Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၁) ဘူဇွာ၏အတွေ့အကြုံ

“ဟေ့ကောင်... ယောက်ဖကြီး... ကလေးမွေးတာ ဘယ်လိုလဲ။ ဘာတွေ မြင်ခဲ့ရလဲ။”

“ဟဲ့... နင်ကလေးမွေးခန်းထဲထိ ရောက်သွားခဲ့တယ်ဆို... ဘယ်လိုကြီးလဲ... ငါတို့လည်း ပြောပြပါဦး...”

“ယောက်ဖကြီး... အတွေ့အကြုံလေးတွေ လုပ်စမ်းပါဦး...”

ယခုတလော ဘူဇွာ့ကို ထပ်ခါတလဲလဲ ဝိုင်းမေးနေကြသည့် မေးခွန်းများဖြစ်သည်။ မျက်နှာချင်းဆိုင် မေးမြန်းလာသည့်လူဆိုလျှင် ဘူဇွာက ပြုံးပြီးသာဖြေဆိုလိုက်၏။ ဖုန်းထဲမှ မေးလာခဲ့သည်ဆိုပါက “ဒီလိုပါပဲ... ထုံးစံအတိုင်းပေါ့” ဟု မချိုမချဉ် မျက်နှာပေးဖြင့် ပြန်ဖြေနေရ၏။ သူကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည့် မြင်ကွင်းကို သူသာသိသည်။ ဒုက္ခရောက်လိုက်သည့်ဖြစ်ခြင်း... ဘူဇွာ့တစ်သက်နှင့်တစ်ကိုယ် ဤသို့ ဒုက္ခခံစားရမှုများ တစ်ခါမှ မရရှိခဲ့ဖူး။ မျက်စိဒုက္ခ၊ နားဒုက္ခ... နာကျင်မှုဒုက္ခ... စိတ်ပင်ပမ်းမှုဒုက္ခ... ရှိသမျှ ဒုက္ခအားလုံးကို ရသစုံလင်စွာ ခံစားခဲ့ရသည်။



မွေးခန်းထဲမှ ထွက်လာပြီးပြီးချင်း ရေခြားမြေခြား အဝေးတစ်နေရာရှိ မိခင်ကြီးကို ဘူဇွာ လက်အုပ်ချီရှိခိုးကန်တော့လိုက်၏။ “အမေ... အမေ့မေတ္တာတွေ သားအပေါ်မှာ ကြီးမားလွန်းလှပါတယ်... လူမမယ်ကလေးတစ်ယောက် လူ့လောကထဲရောက်လာဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ အခုတော့ သားသိပါပြီ အမေ...”

ထို့အတူ အမျိုးသမီးများအပေါ်ထားရှိသည့် သူ့သဘောထားများလည်း များစွာ ပြောင်းလဲသွားခဲ့သည်။ မွေးခန်းတွင်းမှ မထွက်လာခင်အချိန်လေးထိ အမျိုးသမီးများကို ယောက်ျားများထက် နိမ့်ကျသူများဟု မြင်နေခဲ့သော ဘူဇွာ၏အမြင်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီဖြစ်သည်။ စင်စစ် အမျိုးသမီးများသည် ယောက်ျား ရင့်မာကြီးများထက်ပင် သတ္တိအရာ ပိုကောင်းနေကြသေးသည်။ အခြားနေရာများကိုတော့ ဘူဇွာ အငြင်းမပွားလို... သို့သော် ကလေးမီးဖွားသည့်ကိစ္စတွင်မူ အမျိုးသမီးများသည် မိခင်စိတ်အပြည့်အဝထားရှိပြီး မိမိ၏ ရင်သွေးလေးကို လူ့လောကထဲ မရောက်ရောက်အောင် ပို့ဆောင်ပေးဖို့ သန္နိဋ္ဌာန်ချထားကြောင်း ဘူဇွာ ကောင်းကောင်းကြီး နားလည်သွားခဲ့ချေပြီ။

+++++

မမသည် ကံကောင်းသူဟု ဆိုရမည်။ မမ၏ချစ်သူဆိုသူမှာ အီရတ်စစ်မြေပြင်မှ တစ်ရက်တလေလောက်သာ ဖုန်းဆက်ခွင့်ရသူဖြစ်သည်။ ချစ်သူယောက်ျားနှင့် ခွဲခွာနေရပြီး ဝမ်းနည်းအားငယ်နေချိန်... ကလေးမွေးဖွားစဉ်တုန်းက ဆေးရုံပေါ်တွင် မမအနား လူအများဝိုင်းရံနေခဲ့ကြ၏။ အထူးသဖြင့် ဗျိုင်းကြီး၏ညီမဖြစ်သူ စာဥတစ်ယောက်တည်းက ဒိုင်ခံပြုစုစောင့်ရှောက်ပေးခဲ့သည်။ ကလေးမွေးဖွားသည့်ညက ဘူဇွာသည် ဆေးရုံမှာ ဖြစ်သလိုအိပ်စက်တော့မည်ဟု ကြံကာရှိသေးသည်။ စာဥမက အထုပ်ကလေးတစ်ထုပ်ပိုက်ကာ ရောက်လာခဲ့ပြီး သူ့ကို အိမ်ပြန်လွှတ်လိုက်သည်။ ဘူဇွာ၏ ဒုက္ခများကို အထူးတလည် မျှဝေခံစားရသူမှာ ရှမ်းပဲပုပ်ပင်ဖြစ်တော့၏။ ထိုနေ့ညက ဘူဇွာနှင့်အတူ ရှမ်းပဲပုပ် အိမ်ပြန်လိုက်လာပြီး နှစ်ယောက်သား ဘာစကားမှပင်မပြောနိုင်ကြတော့ဘဲ အိပ်ယာထဲသို့ ခြေပစ်လက်ပစ် တန်းဝင်သွားခဲ့ကြရသည်။

ဤနိုင်ငံ၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်ပေးသည့် စံနစ်ကလည်း ကောင်းမွန်လွန်းလှသည်။ ကျန်းမာရေးအာမခံ ထားရှိထားသောကြောင့် ဆေးရုံစားရိတ်များကို အပြည့်အဝ ပေးစရာမလို။ ထို့အတူ ကလေးမွေးလျှင် အခမဲ့ပင် မွေးပေးသည့်ဆေးရုံများလည်း ရှိနေသေး၏။ မမ ကလေးမွေးသောဆေးရုံမှာ အခမဲ့မွေးပေးသည့်ဆေးရုံမဟုတ်သော်လည်း ပိုက်ဆံ ဒေါ်လာ ၂၀၀ စွန်းစွန်းသာ ကုန်ကျခဲ့သည်။ ဆေးရုံပေါ်တွင် နှစ်ရက်ပေးနေခဲ့ပြီး တတိယမြောက်ရက်တွင် ဆေးရုံဆင်းခွင့်ပေးခဲ့သည်။

ဆေးရုံမှ အဆင်းတွင်လည်း သည်အတိုင်း ပြီးစလွယ်ဆင်းခိုင်းခဲ့သည်မဟုတ်။ ကလေးနှင့် မိခင်တို့ကို သေသေချာချာ စစ်ဆေးစမ်းသပ်ပြီးမှ ဆင်းခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ကလေးကို နားအကြားအာရုံကောင်းမကောင်း ခေတ်မီစက်ကိရိယာများဖြင့် စမ်းသပ်သည်၊ အသက်ရှူလမ်းကြောင်းနှင့် အဆုပ်များ အလုပ်ကောင်းကောင်း လုပ်မလုပ် X-Ray ဓာတ်မှန်ရိုက်သည်။ နှလုံးခုန်နှုန်း မှန်မမှန် စမ်းသပ်စစ်ဆေးသည်။ မွေးကင်းစ အသားဝါ ရှိမရှိ သေသေချာချာ ဂရုစိုက် စစ်ဆေးပေးသည်။

မိခင်ကိုလည်း ကလေးကို ထိန်းသိမ်းပြုစုနည်းများ၊ ကိုင်တွယ်ပုံကိုင်တွယ်နည်းများ အကျအန သင်ပေးသည်။ ကလေး ချက်မကြွေသေးခင် မည်သို့ သန့်ရှင်းသုတ်သင်ပေးရမည်များကို ဂရုတစိုက် သင်ကြားပေးသည်။ မိခင်နို့တိုက်ရန်ကိုလည်း အားပေးသည်။ မည်သည့်အစားအစာများ စားသောက်သင့်သည်ကိုလည်း အကြံဉာဏ်များ ပေးခဲ့သည်။ ကလေးနှင့်မိခင် အိမ်ပြန်မည့်နေ့တွင် သူနာပြုတစ်ယောက် ရောက်လာခဲ့ပြီး ကားပေါ်တွင်တင်သည့် ကလေးပုခက်ကို စစ်ဆေးကြည့်ရှုခဲ့သေး၏။ ပုခက်ကို ထိုင်ခုံခါးပတ်များ သေသေချာချာ ပတ်ထားရဲ့လား၊ မည်သည့် ဒီဂရီတွင် ထားရှိရမည် စသည်ဖြင့် အသေးစိတ်စစ်ဆေး ညွှန်ကြားမှုများ ပြုလုပ်ခဲ့ပြီးမှ စာရွက်တစ်ရွက်တွင် ကလေးမိဘများကို လက်မှတ်ထိုးခိုင်းပြီး ဆေးရုံဆင်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။ လက်လွတ်စံပယ် ပြီးပြီးရော သဘောမျိုးနှင့် ဆေးရုံ ပေးဆင်းခဲ့သည်မဟုတ်။

ဆေးရုံကဆင်းခါနီးတွင် ဘူဇွာ့ကို မွေးခန်းတွင်း ဆွဲခေါ်သွားခဲ့သည့် လူမည်းသူနာပြုဆရာမကြီးက မိန့်မိန့်ကြီးကြည့်နေပြီး ကောင်းမွန်စွာ နှုတ်ဆက်ခဲ့သေး၏။

“နောက် နှစ်ပတ်အတွင်းမှာ ကလေးရဲ့ မွေးစာရင်းကို စာတိုက်ကတဆင့် ပို့လိုက်လိမ့်မယ်။ အဲဒါ သေသေချာချာ သိမ်းထား... ဟုတ်ပြီလား။ အဲဒီစာရွက်က အရေးကြီးတယ်။ အဲဒီစာရွက်ပြနိုင်ရင် ဒီနိုင်ငံမှာ သမ္မတတောင် လုပ်လို့ရတယ်ကွဲ့။”

+++++

ဘူဇွာ၏ ခွင့်ရက်များက တိုတောင်းလွန်းသည်။ ခဏဆိုသောအချိန်လေးအတွင်းမှာပင် ခွင့်ရက်များ ကုန်ဆုံးသွားခဲ့ပြီး အလုပ်ခွင် ပြန်ဝင်ရတော့မည်ဖြစ်သည်။ ဤအလုပ်ကလေးသည် သူနှင့် သူ၏အတုအယောင် မိန်းမဖြစ်သူ မမအပါအဝင် နောက်ပေါက် ပါးစပ်ပေါက်တစ်ပေါက်ပါ ထပ်တိုးလာသည့် မိသားစုလေးကို လုံငရုံမျှသာ ရှာဖွေကျွေးမွေးနိုင်သည့် တစ်ခုတည်းသော အလုပ်ကလေးလည်းဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကိုတော့ ဘယ်နည်းနှင့်မှ အပျက်အစီးအဆုံးအရှုံးမခံနိုင်ပါ။ မနက်ဖြန်ဆိုလျှင် အလုပ်ပြန်ဝင်ရပေတော့မည်။

အလုပ်မလုပ်သည့်အချိန်များတုန်းကတော့ ဘူဇွာ့အတွက် သိပ်ပြီးမထူးခြားလှ။ အဘယ်ကြောင့်ဆိုသော် ဘူဇွာသည် အလုပ်အားရက်များတွင် တစ်ညလုံးနီးပါး ကွန်ပြူတာရှေ့မှ ခွာတတ်သူမဟုတ်။ ထို့ကြောင့် ကလေးငိုသံများ၊ မိခင်၏ ချော့မြူနေသံများအား ဘယ်တုန်းကမှ ဂရုမိစိုက်မိခဲ့။ သို့သော် အလုပ်ပြန်ဝင်ပြီးပြီးခြင်း နောက်တစ်ညမှာပင် ပြဿနာအတုံးလိုက်အတစ်လိုက် တက်နေကြောင်း ဘူဇွာ နားလည်သွားခဲ့သည်။

အလုပ်မှ မောမောပမ်းပမ်း ပြန်လာသည့် ဘူဇွာသည် အိပ်ပျော် အနားယူမည်မှ မကြံသေး... တဝါးဝါးနှင့် ကလေးငိုသံက စူးရှစွာ ထွက်ပေါ်လာတတ်၏။ ခဏနေ တိတ်သွားပြန်သည်။ နောက် ၂ နာရီလောက်အကြာတွင် ထပ်ပြီး ကြားလိုက်ရပြန်၏။ မိခင်၏ ချောမြူသံနှင့် နို့တိုက်အပြီးတွင် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ပြီးနောက် မနက် လင်းခါနီးအချိန်တွင်မူ နောက်တစ်ကြိမ် တဝါးဝါး အော်ငိုသံကို ကြားလိုက်ရပြန်သည်။

ထိုနေ့မှစ၍ ဘူဇွာ၏ နားနှစ်ဘက်တွင် ဝါဂွမ်းဆို့ပြီး အိပ်တတ်သော အလေ့အကျင့်တစ်ခု တိုးလာလေတော့သည်။

ဤတစ်ကြိမ်တွင်တော့ ဘူဇွာသည် အဝေးရောက်နေသည့်ဖခင်ဖြစ်သူကို လက်အုပ်ချီရှိခိုး ကန်တော့နေမိပြန်၏။ “သား ငယ်ငယ်တုန်းက ညဉ့်သန်းခေါင်အလယ် အာခေါင်ခြစ်ပြီး အော်ငိုခဲ့တာတွေ သည်းငြင်းခံနိုင်ခဲ့တဲ့ ဖေ့ဖေ့ကို သား ကန်တော့ပါတယ်ဗျာ။ အဖေမဟုတ်ပေမယ့်၊ အဖေတစ်ယောက်ရဲ့ ဒုက္ခတွေကို သားအခု နားလည်ခံစားတတ်နေပါပြီ။”

+++++

ကလေးမီးဖွားအပြီး တနင်္ဂနွေတစ်ရက်တွင်မူ ဖင်ကောက်တို့အိမ်သို့ ဘူဇွာ ပေါက်ချလာခဲ့သည်။ ထုံးစံအတိုင်း လက်ထဲတွင် ကွမ်းနှင့် ကွမ်းပစ္စည်းများထည့်ထားသော ကြွပ်ကြွပ်အိတ်ကြီးကို ကိုင်ဆွဲလာ၏။

ဘဲကြီးက ရှုသေသေမျက်နှာပေးဖြင့် လှမ်း၍ဆီးကြိုနှုတ်ဆက်သည်။ “ဟာ... ယောက်ဖကြီးရောက်လာတယ်။ ဘယ်လိုလဲကွ... ကလေးမွေးခန်းထဲက အတွေ့အကြုံလေးတွေ လုပ်စမ်းပါဦး။”

သူ့စော်လေးနှင့် ဖုန်းပြောနေသော ဖင်ကောက်သည်လည်း အခန်းတွင်းမှ ကမန်းကတမ်းထလာခဲ့သည်။ သူတို့နှစ်ယောက်စလုံး၏ မျက်နှာပေးများက မချိုမချဉ် ဖြစ်နေကြလေသည်။

ဘူဇွာသည် ဖိနပ်ချွတ်နေရင်း ကွမ်းထုပ်ကြီးကို အနီးရှိစားပွဲတစ်ခုပေါ်သို့ တင်ထားလိုက်၏။ ပြီးနောက် ဝတ်လာသည့် အနွေးထည်ပါးလေးကို ဆိုဖာတစ်ခုပေါ် ပစ်တင်လိုက်သည်။ ပြီးသည်နှင့် မီးဖိုချောင်ထဲသို့ တန်းတန်းမတ်မတ်ကြီး ဝင်ရောက်သွားခဲ့လေတော့သည်။

မီးဖိုချောင်ထဲရှိ ရေခဲသေတ္တာတွင်း၌ သောက်စရာတစ်ခုခု ရှိနေတတ်ကြောင်း ဘူဇွာ သိနေသည်။

ဘဲကြီးကတော့ မီးဖိုချောင်ထဲလိုက်ဝင်လာပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိဖွာရှိုက်နေလိုက်သည်။ ဘူဇွာ စကားပြောအလာကို စိတ်ရှည်စွာ စောင့်ဆိုင်းနေပုံထောက်၏။

ဘူဇွာသည် ဝီစကီတစ်ခွက်ကို ငဲ့ထည့်နေရင်းမှ စိတ်ပျက်လက်ပျက်အသံကြီးဖြင့် ညည်းတွားလိုက်သည်။ “အေးဗျာ... ဘယ်ကနေဘယ်လို စပြောရမှန်းတောင် မသိတော့ဘူး။”

“ဖြေးဖြေးမှပြောလည်း ရပါတယ်ကွ။ သောက်စရာရှိတာ အရင်သောက်လိုက်ပါဦး။” အနောက်တွင် ဘယ်အချိန်ကတည်းကရောက်နေသည်မသိသော ဖင်ကောက်က လှမ်းပြောလိုက်သည်။

“ဟိုကောင်ကြီးကော... ရှမ်းပဲပုပ်... ဒီနေ့မလာတော့ဘူးလား။” ဘူဇွာက အရက်တစ်ဂွပ်ခန့် မျှဉ်းပြီးသောက်နေရင်း မေးမြန်းလိုက်၏။

“စာမေးပွဲတစ်ခု ဖြေရမယ်ပြောတာပဲ။ စာကျက်နေမှာပေါ့။” ဘဲကြီးက ဆေးလိပ်မီးခိုးငွေ့များ မှုတ်ထုတ်နေရင်း ပြန်ဖြေလိုက်၏။

“အေးဗျာ... ဒီအကောင်ကြီးရှိနေလို့သာပဲ... မဟုတ်ရင် အဲဒီနေ့က ကျနော် ကျွတ်ဆင်ကြီးဗျ။”

“မင်း မိန်းမက ရိုးရိုးမွေးတာလား... ဗိုက်ခွဲမွေးတာလား။” ဖင်ကောက်က ဝင်ရောက်မေးမြန်းလိုက်၏။

“ဟ... ငတုံးရ... ခွဲမွေးမလားကွ... ရိုးရိုးပဲ မွေးတာပေါ့။ မဟုတ်ရင် ဒီနေ့ထိ ဆေးရုံကဆင်းရဦးမှာ မဟုတ်သေးဘူး... ခဏနေစမ်းပါဦးကွာ... သူ့ကို ငါ့မိန်းမ ငါ့မိန်းမလို့ မခေါ်ကြစမ်းပါနဲ့... ဖင်ကျိန်းလွန်းလို့ပါ။”

ဖင်ကောက် ပြန်လျှောချသွားခဲ့သည်။ “ဟားဟားဟား... အေးပါကွာ... မေ့သွားလို့ပါ။”

အရက်တစ်ခွက် ဝင်ပြီးသွားခဲ့သော် ဘူဇွာတစ်ယောက် အာသွက်လျှာသွက် ဖြစ်လာလေပြီ။ ဘဲကြီးထံမှ ဆေးလိပ်တစ်လိပ်ကိုလည်း တောင်းသောက်လိုက်သေး၏။ အရက်နောက်တစ်ခွက် ထပ်ငဲ့နေသော ဘူဇွာ့ကို ဘဲကြီးနှင့် ဖင်ကောက်တို့နှစ်ယောက် ပြုံးစစမျက်နှာပေးများဖြင့် အချင်းချင်း မျက်စပစ်ပြီး ကြည့်နေလိုက်ကြသည်ကိုလည်း သူ့မျက်လုံးထောင့်မှ တွေ့လိုက်ရပြန်သည်။ သို့သော်... ကိစ္စမရှိ။ ဤအိမ်သည် သူ့ စားအိမ်သောက်အိမ်၊ အားနာစရာ ဘာမှမရှိ။ သူတို့အားလုံး ပြောမနာဆိုမနာ သူငယ်ချင်းများ ဖြစ်နေကြသည်မဟုတ်ပါလား။

“ကလေးမွေးတာနဲ့ပတ်သက်လို့ ကျနော်က ဘာအတွေ့အကြုံမှ ရှိတာမဟုတ်ဘူးဗျ။ သူနာပြုကြီး ဆွဲခေါ်သွားတုန်းကဆို ကြက်သီးတောင် ဖြန်းဖြန်းထတယ်။ နောက်တော့လည်း ဘာမှမဟုတ်ပါဘူးဗျာ... ဒီလိုပါပဲ။ မမကတော့ ရှက်တာပေါ့။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေဗျာ။”

ဘဲကြီးသည် မီးသေလုဖြစ်နေသော ဆေးလိပ်တိုကို ပြာခွက်တွင်း ထိုးချေလိုက်ပြီးမှ စပ်စုလိုက်ပြန်၏။ “ဘာမှ မဟုတ်တာတော့ မဖြစ်နိုင်လောက်ပါဘူး ယောက်ဖ... အသေးစိတ်ကလေးလောက်တော့ လုပ်စမ်းပါဦး။ ငါတို့ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးကွ။”

ဘူဇွာသည် ပြန်ပြောသင့်မပြောသင့် ခဏမျှ စဉ်းစားနေလိုက်သေး၏။ နောက်ဆုံးတွင်တော့ “သူတို့ကို ပြောပြလို့လည်း ဘာမှမဖြစ်လောက်ပါဘူး” ဟု အတွေးပိုက်ထားပြီး စကားစလိုက်လေတော့သည်။

“ကလေးက ဘေးတိုက်ကလေး ထွက်လာတာဗျ။ ပက်လက်လှန်လည်းမဟုတ်ဘူး၊ မှောက်ရက်အနေအထားလည်း မဟုတ်ဘူး။ ခေါင်းနဲ့ စထွက်လာတာ။”

ဘူဇွာစကားဆက်ပြောစေရန် မည်သူမှ ဘာမှ ဆက်ပြီးမမေးမြန်းခဲ့ကြချေ။

ဘူဇွာသည် လက်ကျန်ဆေးလိပ်ကလေးကို ရှိုက်ဖွာလိုက်ရင်းမှ စကားဆက်လိုက်သည်။ “ကျနော်မှတ်မိသလောက်ကတော့..” ဘူဇွာသည် သူ့ခန္ဓာကိုယ်ကြီးကို တစ်ပတ်လောက် လှည့်ကြည့်နေလိုက်သေးပြီး လက်များ ဟိုမြှောက်သည်မြှောက် လုပ်နေကာ ဘယ်ညာစဉ်းစားနေပြီးမှ-“ကလေးခေါင်းက ဒီဘက်ကထွက်လာတာဆိုတော့ ညာဘက်ပေါင်ကို မျက်နှာမူပြီး ဘေးတိုက်ကလေးထွက်လာတာ။”

ဘဲကြီးနှင့်ဖင်ကောက်တို့၏ မျက်နှာများက ပြုံးဖြီးဖြီးကြီး ရှိနေကြပြီး သေသေချာချာ နားစွင့်နေကြ၏။

ဘူဇွာ စကားပြန်ကောက်လိုက်သည်။ “အဲဒါဗျာ... ကလေးခေါင်းထွက်လာတော့ နည်းနည်းကြပ်နေပုံထောက်တယ်။ ဆရာဝန်မက ညှစ်... ညှစ်... လို့တော့ အားပေးတာပဲ။ မမလည်း အံကြိတ်ပြီး ညှစ်ထုတ်ပါသေးတယ်။ မရဘူးဗျ။ မထွက်လာဘူး... နည်းနည်းလေး တစ်နေတယ်။ အဲဒါနဲ့ ဆရာဝန်မက ဘာမပြောညာမပြောဘဲ ကတ်ကြေးကြီးနဲ့ ဗြတ်ဆို ညှပ်ချပစ်လိုက်တာဗျ။ ကျနော်ဖြင့် လိပ်ပြာတောင် လွင့်ထွက်သွားမတတ်ပဲ။ ဟူး...”

ဖင်ကောက်တို့လည်း ပခုံးများ တွန့်သွားခဲ့ကြ၏။ မျက်နှာများလည်း ရှုံ့မဲ့သွားခဲ့ကြ၏။

ဘဲကြီးက နုံအစွာ မေးမြန်းလိုက်သေးသည်။ “ကတ်ကြေးကြီးနဲ့ ဗြတ်ဆို ညှပ်ချတယ်ဆိုတော့ ဘယ်နေရာကို ညှပ်ချလိုက်တာလဲ... ငါ သိပ်ပြီးနားမလည်ဘူး။”

ဘူဇွာ၏ မျက်နှာကြီး နီရဲသွားခဲ့ပြီး ခေါင်းတခါခါဖြင့် ပြန်ဖြေလိုက်သည်။ “ဟာဗျာ... ဘဲကြီးကလည်း... လုပ်တော့မယ်။ ကလေးမွေးပါတယ်ဆိုမှ ကလေးထွက်လာတဲ့နေရာကို အပေါက်ကျယ်လာအောင် ညှပ်ပေးခဲ့တာနေမှာပေါ့... ခင်ဗျားဗျာ... မေးစရာလား.. ဒီမေးခွန်းက။”

အရက်နောက်တစ်ခွက် ဝင်သွားခဲ့ပြီးသော် ဘူဇွာ အာလေးလျှာလေး ဖြစ်လာလေပြီ။ စောစောတုန်းက ပြောသင့်မပြောသင့် ထိန်းထားခဲ့ပုံရသည့် စကားတစ်ခွန်းကိုလည်း သူ့အလိုလို ပွင့်အံလာ၏။

“ကျနော်လည်း အဲဒီနေ့က မွေးခန်းထဲရောက်နေတယ်ဆိုတာ သတိကို မရတော့ဘူးဗျာ။ လူတစ်ကိုယ်လုံးလည်း ဟုန်နေတာပဲသိတယ်။”

ဘူဇွာသည် ယာပြီးသားဖြစ်နေသည့် ကွမ်းတစ်ယာကို ပါးစောင်တွင်း ထည့်ငုံလိုက်ပြီး စကားဆက်လိုက်၏။ “ကလေးက မွေးကတည်းက ဆံပင်တွေက အရမ်းသန်တာဗျ။ ကလေးခေါင်း မည်းမည်းကြီးထွက်လာတော့ ကျနော် တော်တော်လေး လန့်သွားခဲ့သေးတယ်။ ခေါင်းကြီးကလည်း မည်းမည်းကြီး... ပြီးတော့ သွေးတွေ၊ အရိအရွဲတွေနဲ့ဆိုတော့ မမများ ကြောက်ချေးတုံးကြီး ပါချလိုက်တာလားဆိုပြီး မျက်လုံးပြူးမျက်ဆံပြူးကို ဖြစ်သွားခဲ့တာပဲ။”

0 Comments: