Burmese Unicode Font
In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
this blog correctly, you will need
one of Burmese Unicode fonts.
There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.
If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.
Labels
Blog Archive
About Me
- Sai Naw
- ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
Followers
Like this on facebook
Shout Box
Welcome to my Blog
Visitors
(၈) လေထဲကဘူနက
ပထမနှစ် ၁၀ တန်းကို ကျခဲ့သောဘူဇွာ စိတ်ညစ်နေ၏။ အောင်စာရင်းထွက်သောနေ့၊ အောင်စာရင်း သွားကြည့်ပြီး အိမ်မပြန်ရဲတော့ချေ။ ထို့ကြောင့် မြို့ပြင်ထွက်ပြီး ထန်းရည်ဆိုင်ထဲတွင် ငူငူငေါင်ငေါင်ဖြင့် တစ်ကိုယ်တည်း ထိုင်သောက်နေမိ၏။
အဖေသည် စကားများသူတစ်ယောက် မဟုတ်သော်လည်း ဘူဇွာ၏ ကျရှုံးမှုကို အပြုံးဖြင့် အားပေးမည့်သူတစ်ယောက်တော့ မဟုတ်ပါ။ အနည်းဆုံးတော့ ဘူဇွာ အဆူခံထိနိုင်လေသည်။
ညနေစောင်းသော် ဘူဇွာအတွက် အိမ်ပြန်ရန် အခါလင့်လာခဲ့လေပြီ။ ထန်းရည်ဖိုးနှင့် ပဲကြီးလှော်ဖိုးကို ကျသင့်သလောက် ရှင်းပေးခဲ့ပြီး သူ့ဆိုက်ကယ်လေးကို ခပ်ဖြည်းဖြည်းမောင်းကာ အိမ်ပြန်လာခဲ့တော့သည်။
ဘူဇွာ အိမ်သို့ရောက်သည်နှင့် အမေက အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်၏။ ဘူဇွာ နည်းနည်း သောက်ထားမှန်းကိုလည်း သိနေသော အမေသည် ဘာမှမပြော… သားဖြစ်သူကို အဝတ်အစားလဲခိုင်းပြီး ထမင်းပင် ခူးခပ်ကျွေးနေလိုက်သေး၏။
အဖေကတော့ အိမ်လည်ခန်းတွင် သတင်းစာ ထိုင်ဖတ်နေသည်။ ထိုသတင်းစာများကို စိတ်ပါလွန်း၍ ဖတ်နေတာမဟုတ်ကြောင်း ဘူဇွာ သိနေ၏။ အငယ်ကောင်ကတော့ သူ့အခန်းထဲ၌ သီချင်းနားထောင်နေပုံရသည်။ သူလည်းပဲ နောက် ၃ နှစ်လောက်ဆိုလျှင် ၁၀ တန်းသို့ ရောက်လာတော့ပေမည်။
ဘူဇွာ ထမင်းစားပြီးသည်နှင့် အိမ်ပေါ်ထပ်ရှိ သူ့အခန်းတွင်းသို့ တက်ရောက်သွားကာ အိပ်ပျော်အောင် ကြိုးစားနေလိုက်တော့သည်။ သူ ဘာမှ မစဉ်းစားချင်တော့ပါ။ ကျရှုံးမည်မှန်း သိထားခဲ့ပြီးသော်လည်း အရှုံးနှင့် တကယ်တမ်း ရင်ဆိုင်လာရသောအခါတွင်မူ တော်တော်လေး ခံစားရခက်ကြောင်း သိလာခဲ့၏။
နောက်တစ်ရက်မနက်တွင် အဖေသည် ဆိုင်သို့ မသွားသေးဘဲ ဘူဇွာ နိုးအလာကို ထိုင်စောင့်နေပုံရသည်။ မေမေဖျော်ပေးသော လက်ဖက်ရည်၊ ကောက်ညင်းပေါင်းနှင့် မတင်ကြည်၏ အကြော်များကို စားသောက်ပြီးနောက် အဖေ့ကို ရင်ဆိုင် စကားပြောရန် ဘူဇွာ ဆုံးဖြတ်ထားသည်။
အိမ်လယ်ခန်းသို့ မဝံ့မရဲ လှမ်းလျှောက်လာသော ဘူဇွာ့ကို အဖေက မျက်မှန်ပင့်ပြီး ကြည့်နေ၏။ ဘာမှတော့ မပြောသေး…
ဘူဇွာ သက်ပြင်းရှိုက်ပြီး အားတင်းကာ ပြောဆိုလိုက်သည်။ သူ့အသံက သူ့ပါးစပ်မှ ထွက်လာတာမှ ဟုတ်ရဲ့လားဟုပင် ကိုယ့်ကိုယ်ကို သံသယ ဝင်သွားခဲ့၏။ “သား… စာမေးပွဲကျတယ် ဖေဖေ…”
အိမ်ရှေ့မှ ဖြတ်သန်းသွားလာနေသော ကားသံ၊ ဆိုင်ကယ်သံများနှင့် လူသံသူသံများကို နားစွင့်နေဟန်ရှိသော အဖေသည် ဘူဇွာ့ကို တစ်ချက်လေးတော့ စောင်းကြည့်လိုက်သေးသည်။ ခဏအကြာတွင်မှ အဖေ့ထံမှ စကားသံ ထွက်ပေါ်လာခဲ့၏။ “အဲဒီတော့ သားက ဘာလုပ်ချင်လို့လဲ။”
သူ့ကို ဆူဆဲတော့မည်ဟု တွေးဆထားသော ဘူဇွာသည် အဖေ့စကားကို ကြားလိုက်ရသောအခါ နည်းနည်းတော့ အံ့ဩသွားခဲ့သည်။ မင်းဘာဆက်လုပ်ရမည်လဲဆိုတာ မင်းကိုယ်တိုင် သိရဲ့လားဟု မမေးမြန်းခဲ့သော်လည်း အဖေ့စကား အသွားအလာက ဤအတိုင်း မေးမြန်းလာခဲ့သည်ဟု ဘူဇွာ ခံစားလိုက်ရသည်။
ဘူဇွာက အားတင်းပြီး ပြောဆိုလိုက်၏။ “သား ပြန်ဖြေမှာပေါ့။”
အဖေက ခဏမျှ သူ့ကို စောင့်ကြည့်နေသေး၏။ ပြီးနောက် - “ဒီမှာပဲ ဆက်ဖြေချင်တာလား… ဒါမှမဟုတ် မင်းကို ရန်ကုန် ပို့ပေးရမှာလား။”
ဘူဇွာက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။ “သား ဒီမှာပဲ ဆက်ဖြေမယ် ဖေဖေ…”
အဖေက ဘာမှ ဆက်မပြောတော့ပါ။ ထရပ်လိုက်ပြီး ခါးကို တစ်ချက်လှည့်လိုက်သည်။ ပြီးနောက် ဘူဇွာ့ကို ကျောပေးထားပြီး ပြောဆိုလိုက်၏။ “အေးလေ… မင်းသဘောပဲ… လိုအပ်တာတွေ မင်းမေမေနဲ့ ဆက်လုပ်ပေါ့… ဖေဖေ ဆိုင် သွားလိုက်ဦးမယ်။ ဒီနှစ်တော့ အောင်, အောင်ဖြေရင် ကောင်းမယ်။ ဖေဖေ မင်းအတွက် စီစဉ်ထားတာတွေ ရှိနေတယ်။ ဟုတ်ပြီလား။”
+++++
အပျော်အပါးများကို ဘူဇွာ လျှော့လာခဲ့သည်။ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်သော အချိန်များကို လျှော့ခဲ့၏။ မန္တလေးတက္ကသိုလ်၏ အဆောင်များမှ အဆောင်သူ မမများကို ဂစ်တာတီးပြီး သွားကြူခဲ့သော အချိန်များကို လျှော့ခဲ့၏။ ကျူရှင် မှန်မှန် တက်၏။ စာမှန်မှန် လုပ်၏။ ဆယ်တန်းလေးမှ မအောင်လျှင် လူရာမဝင်ကြောင်းကို ဘူဇွာ သိထားပါသည်။ ထို့ကြောင့် အားကုန်အင်ကုန် ကြိုးစားခြင်းမဟုတ်သော်လည်း တတ်နိုင်သလောက်လေးတော့ ကြိုးစားခဲ့ပါသည်။ ကျူရှင်တွင် စုပေါင်း ပိုက်ဆံပေးပြီး ငှားထားသော စာကျက်အကူ (ဂိုက်) ထံသို့လည်း ညနေတိုင်း မှန်မှန် သွားဖြစ်သည်။
နောက်တစ်နှစ် ဆယ်တန်းကို ဘူဇွာ ဂုဏ်ထူးနှစ်ခုဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့လေသည်။ အဲဒီတုန်းက အောင်စာရင်းကြည့်ပြီး ပြန်လာသော သူ့မျက်နှာတွင် ပျားရည်လောင်းထားသလို ချိုမြနေကြောင်း သူ့ကိုယ်သူ သိနေခဲ့၏။ အိမ်တွင် မေမေက အုန်းနို့ခေါက်ဆွဲ ချက်ကျွေးခဲ့သည်။ ထူးထူးဆန်းဆန်း ထိုနေ့က အဖေသည် ဆိုင်သို့မသွားခဲ့ပါ။ “ဒီနေ့ ဆိုင်ပိတ်တယ်ကွာ။” ဟူသော စကားတစ်ခွန်းကို တိုတိုတုတ်တုတ်ပင် ပြောဆိုခဲ့သည်။
+++++
နောက်တစ်လတွင် ဘူဇွာတစ်ယောက် သူကျင်လည်ရာ ပတ်ဝန်းကျင်ကို စွန့်ခွာပြီး ရန်ကုန်မြို့ကြီးသို့ ရောက်ရှိလာခဲ့လေသည်။ အဖေ့ဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး၏ ဦးလေးဖြစ်သူ ဖွင့်ထားသော ယောက်ျားလေး အဆောင်တွင်နေထိုင်ခဲ့၏။ ရန်ကုန်ဆိုသည်မှာ သူ့အတွက်တော့ သူစိမ်း ဆန်လှလေသည်။ အသိအကျွမ်းမရှိသော ဘူဇွာသည် ရန်ကုန်မြို့ကြီး၏ လှည့်စားမှုအောက်တွင် ခဏခဏ မျက်စိလည်ခဲ့ရသေးသည်။
တစ်လခန့်အကြာတွင်တော့ ဘူဇွာတစ်ယောက် ရန်ကုန် ဘတ်စ်ကားများကို ကျွမ်းကျင်စွာ စီးတတ်လာခဲ့သည်။ ဘယ်လိုင်းကို စီးလျှင် ဘယ်ရောက်မည်ဆိုသည်ကို မမေးမြန်းဘဲ သိလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘူဇွာသည် အားသည့်အချိန်များတွင် ဘတ်စ်ကားများကို ပိုက်ဆံအကုန်ခံ၊ အချိန်ကုန်ခံကာ ပတ်သတ်စီးနေသောကြောင့်ပင်ဖြစ်၏။ သူ၏ ခင်မင်နှစ်လိုဖွယ်ကောင်းသော မျက်နှာပေးကြောင့် စပယ်ယာများကလည်း ဘာမှမပြောကြ… ဂိတ်စဂိတ်ဆုံး လိုက်စီးတတ်သောသူ့ကို လမ်းများအကြောင်းကိုပင် ကြုံလျှင်ကြုံသလို ရှင်းပြပေးတတ်ကြသေးသည်။
ဘူဇွာသည် အမေရိကန်စင်တာရှိ အင်္ဂလိပ်စာ သင်တန်းတွင် အဖေ၏ စီစဉ်ပေးမှုဖြင့် တက်ရောက်ခဲ့၏။ ထိုမှတဆင့် TOEFL စာမေးပွဲကို ဖြေဆိုရန် လေ့ကျင့်ခဲ့သည်။ သူ ဆယ်တန်းအောင်ပါက အဖေက သူ့ကို လိုချင်သည့်အရာများ ဝယ်ပေးလိမ့်မည်ဟု ထင်မှတ်ထားသော ဘူဇွာ… အထင်နှင့်အမြင် တက်တက်စင်အောင် လွဲခဲ့လေသည်။ သူလိုချင်သည်က YAMAHA Steed ဆိုသော ယောက်ျားစီး ဂေါ်လီဆိုင်ကယ်ကြီးဖြစ်သော်လည်း အနံ့ပင် မရှုလိုက်ရ… ရန်ကုန်သို့ ရောက်လာခဲ့ရ၏။
သို့သော် ဘူဇွာ စိတ်မပျက်ပါ။ ရောက်လေရာအရပ်တွင် ပျော်အောင်နေတတ်သော သူ့အထာကြောင့် ဘာအခက်အခဲမှ မရှိခဲ့။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ရမည်ဟု အဖေက ဆုံးမခဲ့သည် မဟုတ်ပါလား။
အမေရိကန်စင်တာတွင် ဘူဇွာ သိကျွမ်းလာရသော တစ်ဦးတည်းသော မိတ်ဆွေတစ်ယောက် ရှိသည်။ သူသည်လည်း မန္တလေးသားတစ်ယောက်ဖြစ်ပြီး အရပ်ကြီးက ဂလန်ဂလား မြင့်မားလှသည်။ ဘူဇွာသည် အမေ့ဘက်က တရုတ်စကားပြောသောကြောင့်၊ သူကိုယ်တိုင်လည်း တရုတ်ကျောင်းကို ၄ တန်းလောက်အထိ တက်ခဲ့ဖူးသူတစ်ယောက်ဖြစ်ခဲ့ခြင်းကြောင့် တရုတ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်သည်။ ဗျိုင်းကြီးနှင့် ပို၍ခင်မင်ရသည်မှာ ဗျိုင်းကြီးသည်လည်း မန္တလေးပေါက် တရုတ်စကားပြောသူတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။ သူကတော့ ဘူဇွာ့အရင် တက်ခဲ့သူဖြစ်ပြီး TOEFL ကိုပင် ပထမအကြိမ် ဖြေဆိုခဲ့ပြီးဖြစ်၏။ သူ့ကိုတော့ ဘူဇွာက ချစ်စနိုးဖြင့် ကိုဗျိုင်းဟု ခေါ်ဆိုခဲ့သည်။ ကိုဗျိုင်းသည် သူ့အဖေငှားထားပေးသည့် တိုက်ခန်းတွင် သူငယ်ချင်းများဖြင့် စုနေသူတစ်ယောက်ဖြစ်၏။ အဝတ်လျှော်ရမှာ အလွန် အပျင်းကြီးသူတစ်ယောက်ဖြစ်ပြီး အဝတ်လျှော်သည့် မိန်းမများကို ငှားထားကာ အမြဲတမ်းလိုလို ပြဿနာတက်နေသူတစ်ယောက်လည်းဖြစ်သည်။
၈ လခန့်အကြာတွင် ကိုဗျိုင်းက ဘူဇွာ့ကို နှုတ်ဆက်ခဲ့သည်။ သူ ဒုတိယအကြိမ် ဖြေဆိုထားသော TOEFL အမှတ်များ ကောင်း၍ အမေရိကန်နိုင်ငံရှိ ကျောင်းတစ်ကျောင်းကို လျှောက်ထားရာ ကျောင်းက လက်ခံခဲ့ပြီဖြစ်ကြောင်း… သံရုံးမှာ ဗီဇာဝင်ရာတွင်လည်း အဆင်ပြေကြောင်း… နောက်အပတ်ထဲတွင် နယူးယောက်မြို့သို့ သွားရောက်တော့မည်ဖြစ်ကြောင်း… ဘူဇွာ့အနေနှင့် ဘာမှ အားငယ်စရာမလိုကြောင်း… သူလုပ်ခဲ့သလိုမျိုး ကြိုးစားလုပ်ကိုင်ခဲ့ပါက သူနှင့် ဟိုမှာ တွေ့ကြမည်ဖြစ်ကြောင်း…
ထိုနေ့ညနေက သူတို့၏ နှုတ်ဆက်ဝိုင်းလေးကို စားသောက်ဆိုင်တစ်ခုတွင် ကျင်းပဖြစ်ခဲ့၏။ ထိုနေ့မှစ၍ ဘူဇွာ့အတွက် အစ်ကိုတစ်ယောက်လို အားကိုးအားထားပြုရသည့်လူတစ်ယောက် မျက်စိအောက်မှ ပျောက်သွားခဲ့လေသည်။
+++++
နောက်ထပ် ၈ လခန့်အကြာတွင်လည်း ဘူဇွာတစ်ယောက် မိဘများနှင့် ဆွေမျိုးမိတ်ဆွေများကို လေဆိပ်တွင် နှုတ်ဆက်နေချေပြီ။ သူသည်လည်း အမေရိကန်နိုင်ငံသို့ သွားရောက် ပညာသင်ကြားတော့မည်ဖြစ်သည်။ ညီဖြစ်သူ အငယ်ကောင်ကိုလည်း ဘူဇွာက ဆုံးမနေခဲ့သေး၏။ စာကြိုးစားဖို့၊ သူ ဟိုမှာ အဆင်ပြေသည်နှင့် ခေါ်ယူမည်ဖြစ်ကြောင်းများကို အာပေါင်အာရင်းသန်သန်ဖြင့် ဆုံးမစကားများ ပြောဆိုခဲ့သေးသည်။ အဖေ့မျက်နှာတွင် တွေ့ရခဲသော ကျေနပ်နှစ်သိမ့်နေသည့် အပြုံးများ ဝေဆာနေသည်ကို ဘူဇွာ တွေ့ခဲ့ရလေသည်။ လေဆိပ်မှ ထွက်ခွာသွားသည့် သူ့ကို မေမေက မျက်ရည်အစမ်းသားဖြင့် နမ်းရှုတ်နှုတ်ဆက်ခဲ့သေး၏။
ဘူဇွာသည် ယိုးဒယားရှိ အစ်မကြီးဖြစ်သူထံတွင် တစ်ပတ်ခန့် နေဦးမည်ဖြစ်သည်။ ထိုမှတဆင့် နယူးယောက်ကို တိုက်ရိုက်ပျံသန်းမည့် လေယာဉ်ဖြင့် လိုက်ပါရန် စီစဉ်ခဲ့ပြီးပြီဖြစ်သည်။
ရန်ကုန်-ဘန်ကောက် လေယာဉ်ခရီးစဉ်က ပစ္စည်းများ အများကြီး မသယ်သွားနိုင်သောကြောင့် အစားအသောက်များ၊ အကြော်အလှော် အခြောက်အခြမ်းများကိုသာ သယ်ယူသွားခဲ့သည်။ အဝတ်အစားဆို၍ တစ်စုံနှစ်စုံသာ သယ်ယူနိုင်ခဲ့၏။ ဘာမှတော့မဖြစ်… ဘန်ကောက်ရောက်လျှင် အစ်မကြီးက အားလုံးအဆင်ပြေအောင် စီစဉ်ပေးပေလိမ့်မည်။
ဘန်ကောက်သို့ ရောက်သည်နှင့် ဘူဇွာ ကြီးပြင်းရှင်သန်လာခဲ့သော ပတ်ဝန်းကျင်များနှင့် လုံး၀ ကွဲပြားခြားနားသွားခဲ့မှန်း သိလာခဲ့ရသည်။ လေဆိပ်ကြီးကလည်း ကြီးမားလွန်းလှသည်။ အထဲသို့ရောက်သည်နှင့် ဘယ်သွားရမည်မှန်းပင် မသိနိုင်လောက်အောင် ရှည်လျားလှ၏။ အရေးထဲ မြန်မာ ပတ်စ်ပို့ ကိုင်ဆောင်ထားသောသူ့ကို လူဝင်မှုကြီးကြပ်ရေးက ရစ်နေသေးသည်။ ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်ခြင်းဖြစ်ကြောင်း… ဗီဇာကို ထုတ်ပြပြီး ပြောသော်လည်း သိပ်ယုံကြည်ချင်ပုံမရ… အမေရိကန်သွားမည့် ဗီဇာထုပ်ကြီးကို ဖွင့်ပြလိုက်တော့မှပင် လျှောလျှောရှူရှူ ပေးသွားတော့သည်။
အစ်မကြီးက သူ့အတွက် အားလုံးပြင်ဆင်ပေးခဲ့သည်။ ဘူဇွာ သွားတက်ရမည့်ကျောင်း၏ မြေပုံ၊ မြို့… လေဆိပ်မှ ထိုမြို့သို့ မည်သို့ သွားရပုံ မြေပုံလမ်းညွှန်… အဝတ်အစားသစ်များနှင့် အခြား စားသောက်ဖွယ်ရာများ… စသည်ဖြင့် လိုလေသေးမရှိအောင် ပြင်ဆင်ပေးခဲ့သည်။
ရန်ကုန်ကတည်းက နယူးယောက်ကို သွားမည့်လေယာဉ်ကို ကြိုတင်လက်မှတ် ဝယ်ယူထားခဲ့သော ဘူဇွာ… လေယာဉ်ပျံ ထွက်ခွာနီးချိန်ကျမှ ငွေညှစ်ခံရသေး၏။ သူ ဝယ်ယူထားသော Class မှာ Q ဖြစ်နေပြီး ထိုခုံသည် ဘန်ကောက်မှ နယူးယောက်ကို မရှိတော့ကြောင်း… တခြား Class ကို ဒေါ်လာ ၁၅၀ အလိုက်ပေးလျှင် ရနိုင်မည်ဖြစ်ကြောင်း လေယာဉ်လိုင်းမှ ဝန်ထမ်းမလေးက အင်္ဂလိပ်စကား မပီ့တပီဖြင့် ရှင်းပြနေသည်။ မတတ်နိုင်တော့… Class ကို upgrade လုပ်ရတော့မည်။ ထို့ကြောင့် ဒေါ်လာ ၁၅၀ ပေးခဲ့ပြီး Class Q မှ Class B ကို Upgrade လုပ်လိုက်ရသည်။ ထူးဆန်းစွာပင်… ထိုင်ခုံနေရာသည် ဤထိုင်ခုံပင်ဖြစ်နေလေသည်။ Class သာပြောင်းသွားသည်၊ ထိုင်ခုံကတော့ မပြောင်းခဲ့ချေ။ ဘူဇွာ လွန်စွာမှပင် စိတ်တိုသွားခဲ့၏။ ဒါ သက်သက်မဲ့ ငွေညှစ်တာပဲ…
ခဏနေတော့ လေဆိပ်တွင်းမှ လေယာဉ်ပျံခရီးစဉ် ကြေငြာသော မိန်းမသံတစ်သံ ထွက်ပေါ်လာသည်။ NY JFK Via Frankfurt မှတဆင့် ပျံသန်းမည့် TG Flight No. TG928 မကြာခင်အချိန်လေးတွင် ထွက်တော့မည်ဖြစ်ကြောင်း… ခရီးသည်များ Security Check point တွင် ဖြတ်သန်းပြီး လေယာဉ်ထွက်မည့် Terminal B, ဂိတ်နံပါတ် (၃) ကို လာရောက်ကြရန် အကြောင်းကြားနေခြင်းဖြစ်၏။
အစ်မဖြစ်သူကို ဘူဇွာ နှုတ်ဆက်လိုက်သည်။ ယောက်ဖကိုလည်း ဖက်ပြီး နှုတ်ဆက်ခဲ့၏။ ဘူဇွာ တစ်ခါမှ မရောက်ဖူးသေးသော၊ အသိအကျွမ်းများ တစ်ယောက်မှ မရှိသော နိုင်ငံကြီးသို့ ထွက်ခွာတော့ပေမည်။ ဘူဇွာ၏ ရင်ထဲတွင် ဟာတာတာကြီးဖြစ်နေ၏။
မဟာဇနကမင်းသားသည်ပင် သမုဒ္ဒရာကြီးကို တစ်ယောက်တည်း အရဲစွန့်ပြီး လက်ပစ်ကူးခဲ့သေးတာပဲ… ငါက လေထဲကနေ သမုဒ္ဒရာကြီးကို ဖြတ်သန်းသွားတော့မှာဟု ကိုယ့်ကိုယ်ကို အားပေးလိုက်၏။ တဆက်တည်းပင် ဆက်တွေးနေမိသည်မှာ လေထဲတွင် မေခလာနတ်သမီးတော့ ရှိနိုင်မည်မထင်… ယိုးဒယား လေယာဉ်မယ် နတ်မိမယ်လေးတွေတော့ တွေ့နေရ၏။
ဘူဇွာ ပြုံးနေလေသည်။
Labels:
ဘူဇွာတစ်ယောက်၏ပန်းသီးရင်ခုန်သံ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment
မှတ်ချက်ကလေးများချန်ထားရန်