင်းဖြစ်၏။

ဘူဇွာ ပျော်ရွှင်သွားသည်။

ပို၍ပင် ကံကောင်းနေသည်မှာ သူသွားရမည့်အလုပ်ကို မြေပုံထဲတွင် ကြည့်လိုက်သော် သူ ယခု ငှားနေသည့် အိမ်ခန်းမှ ဘတ်စ်ကားစီးသွားလျှင် နီးနီးလေးပင် ဖြစ်နေသည်။ လုပ်ရမည့်အလုပ်မှာလည်း ဂျပန် စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးအဖြစ်လုပ်ရမည်ဖြစ်သည်။ အစပိုင်းတွင် တစ်ပတ်ကို ၄ ရက်ခန့် လုပ်ရမည်ဟု အလုပ်ရှင်က ပြောသည်။ နောက်ပိုင်းတွင်တော့ သူ့ကို သဘောကျလျှင် လုပ်ရက် တိုးပေးမည်ဟုလည်း ပြောခဲ့၏။ လခကလည်း ဘူဇွာ မျှော်မှန်းထားသည့် လစာအပြင် စားသောက်သူများ ပေးလာမည့် ဘောက်ဆူးငွေများကိုလည်း ရရှိဦးမည်ဖြစ်သည်။ ဘူဇွာ့အတွက် အလွန် အဆင်ပြေနေလေတော့၏။

+++++

စာသင်ရာသီ တစ်ခုနှင့်တစ်ခုအကြား တစ်လမျှ ကျောင်းနားထားချိန် တစ်နေ့တွင် ဘူဇွာ့ကို ရှမ်းပဲပုပ် ဖုန်းဆက်လာခဲ့သည်။ သူတို့ သူငယ်ချင်းများ အားလုံးထံတွင် လက်ကိုင်ဖုန်း ကိုယ်စီ ကိုင်ဆောင်နိုင်နေကြပြီဖြစ်၏။ ဘူဇွာကတော့ ဖင်ကောက်၏ လက်ကိုင်ဖုန်း အကောင့်အောက်တွင် ဖင်ကောက်နာမည်ဖြင့် ကိုင်ဆောင်၏။

သည်နိုင်ငံသည် ဘာပဲလုပ်လုပ်၊ စာရွက်စာတမ်းများက အလွန်အရေးပါသည် မဟုတ်ပါလား။ ဘူဇွာတို့လို နိုင်ငံတကာ ကျောင်းသားများအတွက် Green Card ဖြင့်လာရောက်သူများလို တရားဝင် စာရွက်စာတမ်းများ မရှိကြချေ။ ထို့ကြောင့် ဘူဇွာ့နာမည်ဖြင့် လက်ကိုင်ဖုန်းအကောင့်တစ်ခု ဖွင့်၍မရ…

“အေး ယောက်ဖကြီး… ပြော… မင်း လာမလို့လား… ဒီနေ့လာခဲ့လေ။… အာ စနေနေ့တော့ ငါ မအားဘူးကွ… တနင်္ဂနွေဆိုရင်တော့ အားတယ်။ လာခဲ့လေကွာ ယောက်ဖ… ငါတို့ မတွေ့တာတောင် ကြာပြီ။ အေး.. ဟုတ်တယ်… ဟုတ်ပြီလေ… မင်း အားမှပဲ တွေ့ကြတာပေါ့… အိုကေ… ဘိုင်….”

ရှမ်းပဲပုပ်သည် ဘူဇွာတို့နေသည့် မြို့နယ်ထဲတွင်မနေ… အတော်လှမ်းသော ရှည်မြောမြော ကျွန်းကြီးပေါ်တွင် သွားနေ၏။ သူတက်နေသော ကျောင်းသည် ထိုကျွန်းပေါ်တွင် ရှိသောကြောင့်လည်းဖြစ်သည်။ ထိုကျွန်းကြီးကို Long Island ဟု ခေါ်ဆိုသည်။

ယခုတလော ရှမ်းပဲပုပ် အသံမကြားရသည်မှာ ကြာပြီ။ သည်ကောင်ကြီး ဘာတွေ လုပ်နေပါလိမ့်…

+++++

တနင်္ဂနွေနေ့ နေ့လည်လောက်တွင် ဘူဇွာ့ထံသို့ ရှမ်းပဲပုပ် ပေါက်ချလာ၏။ ဖင်ကောက်ကတော့ ဒီနေ့ အလုပ်ရှိ၍ အလုပ်ကို ထွက်သွားပြီဖြစ်သည်။ ရှမ်းပဲပုပ်သည် လူချည်းသက်သက်သာ လာခဲ့သည်မဟုတ်… ကြီးမားရှည်လျားလှသော အမေရိကန်ကားကြီးတစ်စီးကို မောင်းလာခဲ့ခြင်းလည်းဖြစ်၏။

အိမ်ရှေ့တွင် ဆေးလိပ်ထွက်သောက်ရင်း စောင့်နေသော ဘူဇွာသည် ကားပါကင် (parking) လုပ်နေသော ရှမ်းပဲပုပ်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေ၏။

ကားထဲမှ ထွက်လာပြီး သူ့ထံ လမ်းလျှောက်လာသော ရှမ်းပဲပုပ်ကို ဘူဇွာက မအောင့်အီးနိုင်စွာပင် မေးမြန်းလိုက်သည်။ “ယောက်ဖ… မင်း ဘယ်သူ့ကားကြီး ယူမောင်းလာတာလဲ…”

ရှမ်းပဲပုပ်က ဘူဇွာ့ကို ပြုံးပြလိုက်သည်။ “ဒါ ငါ့ ကားလေကွာ…”

ဘူဇွာကတော့ မယုံကြည်နိုင်သေး… “လာမစားစမ်းပါနဲ့ ယောက်ဖရာ… ပြောစမ်းပါ… ဘယ်သူ့ကားကြီးလဲ…”

ရှမ်းပဲပုပ်က ကားသော့ကို လက်ထဲတွင် တဝီဝီလှည့်နေပြီးမှ ဖြေဆိုလိုက်သည်။ “အလကားနောက်တာပါကွာ… အဲဒါကြီးက ငါ မောင်းနေတဲ့ လင်မိုစင်းကြီး (Limousine) ကွ။”

ဘူဇွာ အတန်ကြာမျှ စဉ်းစားနေပြီး ထပ်မံ စပ်စုလိုက်ပြန်သည်။ “ဟေ့ကောင်.. ငါကြားဖူးတာတော့ လင်မိုစင်းဆိုတာ မှန် ၆ ပေါက်နဲ့ ကားရှည်ကြီးတွေကို ခေါ်တာမဟုတ်လား။ မင်းဟာကြီးက သာမန်ကားကြီးပဲ။”

ရှမ်းပဲပုပ်က ရှင်းပြလိုက်သည်။ “မဟုတ်ဘူး ယောက်ဖရဲ့… မင်းပြောတဲ့ လင်မိုစင်းအရှည်ကြီးတွေကို (stretched limousine) လို့ခေါ်တယ်။ မှန် ၆ ပေါက်ဆိုတာက နည်းသေးတယ်။ မှန်ပေါက်တွေ အများကြီးပါတဲ့ လင်မိုစင်းရှည်ကြီးတွေ မင်းလည်း တွေ့ဖူးမှာပေါ့။ ဒါကတော့ ရိုးရိုး လင်မိုစင်းပေါ့ကွာ။ ငါ အခု အစမ်းမောင်းနေတာ ၂ ပတ်လောက်ရှိပြီ။”

ရှမ်းပဲပုပ်က ဘူဇွာ့ထံမှ ဆေးလိပ်တစ်လိပ်ကို တောင်းသောက်ပြီး ဆက်ပြောနေပြန်သည်။ “ဒါကြီးက ငါ့ ကျောင်းက သူငယ်ချင်းတစ်ယောက် အဖေရဲ့ ကားကြီးကွ။ ကျောင်းပိတ်ထားတုန်း သူ့ကားကြီးကို ယူမောင်းနေတာ။ မင်း အဇင်း(Azeem) ကို တွေ့ဖူးမယ်ထင်တယ်။ ပါကီ (Pakistani) ပဲလေ။ ဪ… မဟုတ်ဘူး… မင်းမဟုတ်ဘူး… သူ့ကို တွေ့ဖူးတာ ဖင်ကောက်ကွ။ ဒါ သူ့အဖေရဲ့ ကားကြီးပေါ့။”

ဘူဇွာက ကားကြီးကို လှည့်ပတ်ကြည့်ရှုနေပြီး ဆက်မေးလိုက်၏။ “မင်း ဒါကြီးကိုမောင်းတော့ ပိုက်ဆံကော ရရဲ့လား။ သူ့ကိုကော ဘယ်လောက်တောင်မှ ပေးရတာလဲ။”

ရှမ်းပဲပုပ်က ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်ပြီးမှ ပြန်ဖြေလိုက်သည်။ “ငါ သူ့ကို တစ်ပတ် ၆၀၀ ပေးရတယ်ကွာ။ ဆီဖိုး၊ toll ဖိုးကတော့ ကိုယ့်တာဝန်နဲ့ကိုယ်ပဲ။ ကားပျက်ရင်တော့ သူတို့ ကုမ္ပဏီက ပြင်ပေးတယ်။ ပိုက်ဆံရသလားဆိုတော့… ရတယ်လို့ပဲ ပြောရမှာပဲ။ ငါက လမ်း သိပ်မကျွမ်းသေးတော့ မောင်းရင်းနဲ့ သင်သွားမှာပါ။ နောက်ပြီး စီးပွားရေးကောင်းတဲ့ နေရာတွေကိုလည်း လေ့လာနေတုန်းပဲလေ။”

ဘူဇွာက ထပ်မံ စပ်စုလိုက်ပြန်၏။ “မင်း ဒါကြီးကိုမောင်းတော့ ရိုးရိုး လိုင်စင်နဲ့ပဲ မောင်းတာလား။ တခြား လိုင်စင်တွေကော လိုသေးလား။”

ရှမ်းပဲပုပ်က ထပ်မံရှင်းပြလိုက်ပြန်သည်။ “ရိုးရိုးလိုင်စင်နဲ့ မရဘူး ယောက်ဖရဲ့။ TLC (Taxi and Limousine  Commission) လိုင်စင်ရှိဖို့လိုတယ်။ အဲဒီလိုင်စင်ရဖို့ ငါတောင်မှ ၅ လလောက် စောင့်လိုက်ရသေးတယ်။ စာမေးပွဲလည်း ပြန်ဖြေရတယ်။ TLC မှာတောင်မှ နှစ်မျိုးနှစ်စားရှိသေးတယ်။ အခု ငါရထားတဲ့ လိုင်စင်က Hack License လို့ခေါ်တဲ့ တက္ကစီအဝါတွေ မောင်းလို့ရတဲ့ လိုင်စင်ကွ။ ငါ အခု နယူးယောက်တက္ကစီအဝါတွေ မောင်းမယ်ဆိုလည်း မောင်းလို့ရသလို ဒီလိုမျိုး လင်မိုစင်းတွေကိုလည်း မောင်းလို့ရတယ်။”

ရှမ်းပဲပုပ်က ဆေးလိပ်ကို ခြေထောက်ဖြင့် တက်နင်းခြေလိုက်ပြီး ဆက်ပြောနေပြန်သည်။ “နောက်တစ်မျိုးကတော့ ရိုးရိုးသာမန် TLC လိုင်စင်ပေါ့ကွာ။ နယူးယောက် တက္ကစီအဝါတွေကို မောင်းခွင့်မရှိဘူး။ ဒါပေမဲ့ ဒီလိုမျိုး လင်မိုစင်းတွေကိုတော့ မောင်းလို့ရတယ်။ ငါတို့ ရိုးရိုး ယဉ်မောင်းလိုင်စင်တွေမှာ Class တွေ ရှိတာ သိတယ်မဟုတ်လား။”

ဘူဇွာက ဘာမှမသိကြောင်း ခေါင်းခါပြလိုက်၏။

ရှမ်းပဲပုပ်က ပြုံးပြီး ဆက်ရှင်းပြလိုက်သည်။ “အေးကွာ… ငါတို့ ရိုးရိုးယဉ်မောင်းလိုင်စင်တွေကို Class D လို့ခေါ်တယ်။ ဟုတ်ပြီလား။ ဒါပေမဲ့ ဒီလိုမျိုး လင်မိုစင်းတွေကို မောင်းဖို့ဆိုရင် နောက်ထပ် Class တစ်ခုကို ပြန်ပြောင်းရတယ်။ အဲဒါကတော့ Class E လို့ခေါ်တယ်။ ဘာမှလုပ်စရာမလိုဘူး။ လိုင်စင်ရုံးမှာ ပိုက်ဆံပေးပြီး သွားပြောင်းလိုက်ရုံပဲ။ အဲဒီ Class E လိုင်စင်ကို Chauffeur လိုင်စင်လို့ခေါ်တယ်ကွာ။ အဲဒီလိုင်စင်နဲ့ဆိုရင်… ဥပမာကွာ… ဘောစိတွေရဲ့ ကားအကောင်းစားကြီးတွေကို ယဉ်မောင်းအဖြစ် တက်မောင်းလို့ရတယ်။ ဒါပေမဲ့ အခုလိုမျိုး ကုမ္ပဏီကားတွေကိုတော့ မောင်းခွင့်မရှိဘူး။ ငါ အခုမောင်းနေတဲ့  ကားအတွက် TLC ဆိုတဲ့လိုင်စင်တစ်ခု သပ်သပ် ထပ်လုပ်ရသေးတယ်။”

ဘူဇွာက ခေါင်းကို ခါရမ်းပြလိုက်ပြီး - “မင်းဟာကြီးကလည်းကွာ… ရှုပ်လိုက်တာ… ငါ သိပ်နားမလည်သေးဘူး။ အေးအေးဆေးဆေးမှပဲ ထပ်ရှင်းပြတော့ကွာ။ ငါ တော်တော်လေး စိတ်ဝင်စားတယ်။ ဒါနဲ့ နေစမ်းပါဦး… မင်းက ဘာလာလုပ်တာလဲ… သောက်မလို့လား။”

ရှမ်းပဲပုပ် ပြာပြာသလဲပင် ငြင်းဆန်လိုက်၏။ “ဟာ ဟေ့ကောင်… ကားမောင်းရမှာလေကွာ။ ဘယ်လိုလုပ် သောက်လို့ဖြစ်မှာလဲ။ အဖမ်းခံရမှာပေါ့။ နေစမ်းပါဦး… ငါက အရက်သောက်စရာရှိမှ မင်းဆီကို လာရမှာလား။ သွား… အဝတ်အစား သွားလဲချည်။ ငါတို့ တောင် သွားတက်ရအောင်။”

ဘူဇွာက မအူမလည်ဖြင့် မျက်မှောင်ကြီးကျုံ့ကာ မေးမြန်းလိုက်သည်။ “မင်း ဘာတွေလာပြောနေတာလဲ။ ငါ နားမလည်တော့ဘူး။ ငါတို့ အခု ဘယ်ကိုသွားကြမှာလဲ။”

ရှမ်းပဲပုပ်က စိတ်မရှည်စွာ လောဆော်လိုက်၏။ “ဟေ့ကောင်… သောက်စကားမများစမ်းနဲ့… အိုကေ… အဝတ်အစား သွားလဲချည်… ဟုတ်ပြီလား။”

ဘူဇွာက ဘာမှ မသိနားမလည်သေးဟန်ဖြင့် - “သွားတာတော့ ဟုတ်ပါပြီ ယောက်ဖရာ.. ရေကလေးတော့ ချိုးပါရစေဦး… မင်း အထဲမှာလိုက်စောင့်ချင်လား… ဒါမှမဟုတ် အပြင်မှာပဲ စောင့်နေမှာလား။”

ရှမ်းပဲပုပ်သည် မျက်နှာကြီး ပုပ်သိုးနေပြီး- “ငါ ဒီမှာပဲ စောင့်နေမယ်။ မြန်မြန်လုပ်ကွာ… သိပ်မကြာနဲ့.. အချိန်က သိပ်ရတာမဟုတ်ဘူး။ ကားလည်း မောင်းရဦးမယ်။”

+++++

အာရှတိုက်တွင် မကာအိုမြို့သည် လောင်းကစားမြို့တော်ဟု ပြောလျှင် ရသလို မြောက်အမေရိကတိုက်တွင်  လာ့စ်ဗီးဂတ်စ် (Las Vegas) မြို့သည် အကြီးမားဆုံး လောင်းကစားမြို့တော်ဖြစ်၏။ အမေရိကန်နိုင်ငံ၏ အနောက်ဘက်၊ ပစိဖိတ် သမုဒ္ဒရာကြီး၏ ကမ်းရိုးတန်းရှိသော အနောက်ဘက်ကမ်းရိုးတန်းရှိ နီဗားဒါး (Nevada) ပြည်နယ်ထဲတွင် တည်ရှိသည်။ ဗီးဂတ်စ်မြို့ကို ဒုစရိုက်မြို့တော် (Sin City) ဟု လူတွေက တင်စားခေါ်ဝေါ်ကြ၏။ ဗီးဂတ်စ်မြို့တွင် မရနိုင်သည့် ဒုစရိုက်မှုများ မရှိသလောက်ပင်။ အပျော်လာကဲကြသူများ၏ လက်သုံးစကားလေးတစ်ခုလည်း ရှိနေပြန်သေး၏။

“ဗီးဂတ်စ်မြို့မှာဖြစ်ခဲ့တာ၊ ဗီးဂတ်စ်မြို့မှာပဲ ကျန်ခဲ့သည်။” (What happens in Vegas, Stays in Vegas.)

သို့သော် အမေရိကန်နိုင်ငံ၏ အတ္တလန္တိတ်သမုဒ္ဒရာဘက်အခြမ်းတွင် ရှိနေသော အရှေ့ဘက်ကမ်းရိုးတန်းအတွက်ကော… အပျော်အပါးများ ရရှိနိုင်သော၊ လောင်းကစားအမှု ပြုလုပ်နိုင်သော မြို့တော်ကြီး မရှိတော့ဘူးလား…

ရှိပါသည်။ ဗီးဂတ်စ်မြို့ကြီးလောက် မကြီးကျယ်ပေမင့် သူ့အတိုင်းအထွာလေးနှင့်သူတော့ ကြီးကျယ်သည့် မြို့တော်ကြီးတစ်ခု ရှိနေပါသည်။ နယူးဂျာစီပြည်နယ်ထဲရှိ အတ္တလန္တိတ်မြို့တော်ကြီး (Atlantic City) ရှိနေပါသေး၏။ ပန်းသီးမြို့တော်မှ သွားလျှင် မိုင် ၁၄၀ ခန့်သွားလျှင် ရောက်ပါပြီ။ ဤဒုစရိုက်မြို့တော်ကြီးသည် အရှေ့ဘက်ကမ်းရိုးတန်းနေသူများ၏ ဒုစရိုက်မြို့တော်ကြီးပင် မဟုတ်ပါလား။

ရှမ်းပဲပုပ်ပြောခဲ့သော တောင်တက်မည်ဆိုသည်ကို AC (Atlantic City) ရောက်မှပင် ဘူဇွာ ကောင်းစွာ နားလည်သွားတော့သည်။ ဒါပေမဲ့ လောင်းကစား သွားလုပ်တာနှင့် တောင်တက်တာ၏ ဆက်စပ်မှုကို ယခုအချိန်ထိ ဘူဇွာ စဉ်းစား၍မရသေး…

ဘူဇွာတို့သည် ကားထားသော အဆောက်အဦကြီးတစ်ခုတွင် ကားထားခဲ့ကြပြီး အနီးဆုံး ကာစီနိုတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။ ရှမ်းပဲပုပ်သည် ဟိုဟိုသည်သည် ငေးကြည့်နေပြီးနောက် လူအနည်းဆုံးဖြစ်သော၊ ကြေးအနည်းဆုံးလောင်းသော Black Jack စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်၏။ ဘူဇွာကတော့ မကစားချင်သူဖြစ်၍ ရှမ်းပဲပုပ် နောက်နားမှ မတ်တတ်ရပ်နေလေသည်။

ပထမပိုင်း ၁၀ မိနစ်ခန့်အတွင်းတွင် ရှမ်းပဲပုပ်တစ်ယောက် အတော်လေး နိုင်နေ၏။ ဒိုင်လုပ်သူ၏ ဖဲက သိပ်ပြီးမကောင်းလှ။ ဝိုင်းတွင် ထိုင်ကစားနေကြသူများမှာလည်း ရှမ်းပဲပုပ်အပါအဝင် ၄ ယောက်သာ ရှိနေသောကြောင့်လည်း ဖြစ်နိုင်သည်။ ဒိုင်များ၏ ဖဲစီထားပုံမှာ စားပွဲဝိုင်းတစ်ခုလျှင် တစ်ခုအလျှောက် လူအရေအတွက်ကို သေချာစွာစိစစ်ပြီးမှ ဖဲစီထားခြင်း ဖြစ်နိုင်သည်ဟု ဘူဇွာ တွက်ချက်ထားသည်။

၁၀ မိနစ်ကျော်လာသည်နှင့် ရှမ်းပဲပုပ်၏ ဖဲချပ်များက စုတ်ပြတ်လာသည်။ ရှမ်းပဲပုပ်၏ အရှေ့နှစ်အိမ်တွင် ကစားနေသော မျက်နှာဖြူလင်မယားဖြစ်ပုံရသူများသည်လည်း အပျော်တမ်း ကစားသူများ ဖြစ်ကြပုံရသည်။ သူတို့ မစဉ်းစားဘဲ ဖဲဆွဲမှုများက ရှမ်းပဲပုပ်ကို အကြီးအကျယ် ထိခိုက်နေလေသည်။ လောင်းကြေးမှာ အနည်းဆုံး ၁၅ ဒေါ်လာဖြစ်၍ သိပ်မများလှသော်လည်း မကြာခဏ ရှုံးလာပါက များပြားလာလေတော့သည်။

ဘူဇွာ စိတ်လှုပ်ရှားသွားတော့သည်။ နောက် နာရီဝက်အတွင်းမှာပင် ရှမ်းပဲပုပ် နိုင်ထားသမျှ ပိုက်ဆံများ ပြန်ပါသွားပြီး အိတ်စိုက်ပင် ဖြစ်နေသည်ကို တွေ့နေရ၏။ သည်အတိုင်း လွှတ်ထား၍မဖြစ်တော့… ဘူဇွာ ဝင်ကယ်မှ ဖြစ်တော့မည်။

ဘူဇွာ၏ပါးစပ်မှ လှုပ်စိလှုပ်စိဖြင့် ဘာမှန်းမသိသော စကားလုံးများကို စတင် ရေရွတ်နေလေတော့၏။

ပထမတော့ ဘေးနားက ဘူဇွာတစ်ယောက် ငြိမ်ငြိမ်လေး ရပ်ကြည့်နေရာကနေ သူ့ကို တစ်ခုခုများ ပြောသလားဟုထင်ပြီး ရှမ်းပဲပုပ် လှည့်ကြည့်ခဲ့သေးသည်။ ဘူဇွာက သူ့ကို ပြုံးပြီး ပြန်ကြည့်နေကာ ဆက်လုပ်ပါဟု လက်ခါပြလိုက်၏။

ခဏအကြာတွင်တော့ ဘူဇွာ၏ ရေရွတ်သံများက စက်သေနတ်ပစ်သလို ဆက်တိုက်ပင် ထွက်လာခဲ့တော့၏။ ရှမ်းပဲပုပ် မကြားချင်သော်လည်း ကြားနေရပြန်သည်။ သူ့အာရုံများက ဖဲကစားခြင်းထဲသို့ မထားနိုင်တော့ဘဲ ဘူဇွာ ရေရွတ်နေသည်များကို လိုက်လံ နားထောင်နေမိ၏။ ရှမ်းပဲပုပ် မျက်လုံးများ ပြူးထွက်လာခဲ့ရတော့သည်။

အယုတ္တအနတ္တမျိုးစုံဖြင့် ဘူဇွာ ဆဲဆိုနေခြင်းပါကလား… ဤဝိုင်း၏အနီးတဝိုက်တွင် မတော်လို့များ မြန်မာများ ရှိနေသည်ဆိုပါက သူ့တို့၏ သိက္ခာများကတော့ ရေစုန်မျှောပြီဟု ရှမ်းပဲပုပ် စဉ်းစားနေ၏။ ဖဲချပ်များကိုလည်း အာရုံမလာတော့။ ဘူဇွာ့ကို ငြိမ်ငြိမ်နေပါဟု မျက်ရိပ်ပြသော်လည်း ဘူဇွာကတော့ နားထောင်ပုံမရ။

ဘူဇွာသည် ရှမ်းပဲပုပ်၏ အရှေ့အိမ်များတွင် ထိုင်နေသော လင်မယားနှစ်ယောက်ကို ပယ်ပယ်နယ်နယ် ဆဲဆိုနေ၏။ ဖဲဝေနေသော အမျိုးသမီးကိုလည်း ပက်ပက်စက်စက် ဆဲဆိုနေ၏။ ဖဲဝေနေသော အမျိုးသမီး၏ ပါးစပ်ကို ဆဲဆိုနေ၏။ သူမ၏ ရင်သားကို ဆဲဆိုနေ၏။ သူမ၏ တင်ပါးကို ဆဲဆိုနေ၏။ သူမ၏ တစ်ကိုယ်လုံးကို ရစရာမရှိအောင် ဆဲဆိုနေသည်မှာ သူမ၏ခန္ဓာကိုယ်တွင် ဘူဇွာ ဆဲဆိုရန် နေရာများ ကျန်ရှိပါသေးရဲ့လားဟု တွေးကြည့်ရလောက်အောင်ပင် ဆဲဆိုနေ၏။

ဖဲဝိုင်းတွင် ထိုင်နေကြသူများသည်လည်း ဘူဇွာ့အသံကို နားကြားပြင်းကပ်လာကြပုံရသည်။ ရှမ်းပဲပုပ်၏ အနောက်အိမ်တွင် ထိုင်ကစားနေသော အဘိုးကြီးသည် ခပ်တိုးတိုးလေး ရေရွတ်ပြီး ထထွက်သွားတော့သည်။ ဘာကို ရေရွတ်သွားမှန်းတော့ ရှမ်းပဲပုပ် သေသေချာချာ မကြားခဲ့ရ။ ဘူဇွာနှင့်သူ့ကို ဆဲသွားခြင်းပင် ဖြစ်ရမည်။

နောက် ၁၅ မိနစ်ခန့်အကြာတွင်တော့ ရှမ်းပဲပုပ်သည်လည်း ဖဲဝိုင်းမှ ထထွက်လာခဲ့ရတော့သည်။ သူ ပါလာသည့် ပိုက်ဆံ ၂၀၀ ခန့်လည်း ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ပိုက်ဆံရှုံးသည်မှာ အရေးမကြီး… အာရုံနောက်အောင် အနောက်ကနေ တတွတ်တွတ် ဆဲဆိုနေသော ဘူဇွာ့ကို သူ စိတ်တိုနေမိ၏။ သည်ကောင်ကြီးကို ခေါ်လာမိတာ မှားပြီဟု နောင်တရနေမိသလားတော့ မပြောတတ်…

+++++

ဒုစရိုက်မြို့ထဲသို့ သူတို့ အနည်းငယ်လျှောက်ပတ်ကြည့်ပြီး ပန်းသီးမြို့တော်ကို ပြန်လာခဲ့ကြတော့သည်။

ကာစီနိုမှ ထွက်ထွက်ချင်းပင် ရှမ်းပဲပုပ်က ဘူဇွာ့ကို စိတ်တိုစွာ မေးမြန်းခဲ့သည်။ “ချီးမှပဲ… မင်းလုပ်လိုက်တာ ပိုက်ဆံ ၂၀၀ ကျော်လောက် ရှုံးသွားပြီ။ သူတောင်းစား… မင်းဘာတွေ ဆဲနေခဲ့တာလဲ။”

ဘူဇွာ၏ မျက်နှာကြီးက စပ်ဖြီးဖြီးပင်ရှိနေပြီး - “ဟာ… ယောက်ဖကြီးရဲ့… ငါက ကိုကြီးကျော်ကို ခေါ်နေတာကွ။ ကိုကြီးကျော်က အဲလို ခပ်ကြမ်းကြမ်းခေါ်မှ ကြိုက်တာ။ မင်းကို နိုင်စေချင်လို့ပါကွာ…”

ရှမ်းပဲပုပ်သည် သူ၏ဝမ်းဗိုက်ကို လက်သီးဖြင့် အထိုးခံလိုက်ရသူတစ်ယောက်အလား ကုန်းကွသွားခဲ့ရတော့သည်။ နာကျင်လွန်းသောကြောင့်တော့မဟုတ်… ရယ်ရလွန်းသောကြောင့်ဖြစ်၏။

ရှမ်းပဲပုပ်သည် မျက်ရည်ထွက်အောင် ရယ်မောနေပြီးမှ ဘူဇွာ့ ပခုံးကို ခပ်ဆတ်ဆတ်ကလေး ထိုးလိုက်ပြီး ပြောလိုက်တော့သည်။ “ငတုံးကောင်… မင်းရဲ့ ကိုကြီးကျော် ရေနစ်နေတယ်။ အတ္တလန္တိတ် သမုဒ္ဒရာကြီးထဲမှာ ရေနစ်နေလို့ မေခလာနတ်သမီးတောင်မှ သူ့ကိုမဆယ်ရသေးဘူး။ ချီး ကိုကြီးကျော်ပါလား။ ဟားဟားဟားဟား…”

0 Comments: