Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၆) နတ်နန်းကအပြန်ဝယ်


ဘူဇွာတို့၏ ဆောင်မမှုကြောင့် ဖင်ကောက်တစ်ယောက် သူ့ကောင်မလေးနှင့် အတော်လေး ရှင်းယူလိုက်ရသည်။ ကောင်မလေး၏ အသိုင်းအဝိုင်းက ဖင်ကောက်လိုလူမျိုးနှင့် သဘောမတူဘူးဆို၍ ဖင်ကောက် တစ်ပတ်လောက် စိတ်လေသွားသေးသည်။

ထက်ထက်နှင့် ပြန်လည် အဆင်ပြေပြီးသကာလ တစ်နေ့တွင် ဖင်ကောက်သည် အလုပ်ကအပြန်… သူနှင့် အလုပ်အတူတူ လုပ်နေသူ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထံမှ မြက်ခြောက်များ (ဂန်ဂျာ) ယူဆောင်လာခဲ့၏။

ဖင်ကောက် အိမ်ပြန်ရောက်ချိန်တွင် ဘူဇွာက ပြန်မရောက်သေး… ထို့ကြောင့် ဖင်ကောက်သည် ဘဲကြီးကို ဖုန်းဆက်ခေါ်လိုက်၏။ ဖင်ကောက်က ဒီနေ့ည သူ့အိမ်တွင် ပါတီရှိကြောင်း၊ ဘဲကြီးကို လာစေချင်ကြောင်း ဖုန်းဆက်ခေါ်ဆိုခဲ့၏။ ဖုန်းပြောနေစဉ်တုန်းကတော့ ဘဲကြီးသည် အလုပ်သွားရဦးမည်၊ ပြီးလျှင် ညပိုင်းအတန်း တစ်တန်းရှိနေသည်၊ စသည်ဖြင့် အင်းအဲ လုပ်နေသေး၏။

မြက်ခြောက်ဆိုသည့်အသံ ကြားလိုက်သော် ဘဲကြီးသည် ရှိနေသည့်အတန်းကို လစ်ပြီး ဖင်ကောက်၏အိမ်သို့ တချိုးတည်း ရောက်လာခဲ့၏။

ဘူဇွာ့ကို ဖုန်းဆက်ခေါ်ဆိုပြန်သော်…

ဘူဇွာသည် စားသောက်ဆိုင်ထဲ၌ လူကျနေ၍ ဖုန်းကို မကိုင်အားချေ။ သောကြာညဆိုတော့ ဆိုင်က ပို၍ပင် လူစည်နေသေး၏။ ဆိုင်သိမ်းခါနီး လူရှင်းချိန်တွင်မှ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ voice mail နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ တစ်ခုမှာ ဖင်ကောက်ထံမှဖြစ်ပြီး နောက်တစ်ခုမှာ ဘဲကြီးက ချန်ထားခဲ့ခြင်းဖြစ်၏။

သွင်းထားသည့်အသံများအရ ၎င်းတို့နှစ်ယောက်စလုံး သိပ်ပြီး မူမှန်နေကြပုံမရ… တစ်ခုခုတော့ မှားနေသည်ဟု ဘူဇွာ ထင်ထားခဲ့၏။ ဖင်ကောက်က သူ့အတွက်လည်း ဝေစု ချန်ထားဦးမည်ဟု ပြောသည်။ ဘာဝေစုမှန်းတော့ ဘူဇွာမသိ။

ထိုအချိန်၌ပင် ရှမ်းပဲပုပ်ထံမှ ဖုန်းဝင်လာပြန်သည်။ ဘူဇွာ ဖုန်းကိုင်လိုက်သောအခါ - “အေး.. ပြော ယောက်ဖ… ငါလား… ပြီးတော့မယ်လေ.. နောက် တစ်နာရီခွဲလောက်ဆို ဆိုင်ပိတ်တော့မှာပဲ။ ဟာ… မင်းဟာက ခုချက်ချင်းကြီးလား ယောက်ဖရာ… တနင်္ဂနွေမှ သွားကြမယ်လေကွာ… ခဏလေးစောင့်လို့ မရဘူးလား… ငါ ဒီမှာ ပြီးတော့မယ့်ဟာကို… အေး.. အေး.. ဟုတ်ပြီ… ငါ ထွက်လာလိုက်တော့မယ်။ ဒါပဲနော်…”

ရှမ်းပဲပုပ်သည် စိတ်မြန်လက်မြန်ရှိသူတစ်ယောက်ဖြစ်၏။ သူ လုပ်ချင်ပြီဆိုလျှင် ချက်ချင်း ထလုပ်တတ်သလို၊ သွားချင်ပြီဆိုလျှင်လည်း ချက်ချင်းကြီး ကောက်ကာငင်ကာ ထသွားတတ်သည်။ ယခုလည်း ဒုစရိုက်မြို့တော်ကို နောက်တစ်ခေါက် ထပ်သွားဦးမည်ဟု ပြောနေ၏။ သည်ကောင်ကြီး ဟိုတစ်ခေါက်တုန်းက ရှုံးထားတာ မမှတ်သေးဘူးနှင့်တူသည်။

ဘူဇွာက ဆိုင်မန်နေဂျာကို ခွင့်တောင်းလိုက်သည်။ သူ့အစ်ကိုဝမ်းကွဲတစ်ယောက် ဆေးရုံအရေးပေါ်ဌာနတွင် တင်ထားရသောကြောင့် ယခုချက်ချင်းပင် လိုက်သွားရမည်ဖြစ်ကြောင်း၊ ဆိုင်မှာလည်း လူနည်းနေပြီဖြစ်၍ သူ့ကို ခွင့်ပေးပါရန် မျက်နှာသေလေးနှင့် ရှင်းပြလိုက်ရာ.. ဘူဇွာနှင့် ခင်မင်ရင်းနှီးစွဲရှိနေသည့် မန်နေဂျာက ဘာမှပင်မပြောတော့ဘဲ သွားခွင့်ပေးလိုက်၏။

+++++

အိမ်တွင်းသို့ ဘူဇွာ ဝင်ဝင်လိုက်ချင်းပင် ထူးဆန်းသော အနံ့များကို ရရှိလိုက်၏။ ဤအနံ့များကို သူ သိနေသည်။ ဟိုကောင်တွေ မြက်ခြောက်ရှုနေကြပြီထင်သည်။

သူ့အတွက် ကျန်မှကျန်ပါဦးမလားဟု စိုးရိမ်စိတ်ကလေးဖြင့် ဖင်ကောက်၏အခန်းသို့ အပြေးလေးလှမ်းဝင်သွားခဲ့ရာ…

ဖင်ကောက်သည် သူ့အိပ်ယာပေါ်တွင် ခြေဆင်းထားကာ လက်နောက်ပစ်ပြီး ပျင်းရိပျင်းတွဲထိုင်နေ၏။ ပါးနှင့်နားချိတ်ထားသော အပြုံးကြီးဖြင့် ဘူဇွာ့ကို စိုက်ကြည့်နေလေသည်။ ဘာစကားမှပင် မပြော…

ဘဲကြီးကတော့ ထိုအိပ်ယာပေါ်တွင်ပင် ခွေခွေလေး မှောက်နေပြီဖြစ်သည်။ ဘယ်ဘက်လက်မတစ်ဘက်ကို ပါးစပ်တွင်းထည့်ပြီး စုပ်ထားကာ ညာဘက်လက်ချောင်းများက သူ့ခေါင်းပေါ်မှ ဆံပင်များကို လိမ်ကျစ်နေ၏။

ဘူဇွာသည် သူ့အခန်းတွင်းသို့ ပြေးဝင်သွားပြီး ဝတ်ထားသော အဝတ်အစားများကို အလျင်အမြန်ပင် လဲလိုက်သည်။ ပြီးနောက် ဖင်ကောက်၏အခန်းတွင်းသို့ ဝင်ရောက်လာကာ ပြုံးဖြီးဖြီးမျက်နှာထားဖြင့် မေးမြန်းလိုက်၏။ “ယောက်ဖကြီး… ငါ့အတွက်ကော… ကျန်သေးလား။”

ဖင်ကောက်သည် ဘူဇွာ့ကို တစ်ချိန်လုံးပြုံး၍ကြည့်နေပြီး သူ့စာရေးစားပွဲပေါ်သို့ မေးငေါ့ပြလိုက်၏။

ဘူဇွာက စာရေးစားပွဲပေါ်သို့ ကြည့်လိုက်ရာ ဆေးလိပ်ပြာချွေခွက်ထဲတွင် တစ်ပိုင်းတစ်စသာ ကျန်ရှိနေတော့သော ဆေးလိပ်ငုတ်တိုလေးကို တွေ့လိုက်ရသည်။ ဒါလေးနှင့်ဆိုလျှင် အီးတစ်ပေါက်လောက်စာပင်မရှိ… သူတောင်းစားတွေ… အကုန်လုံး TO (Take Out) လုပ်ထားကြပြီနှင့်တူသည်ဟု စိတ်ထဲမှ မခံချိမခံသာ တွေးနေမိ၏။

သို့သော်လည်း ဘာတတ်နိုင်မှာလဲလေ… ရှိတာလေးနှင့် စည်းစိမ်ယူရသေးတာပေါ့။ ပြီးလျှင်လည်း ရှမ်းပဲပုပ်နှင့် လိုက်သွားရဦးမည်ဆိုတော့… ဘူဇွာသည် စဉ်းပင် မစဉ်းစားတော့ဘဲ ဆေးလိပ်တိုလေးကိုမီးညှိပြီး ကောက်ဖွာလိုက်၏။

ရင်ဘတ်ထဲတွင် ဖိန်းကနဲ၊ ရှိန်းကနဲ ဖြစ်သွားကာ မီးခိုးငွေ့များကို အဆုတ်တွင်း၌ အတန်ကြာမျှ အောင့်ထားလိုက်သေး၏။ ပြီးနောက် ပြန်မှုတ်ထုတ်လိုက်ရာ သူ့နှာခေါင်းထိပ်တစ်ခုလုံး ပူလောင်ပြီး နီမြန်းသွားသလားပင် အောက်မေ့လိုက်ရ၏။

ဘူဇွာသည် ဆေးလိပ်တိုလေးကို ညာဘက်လက်မနှင့် လက်ညှိုးနှစ်ခုတည်းဖြင့် ညှပ်ကိုင်ထားပြီး ချောင်းဆိုးသံကြီးနှင့် ပြောလိုက်သည်။ “အဟွပ်.. မင်းဟာက တော်တော်လေး ကောင်းတာပဲ။”

ဖင်ကောက်က ဘာမှ ပြန်မပြောသေး… ဘူဇွာ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတုန်းပင်ဖြစ်သည်။

ထိုဆေးလိပ်တိုလေးသည် နှစ်ဖွာခန့်သာ ဖွာရှိုက်လိုက်ရပြီး မီးငြိမ်းသွားလေတော့သည်။ ဘူဇွာ့အတွက်တော့  အာမနပ်လျှာမနပ် ဖြစ်နေရလေသည်။ ဘူဇွာက ရေခဲသေတ္တာထဲတွင် သူဝယ်ထည့်ထားသော ဘီယာတစ်ပုလင်းကို သွားယူလာပြီး ဖောက်သောက်နေလိုက်၏။ ပြီးနောက် ဖင်ကောက်ကို မေးမြန်းလိုက်၏။ “ယောက်ဖ… မင်းပြောတော့ ငါ့အတွက် ဝေစု ချန်ထားမယ်ဆို…”

ဖင်ကောက်က သူ့ဦးခေါင်းကို တဗြင်းဗြင်းကုတ်နေလိုက်ပြီး ဘဲကြီးကို မေးငေါ့ပြလိုက်သည်။ ဖင်ကောက်၏မျက်နှာမှ အပြုံးများကတော့ ရှိနေဆဲ…

ခဏအကြာတွင်မှ ဖင်ကောက်က ပြောဆိုလိုက်သည်။ “ဒီဘဲကြီး တော်တော်များများ ခီးသွားတာကွ။ ငါ ပြောပါသေးတယ်။ မင်းအတွက် နည်းနည်းလောက် ချန်ထားပါဦးဆိုတာ… မရဘူး ဟေ့ကောင်…လက်လန်တယ်…”

ဘူဇွာ နည်းနည်းတော့ စိတ်မချမ်းမသာဖြစ်သွားခဲ့၏။ သို့သော်လည်း ဘဲကြီးကို သူ စိတ်မဆိုးပါ။ ဘဲကြီးသည် အင်မတန်မှ ဇိမ်ယူတတ်သူတစ်ယောက် မဟုတ်ပါလား။ ဘူဇွာ၏မျက်နှာက ပြုံးလာ၏။ ဘဲကြီးအိပ်နေသော  ခုတင်ပေါ်တွင် တိုးဝှေ့ဝင်ထိုင်လိုက်ပြီး ဘဲကြီးကို နှုတ်ဆက်လိုက်၏။ “ဘဲကြီး… ခင်ဗျား ကျနော့်အတွက်တောင်မှ မချန်ထားတော့ဘူးပေါ့လေ…”

ဘဲကြီးကတော့ လက်မကို စုပ်နေဆဲ… ဆံပင်များကို လိမ်ကျစ်နေဆဲ… မျက်နှာကလည်း ပြုံးနေ၏။

ဘူဇွာသည် ဘဲကြီးကို စနောက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး ကွေးကွေးလေးအိပ်ပြီး ဇိမ်ယူနေသော ဘဲကြီးကို ဆွဲလှန်လိုက်၏။ ဘဲကြီးသည် ပက်လက်လန်လေးဖြစ်သွားသော်လည်း လက်မစုပ်မပျက်… ဆံပင်လိမ်မပျက်… အပြုံးမပျက်…

ဖင်ကောက်က ဘူဇွာ့လက်ထဲမှ ဘီယာပုလင်းကို တစ်ငုံ ယူသောက်လိုက်ပြီး စာကြည့်စားပွဲရှေ့ရှိ ကုလားထိုင်တွင် သွားရောက် ထိုင်နေလိုက်၏။ ပြီးနောက် ဘူဇွာ့ကို ပြုံး၍ကြည့်နေကာ ဘဲကြီးကို မေးငေါ့ပြလိုက်သည်။ ဖင်ကောက်၏ အမူအရာက… ဘဲကြီးကို မင်း ခေါင်း“စား” ချင်သလိုသာ စားပေတော့ဟု ပြောဆိုနေသယောင်ယောင်…

ဘူဇွာ၏မျက်နှာက ပြုံးလာပြီး ဘေးနားတွင်ရှိနေသော ဖင်ကောက်၏ ဆွယ်တာတစ်ထည်ကို ကောက်ယူလိုက်သည်။ ပြီးနောက် ဆွယ်တာ၏အင်္ကျီလက်များဖြင့် ဘဲကြီး၏ ဖြေဖဝါးများကို အသာအယာလေး တို့ထိပေးနေ၏။ ဘဲကြီးက လှုပ်ပင်မလှုပ်… ပိုပြီးဇိမ်ခံလို့ကောင်းနေသည်လားပင် မပြောတတ်…

ဘူဇွာက ရုတ်တရက် ဖြည်းဖြည်းလေး ပြောဆိုလိုက်၏။ “ဘဲကြီး… ဘဲကြီး… ခင်ဗျား ခြေထောက်မှာ ပုရွက်ဆိတ်အနက်တွေ တက်နေတယ်။ ခါချလိုက်ဦး…”

ဤလိုအချိန်မျိုးတွင် အလန့်တကြားကြီး သွားဖြဲအော်လိုက်ပါက ဇိမ်ယူနေသော ဘဲကြီး ပေါက်ကွဲသွားလိမ့်မည်ဖြစ်ကြောင်း ဘူဇွာ သိနေ၏။ ထို့ကြောင့် ဘာမှမဖြစ်သလို အသံမျိုးဖြင့် ညင်သာစွာ ပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။

ဘူဇွာသည် ဆွယ်တာစလေးဖြင့် ဘဲကြီး၏ ခြေဖဝါးများကို မထိတထိ ပွတ်သပ်ပေးနေရင်း ဆက်ပြောနေလိုက်သည်။ “ဘဲကြီး… ခင်ဗျား ခြေထောက်လေးတွေက နည်းနည်းလောက် မ,လိုက်ပါလား… ကျနော် ပုရွက်ဆိတ်တွေကို ခါချပေးမယ်။”

ဖင်ကောက်ကတော့ ပြုံးပြီး ကြည့်နေ၏။ ဘူဇွာသည်လည်း ရယ်ချင်စိတ်ကို မနည်းပင် အောင့်အီးထားရလေသည်။ သိပ်မကြာခင်မှာပင် ဘဲကြီး၏ ခြေထောက်တစ်ဘက် ဖြည်းဖြည်းလေး ကြွတက်လာ၏။ ဘူဇွာသည် ဘဲကြီး၏ခြေထောက် နောက်တစ်ဘက်ကိုလည်း ထိုနည်း၎င်း လုပ်ခိုင်းလိုက်ပြန်သည်။ ဘဲကြီးသည် ပြုံးပြုံးကြီးဖြင့် ဘူဇွာပြောသလို လိုက်လုပ်နေ၏။ ဖင်ကောက်နှင့် ဘူဇွာတို့နှစ်ယောက် အသံမထွက်အောင် ကြိတ်ပြီး ရယ်မောနေကြလေသည်။

ခဏအကြာတွင် ဖင်ကောက်က ဘဲကြီးကို ထပ်ပြီး အုံးစားလိုက်ပြန်၏။ “ဘဲကြီး… အပြင်မှာ တအားအေးနေတယ်။ ခင်ဗျား ခြေထောက်တွေကို ဒီအတိုင်း ထားထားရင် သွေးခဲသွားလိမ့်မယ်။ ရော့… စောင်လေးခြုံထားလိုက်ဦး…”

ဘဲကြီးသည် မရှိသော စောင်ကို စောင်အမှတ်ဖြင့် ခြေဖြင့်ပင့်ယူကာ စောင်ခြုံနေသည့်ပုံ လုပ်နေပြန်၏။ ဘူဇွာနှင့် ဖင်ကောက်တို့သည် ပါးစပ်များကို လက်ဖြင့်အုပ်ထားပြီး တခွီးခွီး ရယ်မောနေကြပြန်သည်။

ထိုအချိန်၌ပင် ဘဲလ်တီးသံမြည်လာပြီး ရှမ်းပဲပုပ် ရောက်လာခဲ့လေသည်။

နောက်မှ ရောက်လာသော ရှမ်းပဲပုပ်သည် ဘာမှမသိဟန်ဖြင့် - “ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေကြတာလဲ။ သွားမယ်လေ… ဟိုကောင်.. ဖင်ကောက်… မင်းကော လိုက်မှာမဟုတ်လား။ အဝတ်အစားလဲကြတော့လေကွာ… နောက်တောင်ကျနေပြီ။ ဟာ.. ဒီမှာ ဘဲကြီးလည်း ရောက်နေတာပဲ… သူကော လိုက်မှာမဟုတ်လား။”

ရှမ်းပဲပုပ်က အခန်းတွင်းသို့ ဝေ့ဝိုက်ပြီး ကြည့်နေကာ - “ဟ… မင်းတို့တခန်းလုံးလည်း ဆေးလိပ်မီးခိုးတွေ မွှန်နေတာပဲ။ နေဦး.. ငါ ပြတင်းပေါက် သွားဖွင့်လိုက်ဦးမယ်။”

ဖင်ကောက်က ပြာပြာသလဲပင် တားမြစ်လိုက်၏။ “ဟေ့ကောင်.. ယောက်ဖကြီး.. ပြတင်းပေါက်တွေ သွားမဖွင့်နဲ့… ထားထားလိုက်.. ဘာမှမဖြစ်ဘူး။”

ထူးဆန်းသော အနံ့များကြောင့် ရှမ်းပဲပုပ် နည်းနည်းတော့ ဓာတ်သွားသည်။ သည်ကောင်တွေ မဟုတ်တာ တစ်ခုခုတော့ လုပ်ထားကြပြီဟု…

ရှမ်းပဲပုပ်သည် ဘဲကြီးကို ကြည့်လိုက်သော် ဘဲကြီးသည်လည်း မူမမှန်… လက်မကို ပါးစပ်တွင်းထည့်ပြီး စုပ်နေကာ ဆံပင်များကို လက်ချောင်းများဖြင့် လိမ်ကျစ်နေ၏။ မျက်နှာကြီးကလည်း ပြုံးဖြီးဖြီးကြီးဖြစ်နေသည်…

မီးခိုးငွေ့များကို မခံနိုင်၍ အခန်းပြင်သို့ ထွက်လာသော ရှမ်းပဲပုပ်ကို ဘူဇွာက တခွီးခွီးရယ်မောနေပြီး ရှင်းပြလိုက်သည်။

သူတို့အားလုံး အဝတ်အစားလဲပြီးချိန်… ထွက်သွားရန် အဆင်သင့်ဖြစ်နေချိန်… ရှမ်းပဲပုပ်သည် မထနိုင်သေးသော ဘဲကြီးထံ ရောက်သွားပြန်၏။ “ဘဲကြီး… ခင်ဗျား ခြေချောင်းလေးတွေကို လှုပ်နေနော်… တော်ကြာ သွေးကြောတွေ ပိတ်သွားပြီး အောက်ပိုင်းတစ်ခုလုံး လှုပ်လို့မရ ဖြစ်သွားလိမ့်မယ်။”

ဘဲကြီးက ခြေချောင်းလေးများကို ကွေးလိုက်ဆန့်လိုက် လှုပ်ပေးနေ၏။ ရှမ်းပဲပုပ်က ထပ်မံဖြည့်စွက်လိုက်ပြန်သည်။ “အေး… အဲလိုလေး ကွေးလိုက်ဆန့်လိုက် လုပ်နေနော်… ကျနော်တို့ အပြင် ခဏ သွားလိုက်ဦးမယ်။ အဲဒီအတိုင်းပဲ လှုပ်နေနော်.. လိမ္မာတယ်…”

အိမ်ပြင်ရောက်တော့ ၃ ယောက်သား တဝါးဝါးတဟားဟားဖြင့် မျက်ရည်များ ထွက်လာသည်ထိ အူနှိပ်ပြီး ရယ်မောနေကြလေသည်။

+++++

ရှမ်းပဲပုပ်၏ကားရှိရာသို့ သူတို့ရောက်လာကြတော့ ကားဘေးတွင် လူတစ်ယောက် ဆေးလိပ်သောက်နေ၏။ ထိုသူသည် စိတ်မရှည်ဟန်အပြည့်ရှိနေပုံရသည်။ မျက်နှာကြီးကလည်း သုန်မှုန်နေ၏။

ဘူဇွာက အံ့အားသင့်စွာ နှုတ်ဆက်လိုက်၏။ “ဟာ ကိုမိုက်ခဲကြီးပါ ပါလာတာကိုး… ဘယ်လိုလဲအစ်ကို နေကောင်းလား။”

မိုက်ခဲက အလိုက်သင့်ပင် ခေါင်းညိတ်ပြလိုက်၏။ ပြီးနောက် ရှမ်းပဲပုပ်ဘက်ကိုလှည့်ပြီး ကြိမ်းမောင်းသည့် လေသံဖြင့် - “မင်းကွာ… ငါ စောင့်နေတာ အကြာကြီးပဲ။ အထဲမှာ ဘာတွေလုပ်နေတာလဲ။”

တဆက်တည်းပင် မိုက်ခဲက နှာခေါင်းတရှုံ့ရှုံ့လုပ်နေလိုက်ပြီး - “ဟင့်… မင်းတို့တွေ ဘာလုပ်လာခဲ့ကြတာလဲ… ငါ မသိဘူးများ မှတ်နေလို့လား။”

ရှမ်းပဲပုပ်က ဘာမှ မပြောဆိုတော့ဘဲ လူစုံသည်နှင့် ကားမောင်းထွက်လိုက်သည်။ ကားပေါ်ရောက်သည်နှင့် ရှမ်းပဲပုပ်က ဖင်ကောက်တို့ကို ဘူးတစ်ဘူး လှမ်းပေးလိုက်သည်။ “ဟေ့ကောင်တွေ… ရော့ မင်းတို့ပါးစပ်တွေထဲ ငုံထားလိုက်။”

ဘူးကို ဖင်ကောက်ဖွင့်ကြည့်ရာ ခံတွင်းအနံ့အသက်များပျောက်အောင်ငုံသည့် ဆေးပရုပ်လုံးဘူးလေးဖြစ်နေ၏။ ဖင်ကောက်နှင့် ဘူဇွာတို့သည် ဘာစကားမှ မပြောတော့ဘဲ တစ်ယောက်ကို လက်တစ်ဆုပ်စာထည့်ပြီး ငုံထားလိုက်ကြတော့သည်။

ရှမ်းပဲပုပ်က ဆက်မေးလိုက်ပြန်၏။ “မင်းတို့တတွေ အခြေအနေတော့ ကောင်းပါတယ်နော်။ သွားလို့ ဖြစ်တယ်မဟုတ်လား။”

ဖင်ကောက်က ပြာပြာသလဲပင် ဝင်ရောက်ပြောဆိုလိုက်သည်။ “ဟာ.. ငါတို့တွေ ဘာမှမဖြစ်ပါဘူးကွ။ ငါဆို နည်းနည်းလေးပဲ ချရသေးတယ်။ ဘဲကြီးက အားလုံးနီးပါး ခီးသွားတာ။ ဘူဇွာ့အတွက်တောင် သိပ်မကျန်တော့ဘူး။”

ဖင်ကောက်ကပင် ဘူဇွာ့ဘက်သို့လှည့်ကြည့်လိုက်ပြီး ဆက်၍ပြောဆိုလိုက်သည်။ “ဟုတ်တယ်မဟုတ်လား ယောက်ဖ… မင်း ဘယ်လောက် ခီးခဲ့ရသေးလဲ။”

ဘူဇွာက ကားနောက်ခန်းထဲ ထိုင်နေရာမှ စိတ်ပျက်လက်ပျက်သံကြီးဖြင့် ညည်းညူလိုက်၏။ “အာမနပ်လျှာမနပ်လေးပါကွာ…”

ရှမ်းပဲပုပ်က စိုးရိမ်စွာဖြင့် မေးမြန်းလိုက်ပြန်၏။ “ငါတို့ဘဲကြီးတော့ ဘာမှမဖြစ်လောက်ပါဘူးနော်.. စိတ်မချရဘူးဆိုရင် ငါ ခရီးစဉ်ကို ဖျက်လိုက်တော့မယ်။”

တစ်ချိန်လုံး ငြိမ်ပြီးနားထောင်နေသော မိုက်ခဲက စိတ်မရှည်သံကြီးဖြင့် - “ဟေ့ကောင်… ဒီလောက်ကလေးနဲ့ ဘာမှမဖြစ်ဘူး… အိုကေ.. သွားမှာသာ သွားစမ်းပါကွာ။”

+++++

ထိုညက ဘူဇွာသည် အများဆုံးနိုင်လာခဲ့၏။ ပိုက်ဆံ ၄၀၀ ကျော် နိုင်လာခဲ့သော ဘူဇွာ၏မျက်နှာမှာ မှိုရထားသူတစ်ယောက်၏ မျက်နှာလို ပြုံးဖြီးနေ၏။

ဖင်ကောက်က ၅၀ ကျော် ရှုံးသွားခဲ့ပြီး ရှမ်းပဲပုပ်က အရင်းအတိုင်းပင်ဖြစ်သည်။ မိုက်ခဲက ၇၀ ကျော် နိုင်လေသည်။

ဒုစရိုက်မြို့တော်သို့ သူတို့ ရောက်သွားချိန်တွင် သောကြာညဖြစ်သောကြောင့် လူအများ စည်ကားစွာ တွေ့နေရသည်။ လမ်းပေါ်တွင်လည်း လူအများ ဥဒဟို လှုပ်ရှားသွားလာနေကြ၏။ မြို့ကြီးတစ်ခုလုံး စည်ကားနေ၏။

သူတို့ရောက်သွားချိန်သည် ညသန်းခေါင်ကျော်ကျော်ဖြစ်ပြီး ကာစီနိုထဲမှ ပြန်ထွက်လာချိန်တွင်မူ မနက် ၂ နာရီပင် ထိုးတော့မည်။

ပိုက်ဆံနိုင်လာခဲ့သော ဘူဇွာသည် တစ်ညလုံး အူမြူးနေ၏။ ကားပေါ်အရောက်တွင် ဘူဇွာက အားလုံးကို ပြောလိုက်သည်။ “ဒီည ငါဒကာခံမယ်ကွာ… မင်းတို့ ဘယ်သွားချင်လဲပြော။”

ကားမောင်းနေရင်း လမ်း၏တစ်ဘက်တစ်ချက်ကို ဂရုစိုက်ကြည့်နေသော ရှမ်းပဲပုပ်၏အသံမထွက်လာခင်လေးမှာပင် မိုက်ခဲက တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်၏။ “ဟေ့ကောင်… ငါတို့ အဲဒီအထဲ ဝင်ကြည့်ရအောင်…”

ရှမ်းပဲပုပ်သည် မိုက်ခဲညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သော်… “Go Go Girls” ဆိုသော နီယွန်ဆိုင်းဘုတ်ကြီးကို မြင်တွေ့လိုက်ရ၏။ အရက်ဘားတစ်ခုဖြစ်ပုံရသည်ဟု ထင်မှတ်ပြီး ကားကို ထိုဆိုင်ဘက်သို့ ချိုးကွေ့ဝင်လိုက်လေသည်။

ဆိုင်တွင်းရောက်မှပင် အရက်ဘားသာမကသော အခြားဖျော်ဖြေပွဲနေရာတစ်ခုဖြစ်ကြောင်း ရှမ်းပဲပုပ် သိရှိသွားခဲ့သည်။ ဘူဇွာကတော့ ပြုံးဖြီးဖြီးကြီး ဖြစ်နေလေပြီ။

သူတို့ ၄ ယောက်စလုံး ဘားတွင်ထိုင်ကာ ဘီယာ တစ်လုံးစီ မှာသောက်လိုက်ကြသည်။ ဘီယာများကလည်း ရှားလိုက်သည့်ဖြစ်ခြင်း… ဘာမဟုတ်သည့် ဟိုင်နီကင်န်တစ်လုံးကို ၉ ဒေါ်လာပင် ပေးရ၏။ ဘောက်ဆူးနှင့်ဆိုလျှင် တစ်ပုလင်းကို ၁၀ ဒေါ်လာလောက် ကုန်သွားကြသည်။

အရက်ဘားနှင့်ကပ်လျက်နေရာတွင် ဆင်းရဲ၍ အဝတ်အစားဝယ်မဝတ်နိုင်သော အမျိုးသမီးများ စတီးတိုင်ကြီးများကို ပတ်ပြီး ကပြနေကြ၏။ မိုက်ခဲ၏ မျက်နှာကြီးသည်လည်း ဖြီးနေလေသည်။

ခဏအကြာတွင် ဘူဇွာနှင့် ကိုမိုက်ခဲတို့နှစ်ယောက် အတွင်း သီးသန့်ခန်းတွင်းသို့ ဝင်ရောက်သွားကြလေတော့သည်။ အရက်ဘားတွင် ဘူဇွာနှင့် တစ်ချိန်လုံး လေပေးဖြောင့်နေသော တောင်အမေရိကတိုက်သူလေးတစ်ယောက်က ဦးဆောင်ပြီး ခေါ်သွားခြင်းဖြစ်သည်။ ဖင်ကောက်တို့နှစ်ယောက်ကတော့ အရက်ဘားတွင်ထိုင်ကာ ဘီယာပုလင်းသေးသေးလေးကို ကုန်သွားမည်စိုး၍ တမျှင်းမျှင်း သောက်နေကြ၏။

ရှမ်းပဲပုပ်သည် အလွန်စပ်စုစွာဖြင့် ထိုအခန်းနားသို့ သွားချောင်းကြည့်နေရာ အစောင့်တစ်ယောက်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။ သို့သော် မြင်တွေ့သင့်သလောက်ကိုတော့ မြင်တွေ့ခဲ့ပြီးဖြစ်၏။

အခန်းထဲတွင် ထိုင်ခုံငယ်လေးများ အနည်းဆုံး ၁၅ ခုလောက် ရှိမည်ဖြစ်ပြီး သံတိုင်နှစ်ခုအကြားတွင် ထိုင်ခုံကို ချထားခြင်းဖြစ်၏။ အထဲတွင် လူလည်း သိပ်မရှိနေပါ။ အားလုံးပေါင်းရှိလှ ၆ ယောက်လောက်သာ ရှိနေကြသည်။

မိုက်ခဲနှင့် ဘူဇွာသည် တိုင်ကြီးနှစ်လုံးကို လက်ကားယားကြီးနှစ်ဘက်ဖြင့် တင်းကြပ်စွာ ကိုင်ထားကြပြီး ဒန်းစီးနေသလိုမျိုး ခါးကော့ထားကြကာ ခေါင်းမော့ထားကြလေသည်။ သူတို့၏ လည်ပင်းကြောကြီးများက မီးမှိန်မှိန်အောက်တွင် ထောင်ထနေကြသယောင်ယောင်…

ဆင်းရဲသားမိန်းကလေးနှစ်ယောက်က သူတို့၏ပေါင်များပေါ်တွင် အသီးသီး တက်ထိုင်နေကြပြီး ကပြနေကြ၏။ တွန့်ကွေးနေကြ၏။ လှုပ်ရွနေကြ၏။ တီကောင်များလို ထွန့်ထွန့်လူးနေကြ၏။ ဘူဇွာက မျက်စိများ မှိတ်ထားသော်လည်း မိုက်ခဲကတော့ မျက်လုံးကြီးများ ကျွတ်ထွက်ကျမတတ် ပြူးထွက်နေ၏။ မည်သို့ပင်ဆိုစေ… သူတို့နှစ်ယောက်၏ လက်ကားယားကြီးများကတော့ စတီးတိုင်ကြီးနှစ်တိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနေကြဆဲ။

ဘားကိုပြန်ရောက်လာတော့ သူမြင်တွေ့ခဲ့ရသည်များကို ရှမ်းပဲပုပ်က ဖင်ကောက်အား ပြောပြလိုက်သည်။ ပိုက်ဆံရှုံး၍ စိတ်ညစ်နေသော ဖင်ကောက်တစ်ယောက် ထိုစကားများကို ကြားပြီးသည်နှင့် တခွီးခွီးဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားကာ ရယ်မောနေလေတော့သည်။

မိုက်ခဲတို့နှစ်ယောက်စလုံး နောက်ထပ် ၄၅ မိနစ်လောက်နေမှ ပြန်ထွက်လာခဲ့ကြလေသည်။ အရက်ဘားမှ ထွက်လာပြီး ကားပေါ်အရောက်တွင် ဖင်ကောက်က မိုက်ခဲကို စနောက်လိုက်သည်။ “ဘယ်လိုလဲဗျ… ပွတ်သဘင်ပွဲကြီးက ကောင်းရဲ့လား။”

ရှမ်းပဲပုပ်သည် မိုက်ခဲကို လှမ်းကြည့်လိုက်ရာ ယခုအချိန်ထိ မျက်လုံးကြီးများ ပြူးထွက်နေတုန်းဟု ထင်ရပုံရသည်။ မိုက်ခဲက ပြုံးဖြီးဖြီးကြီးဖြစ်နေပြီး ဘာမှတော့ ပြန်မပြောခဲ့ပါ။

ကားမောင်းနေရင်းမှ ရှမ်းပဲပုပ်က မှတ်ချက်ပေးလိုက်သည်။ “မင်းတို့က ‘တောင်ပြုံးပြန်’ တွေပဲ။”

ဘူဇွာသည် တော်တော်လေး စိတ်တိုနေ၏။ ဘာကို ကြိတ်မနိုင်ခဲမရဖြစ်နေသည်လည်းတော့ မသိ။ ရှမ်းပဲပုပ်ပြောလိုက်သော စကားကို မစဉ်းစားတော့ဘဲ ပြန်လည် အော်ပြောလိုက်သည်။ “ဟေ့ကောင်.. ယောက်ဖ… ဒါ နတ်ကနားပွဲမဟုတ်ဘူး။ မင်းဘာတွေလာပြောနေတာလဲ။ ငါတို့က နတ်ကတော် အခြောက်တွေလည်း မဟုတ်ဘူးကွ။ ယောက်ျားစစ်စစ်တွေမို့လို့ အဲဒီထဲက ထွက်လာကြတာကွာ… မင်း ဘာပြောချင်သေးလဲ။”

ဖင်ကောက်ကဝင်၍ မှတ်ချက်ပေးလိုက်လေတော့သည်။ “သူကလည်း မင်းတို့နတ်ကနားပွဲက ပြန်လာတယ်လို့ မပြောပါဘူးကွ။ သူပြောတာက ရှင်းရှင်းလေးရယ်… မင်းတို့တတွေ တောင်ပြုံးပြန် လာကြတယ်လို့ပဲ ပြောတာ… ဟားဟား…”

+++++

(ကံကောင်းထောက်မစွာ… ထိုနေ့က... ရဲကားတစ်စီးမှ သူတို့ကို မတားခဲ့ပါ။)

0 Comments: