Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၇) ဘလိုင်းဒိတ်


ယခုတလော ဘူဇွာ ရွှင်မြူးနေ၏။ ဖင်ကောက်ပင် ဘူဇွာ့ကို ကြည့်ပြီး ပျော်ရွှင်နေရ၏။ ဘာအတွက် ရွှင်မြူးနေမှန်းတော့ သေသေချာချာကြီး သိသည်မဟုတ်သော်လည်း ဘူဇွာ့ကိုကြည့်ရသည်မှာ အင်မတန်မှ တက်ကြွနေသည်။

ဧည့်ခန်းနှင့် အိမ်တစ်အိမ်လုံးလည်း ရှင်းလင်းတောက်ပြောင်နေ၏။ အရာရာသည် သူ့နေရာနှင့်သူ စီစီရီရီ ရှိနေပြီး ဖုန်ကင်းစင်စွာ၊ သပ်ရပ်စွာ ရှိနေကြလေသည်။

ယခင်ကဆိုလျှင် ဖင်ကောက် အိမ်ပြန်ရောက်လာတိုင်း အော့အန်ချင်စိတ်ပင် ပေါက်သွားရလောက်အောင် ရှုပ်ပွညစ်ပတ်နေသည်။ ဟိုတလောတုန်းက လာလည်သော ရှမ်းပဲပုပ်သည်ပင် အိမ်ပေါက်မှ ဝင်ဝင်လာချင်း ဝေါ့ခနဲ ပျို့သွားရသည် မဟုတ်ပါလား။

+++++

ထိုစဉ်တုန်းက…

အိမ်တံခါးမကြီးမှ ဝင်လာလျှင် တွေ့နေရသည့်အရာများမှာ မျက်စိအေးစရာ တစ်ခုမျှမရှိ။ အားလုံး ရှုပ်ပွနေသလို၊ အနံ့အသက်များကလည်း ဆိုးရွားလွန်းလှသည်။

ဘူဇွာသည် ပိုက်ဆံရှာသလောက် အစားအသောက်ကောင်းများကိုလည်း ခုံမင်သူဖြစ်သည်။ အိမ်မှာ ချက်စားခြင်းက မရှိသလောက်ပင်။ အပြင်မှ အစားအသောက်များကို မှာစား၏။ ဝယ်လာ၏။ အဆိုးဆုံးမှာ ဘူဇွာ သောက်သော အရက်ပုလင်းများ၊ ဘီယာပုလင်းများ၊ ဝိုင်ပုလင်းများကို ဖိနပ်စင်နားတွင် စီတန်းထားခြင်းပင်ဖြစ်သည်။

ဤနေရာတွင် ဘူဇွာ၏ ကဗျာဉာဉ် ရင့်သန်ခြင်းကို ဖွင့်ကျူးရန် ချန်ထားခဲ့လို့မရ…

ထိုအချိန်တုန်းက ဘူဇွာတို့၏ ဧည့်ခန်းတွင်းသို့ သင် ဝင်ရောက်သွားမည်ဆိုပါက ပထမဆုံး တွေ့ရမည့်အရာမှာ ဖိနပ်စင်ဖြစ်၏။ ဖိနပ်စင်၏ ဘေးနားတွင် အရက်ပုလင်းများ၊ ဝိုင်ပုလင်းများနှင့် ဘီယာပုလင်းများကို ငယ်စဉ်ကြီးလိုက် သေသပ်စွာ စီထား၏။

ထိုပုလင်းသေး၊ ပုလင်းကြီးများသည် ကဗျာဆန်စွာ စီထားခြင်းဖြစ်သလို ပုလင်းများကို အလှလည်း ဖော်ကျူးထားသေး၏။ အငယ်ဆုံးပုလင်းဖြစ်သော ဟိုင်နီကန်င် ဘီယာပုလင်းလေး၏ ပုလင်းဝတွင် ကြက်တောင်ပံရိုးတစ်ခု စိုက်ဝင်နေ၏။ ကြက်တောင်ပံရိုးတင်လားဆိုတော့ မကသေး… ကြက်အတောင်ပံနှင့်ကပ်နေသော တောင်ပံလုံး၏အရိုးလေးပင် မပြုတ်မပြတ် ကပ်လျက်ရှိနေသေး၏။

ပို၍ကြီးသော ဘီယာပုလင်းကြီး၏ ပုလင်းဝတွင်မူ ကြက်ပေါင်ရိုးများ စိုက်ဝင်နေ၏။

ဆက်၍ကြည့်လိုက်ပါက… ငယ်စဉ်ကြီးလိုက်ဖြစ်သော အခြား နည်းနည်းကြီးသည့် ပုလင်းလွတ်များ၏ ပုလင်းဝများတွင်မူ ကြက်ကျောကုန်းရိုးများကို စီစီရီရီ တင်ထား၏။

အကြီးဆုံးဖြစ်သော ဝိုင်ပုလင်းကြီး၏ အဝတွင်မူ ငါးတစ်ကောင်သည် အသားမဲ့စွာ၊ အရိုးငေါငေါဖြင့် လက်ပစ်ကူးနေသည်။ ငါး၏ ဦးခေါင်း၊ ကျောရိုး၊ အမြီးရိုး… စသည်များသည် မပျက်မစီးဘဲ အရာမယွင်းစွာ ရှိနေသေး၏။

အရိုးများ မရှိသော ပုလင်းလွတ်များထဲတွင်မူ ကွမ်းသွေးများ နီရဲစွာ ရှိနေ၏။ အစိမ်းရောင်ရှိသည့် ပုလင်းများထဲ၌ ရှိနေသော အနီရောင် ကွမ်းသွေးပျစ်ပျစ်ခဲခဲများက မြင်ရသူအတွက် အော့အန်ချင်စရာကောင်းလှသော်လည်း ပန်းချီဆရာတစ်ယောက်၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက အလွန်ခက်ခဲစွာ စပ်ထားရသော အရောင်စပ်ဟပ်မှုပင် ဖြစ်နေသည် မဟုတ်ပါလား။

+++++

ဘူဇွာ၏ ညစ်တီးညစ်ပတ် နေထိုင်မှု မစခင် တစ်ရက်က- ဖင်ကောက် အိမ်ပြန်ရောက်ပြီး အနားယူနေချိန်တွင် ဘူဇွာက ဖုန်းဆက်ခေါ်လာခဲ့၏။ ဖင်ကောက် တံခါးသွားဖွင့်ပေးချိန်တွင် ဘူဇွာ တစ်ယောက် အထုပ်အပိုးများကို မနိုင်မနင်း မ,သယ်လာပြီး တံခါးဝတွင် စပ်ဖြီးဖြီး ရပ်နေသည်။

တံခါးဝမှ ကြမ်းပြင်ပေါ်သို့ ဖင်ကောက်ကြည့်လိုက်ရာ လွန်စွာမှပင် ကြီးမားလှသော ဝိုင်ပုလင်းကြီးကို တွေ့လိုက်ရသည်။ ဤမျှ ကြီးမားသော ဝိုင်ပုလင်းကြီးကို ဖင်ကောက် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ ပုလင်းကြီးမှာ ၃ ပေ ကျော်ကျော် မြင့်ပြီး ပုလင်းကိုယ်ထည်ကြီးက အချင်း ၁ ပေခန့်ရှိနိုင်သည်။ ပုလင်းထဲတွင်တော့ ဝိုင်အနီများ အပြည့်ဖြစ်ရှိနေသည်။

“ဟေ့ကောင်… ဒါကြီးက ဘာကြီးလဲ။” ဖင်ကောက်က မနေနိုင်မထိုင်နိုင် စပ်စုစွာ မေးမြန်းလိုက်၏။

ဖင်ကောက်၏ အမေးစကားကို ပြန်ဖြေဖို့ ဘူဇွာ့ထံတွင် အချိန်မအားသလို လက်များလည်းမအား။ ထို့ကြောင့်… “ယောက်ဖကြီး… ငါ့ကို ကူသယ်ပေးစမ်းပါကွာ။ ဒစ်စကောင့်ချလို့ ငါ ဝယ်လာတာကွ” ဟု မောဟိုက်သံကြီးဖြင့် ပြန်လည်ဖြေဆိုခဲ့၏။

ထို ဝိုင်ပုလင်းကြီးတင်လားဆိုတော့ မကသေး… နောက်ထပ် အရပ်ပုလင်းများ၊ ဘီယာ ဖာများလည်း ကြမ်းပြင်ပေါ်၌ ရှိနေသေး၏။ ဖင်ကောက် မျက်လုံးပြူးသွားခဲ့လေပြီ။ “ဒါကြီးတွေကို ဘူဇွာ ဘယ်လိုလုပ်ပြီးများ သယ်ယူလာခဲ့သနည်း” ဟု ဖင်ကောက် စဉ်းစားနေမိသည်။

ဘူဇွာကတော့ ခပ်အေးအေးပင်…

ဖင်ကောက် ဘာမှမမေးနိုင်ခင်မှာတင် ဘူဇွာသည် ဝယ်ယူလာသော ပစ္စည်းများကို သယ်ဆောင်သွားရင်း လှမ်းပြောလိုက်သည်။ “ယောက်ဖ… ငါ ကားငှားပြီး သယ်လာခဲ့တာ… အဲဒီ ပုလင်းကြီးကို သယ်ခဲ့ပေးပါကွာ… နော်။”

ထိုသို့နှင့်…

ဘူဇွာသည် အလုပ်ကပြန်လာတိုင်း သူဝယ်ထားသော သောက်စရာများကို ဇိမ်ရှိစွာ သောက်သုံးပြီး ကွန်ပြူတာရှေ့တွင် ထိုင်နေတတ်လာသည်။ ဖင်ကောက်ကို တိုက်သော်လည်း ဖင်ကောက်က အကြောင်းပြပြီး ငြင်းဆိုလေ့ရှိရာ ဘူဇွာက မချိုမချဉ်အပြုံးလေးဖြင့် တုံ့ပြန်တတ်သည်မှာ - “မင်းစော်ကို ကြောက်လို့ မသောက်တော့တာ မဟုတ်လား။”

ဘူဇွာ ပြောသည်မှာ မှန်၏။

ဘာကြောင့်မှန်းမသိ… ယောက်ျားအတော်များများသည် အချစ်ဆိုသောအရာနှင့် ထိတွေ့ပြီးသည့်နောက် လိမ္မာသွားတတ်ကြလေသည်။ ဖင်ကောက်မသောက်သောကြောင့် ဘူဇွာတစ်ယောက်တည်းသာ သောက်နေရ၏။ သောက်တော့ မူး၏။ ကွန်ပြူတာရှေ့တွင် ထိုင်ပြီးမူးတော့ အမှားများစွာ လုပ်မိလေတော့သည်။

+++++

ရှမ်းပဲပုပ်၏ ကျောင်းတက်ရက်များက ဗုဒ္ဓဟူးမှ သောကြာထိသာ ရှိသည်ကို သိထားသော ဘူဇွာသည် ရှမ်းပဲပုပ်ကို ဖုန်းလှမ်းဆက်လိုက်သည်။ “ယောက်ဖကြီး… မင်း ဒီအပတ်ကော ကားမောင်းဦးမှာလား။… အဲဒါဆို တနင်္ဂနွေညနေကျရင် ငါ မြို့ထဲကို လာခဲ့မယ်ကွာ။ ဟုတ်ပြီလား။ မင်းနဲ့ ကားလိုက်စီးရင်း ငါ လေ့လာချင်လို့ပါ။ ငါ လည်း အလုပ်ပိတ်တယ်လေ။ အေး..အေး.. ဟုတ်ပြီ.. ဒါဆိုလည်း မြို့ထဲရောက်မှ တွေ့မယ်လေ… ဒါပဲနော်။”

ရှမ်းပဲပုပ်က ဘူဇွာတို့လိုမဟုတ်။ သူတက်နေသောကျောင်းက အချိန်ပြည့် စာဖတ်ရသည်၊ စာကြိုးစားရသည်။ ထို့ကြောင့် ဘူဇွာတို့လို တစ်ပတ်လုံး အလုပ်လုပ်ရင်း ကျောင်းမတက်နိုင်။ နောက်တစ်ချက်က သူသွားတက်နေသောကျောင်းက ပန်းသီးမြို့တော်၏ နယ်နိမိတ်ထဲတွင် မရှိနေချေ။ ကျွန်းကြီးတစ်ခုပေါ်၊ ဘူဇွာတို့နှင့် ဝေးကွာလှသော နေရာရှိ ကျောင်းတွင် သွားရောက် တက်နေခြင်းဖြစ်၏။

သို့သော် ရှမ်းပဲပုပ်သည် အပတ်တိုင်း… စနေ၊ တနင်္ဂနွေကိုတော့ ပန်းသီးမြို့တော်ထဲသို့ လာရောက်ပြီး ကားမောင်းလေ့ရှိသည်။ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်သူ၏ အဖေ မောင်းသော လင်မိုစင်းကြီးကို စနေ၊ တနင်္ဂနွေများတွင် ယူမောင်းခြင်းဖြစ်၏။

ရှမ်းပဲပုပ်ကို ဘူဇွာ အားကျသည်။ တစ်ပတ်ကို နှစ်ရက်တည်း အလုပ်လုပ်သော်လည်း ကျောင်းတက်မပျက်… ဝင်ငွေလည်း အတော်အသင့်ကောင်း၏။ ရှမ်းပဲပုပ်လိုမျိုး သူလည်း ကားမောင်းချင်သည်။ ခက်သည်က… သူသည် နိုင်ငံတကာကျောင်းသားဗီဇာဖြင့် လာရောက်သူဖြစ်သောကြောင့် ကားမောင်းရန် စာရွက်စာတမ်းများ လိုအပ်နေသေး၏။ သို့သော် ထိုအတွက်တော့ ဘူဇွာ မပူပါ။ သူ့ထံတွင် အစီအစဉ်များ ရှိနေသည် မဟုတ်ပါလား။

+++++

ပန်းသီးမြို့တော်ကြီးသည် စက်ရုံ၊ အလုပ်ရုံများဖြင့် ထုတ်ကုန်များထုတ်ပြီး စည်ကားသိုက်မြိုက်နေခြင်းမဟုတ်။ ပန်းသီးမြို့တော်ကြီး၏ အဓိက စီးပွားရေးမှာ ဝန်ဆောင်မှုလုပ်ငန်းများသာဖြစ်သည်။ ဝန်ဆောင်မှု လုပ်ငန်းမျိုးစုံရှိသည်။ ကော်ပိုရေးရှင်းကြီးများ မျိုးစုံရှိသည်။

လင်မိုစင်းမောင်းသူများ၏ အဓိက ဖောက်သည်များမှာ ထို ကော်ပိုရေးရှင်းကြီးများတွင် လာရောက် အလုပ်လုပ်နေကြသူ ဝန်ထမ်းများ၏ သွားရေးလာရေးများကို ဝန်ဆောင်မှုပေးခြင်းပင်ဖြစ်၏။ ဝန်ထမ်းတိုင်းသည် ပန်းသီးမြို့တော်ကြီးတွင် နေထိုင်ကြသည်မဟုတ်။

နယူးယောက်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော နယူးဂျာစီပြည်နယ် (New Jersey)၊ ကော်နက်တိကပ်ပြည်နယ် (Connecticut) များပင်မကသေး… နယူးယောက် အထက်ပိုင်းပြည်နယ်များ၊ Long Island မှ လာရောက် အလုပ်လုပ်သူများ၊ ပင်စယ်ဗေးနီးယား (Pennsylvania) ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူများ အားလုံး၏ အိမ်အပြန်ခရီးကို လိုက်လံပို့ဆောင်ပေးသော လင်မိုစင်း ကုမ္ပဏီတစ်ခုတွင် ရှမ်းပဲပုပ် လုပ်နေခြင်းဖြစ်၏။

တချို့ဝန်ထမ်းများက စနေ၊ တနင်္ဂနွေပါ အလုပ်ဆင်းကြသောကြောင့် အလုပ်ရှင် ကော်ပိုရေးရှင်းကြီးများက သူတို့၏ အပြန်ခရီးကို ပို့ဆောင်ပေးရန် တင်းပြည့်ကြပ်ပြည့် တာဝန်ယူကြသည်။

တနင်္ဂနွေညဆိုတော့ သိပ်ပြီးတော့ အလုပ်ကမရှိ။ ဘူဇွာသည် ရှမ်းပဲပုပ်နှင့်အတူ ရှေ့ခန်းတွင် ကားလိုက်စီးရင်း ရှမ်းပဲပုပ် ရှင်းပြနေသည်များကို ဂရုတစိုက် လေ့လာမှတ်သားနေမိ၏။ လင်မိုစင်းမောင်းသည်ဆိုသော်လည်း ရှမ်းပဲပုပ်သည် ရှပ်အင်္ကျီနှင့် ကြောင်လျှာသီး တပ်ထားရ၏။ ရှူးဖိနပ် ဝတ်ထားရ၏။ ဤအတွက် လွန်စွာမှ စိတ်ညစ်ရကြောင်းကို ရှမ်းပဲပုပ်က တွင်တွင် ညည်းလေတော့သည်။

ရှမ်းပဲပုပ်တို့၏ လုပ်ငန်းသဘာဝမှာ လမ်းပေါ်တွင် တစ်ချိန်လုံး ကားပတ်မောင်းနေစရာမလို။ နယူးယောက် တက္ကစီအဝါများလို လမ်းများပေါ် ဥဒဟို သွားလာလှုပ်ရှားနေစရာမလို။ ကားစီးမည့် ဧည့်သည်များကို လိုက်ရှာနေစရာမလို။ ကိုယ်ရောက်နေသည့် ဇုန်အတွင်းတွင် ဘွတ်ခ်လုပ်ပြီး ငြိမ်ငြိမ်လေး ထိုင်စောင့်နေရန်ပင် လိုအပ်သည်။

ကားထဲတွင် ရေဒီယိုတစ်လုံးရှိ၏။ ရေဒီယိုသည် ကွန်ပြူတာ သေးသေးလေးဖြင့် ဆက်သွယ်ထားခြင်း ဖြစ်သောကြောင့် ကိုယ့်အလှည့် ဘယ်တော့ရောက်မည်လဲဆိုတာ ကြည့်၍ရသလို၊ ဧည့်သည်ကို သွားရောက် တင်ဆောင်ရမည့်နေရာ၊ ဧည့်သည်၏ နာမည်နှင့် သွားရမည့် လိပ်စာ၊ ခရက်ဒစ်ကဒ် အချက်အလက်များ၊ ကုမ္ပဏီအချက်အလက်များ အပါအဝင် မည်မျှခန့် ကျမည်ဆိုသော နှုန်းထားကိုပါ ဗဟိုရုံးမှ ရေဒီယိုမှတဆင့် ပို့ဆောင်ပေး၏။ ထိုအရာကို Dispatch လုပ်သည်ဟု ခေါ်ဆိုကြောင်း ရှမ်းပဲပုပ်က ရှင်းပြလေသည်။ သူတို့ကုမ္ပဏီတွင် Dispatcher များ ၂၄ နာရီ အလုပ်လုပ်နေကြောင်း… စီးမည့်သူက ကုမ္ပဏီကို ဖုန်းဆက်ခေါ်ဆိုပြီး လိုအပ်သည့် အချက်အလက်များကို ပေးလိုက်ရုံဖြင့် သူတို့က သွားရောက် ကြိုဆိုပြီး ပို့ဆောင်ပေးရကြောင်းများကို ဘူဇွာ နားလည်လာခဲ့၏။

ရှမ်းပဲပုပ်၏ ရှင်းပြမှုများအရ… ယခုကဲ့သို့ ဘူဇွာ လိုက်ပါနိုင်ရန် သူသည် သူ့ကုမ္ပဏီကို ကြိုတင်ပြီး အကြောင်းကြား ခွင့်တောင်းခံထား၏။ မဟုတ်ပါက လူနှစ်ယောက် လိုက်ပါလာသော လင်မိုစင်းကို မည်သူမှ မစီးချင်ကြောင်း ပြောပြခဲ့သည်။ သို့သော် ယနေ့သည် တနင်္ဂနွေည ဖြစ်သောကြောင့် အလုပ်ပါးလိမ့်မည်ဟုတော့ ရှမ်းပဲပုပ်က ကြိုတင် ဟောကိန်းထုတ်ခဲ့လေသည်။

ရှမ်းပဲပုပ်၏ ရှင်းပြမှုများကြောင့် လမ်းများနှင့် နေရာဒေသများကို ဘူဇွာ သဘောပေါက်နားလည်လာခဲ့၏။ ယခင်တုန်းကဆိုလျှင် မြေအောက်ရထားစီး၊ ဘတ်စ်ကားစီးပြီး ကိုယ်လိုရာခရီးကို သွားရောက်ခဲ့သောကြောင့် မည်သည့်နေရာသည် မည်သည့်မြို့နယ်တွင် ရှိနေကြောင်းကို အသေးစိတ် မသိရှိခဲ့ပေ။

နယူးယောက်မြို့တော်ကြီးသည် Borough ၅ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ Manhattan, Queens, Bronx, Brooklyn နှင့် Staten Island ဆိုသော မြို့နယ်ကြီး ၅ ခုဖြင့် ဖွဲ့စည်းထားသည်။ ထိုမြို့နယ် ၅ ခုစလုံးကို နယူးယောက်စီးတီးဟု ခေါ်ဆိုကြောင်း ဘူဇွာ သိလာခဲ့၏။ ယခင်တုန်းကတော့ မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထောင်ရှိနေသော Manhattan ကိုမှ နယူးယောက်စီးတီးဟု ထင်ထားခဲ့သော ဘူဇွာ့အတွက်တော့ အသစ်အဆန်းများပင်။

ထို့ပြင် နယူးယောက်ပြည်နယ်ထဲတွင် ပါဝင်ပြီး နယူးယောက်မြို့တော်၏ အုပ်ချုပ်မှု နယ်နိမိတ်မှ ကင်းလွတ်နေသော Long Island ဟု ခေါ်ဆိုသည့် ကျွန်းရှည်ကြီးတစ်ခုလည်း ရှိနေသေးကြောင်း သိလာခဲ့၏။ အမှန်တော့ Queens နှင့် Brooklyn တို့သည် နဂိုမူလက Long Island ထဲတွင် ပါဝင်ခဲ့၏။ နောက်ကျမှသာ ပန်းသီးမြို့တော်ထဲ ထည့်သွင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

Long Island တွင် County ဟုခေါ်ဆိုသော ဒေသအပိုင်းအခြားလေး ၂ ခုရှိနေသေး၏။ Nassau County နှင့် Suffolk County များဖြစ်၏။ Queens နှင့် ကပ်လျက်ရှိနေသည်မှာ Nassau County ဖြစ်ကြောင်းလည်း  ဘူဇွာ လေ့လာခဲ့မိသည်။

Manhattan အကြောင်းကတော့ ဘူဇွာ့အတွက် လေ့လာစရာများ မကုန်မဆုံးနိုင်အောင်ပင်။ တိုက်တာအဆောက်အဦများ၏ နံပါတ်များသည် စံနစ်ကျစွာ ထားရှိထားခြင်းဖြစ်၏။ Building No. နှင့် လမ်း သိရုံဖြင့် မည်သည့်နေရာတွင် မည်သည့်လမ်းနှင့် မည်သည့်လမ်းအကြားတွင် ရှိနေကြောင်းကို ခန့်မှန်း၍ရသည်။ Manhattan ကျွန်းကြီး၏ တောင်နှင့်မြောက် ပြေးနေသော လမ်းမကြီးများကို Avenue ဟုခေါ်ဆိုပြီး အရှေ့နှင့် အနောက် ပြေးနေသော လမ်းများကို Street ဟု ခေါ်ဆိုသည်။ Building No. များသည်လည်း အရှေ့နှင့်အနောက် ရှိသည်။ Manhattan ကို အရှေ့နှင့်အနောက် ခွဲခြားထားသော လမ်းမကြီးမှာ 5th Avenue ဖြစ်ကြောင်းကို ဘူဇွာ မှတ်သားခဲ့၏။ ဥပမာ 10 E34 St. နှင့် 10 W34 St. တို့သည် Building No. အတူတူပင်ဖြစ်သော်ငြားလည်း တစ်ခုသည် 5th Ave. ၏ အရှေ့ဘက်ခြမ်းတွင် ရှိပြီး ကျန်တစ်ခုမှာ 5th Ave. ၏ အနောက်ဘက်ခြမ်းတွင် ရှိ၏။ ၎င်းအပြင် နယူးယောက်မြို့တော်ကြီးကို ဆက်သွယ်ထားသော တံတားများနှင့် မြေအောက်ဥမင်များ ၃၁ ခု တိတိ ရှိကြောင်းကိုလည်း မှတ်သားခဲ့ရပြန်၏။

ကားရပ်နားထားပြီး ဧည့်သည်စောင့်နေချိန်တွင် ရှမ်းပဲပုပ်က မြေပုံကိုကိုင်ထားပြီး ဘူဇွာ့ကို စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ ဘူဇွာ့အတွက်တော့ မှတ်သားစရာများချည့်ပင်…

သူတို့ ကားရပ်နားထားသည့်နေရာမှာ ရှမ်းပဲပုပ်တို့ ကုမ္ပဏီအရဆိုလျှင် 102 ဇုန်အတွင်းတွင် ရှိနေ၏။ ဤဇုန်အတွင်းတွင် ဘွတ်ခ်လုပ်ထားပါက ရပ်ဝေးနေရာများသို့ ရတတ်ကြောင်းကို ရှမ်းပဲပုပ်က ရှင်းပြနေတုန်း…

တစ်လမ်းမောင်းဖြစ်သော လမ်း၏ဘယ်ဘက်ခြမ်းတွင် ရပ်ထားသည့် ဘူဇွာတို့ကားဘေးသို့ ကားတစ်စီး ထိုးရပ်လာ၏။ ကားပေါ်သို့ ဘူဇွာ လှည့်ကြည့်လိုက်တော့ ကောင်မလေးနှစ်ယောက်ဖြစ်နေသည်။ ကြည့်ရသည်မှာ တောင်အမေရိကတိုက်သူလေးများ ဖြစ်ကြပုံရသည်။

ဘယ်ဘက်ခြမ်းတွင် ထိုင်ပြီး ကားမောင်းလာသော ကောင်မလေးက ရှမ်းပဲပုပ်၏ကား ညာဘက်ခြမ်းတွင် ထိုင်နေသော ဘူဇွာ့ကို မျက်စိတစ်ဘက် မှိတ်ပြလိုက်၏။ ပြီးနောက် ပါးစပ်တွင်းသို့ တစ်ခုခု စုတ်သွင်းဟန် လုပ်ပြလိုက်ပြီး မျက်ခုံးလေးပင့်ကာ မေးမြန်းလိုက်၏။

ဘူဇွာ ပထမတော့ ကြောင်သွားသည်။ ရှမ်းပဲပုပ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ရှမ်းပဲပုပ်သည် စပ်ဖြီးဖြီးဖြင့် ပြုံးပြနေပြီး ကောင်မလေးများကို လက်ခါပြလိုက်၏။ ချက်ချင်းပင် ထိုကားသည် အရှိန်ပြင်းစွာဖြင့် ထွက်သွားလေတော့သည်။

ဘူဇွာက စပ်စုလိုက်၏။ “ယောက်ဖ… အဲဒါ ဘာလုပ်ပြသွားတာလဲ…”

ရှမ်းပဲပုပ်က သူ့ကားတွင်းရှိ ကွန်ပြူတာ ရေဒီယိုလေးကို ကလိနေပြီး ပြန်ဖြေလိုက်၏။ “သူတို့လည်း ငါတို့လိုပဲ  ပိုက်ဆံရှာနေကြတာပေါ့ကွာ။ ငါတို့က ကားမောင်းပြီး ပိုက်ဆံရှာတယ်။ သူတို့က လူမောင်းပြီး ပိုက်ဆံရှာတယ်။ သဘောပေါက်လား… အထူးသဖြင့်တော့ကွာ… ငါအခု ဘွတ်ခ်လုပ်ထားတဲ့ ၁၀၂ ဇုန်မှာ ဒါမျိုး ဝန်ဆောင်မှုတွေလိုက်ပေးနေတဲ့ ညဉ့်ငှက်ကလေးတွေ ရှိနေတတ်တယ်။ ငါက ဒီနေရာမှာ ဘွတ်ခ် လုပ်ထားတယ်ဆိုတာ အဝေးကို လိုက်ချင်လို့ကွ။ ဒီနေရာကနေ တစ်ခါတုန်းက ပင်စယ်လ်ဗေးနီးယားထိတောင် ငါ လိုက်ဖူးတယ်။ ခရီးတစ်ခေါက်တည်းကိုပဲ ၂၇၀ ရတယ်ဗျား…ဒါကြောင့် ဒီမှာ ငါလာစောင့်နေတာ။”

ဘူဇွာ ခူရှီရိုက်သွားသည်။ ရေရေလည်လည် သဘောကျသွား၏။ သူ့စာရွက်စာတမ်းများ အဆင်ပြေလာသည့်တစ်နေ့… ရှမ်းပဲပုပ်လိုမျိုး ကားမောင်းမည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။

+++++

ထိုနေ့ညက ဘူဇွာတို့ အဝေးတစ်နေရာမှ မလိုက်လိုက်ရ။ မြို့တွင်း၌ပင် ဟိုပို့သည်ပို့ လုပ်လိုက်ရသည်။ ညသန်းခေါင်ကျော်အချိန်တွင် ရှမ်းပဲပုပ် ဧည့်သည်တစ်ယောက်ရ၏။ သွားကြိုရမည့်နေရာမှာ Manhattan ထဲရှိ West Village ဟုခေါ်သော နေရာဖြစ်သည်။ ထိုနေရာတွင် ဘားများ၊ ညကလပ်များ စုံလင်လှသလို အခြောက်များကလည်း ပေါများလှသည်။ လမ်းမကြီးပေါ်တွင် ယောက်ျားနှစ်ယောက် အချင်းချင်း နှုတ်ခမ်းစုပ်ပြီး နမ်းနေသော မြင်ကွင်းမျိုးကို ဘူဇွာ တစ်ခါမှ မတွေ့ဖူး… ဤနေရာသို့ ရောက်လာမှသာ တွေ့ဖူးမြင်ဖူးသွား၏။

သူတို့ကြိုလာခဲ့သည့် မိန်းကလေးသည် အမူးလွန်နေလေပြီ။ သွားမည့်နေရာက သိပ်တော့ ဝေးဝေးမဟုတ်လှ။ Manhattan Uptown တွင်ဖြစ်သည်။ သူ့သူငယ်ချင်းများက ကားငှားပေးလိုက်ခြင်းလည်းဖြစ်သည်။

ထိုမိန်းကလေးသည် ကားပေါ်တက်ပြီးစတွင်ပင် ခေါင်းငိုက်စိုက် အိပ်ပျော်သွားခဲ့ချေပြီ။ ဝတ်ထားသည်မှာလည်း ဖရိုဖရဲနှင့် အသည်းယားချင်စရာ…

ဘူဇွာသည် ကားမောင်းနေသော ရှမ်းပဲပုပ်ကို တစ်ချက် ခိုးကြည့်လိုက်ပြီး ကားနောက်ခန်းထဲသို့ ခေါင်းပြူငမ်းလိုက်သေး၏။ သူ့ခေါင်းကို နားရွက်ဆွဲလှည့်လာခဲ့သော ရှမ်းပဲပုပ်ကြောင့်သာ ငြိမ်နေလိုက်ရသည်။ မပေါ့်တပေါ်များက ကြည့်လို့မ၀သေး…

ထိုမိန်းကလေးကို မနည်းနှိုးယူပြီး အိမ်ပြန်ပို့လိုက်ကြရ၏။ သူတို့ တက္ကစီအဝါများ ငှားမစီးဘဲ လင်မိုစင်းကို ငှားစီးကြသည်မှာ စိတ်ချရ၍ဖြစ်ကြောင်း… အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခုဖြစ်လာပါက သူ့ကားနံပါတ်နှင့် ဘောက်ချာဖြတ်ပိုင်းကို ပြပြီး သူ့ဘက်ကို ပြန်လှည့်လာနိုင်ကြောင်း… ရှမ်းပဲပုပ်က ရှင်းပြလိုက်သည်။

အပြန်တွင် ချက်ချင်းဆိုသလို နောက်ထပ်တစ်ယောက် ထပ်ရပြန်၏။ ထိုသူသည်လည်း နီးနီးနားနား သွားမည့်သူဖြစ်၏။ ထိုသူသွားမည့်နေရာကို မရောက်ခင်လေး မီးပွိုင့်တစ်ခုအကျော်တွင် လမ်းပေါ်မှ ချိုင့်ကြီးတစ်ခုကို တက်နင်းမိသောကြောင့် ကားရှေ့ဘီးတစ်ဘက် ပေါက်သွားခဲ့လေတော့သည်။

ထိုသူသည်လည်း ရောက်ရန် တစ်ပြလောက်သာ လိုတော့သောကြောင့် ပိုက်ဆံလက်ငင်းရှင်းပေးပြီး ထွက်သွားခဲ့ချေပြီ။

ရှမ်းပဲပုပ်နှင့်အတူ ကားဘီးလဲကူပေးခဲ့သော ဘူဇွာ၏လက်တွင် ဖုန်မှုန်များ၊ ဆီဂျေးများဖြင့် မည်းတူးပေပွနေတော့၏။ ရှမ်းပဲပုပ်ကတော့ အရေးပေါ်ထုတ်သုံးရန် ဆောင်ထားသော တစ်ခါသုံးလက်အိတ်တစ်ခု ရှိနေသောကြောင့် ဘာမှ မဖြစ်သော်လည်း ဘူဇွာကတော့ ပေပွသွားခဲ့၏။

လက်များပေပွ ညစ်ပတ်နေသော ဘူဇွာသည် ဘာမမေးညာမမေးဖြင့် ကားနောက်ဖုံးထဲတွင် ရှိနေသော Windex (မှန်သုပ်သည့်ဆပ်ပြာရည်) ဗူးထဲမှ ဆပ်ပြာရည်များဖြင့် လက်ကို ဆေးကြောလိုက်၏။ ရှမ်းပဲပုပ်က အလန့်တကြား တားလိုက်သော်လည်း မမီတော့။ ခဏအကြာတွင် ဘူဇွာ့လက်ကြီးတစ်ခုလုံး ယောင်ကိုင်းလာတော့သည်။

ကားမောင်းနေသော ရှမ်းပဲပုပ်ဘက်သို့ လှည့်ပြီး ဘူဇွာက မျက်နှာငယ်လေးဖြင့် ပြောဆိုလိုက်သည်။ “ယောက်ဖ.. ငါ့ လက်ကြီးတွေ ကြည့်ပါဦး…”

ရှမ်းပဲပုပ်က စိတ်ညစ်ညူးစွာဖြင့် ပြောဆိုလိုက်၏။ “မင်းကို ငါ ပြောမလို့ပဲ။ မင်းက လောကြီးတာကိုး… ငါ့အသိ စားသောက်ဆိုင်တစ်ခုမှာ လက်ဝင်ဆေးလို့ရတယ်။ ငါလည်း ဒါပြီးရင် ကားသိမ်းတော့မှာ။ ပြီးတာနဲ့ မင်းကို လက်ဆေးဖို့ လိုက်ပို့ပေးမလို့ပဲ။ ယောက်ဖရာ… မပြောမဆိုနဲ့ လုပ်လိုက်ရင်.. အရာရာနဲ့ အကြောင်းကြောင်းချည့်ပဲ…”

+++++

အမှန်တော့ ဘူဇွာသည် ကားဘီးကူလဲပေးခြင်း၊ ရှမ်းပဲပုပ်နှင့် အဖော်လိုက်ပေးခြင်းများသည် သူကိုယ်တိုင်က လင်မိုစင်း မောင်းသည့်အလုပ်ကို လေ့လာချင်သည်ထက် ရှမ်းပဲပုပ်ကို ညှင်းရန်ကိစ္စ တစ်ခု ရှိနေသေးသောကြောင့်ဖြစ်၏။ ထို့ကြောင့်သာ အားတက်သရော… ကားဘီးလဲပေးခဲ့ခြင်းဖြစ်၏။

ထိုနေ့ညက မောင်းနေသည့် လင်မိုစင်းကို ပိုင်ရှင်၏အိမ်ရှေ့ သွားထားပြီး ဘူဇွာ့ကို ရှမ်းပဲပုပ်က သူ့ကားနှင့် ပြန်ပို့ပေးခဲ့၏။ အိမ်ရောက်သည်နှင့် ဘူဇွာက ရှမ်းပဲပုပ်ကို ဘီယာတိုက်ပြန်သည်။ ရှမ်းပဲပုပ်က အိမ်အပြန် ကားမောင်းရဦးမည်ဟု ငြင်းဆန်သော်လည်း နောက်ဆုံးတော့ သောက်ဖြစ်သွားခဲ့၏။

ဘူဇွာ၏လက်ကြီးကို တွေ့မိလိုက်သော ဖင်ကောက်က အလန့်တကြား မေးမြန်းလေတော့သည်။ “ဟေ့ကောင်ကြီး… မင်းလက်က ဘာဖြစ်တာတုန်း”

ဘူဇွာက ရှက်ပြုံးလေးပြုံးနေသော်လည်း ရှမ်းပဲပုပ်က ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်၏။ ဖင်ကောက်က မှတ်ချက်ချလေတော့သည်။ “မင်းကတော့ကွာ… ဖြစ်လိုက်ရင်… အရာရာနဲ့ အကြောင်းကြောင်းချည့်ပဲ…”

ခဏနေတော့ ဘီယာသောက်နေကြသော သူငယ်ချင်းများကို ဘူဇွာက သူ့ကွန်ပြူတာထဲမှ ဓာတ်ပုံလေးတစ်ပုံ ထုတ်ပြလာ၏။ ဖင်ကောက် မျက်လုံးပြူးသွားသည်။ “ဟိုက်ရှားဘား… မိုက်လှချည်လား…”

ရှမ်းပဲပုပ်က ဘူဇွာ့ကို မေးလိုက်သည်။ “ယောက်ဖ… အဲဒါ ဘယ်သူ့ပုံလဲ။”

ဘူဇွာ၏မျက်နှာက အောင်နိုင်သူတစ်ယောက်လို ပြုံးဖြီးနေပြီးမှ ပြန်ဖြေဆိုလိုက်သည်။ “ဒါ ငါနဲ့ ဘလိုင်းဒိတ် လုပ်ထားတဲ့ ကောင်မလေးပေါ့။ သူက ဖီလီ (Philadelphia) မှာ နေတာကွ။ ငါ့ဆိုင်က စားပွဲထိုးစော်ရဲ့ ညီမဝမ်းကွဲလေးလို့ ပြောတယ်။ ငါလည်း ဘာရမလဲ… သူ့ကိုအပိုင်ကပ်ပြီး ဓာတ်ပုံတောင်းထားခဲ့တာ။ ပြီးတော့ လိပ်စာတွေ၊ ဘာတွေ မေးထားခဲ့တာပေါ့ကွာ။ နောက်တော့ ငါတို့ချင်း အွန်လိုင်းမှာ ချိတ်မိသွားကြပြီး မနက်ဖြန် ဖီလီကို ငါလာခဲ့မယ်လို့ ချိန်းထားကြတာကွ။”

ဖင်ကောက်က ဝင်ထောက်လိုက်၏။ “မင်းပြောတဲ့ မနက်ဖြန်ဆိုတာ အင်္ဂါနေ့ကို ပြောတာလား။ ဒီနေ့ပဲ တနင်္လာဖြစ်နေပြီ။ မနက်ပဲ ၂ နာရီထိုးတော့မယ်။”

ဘူဇွာက အမှားကို ပြန်ပြင်လိုက်၏။ “ငါပြောတာက ဒီနေ့လို့ ပြောတာကွာ…”

ရှမ်းပဲပုပ်က စပ်စုလိုက်ပြန်၏။ “နေစမ်းပါဦး.. မင်းက ဘယ်နှစ်နာရီ ချိန်းထားတာလဲ။ နောက်ပြီး သူလေးက ဘယ်သူလေးလဲ။ မြန်မာမလေးပဲလား။”

ဘူဇွာသည် ကျန်ရှိနေသေးသော ဘီယာလက်ကျန်ကို တစ်မော့တည်း ရှင်းလိုက်ပြီးနောက် အာလုတ်သံကြီးဖြင့် ဖြေဆိုလိုက်၏။ “မနက် ၁၀ နာရီ ချိန်းထားတာပဲ။ သူက မြန်မာမဟုတ်ဘူးကွ… အင်ဒိုနီးရှားမလေး… ယောက်ဖကြီး ငါ့ကို လိုက်ပို့ပေးပါကွာ… နော်… မင်း ကားဘီးလဲပေးခဲ့လို့ ငါ့လက်ကြီးတောင်မှ ခုထိ အရောင်မပျောက်သေးဘူး။”

ဘူဇွာ၏ ချိုမြနေသော အာစွတ်သံကို မည်သူကများ ငြင်းဆန်နိုင်ဦးမည်နည်း။ ထို့ပြင် ကောင်မလေး၏ ဓာတ်ပုံကို ကြည့်ရသည်မှာလည်း အရမ်းကို ခိုက်စရာကောင်းနေသည်မဟုတ်ပါလား။ ရှမ်းပဲပုပ်နှင့် ဖင်ကောက်တို့ တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြ၏။

+++++

ဖီလီကိုသွားရသည်မှာ မိုင် ၁၀၀ ကျော်လေးသာ ရှိသောကြောင့် နီးသည်ဟု ပြော၍ရသည်။ သူတို့အားလုံး ဘီယာ တစ်ပုလင်းစီ သောက်ပြီးသည်နှင့် ခဏတော့ အိပ်စက်ခဲ့ကြသေး၏။

ကွန်ပြူတာရှေ့ထိုင်နေသော ဘူဇွာ့ကို ပစ်ထားပြီး ရှမ်းပဲပုပ်နှင့် ဖင်ကောက်တို့ တီးတိုးရိုက်နေကြသည်။ ဖီလီကိုရောက်၍ ထိုကောင်မလေးသည် ဘူဇွာ့ကို တွေ့သည်နှင့် စိတ်မပျက်သွားနိုင်ဟု မည်သူပြောနိုင်မည်နည်း။ အကယ်၍ ကောင်မလေးက စိတ်ပျက်သွားသည်ဆိုပါက… ရှမ်းပဲပုပ်နှင့် ဖင်ကောက်တို့နှစ်ယောက်အနက် မည်သူက ဆက်လိုက်ရန်ကို ကျားဗိုလ်ပင် ဆွဲနေလိုက်သေး၏။

မနက် ၇ နာရီထိုးသည်နှင့် ဘူဇွာသည် ရေမိုးချိုးပြီး၊ အဝတ်အစား သစ်သစ်လွင်လွင်များ တောက်ပြောင်စွာ ဝတ်စားထားပြီး အဆင်သင့်ဖြစ်နေလေပြီ။

သူငယ်ချင်းများ၏ ဆေးကြောသုတ်သင်နေမှုများကို ဘူဇွာ သည်းခံပြီး စောင့်ဆိုင်းနေခဲ့သေး၏။ သည်ကောင်တွေ တမင်သက်သက်များ အချိန်ဆွဲထားကြခြင်းများလား…

သူတို့ ဖီလီကို ရောက်သွားတော့ မနက် ၉း၄၀ လောက်ဖြစ်သည်။ ချိန်းထားသည်က မနက် ၁၀ နာရီတိတိ။ ချိန်းထားသည့်နေရာကိုလည်း မလာခင်ကတည်းက မြေပုံထဲတွင် ကြည့်ထားခဲ့ပြီးဖြစ်သည်။ ဖီလီ၏ တရုတ်တန်းတွင်ဖြစ်သည်။ အမေရိကန်ရှိ မြို့ကြီးတိုင်းလိုလို တရုတ်တန်းများ ရှိနေခြင်းမှာ အဆန်းမဟုတ်တော့။ လူဦးရေ သန်း ၁၀၀၀ ကျော်သော လူမျိုးများသည် နေရာအနှံ့တွင် ရောက်ရှိနိုင်နေကြသည်မဟုတ်ပါလား။

မီတာတိုင်တွင် ကားကို ရပ်ထားခဲ့ပြီး ဘူဇွာ့ ကောင်မလေး ချိန်းဆိုထားသော ရှော့ပင်းမောလ်ကို လိုက်ရှာနေကြ၏။ မောလ်လေးက သေးသေးလေးဖြစ်သောကြောင့် လွယ်လွယ်ကူကူ ရှာမတွေ့နိုင်ကြသေးချေ။

မောလ်ကို တွေ့သော်လည်း ဘူဇွာ၏ ကောင်မလေးကို မတွေ့ရသေး… ဘူဇွာပြောတော့ မောလ်အဝင်ဝနားက မီးပွိုင့်ထိပ်တွင် သူ့ကို စောင့်နေပါလို့ ကောင်မလေးက မှာသွားသည်ပြောသည်။

ဖင်ကောက်နှင့် ရှမ်းပဲပုပ်တို့နှစ်ယောက် မျက်စိရှင်ရှင်ထားပြီး လိုက်ရှာနေကြ၏။ အကယ်၍သာ ကောင်မလေးကို အရင်ဦးဆုံးတွေ့ပါက သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က ဘူဇွာအဖြစ်ဟန်ဆောင်ပြီး ချိန်းတွေ့ကြမည်ဟု မအိပ်ခင်ကတည်းက တိုင်ပင်ထားခဲ့ကြသည် မဟုတ်ပါလား။

ဘူဇွာကလည်း နပ်သည်။ သူ့သူငယ်ချင်းများအကြောင်းကို နောကြေနေပြီးဖြစ်၏။ သည်ကောင်တွေ မမြင်ခင် ကောင်မလေးကို တွေ့အောင် အရင်ရှာမည်ဟု ဆုံးဖြတ်ထားသည်။

မီးပွိုင့်မှ ဥဒဟို ဖြတ်သန်းသွားလာနေသော အာရှတိုက်သူလေးများကို ဖင်ကောက်တို့ ငေးကြည့်နေကြလေသည်။ သူလေးပဲ ဖြစ်နိုင်မလား… ဟိုတစ်ယောက်ကော ဖြစ်နိုင်တယ်… သည်တစ်ယောက်လည်း တူသလိုလိုတော့ ရှိသား.. စသည်ဖြင့် အငြင်းပွားနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဘူဇွာသည် ထိုဓာတ်ပုံကို လှစ်ခနဲသာ ထုတ်ပြခဲ့ခြင်းဖြစ်သောကြောင့် ဖင်ကောက်တို့ သေသေချာချာ ကြည့်ရှုခွင့်မရလိုက်ကြ။ ချောမှန်းတော့ သိသည်။ သို့သော် ရုပ်ရည်ကို မခန့်မှန်းနိုင်ခဲ့ကြချေ။ ထို့ကြောင့် အာရှတိုက်သူ ချောချောလေးများတွေ့တိုင်း သူလေးများ ဖြစ်နေမလားဟု ပြူးပြဲလိုက်ရှာနေကြ၏။

ဖင်ကောက်နှင့် ရှမ်းပဲပုပ်တို့က ဘူဇွာ့ကို စချင်သောကြောင့် မီးပွိုင့်တစ်ဘက်လမ်းသို့ ကူးသွားကြသည်။ ထိုနေရာတွင် သူတို့တတွေ ရပ်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေသည်မှာ တော်တော်လေးကြာပြီဖြစ်သည်။ ဆိုင်တချို့မှ လူအများပင်လျှင် သူတို့ကို ဘာတွေလုပ်နေကြတာလဲဟူသော သဘောဖြင့် စပ်စပ်စုစု အာရုံစိုက်လာကြပြီဖြစ်သည်။ ထို့ကြောင့် လမ်းတစ်ဘက်သို့ ကူးသွားခြင်းဖြစ်သည်။

အရေးထဲ… လမ်းတစ်ဘက်သို့ အရောက်တွင် ၃ ထပ်တိုက်အဆောက်အဦတစ်ခုရှေ့တွင် ရပ်နေသော လူမည်းတစ်ယောက်က သူတို့ကို လှမ်းပြီး နှုတ်ဆက်နေသေး၏။ “Dude, you guys looking for something? You want massage? I know a place…. come this side.”

ရှမ်းပဲပုပ်နှင့် ဖင်ကောက်တို့နှစ်ယောက် တခွီးခွီးဖြင့် ရယ်မောမိလေတော့သည်။ မနက်စောစောစီးစီးကြီး အနှိပ်ခန်းကို လိုက်ပို့ပေးမည့်သူနှင့် လာတွေ့နေသေးသည် မဟုတ်ပါလား။ ဘာအနှိပ်ခန်းမှန်းတော့မသိ… အကောင်းစားလား… ရှယ်လား… ရိုးရိုးလား ဆိုသည်ကို သွားရောက် စပ်စုမေးမြန်းလိုက်ရန် ဟန်ပြင်နေသော ရှမ်းပဲပုပ်တို့ကို ဘူဇွာက လှမ်းတားလိုက်သည်။ “ဟေ့ကောင်တွေ… ငါ့ကို ကူရှာပေးကြဦးလေကွာ.. မင်းတို့ အဲဒီဘက်မှာ ဘာလုပ်နေကြတာလဲ။”

ထိုစကားကို ဘူဇွာက လှမ်းပြောနေတုန်းရှိသေး၏။ မီးပွိုင့်ထိပ်ရှိ မီးပွိုင့်မီးတိုင်အောက်၊ လမ်းလျှောက် sign လေးပြထားသည့်အောက်တွင် ကောင်မလေးတစ်ယောက် ဘူဇွာ့ကို လက်ပြနေသည်။ ဘူဇွာကတော့ ဖင်ကောက်တို့ဘက်ကို အာရုံရောက်နေသောကြောင့် ထိုကောင်မလေးကို မတွေ့။ ဖင်ကောက်တို့ကတော့ တွေ့နေရ၏။

လားလား….

အနည်းဆုံး ပေါင်ချိန် ၂၃၀ ကျော်မည့် ၀ဝကစ်ကစ်ကြီးပါကလား… ဖင်ကောက်တို့၏စိတ်ထဲတွင် ဘူဇွာ့ကို ကျော်ပြီး ဓာတ်ပုံထဲမှ ကောင်မလေးကို ဦးစွာ မိတ်ဆက်ရန် အကြံအစည်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီဖြစ်သည်။ အရေးထဲ… လမ်းတစ်ဘက်မှ လူမည်းကလည်း တကြော်ကြော် ခေါ်နေသေး၏။

ဖင်ကောက်နှင့် ရှမ်းပဲပုပ်တို့နှစ်ယောက် ဘူဇွာရှိရာဘက်သို့ လမ်းဖြတ်ကူးလိုက်ကြသည်။ ကောင်မလေးကတော့ သူမထံ ဘူဇွာ လာလိမ့်နိုးဖြင့် မီးပွိုင့်အောက်တွင် ရပ်စောင့်နေဆဲ…

ဘူဇွာ့အနီးသို့အရောက်တွင် ဘူဇွာက တိုးတိုးလေးပြောလိုက်၏။ “မင်းတို့ထဲကတစ်ယောက် ငါ့ ဟန်ဆောင်ပြီး သွားတွေ့ပေးပါလား။ ငါက သူ့ဓာတ်ပုံကို သူ့အစ်မဆီကနေသာ ရထားတာ။ လူချင်းတွေ့ဖူးတာမဟုတ်ဘူး။ သူလည်း ငါ့ဓာတ်ပုံကို မတွေ့ဖူးသေးဘူး။ ငါ ဘာဝတ်လာမလဲဆိုတာပဲ ပြောပြခဲ့တာ။ လုပ်ပါကွာ ယောက်ဖ… ငါ့ကို ဒါလေးတော့ ကူညီပေးကြပါ။”

ထိုစကားကြောင့် ဖင်ကောက်က စိတ်တိုလာပြီး ဘူဇွာ့ကို တွန်းလွှတ်လိုက်၏။ “မင်းဘာမင်း သွားတွေ့ပါလား။” ပြီးနောက် ဘူဇွာ့ကို လက်ညှိုးထိုးပြလိုက်ရာ ကောင်မလေးသည် လမ်းတစ်ဘက်ခြမ်းသို့ တစ်လိမ့်ချင်း ပြေးလာလေတော့သည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းပင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အသားဆိုင်ကြီးများက လှုပ်စိလှုပ်စိဖြစ်သွားခဲ့သည်မှာ ရုပ်ရှင်ထဲကလို slow motion ဖြင့်ပြန်ရိုက်ပြလျှင် မည်မျှ ကြည့်၍ကောင်းမည်နည်းဟု ဖင်ကောက် တွေးနေမိ၏။

ဘူဇွာ့ဘက်ကို လှည့်ကြည့်လိုက်သော် အီးမှန်ထားသည့် မျက်ခွက်ကြီးဖြင့် မချိပြုံးကြီး ပြုံးနေလေသည်။ ရှမ်းပဲပုပ်က လောဆော်လိုက်၏။ “ဟေ့ကောင်… ငါ ဓာတ်ဆီကုန်ခံ၊ လူပင်ပန်းခံပြီး လိုက်ပို့ထားတာနော်။ သွား…”

ဘူဇွာသည် မသွားချင်သွားချင်ဖြင့် ကောင်မလေးကို သွားတွေ့လိုက်ရပြီး သူငယ်ချင်းများဘက်ကို လှည့်ကြည့်လှည့်ကြည့်ဖြင့် ကောင်မလေး ခေါ်သွားသည့်နောက်ကို ပါသွားလေတော့သည်။

ခဏနေတော့ ဖင်ကောက်၏ဖုန်းကို ဘူဇွာက လှမ်းဆက်လာသောကြောင့် ဖုန်းကောက်ကိုင်လိုက်ရာ… သူ့ထံလာခဲ့ရန် အတင်းကြီး အကူအညီတောင်းနေကြောင်း ကြားလိုက်ရ၏။ ရှမ်းပဲပုပ်က သက်ပြင်းချလိုက်ပြီး - “ငါတို့ လိုက်သွားလိုက်ရအောင် ယောက်ဖရာ… ဟိုကောင်ကြီး တစ်ယောက်တည်း သနားပါတယ်။ ပြီးတော့ ကောင်မလေးကို ကြည့်ရတာလည်း ရိုးရိုးအေးအေးလေးပါ။”

သူတို့နှစ်ယောက် မောလ်ထဲသို့ လိုက်ဝင်သွားရာ ဝင်ပေါက်တစ်ခုတွင် ဘူဇွာနှင့် ထိုကောင်မလေးတို့ ရပ်စောင့်နေကြ၏။ ဘူဇွာ၏လက်တစ်ဘက်ကို ကောင်မလေးသည် သူမ၏လက်မောင်း၀ဝကစ်ကစ်ကြီးများဖြင့် မျှော့တွယ်ထားသလို တွယ်ချိတ်ထား၏။ ဘူဇွာ၏ မျက်နှာကတော့ မချိပြုံးလေးဖြင့် သွားဖြဲနားဖြဲရှိနေလေသည်။

ဖင်ကောက်တို့သည် ရယ်ချင်စိတ်ကို မနည်းအောင့်အီးထားသော်လည်း မျက်နှာများကတော့ စပ်ဖြီးဖြီး ဖြစ်နေကြလေသည်။ ကောင်မလေးက သူမ အလုပ်လုပ်သောဆိုင်ကို ခေါ်လည်မည်ဟု ပြောနေ၏။ သူမနှင့်  အလုပ်အတူတူ လုပ်နေသူများကိုလည်း ဘူဇွာ့အကြောင်း ပြောထားပြီးဖြစ်သည်ဟု ပြောပြနေ၏။

တံခါး၏ ဝင်ပေါက်ကြီးမှာ တွန်းဖွင့်၍ ဝင်ရသော ဆုံလည်ဝင်ပေါက်ကြီးလည်းဖြစ်သည်။ ကောင်မလေးက ရှေ့မှ အရင်ဆုံးဝင်သွားပြီး ဘူဇွာကတော့ သူငယ်ချင်းနှစ်ယောက်ကို စောင့်ဦးမည်ဆိုကာ ကျန်နေရစ်ခဲ့ပုံရသည်။ ရှေးဦးစွာ ရှမ်းပဲပုပ်က အရင် ဝင်သွား၏။ ပြီးနောက် ဖင်ကောက်က လိုက်ဝင်သွားသည်။

ဘူဇွာသည် စိတ်ဓာတ်ကျနေခြင်းကြောင့်လော… စိတ်ပျံ့လွင့်နေခြင်းကြောင့်လော မပြောတတ်။ ဖင်ကောက် ဝင်သွားပြီးပြီးချင်း လိုက်ဝင်သွားလိုက်ရာ သူ၏ ညာဘက်မျက်လုံးအိမ်နှင့် တံခါးဘောင်တို့ တိုက်မိသွားကြတော့သည်။

ပထမတော့ ဘာမှ မဖြစ်ပါဘူးဟုဆိုကာ ကောင်မလေးခေါ်သည့်နောက်သို့ ဆက်လိုက်သွား၏။

ကောင်မလေး အလုပ်လုပ်သောဆိုင်သည် ဟမ်ဘာဂါရောင်းသော ဆိုင်တစ်ဆိုင်ဖြစ်သည်။ ဘူဇွာတို့ သူငယ်ချင်း ၃ ယောက်အတွက် စားစရာများ မှာကြားပေးခဲ့ပြီး သူမကိုယ်တိုင်လည်း ဗန်းအကြီးကြီးဖြင့် အာလူးကြော်များ၊ ဘာဂါချပ်များကို ထည့်ယူလာခဲ့ပြန်သည်။ ဘူဇွာကတော့ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေ၏။

စားပွဲဝိုင်းတွင် လာထိုင်လိုက်သော ကောင်မလေးသည် ဘူဇွာ့ကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။ “What happened to your face?”

ဘူဇွာသည် သူငယ်ချင်းများဘက်သို့ လှည့်ပြလိုက်ရာ…

ဘူဇွာ၏ ညာဘက်မျက်လုံးအိမ်ကြီးသည် လက်သီးဖြင့် အထိုးခံထားရသူတစ်ယောက်လို အညိုအကွင်းများစွဲနေပြီး အနည်းငယ်ရောင်ကိုင်းနေလေသည်။

ဖင်ကောက်က တခွီးခွီးရယ်မောနေပြီးမှ မေးမြန်းလိုက်၏။ “ဘာဖြစ်တာလဲ ယောက်ဖ… မင်းဟာက… ခုနလေးတင် အကောင်းကြီးပါ…ဟီးဟီး…”

ဘူဇွာသည် အလန့်တကြားဖြင့် ရှမ်းပဲပုပ်ထံလှည့်ပြီး မေးလိုက်၏။ “ဟေ့ကောင်… ယောက်ဖ.. ငါ ဘာဖြစ်နေတာလဲ။”

ရှမ်းပဲပုပ်သည်လည်း မအောင့်အီးနိုင်တော့ဘဲ တခွီးခွီးရယ်မောနေကာ ပြန်ဖြေလိုက်၏။ “မင်းကိုယ်မင်း မှန်ထဲ သွားကြည့်ရင် ပိုကောင်းလိမ့်မယ်။”

သန့်စင်ခန်းမှ ထွက်လာသော ဘူဇွာ၏ မျက်နှာကြီးက ရှုံ့တွနေ၏။ ပုတ်သိုးနေ၏။ နှုတ်ခမ်းကြီးကို စူထား၏။ မျက်မှောင်ကြီး ကျုံ့ထား၏။ ကောင်မလေးသည် ပြာပြာသလဲပင် ခွက်တစ်ခုထဲသို့ ရေခဲများ ထည့်ယူလာပြီး ဘူဇွာ့ကို ထိုရေခဲခွက်ဖြင့် ကျပ်ထိုးပေးနေသည်။

ဘူဇွာသည် ဖင်ကောက်တို့ဘက်ကို လှည့်လာပြီး- “ယောက်ဖကြီး ငါတို့တွေ ပြန်ကြရအောင်ကွာ။ ဒီမှာ ဆက်ပြီး မနေချင်တော့ဘူး။”

ဖင်ကောက်က အပြင်းအထန် ကန့်ကွက်လိုက်သည်။ “ဟာ မလုပ်ပါနဲ့ကွ… မင်းကလည်း… ကောင်မလေး သနားပါတယ်။ မင်းကိုလည်း တော်တော်လေး ကြင်နာတာပဲ။ ခဏတော့ နေပေးလိုက်ပါကွာ… ငါတို့ အဖော်လိုက်ပေးဆိုရင် လိုက်ပေးမယ်… ဟုတ်ပြီလား။”

+++++

ထိုနေ့က အပြန်လမ်းတစ်လျှောက် ဘူဇွာသည် တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလာခဲ့၏။ သူငယ်ချင်းများ၏ နောက်ပြောင်မှုများကို သည်းခံပြီး လိုက်ပါလာခဲ့၏။ သူ့အတွက်ကတော့ ကံဆိုးလိုက်လေခြင်းဟုသာ ညည်းတွားရရုံ ကျန်တော့သည်။ သူ့လက်များလည်း ရောင်ကိုင်းခဲ့ပြီးပြီ၊ ယခု ညာဘက်မျက်လုံးကြီးလည်း ညိုမည်းရောင်ကိုင်းနေရပြန်ပြီ။ ချိန်းဆိုထားခဲ့သော ဘလိုင်းဒိတ်မှာလည်း ထင်သလိုမဟုတ်ခဲ့…

ဘူဇွာ ညစ်နေ၏။

ဘူဇွာ ပေါက်ကွဲနေ၏။

သို့သော်…

ဘူဇွာ ဘာမှ မတတ်နိုင်ပါ။

0 Comments: