Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၅) ဆာရှိမိရင်ခုန်သံ


ဘူဇွာသည် တစ်ပတ်ကို ကျောင်း ၃ ရက် တက်ရ၏။ အလုပ်ကို ၄ ရက် လုပ်ရ၏။ အလုပ်ချိန်သည် သိပ်မရှည်လှပါ။ တစ်ရက်လျှင် ညနေ ၆ မှ ဆိုင်ပိတ်ချိန် ည ၁၁ နာရီလောက်ထိသာ လုပ်ရလေသည်။

ဘူဇွာ၏အကျင့်ကောင်းတစ်ခုမှာ ရောက်လေရာအရပ်တွင် တွေ့သည့်လူများနှင့် ခင်မင်အောင် ပေါင်းသင်းတတ်ခြင်းပင်… ဘူဇွာတို့၏ ဂျပန်စားသောက်ဆိုင်တွင် မီးဖိုချောင် အလုပ်သမားများမှအစ သူဌေးလုပ်သူအထိ ဘူဇွာနှင့် ခင်မင်ရင်းနှီးကြသည်။

ကျောင်းများပြန်ဖွင့်အပြီး စနေနေ့ည အလုပ်မှပြန်ရောက်လာချိန်တွင် ဘူဇွာ့ကို ဖင်ကောက်က ဖွင့်ပြောလာသည်။ “ယောက်ဖကြီး… မင်း မနက်ဖြန်ဆိုရင် အားတယ်မဟုတ်လား။”

ဖင်ကောက်နှင့် ဘူဇွာတို့သည် တစ်အိမ်ထဲတွင် အတူနေကြသည်ဆိုသော်လည်း ကျောင်းချိန်၊ အလုပ်ချိန်များ မတူညီကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ဆုံကြသည့်အချိန်များ အလွန် နည်းပါးလှသည်။ ကိုယ်အလုပ်ပိတ်ရက်တွင် သူမပိတ်၊ သူပိတ်ရက်တွင် ကိုယ်က အလုပ်သွား… ကျောင်းချင်းကလည်း မတူပြန်… ကျောင်းတက်ရသည့်ရက်များနှင့်  ကျောင်းတက်ချိန်များကလည်း မတူပြန်…

ထို့ကြောင့် ဘူဇွာ့အတွက်တော့ ကျောင်းနှင့်အလုပ် အားလပ်နေသည့်အချိန်များတွင် အွန်လိုင်းပေါ်မှာပင် အချိန်ကုန်ဆုံးလေ့ရှိ၏။ သူ၏ ဆိုက်ဘာမိတ်ဆွေများကလည်း တိုးပွားလာပြီဖြစ်သလို မိန်းကလေး မိတ်ဆွေများလည်း အများကြီး ရရှိလာပြီဖြစ်၏။

ယခုတော့ ဖင်ကောက်က ထူးထူးဆန်းဆန်း မေးမြန်းလာခဲ့သောကြောင့် သည်ကောင်ကြီးထံတွင် အကြံအစည်တစ်ခုခုများ ရှိနေမလားဟု ဘူဇွာ တွေးထင်မိသွားခဲ့သည်။ ဘူဇွာက ချတ်ရွမ်းထဲဝင်နေရာကနေ  စိတ်မပါ့တပါ ဖြေဆိုလိုက်၏။ “အေး.. အားပါတယ်။ မင်း ဘာလုပ်မလို့လဲ ယောက်ဖ..”

ဖင်ကောက်က အားတက်သရော လောဆော်လိုက်၏။ “မင်း အားတယ်ဆိုရင် ငါတို့ ပန်းသီးမြို့ထဲမှာ ဆူရှီ သွားစားကြရအောင်လား။ ငါ ဝယ်ကျွေးမယ်ကွာ… ဟုတ်ပြီလား။”

ဖင်ကောက်ကို ဘူဇွာက ခပ်ပြုံးပြုံးလေး စိုက်ကြည့်နေပြီးမှ ပြန်မေးလိုက်၏။ “ယောက်ဖကြီး… မင်း စိတ်မှ နှံ့သေးရဲ့လား။ ငါ အခုလုပ်နေတဲ့ဆိုင်က ဂျပန်ဆိုင်ဆိုတာ မင်းလည်း သိပါတယ်။ ဆူရှီ အတွက်တော့ စာမဖွဲ့ဘူးကွာ။ တခြားဟာ ဆိုရင်တော့ စဉ်းစားမယ်။”

ဖင်ကောက်က ပြောသင့်၊ မပြောသင့် စဉ်းစားနေပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချပြီးသွားဟန်ဖြင့်- “အေးပါကွာ… ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့ သွားစားမယ့် ဆူရှီက မင်းဆိုင်မှာ မရောင်းဘူးကွ။ လိုက်ခဲ့ပါကွာ… နော်။”

ဘူဇွာ စိတ်တိုလာတော့၏။ “ယောက်ဖ… ငါက ဆူရှီကို သိပ်ကြိုက်တာမဟုတ်ဘူးနော်။ ဆိုင်မှာ အလကားကျွေးတာတောင်မှ စားတာမဟုတ်ဘူး။ မင်းသွားစားမယ့် ဆူရှီကြီးက မိုးပျံအောင် ကောင်းနေပါစေ.. ငါ့ အတွက်တော့ ဘာမှ မထူးဘူး.. ဟေ့ကောင်…”

+++++

ဖင်ကောက်၏ ဇွတ်အတင်း ခေါ်ဆိုမှုကြောင့်သာ လိုက်ခဲ့ရသည်။ ဘူဇွာကတော့ စိတ်ပျက်နေပြီးဖြစ်၏။ ဆူရှီဆိုသောအရာကို သူ လုံးဝမကြိုက်။ သို့သော် သူငယ်ချင်းဖြစ်သူ၏ ကျွေးမွေးချင်စိတ်ကို အားနာလွန်း၍သာ လိုက်သွားရသည်၊ စိတ်တော့ သိပ်မပါလှ။

Manhattan Uptown တွင် ရှိနေသော ထိုဆူရှီဆိုင်သည် စားဖို့အရေးကို လိုင်းစီ စောင့်နေရသေး၏။ ဘူဇွာ စိတ်မရှည်တော့… ဆေးလိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်ရင်း စိတ်ညစ်ညူးစွာ ရေရွတ်လိုက်၏။ “မင်း ငါ့ကို ကျွေးချင်တယ်ဆိုရင်လည်း တခြားဆိုင်ကို လိုက်ကျွေးကွာ၊ ယောက်ဖ… ဒီလိုကြီး၊ မတ်တတ်ရပ်ကြီး ငါ စောင့်မနေချင်ဘူး။”

ဖင်ကောက်ကတော့ ဆိုင်တွင်းသို့ ပြူးပြဲချောင်းကြည့်နေပြီး ဘူဇွာ့ကို လှည့်ပြောလိုက်သည်။ “ခဏလေးပါကွာ… သိပ်မကြာပါဘူး။ နည်းနည်းလေး သည်းခံလိုက်ပါ ယောက်ဖရာ.. နော်။”

ခဏစောင့်ပြီးသော် သူတို့အလှည့်ကျလာပြီဖြစ်သည်။ စားပွဲထိုးလေးက ဆိုင်ပြင်ဘက်ကို ထွက်လာပြီး သူတို့ကို အထဲသို့ ခေါ်ဆောင်သွား၏။ ဆိုင်ကလေးက ကျဉ်းကျဉ်း ရှည်ရှည်လေးဖြစ်သောကြောင့် စားပွဲနှင့်ခုံများမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ ရှိနေကြလေသည်။ ဘူဇွာတို့ ထိုင်ရသော စားပွဲဝိုင်းမှာ နှစ်ယောက်စာမပြောနှင့် တစ်ယောက်တည်း မှာစားသည်များကိုပင် လောက်ငအောင် တင်ထားနိုင်မည်မထင်…

ဘူဇွာက စိတ်မပါ့တပါဖြင့် ဟိုဟိုသည်သည် ငေးကြည့်နေစဉ်တွင် ဖင်ကောက်ကြီးက စားစရာများကို မှာကြားပြီး ဖြစ်လေသည်။ ဖင်ကောက် ဘာမှာလိုက်ခဲ့မှန်းကိုတောင် ဘူဇွာ သတိ မထားမိခဲ့။

ဖင်ကောက်ကို ကြည့်ရသည်မှာ အစားအသောက်များကို အာရုံရှိနေပုံမရ။ သူ့မျက်စိများက ဆိုင်တွင်းတွင် ဝေ့ဝိုက်နေကြ၏။ ဘူဇွာ မသင်္ကာတော့။ တစ်ခုခုတော့ မှားနေပြီထင်သည်။ ထို့ကြောင့် ဘူဇွာက ဖင်ကောက်  လိုက်ကြည့်နေသည့် နေရာများကို ဖင်ကောက် မရိပ်မိအောင် တိတ်တိတ်ကလေး လိုက်ကြည့်နေသည်။

ဘူဇွာ သတိထားမိလိုက်သည်မှာ-

ဖင်ကောက်သည် ငွေသိမ်းကောင်တာနောက်တွင် ရပ်နေသော ကောင်မလေးတစ်ယောက်၏ လှုပ်ရှားမှုတိုင်းကို လိုက်လံ ငေးမောကြည့်ရှုနေခြင်းဖြစ်ကြောင်းကိုတည်း။ ဘူဇွာ နည်းနည်းတော့ ဓာတ်သွားပြီ။ သည် ဖွတ်ကျားကောင်… နှာဘူးထချင်တာနဲ့ သူ့ကို ဆူရှီဆိုင် ခေါ်လာတာဖြစ်မည်။ သို့သော် ဘူဇွာက ဘာမှတော့ မမေးသေး… အခြေအနေကို စောင့်ကြည့်နေ၏။

စားပွဲပေါ်သို့ စားသောက်စရာများကို စားပွဲထိုးလေး လာချပေးတော့ ဘူဇွာ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ မှာထားသည့် ဆူရှီပွဲလေးက သေးသေးလေးဖြစ်သည်။ ဆူရှီလိပ်ကလေးများ ၈ လိပ်ခန့်သာ ပါရှိ၏။ သို့သော် ကျန်သည့် ပန်းကန်ပြားများအတွင်း၌မူ ငါး အစိမ်းများ အဖတ်လိုက် အဖတ်လိုက် စီရီစွာ ခင်းကျင်းထား၏။

ဘူဇွာက ပဲငံပြာရည်နှင့် ဝါဆာဘီ များကို ပန်းကန်သေးသေးလေးတစ်ခုထဲတွင် တူတစ်စုံဖြင့် နယ်ဖတ်နေရင်း မေးမြန်းလိုက်သည်။ “ဟေ့ကောင် မင်းဘာတွေ မှာထားတာလဲ။”

ဖင်ကောက်က ဘူဇွာ့ကို မကြည့်ဘဲ ပြန်ဖြေလိုက်၏။ “ဂျပန်စာတွေလေကွာ။ ဆူရှီတွေလေ… စားလေ ယောက်ဖ…”

ဘူဇွာက ဖင်ကောက်ကို လက်တို့ပြီး စားပွဲပေါ်ရှိ ပန်းကန်ပြားများကို မေးငေါ့ပြလိုက်သည်။ “မင်းမှာလိုက်တာ ဆူရှီက တစ်ပွဲတည်း… ကျန်တာတွေအားလုံးက ဆာရှိမိ တွေချည်းပဲ။ အဲဒါတွေ မင်းပဲစား… ငါကတော့ ဆူရှီပဲ စားမယ်။”

ယခုမှပင် ဖင်ကောက်၏ မျက်နှာသည် ဝေခွဲမရဟန် ဖြစ်ပေါ်လာခဲ့ပြီး ဘူဇွာ့ကို ပြုံးဖြီးဖြီးဖြင့် ပြန်ကြည့်နေ၏။ “ဟဲဟဲ ယောက်ဖကြီးရာ.. အတူတူ စားကြတာပေါ့ကွာ။ ငါးတွေကို ပါးပါးလေး အစိမ်းလိုက်လှီးထားတာပါကွ။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။”

လူရှေ့သူရှေ့တွင် ဖင်ကောက်ကို မဆဲချင်၍တစ်ကြောင်း… မှာကြားထားသည့် တန်ဖိုးမှာလည်း မနည်း၍တစ်ကြောင်း… ဘူဇွာ မျက်လုံးမှိတ်ပြီး ကြိတ်မှိတ်မျိုသွတ်လိုက်ရတော့သည်။ ပဲငံပြာရည်များများနှင့် ဖျော်ထားသော ဝါဆာဘီး များကိုသာ တွင်တွင် တို့ရင်း ထို ငါး အစိမ်းများကို မျိုချနေ၏။ ဘူဇွာ၏ ရင်ထဲတွင်တော့ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်နေလေပြီ။ ဤဆိုင်တွင်းတွင် မအန်လျှင်ကံကောင်း…

ပိုက်ဆံရှင်းတော့ ဖင်ကောက်က ပေါ့ပါးစွာ ထသွားခဲ့သည်။ သူသွားသည့်နေရာက ငွေသိမ်းကောင်တာသို့…

စားပွဲထိုးများနှင့် check (Bill) တောင်းခိုင်းလိုက်လည်း ရရဲ့သားနှင့် ငွေသိမ်းကောင်တာသို့ မျက်နှာပြောင်တိုက်ပြီး ပိုက်ဆံ သွားရှင်းနေသည်မှာတော့ ဖင်ကောက်လွန်သည်ဟု ဘူဇွာထင်သည်။ ဘူဇွာသည် စားပွဲပေါ်တွင် စားပွဲထိုးများအတွက် ဘောက်ဆူး ပိုက်ဆံများ ချပေးထားခဲ့၏။ စားသောက်ထားသည်များ အားလုံးပေါင်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းခန့်ကို စိတ်တွက်ဖြင့်တွက်ပြီး ချထားပေးခဲ့သည်။ သူသည်လည်း စားပွဲထိုးတစ်ယောက် မဟုတ်ပါလား။ ထိုဘောက်ဆူးငွေများသည် စားပွဲထိုးများအတွက် အရေးပါသော ဝင်ငွေများ ဖြစ်နေသည်ကို သူ အသိရှိဆုံးပင်ဖြစ်သည်။

ဆိုင်အပြင်ဘက်သို့ ထွက်လာသည်ထိ ဘူဇွာ ဘာမှမပြောသေး… ဖင်ကောက် ဘာပြောလာမည်ကို စောင့်နားထောင်နေ၏။ ဖင်ကောက်က ဗိုက်ကိုပွတ်သပ်ပြီး ဟားတစ်ချက်လောက် သမ်းဝေလိုက်သေး၏။ ပြီးမှ - “ယောက်ဖကြီး.. စားလို့ ကောင်းရဲ့လား။”

ဘူဇွာက ဘာမှ မသိသလိုပင် ဟန်ဆောင်နေလိုက်ပြီး ဖင်ကောက်ကို သွေးတိုးစမ်းလိုက်၏။ “ဆာရှိမိတွေ ကျွေးတာတော့ ငါ တကယ်စိတ်တိုတယ်ကွာ။ ဒါပေမဲ့လည်း ဒီကို လာရတာတော့ တန်တယ်လို့ ပြောရမှာပဲ။  Cashier counter နောက်နားက စော်လေးက အမိုက်စားလေးကွ။ နောက်ရက်တွေကျရင် ရှမ်းပဲပုပ်ကြီးကိုခေါ်ပြီး ဒီဆိုင်ကို လာစားဦးမယ်။”

ဖင်ကောက်က တဟဲဟဲ ရယ်မောနေပြီး ဘူဇွာ့ကို သူခိုး လူမိထားသလို ကြည့်နေ၏။ “အဲဒါ မြန်မာမလေးကွ။ မချောဘူးလား… ယောက်ဖ။”

ဘူဇွာက ဆေးလိပ်ကို မီးညှိနေရင်း မေးမြန်းလိုက်၏။ “မြန်မာမလေးမှန်း မင်းက ဘယ်လိုလုပ်ပြီး သိထားရတာလဲ။”

ဖင်ကောက်သည်လည်း ဆေးလိပ်တစ်လိပ်ကို လမ်းလျှောက်၍ ဖွာရှိုက်နေရင်း ပြန်ဖြေလိုက်၏။ “ဟိုတလောတုန်းက ကိုအားလား အိမ်မှာ ပါတီရှိတယ်လို့ မင်းကို ငါခေါ်ခဲ့သေးတာပဲ။ မင်းပဲ မအားဘူး၊ မလိုက်နိုင်ဘူးဆိုပြီး နေခဲ့တာလေ။”

ကိုအားလားဆိုသည်မှာ ဘဲကြီး၏ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ ဩစတြေးလျနိုင်ငံတွင် တွေ့ရသော koala ဝက်ဝံရုပ်ကလေးများကို ငယ်စဉ်ကတည်းက အခန်းတွင်း၌ မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားတတ်သောကြောင့် သူငယ်ချင်းများ အားလုံးက သူ့ကို ကိုအားလား ဟု ခေါ်ဆိုရာမှ နာမည်တွင်သွားခြင်းဖြစ်၏။

ဘူဇွာက စပ်စုလိုက်ပြန်သည်။ “ဒါနဲ့ပဲ ကိုအားလားအိမ်မှာ တွေ့ခဲ့တယ် ဆိုပါတော့။”

ဖင်ကောက်က သေသေချာချာ စဉ်းစားနေဟန်ဖြင့် ဆက်ပြောပြလိုက်သည်။ သူတို့သည် မြေအောက်ရထား ဘူတာရုံ ထိပ်တွင် ဆေးလိပ်သောက်ရင်း စကားပြောဆိုနေကြခြင်းဖြစ်၏။ “အဲလိုပဲ ပြောရတော့မှာပေါ့။ သူ့အခန်းဖော် ဘောပြားတစ်ယောက်ရှိတယ်ကွ။ အဲဒီစော်ကြီးနဲ့ ကိုအားလားတို့က သူငယ်ချင်းတွေ… အဲဒါ ကိုအားလားရဲ့ ပါတီကို လာရင်းနဲ့ သူပါ လိုက်ပါလာခဲ့တာ။ ဒီမှာ အလုပ်လုပ်နေတယ်ဆိုတာလည်း ကိုအားလားဆီကနေ ငါ သိလာခဲ့တာ။ ဘယ်လိုနေလဲ… မိုက်ရဲ့လား ယောက်ဖ…”

ဘူဇွာကတော့ ရထားဘူတာရုံအောက်သို့ ဆင်းပြေးသွားနေပြီး ဘာမှ အဖြေပြန်မပေးခဲ့ပါ။

+++++

သည်လိုနှင့်…

ဖင်ကောက်နှင့် ထက်ထက်တို့ သမီးရည်းစားများ ဖြစ်သွားခဲ့ကြလေသည်။

စာသင်ရာသီတစ်ခု ကုန်ဆုံးပြီး စာမေးပွဲကြီးများ ဖြေပြီးသော တစ်ညနေတွင် ရှမ်းပဲပုပ် ဘူဇွာ့ထံ ရောက်လာခဲ့၏။ ဖင်ကောက်ကတော့ သူ့ကောင်မလေးနှင့် ရုပ်ရှင် အတူတူသွားကြည့်နေသည်။ အိမ်တွင် ဖင်ကောက်မရှိ။ ဘူဇွာ တစ်ယောက်တည်းသာ ငေါင်တောင်တောင်ဖြင့် ဘီယာထိုင်သောက်နေ၏။

အိမ်တွင်းသို့ ဝင်လာသော ရှမ်းပဲပုပ်သည် ဖင်ကောက်ကို မတွေ့သောကြောင့် ဘူဇွာ့ကို မေးလိုက်၏။ “ဟိုကောင်ကြီးကော.. ယောက်ဖ…”

ဘူဇွာက ပျင်းရိပျင်းတွဲဖြင့် ဖြေဆိုလိုက်သည်။ “သူ့စော်နဲ့ အပြင်ထွက်လည်မယ် ပြောသွားတာပဲ။”

ရှမ်းပဲပုပ်၏ မျက်နှာ ညှိုးသွားခဲ့သည်။ “ဟာ… ဒီကောင်ကြီးကွာ… ရည်းစားရပြီးတာနဲ့ ငါ တို့နဲ့ကို မတွေ့ဖြစ်တော့ပါဘူး။ ငါ ဒီည ရောက်လာတယ်ဆိုတာကလည်း မင်းတို့ကို လိုက်ပြီး ပြုစုချင်လို့ကွ။ ဒီနေ့ ညနေလေးကတင် ငါ ကားတစ်စီး ဝယ်ထားတာ… အဲဒီအထိမ်းအမှတ်အနေနဲ့ မင်းတို့ကို အပြင်မှာ တစ်ခုခု လိုက်ကျွေးမလို့… ဒီကောင်ကြီး ဘယ်တော့လောက်မှ ပြန်လာမှာလဲ။”

ဖင်ကောက်အကြောင်းကို ဘူဇွာ စိတ်မဝင်စားတော့… ရှမ်းပဲပုပ် ဝယ်လာသော ကားကို ကြည့်ချင်နေမိ၏။ ထို့ကြောင့်… “ခဏနေဆိုရင် ပြန်လာမှာပါ။ ယောက်ဖကြီး… မင်းကားက အပြင်မှာလား။”

စကားပြောအပြီးတွင် ဘူဇွာ မတ်တတ်ထရပ်ပြီး ဖြစ်နေ၏။

ရှမ်းပဲပုပ် ဝယ်ထားသော ကားမှာ သိပ်ပြီးဈေးမကြီးလှသော ဂျပန်ကား အဟောင်းလေးတစ်စီးဖြစ်၏။ တိုယိုတာ Camry 96 မော်ဒယ်လေးဖြစ်သည်။ ထိုကားလေးဖြင့် ဘူဇွာတို့ ဗျိုင်းကြီးတို့ အိမ်ကို ရောက်သွားကြသည်။ ဗျိုင်းကြီးနှင့် သူ့ညီမဖြစ်သူ စာဥ အပါအဝင် ဘဲကြီးကိုပါ တင်ဆောင်သွားပြီး စားသောက်ဆိုင်တစ်ဆိုင်တွင် သွားရောက် စားသောက်ခဲ့ကြသည်။ ကံကောင်းထောက်မလှစွာ… ထိုနေ့က အားလုံး စုံစုံညီညီ ရှိနေခဲ့ကြ၏။ ဖင်ကောက်တစ်ယောက်မှ လွဲ၍…

ပြီးနောက် ဗျိုင်းကြီးတို့ အိမ်တွင် ဗွီဒီယိုကားများ ထိုင်ကြည့်ခဲ့ကြပြီး လေကန်ခဲ့ကြသေးသည်။ ည ၁၁ နာရီထိုးသည်ထိ ဖင်ကောက်ကို ဖုန်းဆက်၍မရသေးချေ။ ဖင်ကောက် ဖုန်းပိတ်ပြီး ဘယ်များ သွားနေပါလိမ့်ဟု ဘူဇွာ စဉ်းစားနေ၏။ ထို့ကြောင့်… “ယောက်ဖ.. လာ… ငါတို့ ဖင်ကောက်ကို သူ့စော်တို့ အိမ်နားမှာ သွားစောင့်ကြရအောင်။ သူ့စော်ကို ဒီကောင်ကြီး လာပို့မှာပဲ။”

ညဉ့်နက်နေပြီဖြစ်၍သော်လည်းကောင်း၊ မနက်ဖြန်တွင် အလုပ်ကိုယ်စီ ရှိနေကြ၍သော်လည်းကောင်း ကျန်လူများက မလိုက်တော့ချေ။ ရှမ်းပဲပုပ်နှင့် ဘူဇွာတို့နှစ်ယောက်သာ ထွက်ခွာလာခဲ့ကြ၏။

အသွားလမ်းတွင် ဘူဇွာက ကိုအားလားကို ဖုန်းခေါ်ပြီး ဖင်ကောက်၏ ကောင်မလေးအိမ်နံပါတ်ကို တောင်းထားခဲ့၏။ အိမ်နားသို့ အရောက်တွင် ဖုန်းလှမ်းဆက်ကြည့်နေသည်။

“ဟဲလို… ဟုတ်ကဲ့ခင်ဗျ။ ကျနော်က (xxxx) ရဲ့ အခန်းဖော် သူငယ်ချင်းပါ။ ဟိုဟာလေ.. အစ်မ… မထက်ထက် အိမ်ပြန်ရောက်ပြီလား မသိဘူးခင်ဗျ။ ဟုတ်ကဲ့… ကျနော့် သူငယ်ချင်းလည်း ပြန်မရောက်သေးလို့ပါခင်ဗျ… ဟုတ်ကဲ့… အဲဒါ နှစ်ယောက်စလုံး ပျောက်သွားရင် ဘယ်ကို လိုက်ရှာရမှန်းမသိလို့ ဖုန်းဆက်ပြီး မေးကြည့်တာဗျ… ဟုတ်ကဲ့… ကျေးဇူးပဲနော် အစ်မ…”

ကားမောင်းနေရာကနေ ရှမ်းပဲပုပ်က မေးမြန်းလိုက်၏။ “ဘာတဲ့လဲကွ။”

ဘူဇွာက သက်ပြင်းကြီးတစ်ချက်ချလိုက်ပြီး ပြောဆိုလိုက်၏။ “ဟိုကောင် ဖင်ကောက် ပြောပြထားတဲ့ ဘောပြားမကြီးလား မသိပါဘူးကွာ။ ငါ့ကို ကောလွှတ်လိုက်တယ်။ ထက်ထက် အိမ်ပြန်ရောက်တာ/ မရောက်တာ နင်နဲ့ ဘာဆိုင်လို့လဲတဲ့။ ငါ မေးလိုက်တဲ့ မေးခွန်းကိုလည်း သိပ်ပြီး အစာကြေပုံမရဘူး။ နှစ်ယောက်စလုံး ပျောက်နေတယ်ဆိုတာ ဘာသဘောလဲတဲ့… တော်တော်ဂွကျတဲ့ မိန်းမ…”

ရှမ်းပဲပုပ်က စိုးရိမ် ပူပန်စွာဖြင့် မေးလိုက်၏။ “ဒါဆို နှစ်ယောက်စလုံး ပျောက်နေတာပေါ့… ဟုတ်လား။”

ဘူဇွာက ငေးငေးငိုင်ငိုင်ဖြင့် ဖြေဆိုလိုက်သည်။ “ထင်တာပဲ။”

ရှမ်းပဲပုပ်က ကားမောင်းနေရင်း ဆက်ပြောလိုက်ပြန်သည်။ “ငါ ကြားဖူးထားတာတော့ ထက်ထက်ကို အဲဒီ ဘောပြားမကြီးက ကြိတ်ကြိုက်နေတာလို့ ကိုအားလားပြောပြဖူးတာပဲ။ မင်းက အဲလိုကြီး သွားမေးတော့ ဟိုက တင်းပြီပေါ့။ အခု ငါတို့ ဘယ်ဆက်သွားမှာလဲ။ အိမ်ပဲပြန်ရင် ကောင်းမယ်နဲ့တူတယ်။ ငါလည်း မသောက်ရသေးဘူး။ ဒီညတော့ မင်းတို့အိမ်မှာ လိုက်ကျိုးမယ်ကွာ။”

+++++

ဘီယာပုလင်းများဆွဲလာပြီး ဘူဇွာတို့ အိမ်ပြန်ရောက်ချိန်တွင် ဖင်ကောက်တစ်ယောက် အခန်းထဲ၌ ရှိနေ၏။ ဘူဇွာက ဝမ်းသာအားရဖြင့်… “ဟာ ယောက်ဖကြီး… တစ်ညနေလုံး ဘယ်ပျောက်နေတာလဲ… ငါတို့ဖြင့် မင်းကိုလိုက်ရှာနေရတာကွာ…”

ဖင်ကောက်၏ မျက်နှာထားက တင်းမာ ခက်ထန်နေ၏။ ရှမ်းပဲပုပ်က ဘူဇွာ့နောက်တွင် ကွယ်ပြီး ရပ်နေသည်။ ကြည့်ရသည်မှာ အခြေအနေ မကောင်းကြောင်း ရိပ်မိထားပုံရသည်။ ဘူဇွာကတော့ ခပ်ပြုံးပြုံးပင်… “ယောက်ဖ… လာလေကွာ.. ငါတို့တွေ ဘီယာတွေ ဝယ်လာတယ်။ ဒီည ဒီကောင်ကြီးလည်း ဒီမှာပဲကျိုးမယ်လို့ပြောတယ်။”

ဖင်ကောက်၏ မျက်နှာကြီးက နီမြန်းနေ၏။ ဘူဇွာတို့ကို ဘုကြည့်ကြည့်နေပြီး စိတ်တိုစွာ ဖြဲအော်လိုက်သည်။ “မင်းတို့ ကောင်တွေ ငါ့ အခန်းထဲက ထွက်သွားကြကွာ… ငါ မင်းတို့ကို မကြည့်ချင်ဘူး။ ကြာကြာနေရင် ငါ လက်ပါမိတော့မယ်… သွား.. ဟေ့ကောင်တွေ… ထွက်သွား…”

ရှမ်းပဲပုပ်က မျက်နှာငယ်လေးဖြင့် မေးမြန်းလိုက်၏။ “ယောက်ဖ… မင်းဘာဖြစ်နေတာလဲ… သူငယ်ချင်းတွေပဲ… အေးအေးဆေးဆေးပြောလည်း ရပါတယ်။”

ဖင်ကောက်က မျက်ထောင့်နီကြီးဖြင့် အော်ပြောလိုက်သည်။ “မင်းတို့ကောင်တွေ ငါ့စော်အိမ်ကို ဖုန်းဆက်ခဲ့တယ်ဆို… အခုနလေးကပဲ ငါ့ကို သူ ဖုန်းဆက်လာတယ်။ မင်းတို့ ဘာတွေ သွားပြောခဲ့တာလဲ… ဟမ်… ငါတို့နှစ်ယောက်စလုံး ပျောက်သွားခဲ့တယ်ဆိုတာ ဘာလဲကွ… မင်းတို့ရောက်သွားတဲ့အချိန်မှာ သူက အိမ်ပြန်ရောက်နေပြီ။ ဟိုဘောပြားက စိတ်တိုတိုနဲ့ သူမရှိဘူးဆိုပြီး မင်းတို့ကို ကောလွှတ်လိုက်တာကွ။… မင်းတို့ကွာ… အဲဒီလိုကြီး သွားပြောတော့ ငါ ခွေးလုံးလုံးဖြစ်တော့တာပေါ့။ နည်းနည်းလေးမှ မစဉ်းစားကြဘူးလား။”

ရှမ်းပဲပုပ်က ဘာမှ နားမလည်သေးဟန်ဖြင့် - “ငါတို့ မင်းကို တစ်ချိန်လုံး ဖုန်းဆက်နေခဲ့တာပဲ။ ဆက်လို့မှ မရတာ… ဖုန်းထဲမှာ မက်ဆေ့ခ်ျတွေလည်း ချန်ထားခဲ့တာပဲ… မင်းမရဘူးလား။”

ဖင်ကောက်က ကုန်းအော်ပြန်သည်။ “-ီး ဖုန်းဆက်ပါလား။ ငါ ရထားအောက်ရောက်နေချိန် ဘယ်လိုလုပ်ပြီး ဖုန်းလိုင်းကမိမှာလဲ။ မင်းတို့ ဒါလေးကိုတောင် မစဉ်းစားမိကြဘူးလား။”

ဘူဇွာကတော့ အပြင်ဘက်တွင် ကွန်ပြူတာဖွင့်ပြီး ဘီယာထိုင်မော့နေ၏။ အခန်းတွင်းမှ မောင်းထုတ်ခံလိုက်ရသော ရှမ်းပဲပုပ်သည် စိတ်ညစ်ညူးစွာဖြင့် ဘီယာတစ်ပုလင်း ဖွင့်သောက်နေရင်း ဘူဇွာ့ကို ကြည့်နေသည်။ ဘူဇွာသည် ကွန်ပြူတာ ဖန်သားပြင်ပေါ် စိုက်ကြည့်နေပြီး ရှမ်းပဲပုပ် နားမလည်သော စကားလုံးများကို တီးတိုးလေး ရေရွတ်လိုက်၏။ “ဪ… ဆာရှိမိ… ဆာရှိမိ… ချိုလိုက်တာကွာ…”

0 Comments: