Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၇) အတိတ်ကပုံရိပ်များ


ကာလသားနှစ်ယောက်တည်း Share လုပ်ပြီးနေသော တိုက်ခန်းဆိုသော်လည်း တော်တော်လေး သပ်သပ်ရပ်ရပ် ရှိနေ၏။ ရောက်လာသူများဆို၍ သူ တစ်ယောက်တည်းသာ ရှိသေးကြောင်း ရှမ်းပဲပုပ် သတိထားမိလိုက်သည်။ ချိန်းထားတာလည်း နေ့လည်စာ စားချိန်ဆိုတော့ သိပ်ပြီး မစောပါဘူးဟု ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။

တိုက်ခန်းတွင်းသို့ ဝင်ဝင်သွားချင်းပင် ဘဲကြီးကို မီးဖိုချောင်ထဲ၌ တွေ့လိုက်ရ၏။ စားဖိုမှူးခေါင်းစွပ်ကြီး စွပ်ထားပြီး ရင်ဘတ်မှ ပေါင်လည်လောက်ရှိ Apron ကြီးတစ်ခုကိုလည်း လည်ပင်းမှစ၍ သိုင်းချည်ထားသေးသည်။

“ဟား ယောက်ဖကြီး… ရောက်လာပြီလား…” ဘဲကြီးက သူ့ကို တွေ့တွေ့ချင်းပင် ဝမ်းသာအားရ အာလုတ်သံကြီးဖြင့် နှုတ်ဆက်လိုက်သည်။

“ဟိုကောင်… ဖင်ကောက်ရော…” ပါလာသည့် သောက်စရာ ပုလင်းကို မီးဖိုချောင်ထဲရှိ စားပွဲပေါ် တင်ထားလိုက်ပြီး ရှမ်းပဲပုပ် ပြန်နှုတ်ဆက်လိုက်သည်။

“ရှိတယ်… ဗုံးကျဲနေတယ်နဲ့ တူတယ်။” ဘဲကြီးက ပြန်ဖြေလိုက်သည်။ ဘဲကြီးက ဆက်လက်မေးမြန်းလိုက်ပြန်သည်။ “ဟာ… ဒါကြီးက ဘာပုလင်းကြီးလဲ။”

ရှမ်းပဲပုပ် ယူလာသော ပုလင်းကြီးမှာ ကြီးမားလှသည်။ ၁.၇၅ လီတာဝင် ဂျက်ဒယ်နီယယ်လ် ပုလင်းကြီးဖြစ်၏။ ကြောက်စရာ ကောင်းနေသော ပုလင်းကြီးကို ဘဲကြီး မျက်လုံးပြူးပြီး ဖင်ပြန်ခေါင်းပြန် လှန်ကြည့်နေ၏။

“ဒီနေ့တော့ နည်းနည်း ကဲမလားလို့ပါ။ ဟိုကောင်တွေကော လာမှာဆိုတော့ မလောက်မှာ ကြောက်လို့… အဟီး…” ရှမ်းပဲပုပ်က သွားဖြီးလေးဖြင့် ပြန်ဖြေလိုက်သည်။

“မင်းက ပါမစ်ရလို့လား။” ဘဲကြီးက ပြုံးဖြီးဖြီးဖြင့် ပြန်မေးလိုက်သည်။ ဘဲကြီးဆိုလိုသည်ကို ရှမ်းပဲပုပ် သဘောပေါက်လိုက်ပါသည်။ ချစ်ချစ်က သူ့ကို အရက်ပေးသောက်လို့လားဟု သွယ်ဝိုက်ပြီး မေးမြန်းလိုက်ခြင်းဖြစ်၏။

“ဟာဗျာ… ဒီအသက်အရွယ်ကြီး ရောက်နေမှတော့ ဘယ်သူ့ဆီက ပါမစ်လိုဦးမှာလဲ… မနောက်နဲ့လေဗျာ။” ရှမ်းပဲပုပ် အကြောက်အကန်ပင် ငြင်းဆိုလိုက်သည်။

သူကပင်ဆက်၍-
“ဟိုကောင်တွေ မရောက်ကြသေးဘူးလား။”

“အေး.. ငါ ခုနလေးက ဖုန်းဆက်ကြည့်တော့ ဗျိုင်းကြီးက မလာတော့ဘူးတဲ့။ သွားစရာလေးတစ်ခုရှိနေလို့ဆိုလား ဘာလားမသိဘူး။ သူမလာတော့ ကျားကျားလည်း မလာတော့ဘူး။”

ဗျိုင်းကြီးနှင့် ကျားကျားသည် ညီအစ်ကို နှစ်ယောက်ဖြစ်၏။ သူတို့ထံတွင် ညီမတစ်ယောက်လည်း ရှိသေး၏။ အားလုံးက စာဥ ဟု ချစ်စနိုးဖြင့် ဝိုင်းဝန်းခေါ်ဆိုကြသည်။ ဗျိုင်းကြီးဟု နာမည်တွင်ရခြင်းသည် အရပ်ရှည်လွန်းသောကြောင့်ဖြစ်သည်။ ဘူဇွာ့ထက်ပင် မြင့်သေး၏။ သူတို့အုပ်စုထဲတွင် အရပ်အမြင့်ဆုံးဟု ပြော၍ရသည်။ ကျားကျား၏နာမည်ကတော့ ခန္ဓာကိုယ်နှင့် ဘာမှ မဆိုင်။ အိမ်နာမည်ရင်းဖြစ်သည်။

“ဒီဘဲကြီးလည်း ဆင်ကြံကြံနေတာတော့သေချာတယ်။ ဘာကားတွေ ရိုက်နေလဲမသိဘူး။ ဟိုတစ်ရက်တုန်းက ကျနော့် အသိတစ်ယောက်က သူ့ကို ဂျာစီမြို့ထဲမှာ တွေ့ခဲ့တယ်လို့ ပြောတာပဲ။ ဘေးမှာလည်း မဒီလေးတစ်ယောက်နဲ့တဲ့။” ရှမ်းပဲပုပ် သတင်းကို ဖွလိုက်သည်။

ဘဲကြီး အံ့အားသင့်သွားသည်။ သည်သတင်းကို သူ မသိရှိသေး။ “Really!”

သို့နှင့် ရှမ်းပဲပုပ် ဆက်၍ စပ်စုလိုက်ပြန်သည်။ “ဒါနဲ့… ဘူဇွာရော… မလာသေးဘူးလား။”

ဘဲကြီးကိုကြည့်ရသည်မှာ တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ မဖြေချင့်ဖြေချင်ဖြင့် ပြန်ဖြေလိုက်၏။ “ခုနလေးက ဖင်ကောက်ဆီကို ဒီကောင်ဖုန်းဆက်လာလားမသိပါဘူး။ မလာတော့ဘူးလို့ ပြောတာပဲ။ ငါတို့နှစ်ယောက်ကတော့ ချက်ထားပြုတ်ထားလိုက်ရတာကွာ…” ဘဲကြီးက မီးဖိုချောင်ထဲတွင် ဆေးလိပ်သောက်နေရင်း ပြတင်းပေါက်မှ မီးခိုးငွေ့များကို မှုတ်ထုတ်ကာ ပြောနေရှာ၏။

ရှမ်းပဲပုပ် တော်တော်လေး စိတ်တိုသွားခဲ့သည်။ သေသေချာချာ ချိန်းထားပါလျှက် ဤလူများ ရောက်မလာဘူးဆိုလျှင် မည်သူမှ စိတ်ကောင်းနိုင်မည်မဟုတ်။ သူကိုယ်တိုင်လည်း စိတ်တိုနေ၏။ သူတို့ သူငယ်ချင်းများ မဆုံဖြစ်ခဲ့ကြသည်မှာ နှစ်ပေါက်၍ပင်နေပြီ။ တစ်မြို့တည်းမှာနေနေသည်ဟု ပြော၍ရသော်လည်း လူနေမှုပုံစံအရ၊ လုပ်ငန်းခွင် သဘာဝအရ… အသီးသီး အလုပ်ရှုပ်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် ဖုန်းကိုပင် တော်ရုံဆက်ခဲသည်မဟုတ်ပါလား။

မြန်မာပြည်ကို လွမ်းလိုက်သည့်ဖြစ်ခြင်း…

လက်ဖက်ရည်ဆိုင်လေးထိုင်လိုက်… ယခုဆိုလျှင် ဘီယာဆိုင်လေးထိုင်လိုက်၊ ပြီးနောက် တစ်ယောက်နှင့် တစ်ယောက် လေဖောင်လိုက်ဖြင့် ထို ဘဝများကို တမ်းတမိ၏။ အချိန်ဆိုသည့်အရာများ ပိုလွန်းနေသော ထိုဘဝများကို ပြန်လည် ရယူချင်လာမိသည်။

မြန်မာပြည်မှ သူငယ်ချင်းများကတော့ သူတို့အတွက် ဝမ်းသာပေးနေကြသည်။ ဒီကောင်ကြီးတွေ နိုင်ငံခြားရောက်ပြီး ကောင်းစားနေကြပြီဟု…

ဤနိုင်ငံတွင် မည်သို့ ရုန်းကန်လှုပ်ရှားနေရကြောင်းကို ကိုယ့်ဝမ်းနာကိုယ်သာသိသော သူတို့အဖို့ မည်သို့ ပြန်ရှင်းပြရပါမည်နည်း။ တစ်ပတ်မှာ ၅ ရက်သည် မနက်တိုင်း နှိုးစက်ကို ၇ နာရီတိတိ ပေးထားပြီးမှ စက်ရုပ်တစ်ရုပ်လို ထလာရသည်။ ရာသီဥတု ဘယ်လောက်ပင်အေးအေး… ရေချိုးရသေး၏။

မနက်စာကို လက်ဖက်ရည်ဆိုင်တွင် ဇိမ်ကျကျ သွားစားသောက်ဖို့ လက်ဖက်ရည်ဆိုင်မရှိ။ မြန်မာပါးစပ်ဖြစ်နေ၍ ကြိုက်နှစ်သက်တတ်သော မုန့်ဟင်းခါးတို့၊ မုန့်တီသုပ်တို့ဆိုသည်မှာ ဝေလာဝေး… အားလပ်ရက်များမှာပင် ချက်မစားနိုင်ကြ။ တကူးတကဖြစ်သော အစီအစဉ်ရှိသည့်နေ့များမှသာ ချက်ပြုတ်စားသောက်ကြရသည်။

မြန်မြန်စားသောက်နိုင်သော ကွေကာခြောက်များ (cereal) ဖြင့် နို့အေးအေးတစ်ခွက်ကို ရောကြိတ်ဖြစ်သည်ကများသည်။ တစ်ခါတစ်ခါ ပေါင်မုန့်မီးကင်ဖို့ကိုပင် အချိန်လုနေရသေး၏။ အလုပ်သွားချိန်တွင် ကော်ဖီကို ဖျော်ယူသွားနိုင်သည်က ခပ်ရှားရှားရယ်။ လမ်းတွင်တွေ့သော ကော်ဖီတွန်းလှည်းများမှ ခပ်ညံ့ညံ့ ကော်ဖီများကို ဝယ်သောက်ဖြစ်သည်ကများသည်။ လက်ဖက်ရည် ကောင်းကောင်းဆိုသည်က အိပ်မက်ထဲမှာပင် ရနိုင်သည်။

ဤသည်မှာ သူတို့ဘဝများ၏ နံနက်ခင်းလေးများသာ ဖြစ်သည်။ ကျန်သည့် တစ်နေကုန်သည် အလုပ်ထဲတွင် ခေါင်းမဖော်နိုင်အောင် လုပ်နေကြရပြီး အိမ်ပြန်ရောက်လာသော အချိန်တွင်မူ လူက ဒေါင်းချင်နေပေပြီ။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များဆိုလျှင် တစ်ပတ်လုံး ဝတ်ထားခဲ့သော အဝတ်အစားများကို ပြေးလွှားလျှော်ဖွတ်ရသေးသည်။ ဈေးထွက်ဝယ်ရသေး၏။

ဤပုံစံ ယန္တရားကြီးထဲတွင် သူတို့သည် သံပတ်ပေး စက်ရုပ်ငယ်လေးများသာ ဖြစ်ကြသည်။ ဘယ်မှာလဲ ပျော်စရာ… ဘယ်မှာလဲ ဖွန်ကြောင်စရာ… ဘယ်မှာလဲ သူငယ်ချင်းများနှင့် ဟေးလားဝါးလား…

တစ်ခါတစ်ခါ မြန်မာဗွီဒီယို ဇာတ်ကားများကိုကြည့်ပြီး သွားရည်ယိုနေမိကြသေးသည်။ ဗွီဒီယိုထဲမှာ ကြည့်ရသော မြန်မာပြည်၏ တက္ကသိုလ်ကျောင်းသားများ အချိန်တွေ ပိုလွန်းလှသည်။ သူငယ်ချင်းများနှင့် တစ်ချိန်လုံး ဟေးလားဝါးလား လုပ်နိုင်ကြသည်။ ဖွန် အလွန်ကြောင်နိုင်သည်။ အားအားရှိ ဖွန်ကိစ္စကိုပဲ လုံးပန်းနေကြ၏။ စာသင်ချိန်လေးကလည်း တိုတောင်းလွန်းလှသည်။

ထိုဇာတ်ကားများကို အပျင်းပြေကြည့်ပြီး ရယ်မောမိသေးတော့၏။ ခင်ဗျားတို့ဘ၀တွေကို အားကျလိုက်တာဗျာ ဟုပင် ဟစ်အော်လိုက်ချင်သည်။

ဤနိုင်ငံရှိ သူတို့၏ ကျောင်းသားဘဝများကို ရှင်းပြရမည်ဆိုလျှင် တစ်ရက်နှင့်လည်းမပြီးနိုင်၊ တစ်ပတ်နှင့်လည်း ပြီးဆုံးအောင် ရှင်းပြနိုင်မည်မဟုတ်။ ကျောင်းတစ်ဘက်၊ အလုပ်တစ်ဘက် ဖြတ်သန်းလာခဲ့ရသော သူတို့၏ ကျောင်းသားဘဝများတွင် ပျော်စရာဆိုတာ ဘာလဲဟု မေးမြန်းယူရလောက်သည်ထိပင် ပျော်စရာဆိုသော အဓိပ္ပါယ်ကို နားမလည်နိုင်ခဲ့ကြပါ။

ကျောင်းပြီးပြန်တော့ရော…

စက်ရုပ်ဘဝများထဲသို့ပင် ပြန်ရောက်သွားကြရသည် မဟုတ်ပါလား။

သူ့ခံစားချက်များကို ညည်းညူပြမိသောအခါ ဘဲကြီးက ချိန်ချိန်ဆဆဖြင့် လူကြီးဆန်ဆန် ပြောပြခဲ့ဖူးသည်။ “ဒီလိုချည့်ပဲ အဆိုးတွေလို့ မြင်လို့မရဘူးကွ။ ဒါဟာ ဘဝတစ်ခုပဲ။ ငါတို့ လုပ်နေတာတွေက အဓိပ္ပါယ်ရှိပါတယ်။ ကိုယ့်ဝမ်းကိုယ်ကျောင်းနေတာလည်း သမာအာဇီ၀ နည်းလမ်းနဲ့ပဲ မဟုတ်လား။ မင်းကိုယ်မင်း မြန်မာပြည်မှာ ရှိနေသေးမယ်ဆိုရင် ဒီဘဝအခြေအနေကို ရောက်လာနိုင်ပါ့မလား။ ငါ ပြောတာ ငွေကြေးချမ်းသာမှုကို မဆိုလိုဘူး။ မင်းရဲ့ အသိပညာတွေ၊ တွေးခေါ်စဉ်းစားမှုတွေ ဒီလိုမျိုး တိုးတက်လာနိုင်ပါ့မလား။ မင်း ကျောင်းပြီးသွားပြီး အလုပ်လုပ်နေတယ်ဆိုတာကလည်း ဘဝပဲ။ ကျောင်းမှာ သင်ကြားပေးလိုက်တဲ့ ပညာတွေကို လုပ်ငန်းခွင်မှာ တကယ်တမ်း အသုံးချလို့ ရလားဆိုတော့ ၁၀၀ ရာခိုင်နှုန်း မရပါဘူးကွ။ ကျောင်းကနေ မင်းတကယ်တမ်း ရရှိလာတာတွေက ငါ ပြောတဲ့ အသိပညာတွေပါ။ စဉ်းစားဆုံးဖြတ်နိုင်မှုတွေပါ။ ပွင့်လင်းတဲ့ အတွေးအခေါ်ကောင်းတွေပါ… ဝမ်းမနည်းပါနဲ့ကွာ။”

ဘဲကြီးသည် သူတို့ထဲတွင် ဒုတိယအသက်အကြီးဆုံး ဖြစ်သလို အတွေးအခေါ်သမားကြီးလည်းဖြစ်၏။ သူ၏ ဘဝအမြင်များက သာမန်လူများ အတွက် ရိုးရှင်းလွန်းလှမည်ဖြစ်သော်လည်း တကယ့် အနှစ်သာရများကို မူးလာသည့်အချိန်များတွင် တစ်ခါတစ်ခါ ပြောပြတတ်သည်။ သူ့ကို ဘဲကြီးဟု ခေါ်ဆိုမည့်အစား ပလေတိုးဟု ခေါ်ဆိုကြရင် ကောင်းမလားဟု ရှမ်းပဲပုပ်နှင့် ဖင်ကောက်တို့ တိုင်ပင်ခဲ့ကြဖူးသည်။

ဘဲကြီး၏အတွေးအခေါ်များကို မှတ်ချက်ပေးရမည်ဆိုလျှင် ဖြစ်တည်မှုဝါဒီတစ်ယောက်လည်း မဟုတ်၊ သိပ္ပံသမားလည်း မဟုတ်၊ ဘာသာရေးသမားလည်း မဟုတ်၊ နိုင်ငံရေးသမားလည်းမဟုတ်၊ လူအများက နည်းနည်းကြောင်နေသည်ဟု ထင်ရသူ အတွေးအခေါ်သမားလည်း မဟုတ်ပြန်။ ဘဲကြီးသည် လွတ်လပ်မှုနယ်ပယ်ထဲတွင် ရှိနေသည်ဟု အကြမ်းဖျင်း ကောက်ချက်ချနိုင်၏။

အစ္စလာမ်ဘာသာဝင်တို့၏ အစ်နေ့များတွင်လည်း သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင် ဝင်ပါလိုက်၏။ ဟိန္ဒူ ဒေဝါလီပွဲတွင်လည်း မုန့်လုံးအချိုများကို ပါးလုတ်ပါးလောင်း သွားစားခဲ့၏။ ခရစ္စမတ်နေ့နှင့် နယူးရီးယားညများတွင်လည်း မူးကွဲအောင် သောက်တတ်ပြန်သည်။ ဗုဒ္ဓဘာသာ နေ့ထူးနေ့မြတ်များတွင် ပြုလုပ်တတ်သော အလှူမင်္ဂလာပွဲများ၊ အခြား ဘာသာရေးပွဲများတွင်လည်း မြန်မာဘုန်းကြီးကျောင်းတွင် ရောက်နေပြန်သေးသည်။ သူ့မိတ်ဆွေ ဂျူးလူမျိုးများ၏ ရို့ရှ်ဟရှားနား၊ ယောင်မ်ကပူးပွဲများ၏ ညနေခင်းစားပွဲတွင်လည်း မိတ်ဆွေဂျူးများနှင့် လက်စုံ စားသောက်ခဲ့ဖူးပြန်၏။

သူတို့ သူငယ်ချင်းများက ဘဲကြီးကို ဝိုင်းပြောကြသည်။ “ဘဲကြီး… ခင်ဗျားကိုယ်ခင်ဗျား ဘာဘာသာကို ကိုးကွယ်တာလဲဆိုတာရော သိသေးရဲ့လား…” ဟု မေးမြန်းခဲ့သောအခါ ဘဲကြီးက တိုတိုတုတ်တုတ်ပင် ပြန်ဖြေဆိုခဲ့သည်။

“ငါ့ ကိုယ်ငါ လူတစ်ယောက်ဆိုတာကလွဲပြီး ကျန်တာတွေ သိပ်စိတ်မဝင်စားဘူးကွ…”

သူ အရက်မူးသည့်အခါများတွင် ဘဲကြီးနှင့် စကားပြောဖူးသူတိုင်း ဘဲကြီးထံတွင် လေ့လာစရာများ မကုန်နိုင်လောက်အောင် ရှိနေသေးသည်ကို သိသွားခဲ့ကြပြန်၏။ ထို့ကြောင့် ဘဲကြီးကို ဘယ်သူမှ မပြစ်မမြင်ကြတော့ပါ။

+++++

ရှမ်းပဲပုပ် အတွေးများ လွင့်နေရာမှ ဘဲကြီးကို ရုတ်တရက် လှမ်းပြောလိုက်သည်။ “ဒီကောင့်ကို ဖုန်းခေါ်မယ်ဗျာ။ မလာရင် သေခန်းဖြတ်မယ်။”

ဘဲကြီးက လေသံအေးအေးဖြင့်ပင် နှစ်သိမ့်ပြောလေး ပြောဆိုလိုက်၏။ “သွားမစားပါနဲ့တော့ကွာ။ အချိန်တန်ရင် ရောက်လာမှာပါ။ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိနေလို့ နေမှာပေါ့။”

+++++

ထိုအချိန်တွင် မီးဖိုခန်းတွင်းသို့ ဖင်ကောက် ဝင်ရောက်လာခဲ့၏။ သူတို့၏ သူငယ်ချင်းများသည် နာမည်ရင်းများ ခေါ်ဆိုကြခြင်းမရှိကြ။ ဤနာမည်များဖြင့်သာ ခေါ်ဆိုရခြင်းကို ပို၍ သဘောတွေ့ကြလေသည်။

“ဟေ့ကောင်ကြီး… ဘယ်တုန်းက ရောက်နေတာလဲ။” ဖင်ကောက်က ရှမ်းပဲပုပ် ယူလာသော ပုလင်းကြီးကို ကိုင်ဆကြည့်နေရင်း မေးမြန်းလိုက်သည်။

“မင်း ဗုံးကျဲနေတုန်းကပဲ…”

ဘဲကြီးသည် ဆောင်းထားသော စားဖိုမှူးဦးထုပ်ကြီးကို ချွတ်လိုက်၏။ ပြီးနောက် ဝတ်ထားသော အေပရွန်ကြီးကိုလည်း မီးဖိုချောင်တစ်နေရာတွင် ချိတ်ထားလိုက်သည်။ ဘဲကြီးနောက်သို့ လှည့်သွားစဉ်တွင် သူ၏ နောက်စေ့အပေါ်ပိုင်းနေရာများနှင့် ငယ်ထိပ်နေရာများတွင် ဆံပင်များ ကျိုးတို့ကျဲတဲသာ ကျန်ရှိနေတော့ကြောင်း ရှမ်းပဲပုပ် တွေ့လိုက်ရသည်။ သူတို့ချင်း မတွေ့သည့်အချိန်များအတွင်း ဤမျှတောင် ပြောင်းလဲသွားခဲ့ပြီလား…

ရှမ်းပဲပုပ်က ပြုံးဖြီးဖြီးဖြင့် လှမ်း၍ စနောက်လိုက်သည်။ “ဘဲကြီး ညအိပ်ရင် ဆံပင်တွေ ဆွဲလိမ်တတ်တဲ့ အကျင့် မပျောက်သေးဘူးနဲ့တူတယ်။ တော်တော်လေး ပါးသွားပါလား။”

ဘဲကြီးက စိတ်မဆိုးစွာပင် ပြန်နောက်လိုက်၏။ “မင်းလည်းပဲ ကွန်ပြူတာရှေ့ထိုင်တာတွေ သိပ်များနေလို့နဲ့တူတယ်။ မျက်မှန်ကြီး တပ်ထားနေရပါလား။”

ရှမ်းပဲပုပ် ဘာမှ ပြန်မပြောနိုင်တော့ပါ။ ရယ်ကျဲကျဲဖြင့်သာ ပြုံးနေလိုက်၏။

“ယောက်ဖ… ငါတို့ ဝိုင်း စ, လိုက်ကြရအောင်လား။ ဟိုကောင်တွေမလာလည်း ငါတို့ဘာငါတို့ ဖြိုကြတာပေါ့။” ရှမ်းပဲပုပ် လောဆော်လိုက်၏။

ဖင်ကောက်က အကြောက်အကန် ငြင်းဆန်လိုက်၏။ “ဟေ့ကောင်… ငါတို့ ရောက်စတုန်းကလိုတော့ မလုပ်နဲ့နော်… ဒီပုလင်းကြီးကိုတော့ ဖြိုနိုင်မယ်မထင်ဘူး။”

ဘဲကြီးက ဝင်ထောက်လိုက်သည်။ “ဒီကောင်ကြီး ရောက်စတုန်းကဆို မှတ်မိသေးလား။ ငါတို့အိမ်ကို ပုလင်းကြီးတွေ မ,မ လာပြီး အကုန် သောက်ခိုင်းတာလေ။ နေ့ကူးကိုတောင် ခံတဲ့ကောင်မဟုတ်ဘူး။”

ရှမ်းပဲပုပ် ဝန်ခံလိုက်ရတော့သည်။ “အေးပါဗျာ… ကျနော်ကလည်း ခင်ဗျားတို့ကို အတင်းကြီး ကုန်အောင် မသောက်ခိုင်းပါဘူး။ ကျနော်ကိုယ်တိုင်လည်း အရင်တုန်းကလောက် မသောက်နိုင်တော့ပါဘူးဗျာ။”

ရှမ်းပဲပုပ်သည် မီးဖိုပေါ်ရှိ ဟင်းအိုးများကို မွှေနှောက်လှန်လော ကြည့်နေလိုက်သည်။ “ဖင်ကောက်ကြီး… ဘာတွေ လက်စွမ်းပြထားတာလဲ…”

“ရှာလည်သွားလိမ့်မယ်ကိုယ့်လူ… ငါက ငါးပေါင်းထားတယ်။ ဘဲကြီးက ပုဇွန်ဆီပြန် ချက်တယ်။ ဟိုဘက်မှာ ငါတို့မြည်းဖို့ အမဲသားကြော်… ငါပဲ ကြော်တာ…ဒီခွက်ထဲမှာက ငံပြာရည်ချက်… ဘဲကြီးရဲ့လက်ရာ…” ဖင်ကောက်က ဂုဏ်ယူဝံ့ကြွားစွာ ရွတ်ပြလိုက်သည်။

ဖင်ကောက်ကပင်ဆက်၍-
“မင်းနဲ့ မင်းစော် မကြိုက်ခင်တုန်းက မင်း လက်စွမ်းပြ ချက်ကျွေးတာတွေလောက်တော့ မကောင်းဘူးပေါ့ကွာ… ဟဲဟဲ…”

ရှမ်းပဲပုပ် တွန့်သွားခဲ့သည်။ ဤ အကြောင်းကို ဇာတ်လမ်းမစခင် မြန်မြန်ဖြတ်မှရမည်။ မဟုတ်ပါက ဒီကောင်တွေ ပြောလို့ ပြီးမှာမဟုတ်တော့။ မူးလာလျှင် ပိုဆိုးသေး၏။

ရှမ်းပဲပုပ်က မသိမသာ စကားလမ်းကြောင်းလွှဲပြောလိုက်သည်။ “အေးကွာ… ဒါတွေ စားတော့ ဘူဇွာကြီးကို သတိရတယ်။ ဒီကောင်ကြီးက ငါးပေါင်းဆို အရမ်းကြိုက်တာ…” ငါးပေါင်းတစ်ဖဲ့ကို မြုံနေရင်းမှ ရှမ်းပဲပုပ် ပြောဆိုလိုက်သည်။ လက်ထဲတွင်တော့ ဆရာဂျက်ကို ခွက်ပြည့်ကိုင်ထား၏။ ပြီးနောက် ခွက်တွင်းမှ ရေခဲတုံးလေးများကို တဂလောက်လောက် လှည့်ပေးနေလိုက်သည်။

ဘဲကြီးက သူချက်ထားသော ပုဇွန်ဟင်းကို တစ်ဖတ် ကောက်ဝါးလိုက်ပြီး မေးမြန်းလိုက်သည်။ “ဒါနဲ့ နေစမ်းပါဦး… အခု ဒီကောင်ကြီး မင်းနဲ့အတူတူ ဂျင်မ်မှာ လိုက်ကစားနေတယ်ဆို…”

ရှမ်းပဲပုပ်က ဘူဇွာ၏ ပထမဆုံးနေ့ အဖြစ်အပျက်ကို ပြောပြလိုက်ရာ အားလုံး မျက်ရည်များ ထွက်လာသည်ထိပင် ရယ်မောနေမိကြလေသည်။

ရှမ်းပဲပုပ်က ဆက်ပြောပြလိုက်သည်။ “ဒီကောင်ကြီး အခုဆိုရင် တော်တော်လေးတော့ စစ်သွားတယ်။ မျက်နှာတွေဘာတွေ တော်တော်လေး ကြည့်လို့ကောင်းလာပြီ။ ဟိုတစ်နေ့ကတောင် သူဝတ်တဲ့ ဘောင်းဘီတွေ ချောင်ကုန်လို့တဲ့ … ကျနော့်ကို လာကြွားနေသေးတယ်။ ပြီးတော့ အစားအသောက်လည်း တော်တော်လေး ရှောင်နေတယ် ပြောတာပဲ။ ဂျင်မ်မှာ ပထမတုန်းကတော့ ကျနော့်ညီတွေနဲ့ လိုက်ကစားသေးတယ်။ ဟိုကောင်တွေ မ,နေတာတွေ လိုက်မ,မ နိုင်တော့ ကျနော့်ဘက်ကို ပြန်ရောက်လာတယ်။ နည်နည်းလေးတော့ လက်စားချေပေးရတာပေါ့လေ… စက်နဲ့ တောင်တက်ခိုင်းတယ်၊ အိပ်ထမတင် လေ့ကျင့်ခန်းတွေ မျိုးစုံလုပ်ခိုင်းတယ်။ ပြီးတော့ ကျနော်နဲ့ ရေလိုက်ကူးတယ်။”

ဖင်ကောက်က မှတ်ချက်ပေးလိုက်သည်။ “ဒီကောင်ကြီးအကြောင်းတွေ ပြောရင် ကုန်မှာတောင်မဟုတ်ဘူး။ ဟော့ကောင် ယောက်ဖ… မင်းက စာတွေဘာတွေ နည်းနည်းပါးပါး ရေးတယ်မဟုတ်လား။ ဒီကောင်ကြီးအကြောင်းကို ရေးစမ်းကွာ… ပါးစပ်နဲ့ ပြောပြရတာ အားမရှိလို့ပါ။ ငါက စာနဲ့ပေနဲ့ကို ဖတ်ချင်တာ…”

ရှမ်းပဲပုပ်က မေးစေ့ကို ပွတ်နေရင်း လက်ထဲမှ အရက်ခွက်ကို ချိန်ဆနေလိုက်၏။ ပြီးနောက် ဦးစံရှား၏ အမူအရာမျိုးဖြင့် ခေါင်းတညိတ်ညိတ် ဆတ်ကာ ပြောဆိုလိုက်သည်။ “အေးကွာ… ငါလည်းပဲ ရေးချင်နေတာ… ဟိုတစ်ရက်က ဒီကောင်ကြီးကို ခေါင်းကြည့်သေးတယ်ကွ… အတင်းဇွတ်ပိတ်ငြင်းနေတာပဲ…. မင်းကရေးရင် ငါ့အကြောင်းတွေကို မဟုတ်တာတွေ ရေးမှာမို့လားတဲ့… ငါ့ကိုလာပြီး ခြိမ်းခြောက်နေသေးတယ်။ ရေးရဲရေးကြည့်… တရားစွဲမယ် ဆိုပါလား… ဟားဟားဟား…”

ဘဲကြီးက ချိန်ချိန်ဆဆဖြင့် ပြောလိုက်သည်။ “အရမ်းတော့ လျှောက်မလုပ်နဲ့ဦးနော်… သူ့ကို မေးပြီးမှ ရေးတာပိုကောင်းမယ်…”

+++++

ညနေ ၆ နာရီမထိုးခင်လေးတွင် ဘူဇွာ ပေါက်ချလာခဲ့သည်။ ရှမ်းပဲပုပ်က ဘူဇွာ့ကို ရောက်ရောက်ချင်းပင် စ,ရစ်တော့သည်။

ရှမ်းပဲပုပ် တကယ်ပင် ငိုပြလိုက်သည်။ ကြမ်းပြင်ပေါ်တွင် လူးလိမ့်ပြီးကို ငိုပြလိုက်သည်။ “ဟီးဟီးဟီး… မင်း ငါ့ကို မခင်ပါဘူး… ခုမှ ဘာလို့ရောက်လာတာလဲ… ဟီးဟီး…”

ဘဲကြီးနှင့် ဖင်ကောက်တို့ကတော့ တိုင်ပင်ထားပြီးဖြစ်သဖြင့် အံ့ဩနေကြသလို အမူအရာများ ရှိနေကြ၏။ ဖင်ကောက်က မှတ်ချက်ချလိုက်သည်။ “ဟေ့ကောင်… ဘူဇွာ… ဒီကောင်ကြီးက မင်းကို မျှော်နေတာကွ… သနားပါတယ်။ မင်းက ဘာဖြစ်လို့ ဒီလောက်တောင်မှ ကြာနေရတာလဲ။”

ဘူဇွာက လူလည်… သူ့ကို ဝိုင်းပြီး စားနေကြမှန်း သိထားလေသည်။ ကြမ်းပြင်ပေါ်မှ ရှမ်းပဲပုပ်ကို လက်ဆွဲပြီး ထရပ်စေလိုက်၏။ “ဟေ့ကောင်… မင်း မမူးသေးဘူး.. အိုကေ.. ငါ့ကို လာမစားနဲ့…”

မတ်တတ်ရပ်ပြီး ဖုန်ခါနေသော ရှမ်းပဲပုပ်က ဘူဇွာ့ကို ပြုံးပြီး ကြည့်နေလိုက်သည်။ “မင်း မှတ်မိသေးလား…. မင်းအိမ်နားက နှင်းပုံကြီးထဲမှာလေ… ငါရယ် ဒီကောင့်ရယ်ကို လက်ညှိုးထိုးပြီး နှင်းပုံကြီးထဲမှာ လူးလိမ့်ပြီး ငိုနေခဲ့တာ မှတ်မိသေးလား… မင်းတို့ကောင်တွေ… ငါ့ကို မခင်ကြဘူး…ဆိုပြီး တဟီးဟီးနဲ့ အော်ငိုခဲ့တာ… မှတ်မိလား။”

ဘူဇွာ့မျက်နှာက ဝန်ခံထားသည့် အပြုံးမျိုးပြုံးနေပြီး ဘာမှ မချေပနိုင်တော့ပါ။ သည်ကောင်တွေ အတော်လေး ရေချိန်ကိုက်နေကြပြီထင့်… သူလည်းပဲ အမီလိုက်မှ ဖြစ်လိမ့်မည်။ မဟုတ်ပါက သူတို့စားသည့်ဒဏ်ကို သူတစ်ယောက်တည်းသာ ခါးစီးခံရလမ်းမြင်နေသည်။ ထို့ကြောင့်…

“ယောက်ဖကြီး… မင်းတို့ ဘာသောက်နေကြတာလဲ။ ငါလည်း သောက်ချင်တယ်ကွာ… ဘယ်မှာလဲ ပုလင်း…”

+++++

ထိုနေ့က ဘူဇွာ အမူးလွန်သွားခဲ့သည်။ မူးမူးနှင့် သူတို့တတွေ ဘာအကြောင်းတွေ ပြောခဲ့မှန်း သိပ်ပင်အမှတ်မရတော့… သူ့အကြောင်းကို ဝိုင်းပြီး ခေါင်းစားကြတာတော့ မှတ်မိနေသေး၏။ ရှမ်းပဲပုပ်ကို သူ ဘာတွေ ကတိပေးခဲ့မှန်းကိုတော့ ကောင်းကောင်း မမှတ်မိခဲ့ချေ။

0 Comments: