Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၃၀) ဘူဇွာနှင့် တာကိုဗစ်ကီတန်

လေဆိပ်မှ ထွက်လိုက်သည်နှင့် ပူပြင်းခြောက်သွေ့သော လေပူများကို ရှူရှိုက်လိုက်ရသည်။ ကာလီဖိုးနီးယားကို ရောက်ပါပြီကော...။ မြောက်အမေရိကတိုက်ကြီး၏ အရှေ့ဘက်ဆုံးကမ်းခြေတွင် နေထိုင်နေသူတစ်ယောက်က အနောက်ဘက်ဆုံးသောကမ်းခြေသို့ ရောက်ရှိခဲ့လေပြီ။

ရာသီဥတုက ပူပြင်းသည်၊ ခြောက်သွေ့သည်။ သဲကန္တာရဆန်သော ရာသီဥတုမျိုးလည်းဖြစ်သည်။ တိုက်ခတ်လာသည့်လေပူပူများက သူ့ရင်တွင်းမှ အပူရှိန်များကို ပို၍မီးထိုးပေးနေသလိုပင်။

ကာလီဖိုးနီးယားတွင် နယူးယောက်လိုမျိုး မီးခြစ်ဗူးခွံများ ထောင်ထားသလို အဆောက်အဦများ တွေ့ရခဲသည်။ မြေနေရာ ကျယ်ပြန့်သည်၊ ကိုယ်ပိုင်ခြံဝင်းကလေးများဖြင့် လုံးချင်းအိမ်ကလေးများ သူ့နေရာနှင့်သူ အကွက်အကွင်းကျစွာ ဆောက်ထားကြသည်။

ကာလီဖိုးနီးယားသည်ကား အုန်းပင်များ ပေါများသည့် နေရာပင်တည်း။ လမ်းတစ်လျှောက်တွင် ကန္တာရအုန်းပင်များ စီစီရီရီ စိုက်ပျိုးထားသလို စောင်းငန်းစောင်းငန်း ချော်ထွက်နေသည့် အုန်းပင်များလည်း ကွက်တိကွက်ကြား ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်၏။ ဘူဇွာကတော့ ကန္တာရ အုန်းပင်ယိုင်များကို ငေးကြည့်နေပြီး လေပူပြင်းများကို ပင့်သက်ရှိုက်လျှက် အနောက်ကမ်းရိုးတန်းကြီး၏ လေဆိပ်ထဲတွင် အထီးကျန်ဆန်စွာ တစ်ယောက်တည်း ရှိနေလေသည်။

ယခုအချိန်သည် ဘူဇွာ့အတွက် ဖောင်ဖျက်ပြီးလာခဲ့ရသော အချိန်ဖြစ်၏။ သူ ဝယ်ယူထားခဲ့သည့် လင်မိုစင်း ရေဒီယိုကြီးအား ဝယ်ယူစဉ်က ပေးခဲ့သည့် လက်ငင်းငွေပမာဏကို ဘဏ်တစ်ခုတွင် အတိုးများစွာနှင့် ပြန်လည်ပေါင်နှံထားပြီး ဒေါ်လာ တစ်သောင်းခွဲ ထပ်မံ ချေးယူခဲ့ရသည်။ ညီလေးရှောက်သီးလုံး၏ ကျောင်းလခ အပိုငွေများထဲမှ ဒေါ်လာ တစ်သောင်း ထုတ်ယူခဲ့ရသည်။ ကျန်သည့်ငွေများကိုတော့ သူ စုဆောင်းထားသည့် ဘဏ်လက်ကျန်ငွေ ၈၀၀၀ ထဲမှ ထုတ်ယူခဲ့ရသည်။ အမျိုးသမီးကြီး၏ လက်ထဲသို့ သူ၏ ဒေါ်လာ ၃ သောင်းသည် ပလုံဟုပင် အသံမမြည်လိုက်ဘဲ ရောက်သွားခဲ့သလို သူ့ဘဝကိုလည်း ဖောင်ဖျက်ခဲ့ရလေပြီ။

ကမ်းပေါ်တွင် အနာဂတ်များ စောင့်မျှော်နေမည်လော...။

+++++

LAX International Airport တွင် သူ့ကို လာကြိုနေမည့်လူတစ်ယောက်တော့ အနည်းဆုံး ရှိနေပါသေးသည်။ သူ ဆူရှီဆိုင် လက်လွှဲဝယ်ယူခဲ့သည့် အမျိုးသမီး၏ ဆက်သွယ်ပေးမှုကြောင့် လူတစ်ယောက်နှင့် ချိတ်ဆက်မိခဲ့သည်။ နိုင်ငံတကာရောက် မြန်မာများသည် မည်သို့ စီးပွားရေးလုပ်ရမှန်း ကောင်းစွာ သိထားကြသူများပင်ဖြစ်သည်။

ယခု သူ့ကို လာကြိုမည့်သူသည် လေယာဉ်ကွင်းမှ သူ့ကို ကြိုလာမည်၊ ပြီးလျှင် ထိုသူ့အိမ်တွင် တည်းခိုဖို့ နေရာထိုင်ခင်း ပေးမည်၊ ဆူရှီလိပ်သင်တန်းသွားတက်ရမည့် AFC Head Quarter သို့ အကြိုအပို့လုပ်ပေးမည်... အားလုံးအပြီးအစီး တစ်နေ့လျှင် ဒေါ်လာ ၁၀၀ ပေးရမည်။ မည်မျှ ဝင်ငွေဖြောင့်လိုက်သည့် လုပ်ငန်း ဖြစ်ပါသနည်း။ အိမ်ကျယ်ကျယ် တစ်လုံး ဝယ်ယူထားပြီး ဆူရှီလိပ် သင်တန်းလာမည့် မြန်မာများကို လုပ်စားလိုက်ရလျှင် ဟူသည့် အတွေးများ သူ့ ခေါင်းထဲသို့ စီစီရီရီ လှိမ့်ဝင်လာခဲ့တော့၏။

လေဆိပ်ထဲမှ ထွက်လိုက်သည်နှင့် သူ့နာမည်ရေးထားသော ဆိုင်းဘုတ်ကြီးကို လက်တွင် ကိုင်ထောင်ထားကာ ဟိုကြည့်သည်ကြည့် လုပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဘူဇွာသည် သူ့တနိုင်စာ အဝတ်အိတ်ကလေးကို ဆွဲယူလာရင်း လှမ်းမေးလိုက်၏။

“အစ်ကို... ကျနော့်ကို လာကြိုတာလား... ကျနော်က AFC သင်တန်း လာတက်မယ့်လူပါ။”

“ဪ... မမကြီးပြောထားတာ ညီလေးကိုး... လာလာ... အစ်ကို့မှာ ကားပါလာတယ်။ ပါကင်နေရာထိတော့ လမ်းနည်းနည်း လျှောက်ရမယ်နော်... ဖြစ်တယ်မို့လား။”

“ဒါနဲ့.. အစ်ကို့နာမည်က...”  ဘူဇွာ စူးစမ်းလိုက်သည်။

“ကိုဖုန်းလို့ခေါ်နိုင်ပါတယ်... ညီလေး အစ်ကို့အိမ်မှာပဲ တည်းခိုရမှာလေ။ သိပ်မဝေးပါဘူး... ဒီကနေ ၇ မိုင်လောက်ဆိုရင် ရောက်ပါပြီ။”

“ဟုတ်ကဲ့ဗျ... ကျနော်က နယူးယောက်ကနေ လာခဲ့တာဆိုတော့ ဒီဘက်ကို သိပ်မသိဘူးဖြစ်နေတယ်။ ဒါနဲ့ သင်တန်းနေရာနဲ့ အစ်ကို့အိမ်နဲ့က တော်တော် ဝေးလား။”

“သိပ်မဝေးပါဘူးကွ... ၂၅ မိုင်သာသာလောက်ဆိုရင် မင်း သွားတက်ရမယ့် သင်တန်းကို ရောက်ပါပြီ။ ဘာမှ စိတ်မပူနဲ့.. ဟုတ်ပြီလား။ သင်တန်းမှာ အားလုံး မြန်မာတွေချည့်ပဲ။ သင်ပေးမယ့်ဆရာတွေကလည်း မြန်မာတွေပဲ။ သင်တန်းသား အားလုံးလည်း မြန်မာတွေပဲ။ မင်း အိမ်ရောက်ရင် နောက်ထပ် မြန်မာတွေကို တွေ့ရအုံးမှာ... ဒီတစ်ခေါက် အစ်ကို့အိမ်မှာ လောလောဆယ်တင်ကို တည်းမယ့်လူ ၆ ယောက် လက်ခံထားတယ်။”

ဘူဇွာသည် ဘာမှ ပြန်မပြောတော့ဘဲ စိတ်တွင်းမှ စိတ်တွက် တွက်နေလိုက်သည်။ သူအပါအဝင် လူ ၇ ယောက် ဆိုပါက ထိုသူ၏ ဝင်ငွေသည် တစ်ရက်ကို ဒေါ်လာ ၇၀၀ ရှိနေပြီးဖြစ်၏။ သူတို့ သင်တန်းတက်မည့် ကာလတစ်လျှောက်လုံး ဘာမှပင် လုပ်စရာမလိုတော့... သွားမည့်လာမည့် လူများကို အကြိုအပို့လုပ်ပေး၊ တည်းခိုဖို့ နေရာထိုင်ခင်း ပေးရုံနှင့်ပင် ဝင်ငွေအလွန်ကောင်းသည့် လုပ်ငန်းတစ်ခုဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ...

ဘူဇွာ့ စိတ်ထဲတွင်တော့... “လာထားဟဲ့... ဆူရှီစီးပွားရေး...” ဟုသာ တွေးနေမိလေသည်။

+++++

ဘူဇွာတို့ တည်းခိုနေထိုင်သည့်အိမ်နှင့် AFC ရုံးချုပ်နေရာသည် အမှန်တကယ်ပင် ၂၅ မိုင်ကျော်ကျော်ကလေးပင် ရှိလေသည်။ မနက်ပိုင်းတွင် ကိုဖုန်းသည် သူ့ မီနီဗင်ကားလေးဖြင့် ဆူရှီသင်တန်းလာတက်မည့်သူများကို ရုံးချုပ်တွင် ချပေးထားခဲ့ပြီး ညနေပိုင်းမှ လာကြိုတတ်သည်။

ဘူဇွာ့အတွက်တော့ ပတ်ဝန်းကျင်သစ်တွင် အရာအားလုံးက သူစိမ်းဆန်ဆန်...။

ဘူဇွာ့ကို သူစိမ်းမဆန်သူတစ်ဦးကတော့ ရှိနေသည်။ ဆူရှီလိပ်သင်ပေးသည့်ဆရာဖြစ်သည်။ ထူးထူးဆန်းဆန်း.. သူ့နာမည်က အမျိုးသမီးတစ်ယောက်၏ နာမည်လိုမျိုး ဖြစ်နေ၏။ မြန်မာပီပီ မြန်မာဆန်ဆန် နာမည် မှည့်ခေါ်ထားရမည့်အစား... ဘိုတဝက်၊ တရုတ်တဝက် ကပြားဆန်ဆန် နာမည် ပေးထားလေသည်။

“Vicky Tang” ဆိုပါလား။

ဆူရှီသင်တန်းသားများ အားလုံး မီးဖိုချောင် စာသင်ခန်းသို့ ဝင်သွားပြီးသည့်နောက်တွင် ဆူရှီလိပ် သင်ပေးမည့် ဆရာဆိုသူ ရောက်လာခဲ့လေတော့သည်။

“ကိုယ့်လူတို့... ကိုယ့်နာမည်ကတော့ ဗစ်ကီတန် လို့ခေါ်ပါတယ်။ ကိုယ်ကတော့ မင်းတို့ကို ဆူရှီ သင်တန်းပေးမယ့်သူ ဆိုပါတော့... ကိုယ့်လူတို့ အရင်ဆုံး နားလည်ထားရမှာက ဆူရှီလုပ်ငန်းမှာ ကျန်းမာရေးက အရေးအကြီးဆုံးကွ... စားသုံးသူတွေရဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ ကိုယ့်ဘက်က ဘယ်လောက်တောင် ပြီးပြည့်စုံအောင် တာဝန် ယူနိုင်သလဲဆိုတာ အများကြီး စကားပြောတယ်..”

ဝမ်းဗိုက်ပူပူနှင့် နေကာမျက်မှန်ကို မချွတ်တမ်း တတ်ထားသည့် ဗစ်ကီတန် သည် တံတွေးများစင်လာသည်ထိ ပြောဆိုရှင်းပြနေလေ၏။

“ကိုယ်တို့ AFC ကုမ္ပဏီက မင်းတို့ကို ဆူရှီလိပ်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို အထောက်အပံ့ပေးမယ်။ အဲဒီအပေါ်မှာလည်း အာမခံချက်တွေ ရှိနေမယ်။ ဟုတ်ပြီလား...။ ဆိုပါတော့ကွာ... စားသုံးသူတစ်ယောက်က တူနာငါးနဲ့ လိပ်ထားတဲ့ ဆူရှီတွေကို စားမိပြီး အစာအဆိပ်သင့်သွားခဲ့တယ်ဆိုပါတော့... မင်းတို့ဆိုင်မှာ အသုံးပြုတဲ့ တူနာငါးက ကိုယ်တို့ ကုမ္ပဏီက ယူထားတဲ့ငါး ဆိုရင် မင်းတို့ တရားစွဲမခံရဘူးပေါ့။ ကုမ္ပဏီက အားလုံးကို လိုက်ဖြေရှင်းပေးလိမ့်မယ်။ ဒါမှမဟုတ်ဘဲ မင်းတို့ဟာမင်းတို့ ဈေးဆိုင်တွေကနေ ဝယ်ယူထားတဲ့ တူနာငါးတွေကို အသုံးပြုခဲ့မယ်ဆိုရင် မင်းတို့ထိုက်နဲ့ မင်းတို့ကံပေါ့ကွာ...။ ကိုယ်ပြောတာ သဘောပေါက်ကြတယ်နော်... အဲ့ဒီအတွက်လည်း ကုမ္ပဏီမှာ တင်းကြပ်တဲ့ စည်းကမ်းတွေရှိတယ်။ လိုက်ပြီး စစ်ဆေးမယ့် ကုမ္ပဏီက အရာရှိတွေ ရှိတယ်။ ဟုတ်ပြီလား... ကဲ... ဒီနေ့အဖို့ သင်ခန်းစာတွေကိုတော့ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စ လိုက်ကြရအောင်လား။”

သင်တန်းဆရာဆိုသူကို ဘူဇွာ အကဲခတ်နေမိသည်။ ထိုသူသည် စကားပြောဆိုရာတွင် နွဲ့တဲ့နွဲ့တဲ့ ဖြစ်နေမှန်းကိုတော့ ဘူဇွာ ရိပ်မိထားသည်။ နောက်ဆုံးတွင်တော့ သူ့ စိတ်ထင်နေလို့ပဲ ဖြစ်မှာပါဟု ဖြေသိမ့်လိုက်ရ၏။

+++++

“ကိုယ်လည်း မင်းတို့လိုပဲ အစတုန်းကတော့ သူငယ်တန်းကနေ စ ခဲ့ရတာပေါ့ကွာ... နောက်ပိုင်းကျတော့ ကုမ္ပဏီမှာ ဆူရှီ သင်တန်းဆရာ ဖြစ်လာခဲ့တယ်၊ ပြီးတော့ နယ်လှည့်ပြီး သင်တန်းတွေလည်း လိုက်ပေးဖူးတယ်။ ဒီနေ့ ကိုယ်တို့ ဆူရှီလိပ်တွေအကြောင်းကို ပြောကြတာပေါ့။ ပြီးရင် တစ်ယောက်ချင်းစီ လက်တွေ့ လိပ်ကြရမယ်။ ဟုတ်ပြီလား...”

ဘူဇွာသည် ဗစ်ကီတန် ကို ကြည့်ရင်းကြည့်ရင်းနှင့် ယောက်ျားရင့်မကြီးတစ်ယောက်မှ ပျော့ဖတ်ဖတ် ယောက်ျားတစ်ယောက် အဖြစ် မြင်လာခဲ့ပြန်၏။ ထိုသူ၏ လှုပ်ရှားပြောဆိုနေဟန်များက ပျော့လွန်း၊ နွဲ့လွန်းနေသည်ဟု သူ ထင်သည်။

“ဒီနေ့ ကိုယ်တို့ ကာလီဖိုးနီးယား roll လိပ်ကြည့်ကြမယ်... ဟုတ်ပြီလား။ မောင်ရင်တို့ ဆူရှီမှာ သုံးတဲ့ ဆန်ကိုတော့ သိပြီးဖြစ်မှာပါ။ ဆန်လုံးတိုဆန်ကို အသုံးပြုပါတယ်။ သူက နည်းနည်းစေးတယ်။ တော်တော်လေးကို စေးတယ်။ ကောက်ညှင်းလောက်တော့ မစေးဘူးပေါ့။ ကိုယ်တို့ ဒီမှာတော့ ကာလီဖိုးနီးယား roll လို့ခေါ်သလို ဂျပန်လိုတော့ မာကီဇူရှီ လို့ခေါ်ပါတယ်။ သခွားသီးပါမယ်၊ ဂဏန်းသားချောင်းတွေပါမယ်၊ ပြီးတော့ ဂဏန်းသားတုအချောင်းတွေပါမယ်၊ ပြီးရင် ထောပတ်သီးပါမယ်.... လိုအပ်တဲ့ အစာဗလာတွေကို ထည့်၊ ပြီးရင် ယင်းလိပ်ကလေးနဲ့ ဒီလို လိပ်လိုက်ရင် ကာလီဖိုးနီးယား roll ရပြီ။ ဆူရှီလိပ်ရင် အကြမ်းပတမ်းကြီး မလိပ်ဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ ချက်ထားတဲ့ဆန်က စေးတော့ ဆူရှီလိပ်တဲ့နေရာမှာ သူ့ကို သိပ်ပြီး ကျစ်ထုပ်နေအောင် မလိပ်ဖို့ လိုပါတယ်။ ကျစ်ထုပ်နေအောင် လိပ်လိုက်ရင် ဆိုးကျိုးတွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်ထည့်ထားတဲ့ အစာဗလာတွေ ပြန်အန်ထွက်လာတတ်တယ်၊ ပြီးတော့ ဆူရှီလိပ်က အရမ်းကို ကျစ်ထုပ်သွားတတ်တော့ သေးသွားတတ်ပါတယ်။”

“ဟို ကောင်လေး... ခဏထွက်ခဲ့... ဒီ “တာကို”ကို လာလိပ်ကြည့်စမ်း... အဟင်းဟင်းဟင်း...”

သူ့ကို မျက်စောင်းလေးထိုးကာ လက်ယပ်ခေါ်ဆိုနေသည့် ဗစ်ကီတန်၏ စကားကြောင့် ဘူဇွာ့ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်သွားခဲ့လေသည်။ သေချာပြီ၊ ဤလူကြီး ဂျီပုန်းဖြစ်နေသည်မှာ သေချာပြီ။ ဂျီပုန်းတို့၏ စကားကို ဆိုလာခဲ့ချေပြီ။

တာကို ဆိုသည်မှာ မက္ကဆီကန်များစားသည့် အစားအစာတစ်မျိုးဖြစ်ကြောင်း ဘူဇွာ သိထားသည်။ ဆန်ပြားလိပ်ကလေးထဲတွင် အသားများ၊ အသီးအရွက်များကို ထည့်လိပ်ထားသည့် အလိပ်ကလေးဖြစ်သည်။ ဆူရှီနှင့် တာကို လားလားမျှ မသက်ဆိုင်...။ သို့သော် ဗစ်ကီတန်သည် အဘယ်အတွက်ကြောင့်များ ကာလီဖိုးနီးယား roll ကို တာကို ဟု ပြောခဲ့ပါသနည်း။ ထိုအဖြေကို ဘူဇွာ သိနေပါသည်။

တာကို ဆိုသည်ကို ဂျီပုန်းများ၏ ဘန်းစကားအဖြစ် ဘူဇွာသိနေသည်။ တာကို ဆိုသည်မှာ ယောက်ျားအင်္ဂါအတံချောင်းကို သူတို့ကြား ခေါ်ဝေါ်သည့် ဘန်းစကားဖြစ်ကြောင်းကိုလောက်တော့ နယူးယောက်တစ်ခွင် ပြဲပြဲစင်အောင် ကားမောင်းလာသည့် ဘူဇွာ သိနေပါသေး၏။

ဤလူကြီး ညစ်ပတ်ပေပြီ။ မသိမသာဖြင့် အခြောက်များ၏ ညစ်တီးညစ်ပတ် ဆဲရေးတိုင်းထွာခြင်းအမှုကို  ပိပိရိရိဖြင့် ပြောဆိုခဲ့ပေပြီ။ ကာလီဖိုးနီးယားဆိုသည့်ပြည်နယ်မှာလည်း မက္ကဆီကန်များ အများအပြားရှိနေသည့်အတွက်ကြောင့် တာကို ဆိုသည့်အစားအစာမှာ လူတိုင်းနှင့် မစိမ်းပါ။ ထို့ကြောင့် ကာလီဖိုးနီးယား roll ကို တာကို ဟု တင်စားခဲ့ခြင်းအတွက် ဗစ်ကီတန် သည် လူလည်ကျလွန်းသည်ဟုထင်သည်။

နယူးယောက်ရှိ ဂျပန်ဆိုင်တွင် ဆူရှီလိပ်ပညာ သင်ယူထားခဲ့သည့် ဘူဇွာအတွက်တော့ မည်သည့် ဆူရှီကို မည်သို့ လိပ်ရမည်ဆိုခြင်းမှာ အသေးအဖွဲပင်။ သင်တန်းမီးဖိုချောင်ထဲတွင် ဘူဇွာသည် ပိုင်ပိုင်နိုင်နိုင် ဆူရှီလိပ်ပြနိုင်ခဲ့၏။ သည့်အတွက်တော့ သင်တန်းမအောင်မှာ ပူစရာမလို... ဘူဇွာသည် သူ့အစွမ်းအစကို ယုံကြည်ပြီးသားဖြစ်၏။

+++++

၆ ရက်တာ တက်ခဲ့ရသည့် AFC ကုမ္ပဏီ၏ သင်တန်းဆင်းပွဲအပြီးတွင် သူ့ စိတ်များ လွတ်လပ်ပေါ့ပါးသွားခဲ့ရလေသည်။ မကြာခင်တွင် သူသည် ဆူရှီဆိုင်တစ်ဆိုင်၏ ဆူရှီစားဖိုမှူးတစ်ယောက် ဖြစ်လာပေတော့မည်။

သင်တန်း၏ နောက်ဆုံးနေ့တွင် သူ့အနားသို့ တိုးကပ်လာကာ နွဲ့တဲ့တဲ့ဖြင့် တိုးတိုးလေး မေးမြန်းလာသည့် ဗစ်ကီတန်၏ စကားကြောင့် ဘူဇွာတစ်ယောက် ကြက်သေ သေသွားခဲ့ရလေသည်။

“ကောင်လေး... ငါတို့ ဒီည နိုက်ကလပ် သွားကြရအောင်လား။ နင် ဘယ်မှာတည်းလဲ။ ငါ လာကြိုမယ်လေ...”

မေးမြန်းလာသည့် သူ့အကြည့်များတွင် ဂေးတစ်ယောက်၏ မရိုးမသားအကြည့်များ ပြည့်နှက်နေသောကြောင့် ဘူဇွာ့စိတ်ထဲတွင် ထင့်ကနဲတော့ ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ဘူဇွာ အကြောက်အကန် ငြင်းဆိုလိုက်တော့၏။

“ဒီညနေ ကျနော် မအားဘူးဗျ။ မက္ကဆီကန် ကောင်မလေးတစ်ယောက်နဲ့ ဒိတ်လုပ်ထားတယ်။ သူနဲ့ သွားဖို့ ချိန်းထားပြီးလို့ အားနာပါတယ်ဗျာ... ကျနော်က မိန်းမ စစ်စစ်တွေပဲ ကြိုက်တာဗျ...”

1 Comments:

Anonymous said...

Thanks