Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၂၀) ဘူဇွာဒက်ဒီ

ယခုတလော ဘူဇွာ အလုပ်ထဲတွင် အာရုံနစ်မြုပ်ထားနေမိ၏။

သူငယ်ချင်းများနှင့်လည်း မတွေ့၊ အပျော်အပါး အသောက်အစားများကိုလည်း ယာယီသဘောဖြင့် မယုတ်မလွန် ဥပက္ခာပြုထားသည်။ ဘူဇွာ့ထံတွင် သူ့ဘဝရှေ့ရေးဖြောင့်ဖြူးသာယာစေမည့် ဖလန်းဖလန်း အကြံအစည်များရှိနေသည်။ ဖြစ်ချင်တာတွေ လောလောလတ်လတ်ကြီး မဖြစ်နိုင်သေးသော်လည်း ဖြစ်လာနိုင်မည့်အချိန်တွင်မူ ကိုယ့်ထံတွင် လိုအပ်သည့် အရည်အချင်းအချက်အလက်များ ပြည့်စုံစွာ ရှိနေရမည်မဟုတ်ပါလား။

သူ စားပွဲထိုးအဖြစ် အလုပ်လုပ်နေသည့် ဂျပန်စားသောက်ဆိုင်တွင် သူ့ကို လူချစ်လူခင်လည်း ပေါများလှသည်။ သူဌေးလုပ်သူကအစ သူနှင့် ရံဖန်ရံခါ တွဲဖြစ်တတ်သည်။ ဘာရယ်လို့တော့မဟုတ်၊ ပင်လယ်စာလေးဘာလေး ညလယ်စာသွားစားကြမည်... ဘီယာအနည်းငယ်သောက်ပြီး လေကန်ကြမည်။ အလုပ်ချိန်တွင် ဘူဇွာသည် သူ့သူဌေးကို သူဌေးတစ်ယောက်လို ဆက်ဆံတတ်သော်လည်း အလုပ်ချိန်မဟုတ်သည့်အချိန်များတွင်မူ မိတ်ဆွေတစ်ယောက်လို ဆက်ဆံတတ်၏။ သူ၏ပေါင်းသင်းဆက်ဆံရေးဆန့်မှုကြောင့် သူဌေးလုပ်သူကလည်း သူ့ကိုချစ်သည်။

ယခုလောလောဆယ် ဘူဇွာစိတ်ဝင်စားနေသည်မှာ ဆူရှီလိပ်သည့်ပညာဖြစ်သည်။ ဆူရှီလိပ်ခြင်းက မခက်၊ သို့ရာတွင် ဆူရှီဆိုင်တစ်ဆိုင်ဖြစ်လာရေးအတွက် အဘက်ဘက်က ထောင့်စေ့အောင်၊ အကွက်စေ့အောင် လုပ်ကိုင်ဆောင်ရွက်ရသည့်အလုပ်က ခေါင်းစားစေသည်။ ထို့ကြောင့် ဆိုင်တွင် လူကျနည်းသည့်အချိန်တိုင်းလိုလို ဆူရှီဘားနောက်သို့ ဘူဇွာရောက်နေတတ်သည်။ ဆူရှီလိပ်သည့်ဆရာကိုလည်း ဆေးလိပ်တန်သည်ဆေးလိပ်၊ အရက်တန်သည်အရက်၊ ထိုမျှမက ဆူရှီဆရာကြိုက်နှစ်သက်တတ်သည့် အညှီအဟောက်ဒီဗွီဒီအခွေများကိုလည်း ရှာကြံဝယ်ယူလာပြီး လာဘ်ထိုးပေးရသေးသည်။ ဆူရှီဆရာသည် အင်ဒိုနီးရှား တရုတ်လူမျိုး၊ လူပျိုကြီးဖြစ်ပြီး ထိုအရာများကို နှစ်သက်တတ်ကြောင်း ဘူဇွာ နောကြေစွာသိနေလေသည်။

တစ်ရက်က အပြင်ဘက်တွင် သူနှင့်အတူ ဆေးလိပ်ထွက်သောက်နေရင်း ဆူရှီဆရာက စကားမစပ် မေးမြန်းလိုက်သည်။ “မင်းတို့လူမျိုးတွေရဲ့ ဇာတ်ကားလေးတွေကော မရှိဘူးလား။”

ဘူဇွာသည် လက်ထဲမှ ကုန်ခါနီးပြီဖြစ်သော ဆေးလိပ်တိုလေးကို မြေကြီးပေါ်ပစ်ချပြီး နင်းချေလိုက်၏။ ပြီးမှ မျက်လုံးများကို မှေးစင်းထားပြီး အီးအင်းဆွဲနေကာ ပြန်ဖြေလိုက်၏။ “အဲဒါတော့ မရနိုင်ဘူးထင်တယ် ဘောစိ။ ကျနော်တို့လူမျိုးမှာ အဲဒါတွေသိပ်မရှိဘူးဗျ။”

တော်သေးသည်။ ဆူရှီဆရာက ရှေ့ဆက်မမေးမြန်းလာခဲ့၍သာ... မဟုတ်ပါက ခေါင်းမီးတောက်အောင် လိုက်ရှာရပေဦးမည်။ ဪ... လူတွေလူတွေ... အရူးချည့်ပါပဲလားဟု တွေးနေရင်း ဘူဇွာ သက်ပြင်းမောကြီး ချလိုက်မိတော့သည်။

+++++

ယခင် ဖင်ကောက်နေခဲ့သောအခန်းထဲတွင် မမကြီးကို ပေးနေထားပြီး ဘူဇွာကတော့ သူ့အခန်းလေးထဲ၌သာ စတည်းချသည်။ မမနှင့် သူသည် တစ်ရက်နေလို့ တစ်ခါပင် စကားကောင်းကောင်းပြောရသည်မရှိ။ ဘူဇွာအလုပ်က ပြန်ရောက်လာချိန်တွင် သူမသည် အိပ်ယာဝင်သွားပြီဖြစ်ပြီး နောက်တစ်ရက် ဘူဇွာနိုးလာသည့်အချိန်တွင်မူ သူမသည်လည်း ကျောက်တန်းသို့ သွားရောက်အလုပ်လုပ်နေပြီဖြစ်သည်။ ပန်းသီးမြို့တော်ကြီး၏ ကျောက်တန်းတွင် ရွှေများ အများအပြားအလုပ်လုပ်နေကြလေသည်။ အထူးသဖြင့် အမျိုးသမီးအများစုသည် ကျောက်တန်းတွင် အလုပ်လုပ်လေ့ရှိကြသည်။

ကျောက်တန်းဆိုသည်မှာ မိုးမျှော်တိုက်ကြီးများ ထိုးထိုးထောင်ထောင်ရှိနေသည့် ပန်းသီးမြို့တော်ကြီး၏ အလယ်ခေါင်တဝိုက်တွင် ရှိသည်။ စိန်မျိုးစုံ၊ ကျောက်မျိုးစုံ အရောင်းအဝယ်ပြုလုပ်သည့် နေရာဌာနကြီးတစ်ခုလည်းဖြစ်သည်။ ထိုနေရာကြီးတွင် အမျိုးသမီးများအတွက် အလုပ်အကိုင်အဆင်ပြေစွာ ရတတ်ကြသည်။ ကျောက်ချောရွေးခြင်း၊ ကျောက်စီခြင်းမှစ၍ သူဌေး (သို့) ကုမ္ပဏီ၏ စာရေးစာချီ ဝန်ထမ်းအလုပ်များ၊ ကိုယ်တိုင်ဝယ်ရောင်းလုပ်သည့် ပွဲစားအလုပ်များထိ အလွှာပေါင်းစုံမှ ဝင်ရောက်လုပ်ကိုင်နိုင်ကြသည်။

ဘူဇွာ၏ မမသည် ဘူဇွာ့အသိတစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့် ကျောက်တန်းတွင် ကျောက်ချောရွေးသောအလုပ်ကို ယာယီလုပ်ကိုင်နေ၏။ လခရသည်မှာ နည်းပါးသော်လည်း အိမ်တွင်ထိုင်နေပြီး ဘာမှလုပ်စရာမရှိသည်ထက်စာလျှင် ဝင်ငွေလေးတစ်ခုတော့ ပုံမှန်ရနေတတ်သောကြောင့် မမသည် အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူမ၏ကိုယ်ဝန်ကြီးက တဖြည်းဖြည်း ရင့်လာပေပြီ။ ဘူဇွာနှင့်လက်ထပ်ကတည်းက နှစ်လခွဲရှိခဲ့သော ကိုယ်ဝန်ကြီးသည် ယခုအခါတွင် ၈ လနီးပါးရှိနေချေပြီ။ အလ်ထရာဆောင်း ရိုက်ထား၍ သိရသည်မှာ သားယောက်ျားလေးဖြစ်မည်ဟု...

စောစောပိုင်းတုန်းကတော့ ဘူဇွာ သိပ်ပြီးစိတ်မပူလှ။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်မှ သူ့ယောက္ခမအတုကြီး လာလည်မည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်...

တစ်ရက်က အလုပ်မှ မောမောပမ်းပမ်းဖြင့် အိမ်ပြန်လာချိန်တွင် အိမ်လယ်ခန်းမီးများ လင်းနေသေးကြောင်း တွေ့လိုက်ရသည်။ မမ မီးပိတ်ဖို့ မေ့သွားတာပဲဖြစ်မည်ဟု ထင်ထားသောကြောင့် သိပ်ပြီးရှည်ရှည်ဝေးဝေး မတွေးနေတော့ဘဲ အိမ်ထဲသို့ ပုံမှန်အတိုင်းပင် ဝင်ရောက်လာခဲ့သည်။ အိမ်ထဲအရောက် ဖိနပ်ချွတ်နေချိန်မှ ဧည့်ခန်းရှိ ဆိုဖာထိုင်ခုံတစ်ခုပေါ်တွင် မမသည် ငူငူငေါင်ငေါင်ကြီး ထိုင်နေပြီး မျက်လုံးများလည်း မို့မောက်နီရဲနေကြသည်ကို ဘူဇွာ အံ့အားသင့်စွာ တွေ့လိုက်ရ၏။

“မမ မအိပ်သေးဘူးလား။”

သူ့အမေးစကားကို မမသည် ခေါင်းလေးစောင်းငဲ့ကြည့်ရုံ ပြန်ဖြေခဲ့ပြီး ဘာမှတော့ပြန်မပြောခဲ့။ ဘူဇွာသည် လွယ်ထားသော ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး မမနှင့်မျက်နှာချင်းဆိုင်ရှိ သူ၏ ကွန်ပြူစားပွဲခုံအနီးမှ ထိုင်ခုံပေါ်တွင် ဆတ်ခနဲထိုင်ချလိုက်ပြီး မမကို မေ့ငေါ့ကာ ထပ်မံမေးမြန်းလိုက်ပြန်သည်။ မမက စီးကျလာသည့် မျက်ရည်စများကို လက်တစ်ဘက်ဖြင့် သုတ်လိုက်ပြီး တစ်ချက်မျှ ရှိုက်ငင်နေသေးပြန်၏။ ဘူဇွာ မသင်္ကာတော့... တစ်ခုခုတော့ မှားနေပြီ...

မမတွင် မျက်ရည်ကြီးငယ်ကျလောက်အောင် ငိုစရာဘာအကြောင်းမှမရှိ။ ဝမ်းနည်းစရာသတင်းတစ်ခုကို ကြားရပြီး ငိုခြင်းမှလွဲ၍ ဘာမှမဖြစ်နိုင်။ ဘူဇွာ့ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ ညံသွားခဲ့သည်။ ဘူဇွာတို့ဆိုင်ရှိ တီဗွီဖန်သားပြင်အကြီးကြီးပေါ်တွင် သတင်းများဖွင့်ထားချိန်ဆို... အမြဲတမ်းလာတတ်သည့်သတင်းများမှာ အီရတ်နှင့် အာဖဂန်နိုင်ငံ စစ်မြေပြင်များရှိ အမေရိကန်စစ်သားများ အသေအပျောက်စာရင်းက ထိပ်ဆုံးသတင်းများ ဖြစ်နေတတ်သည် မဟုတ်ပါလား။ ဘုရား... ဘုရား... မမ၏ ချစ်သူအမျိုးသားဖြစ်သူ အီရတ်စစ်မြေပြင်တွင် သေသွားခဲ့တာများလားဟုလည်း စိုးရွံ့ထိတ်လန့်စွာ အတွေးပွားနေမိ၏။ ထိုသို့ဖြစ်လာပါက ဘူဇွာတစ်ယောက် ခေါင်းကြီးပေတော့မည်။ လောလောဆယ် ယောက္ခမအတုကြီးလည်း ပန်းသီးမြို့တော်သို့ လာရောက်လည်ပတ်ဖို့ ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ဗီဇာဝင်နေချိန်... မမ၏ ချစ်သူသည်လည်း အီရတ်စစ်မြေပြင်တွင် သေဆုံးသွားခဲ့သည်ဆိုပါက ဘူဇွာ၏နောင်ရေးက မတွေးဝံ့စရာ...

ဘူဇွာတစ်ယောက် စိုးရိမ်ထိတ်လန့်သည့်လေသံဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။ “မမ ဘာဖြစ်နေတာလဲဟင်... ကျနော် စိုးရိမ်လိုက်တာဗျာ... ဘာဖြစ်လို့ငိုနေတာလဲဟင်...”

မမ၏ တစ်ခွန်းတည်းသောအဖြေစကားက ဘူဇွာ့ကို ငရဲကျမည့်ဘေးမှ ကယ်တင်သွားခဲ့လေသည်။

“မေမေ သံရုံးမှာ ဗီဇာမအောင်ဘူး။”

ဘူဇွာ ဝမ်းနည်းရမည်လား... ဝမ်းသာရမည်လား သူ့ကိုယ်သူပင် မဝေခွဲတတ်တော့။ အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ဘူဇွာသည် သူ့ယောက္ခမအတုကြီးကို လာလည်းရောက်လာစေချင်သည်၊ မရောက်လာဘဲလည်း နေစေချင်သည်။ ယောက္ခမအတုကြီး ရောက်လာခဲ့ပါက မီးဖွားမည့်ကိစ္စများအတွက် ဘူဇွာသိပ်ပြီး ခေါင်းစားစရာမလိုတော့။ သို့သော် ယောက္ခမအတုကြီး ရောက်လာပါပြန်လျှင်လည်း သူတို့၏အလိမ်ဇယားများ ပေါ်သွားမည်ကို ဘူဇွာကြောက်နေမိ၏။ ဘာပဲဖြစ်ဖြစ် လှည်းကျိုးမထမ်းရသည့် တစ်ရန်တော့ အေးသွားပြန်ပြီဟု သဘောပိုက်ထားလိုက်တော့သည်။

+++++

ဤတစ်ပတ်လုံး ဘူဇွာ ခွင့်ယူထားသည်။ မမနှင့် အတုလက်ထပ်ပြီးချိန်မှစ၍ ကျောင်းကိုလည်း ခဏနားထားသောကြောင့် ကျောင်းသွားစရာမလိုတော့။ သူ့အတွက် ဗီဇာသက်တမ်းကုန်ဆုံးမည်ကိုလည်း စိုးရိမ်ပူပန်နေစရာမလို။ ဘူဇွာ့ထံတွင် ကျောင်းသားဗီဇာထက် ပိုကောင်းသော၊ အထောက်အထားပိုပြီးခိုင်မာသည့် စာရွက်စာတမ်းများ လက်ဝယ် ရရှိနေပြီမဟုတ်ပါလား။

ဤရက်သတ္တပတ်အတွင်းတွင် မမ မီးဖွားမည်ဟု သားဖွားဆရာဝန်က due date ပေးထားခဲ့သည်။ အတိအကျပြောရလျှင် လာမည့် အင်္ဂါနေ့တွင် မမကို ဆေးရုံတင်ရမည်ဖြစ်သည်။ ဤရက်များမတိုင်ခင် ၂ ပတ်ခွဲလောက်ကတည်းက မမသည် သူမ၏ ကျောက်တန်းအလုပ်မှ သားဖွားရန်အတွက်ဟုဆိုကာ ထွက်စာတင်ထားခဲ့ပြီးလည်းဖြစ်သည်။ ကလေးမီးဖွားပြီးချိန်မှစ၍ အလုပ်မလုပ်တော့ရန် ဘူဇွာကိုယ်တိုင်က မမကို ဖျောင်းဖျပြောဆိုထားခဲ့၏။ ကျန်သည့်အရာများအတွက် သူ ကိုယ်တိုင် တာဝန်အပြည့်အဝယူမည်ဟု ဘူဇွာအာမန္ဘန္ဒေခံထားခဲ့လေသည်။

မမကိုယ်တိုင်ကလည်း ကလေးတစ်ဘက်နှင့် မည်သို့အလုပ်လုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဘူဇွာ့အကြံပေးချက်ကို ငြင်းချက်မရှိ အသာတကြည်ပင် လက်ခံခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ကတည်းက ဘူဇွာသည် သူငယ်ချင်းများကို ဖုန်းဆက်အကြောင်းကြားထားပြီးဖြစ်သည်။ မမ ကလေးမွေးဖွားရန် ဆေးရုံအကြိုအပို့လုပ်ဖို့လည်း ရှမ်းပဲပုပ်ထံ အကူအညီတောင်းခံထားပြီးဖြစ်သည်။ ဘူဇွာ၏ သူငယ်ချင်းများသည် ဘူဇွာနှိပ်စက်သမျှ ခေါင်းငုံ့ခံကြသည်မှာ သူ့ကိုချစ်လွန်း၍ဖြစ်ကြောင်းကိုလည်း သိနေပါသည်။

+++++

ဆေးရုံက လာဖို့ချိန်းဆိုထားသည်မှာ မနက်စောစော ၆ နာရီခွဲဖြစ်သည်။ ရှမ်းပဲပုပ်သည် တနင်္လာညကတည်းက ဘူဇွာ့အိမ်သို့ ရောက်နေ၏။ လူချည်းသက်သက် လာခဲ့သည်မဟုတ်သေး၊ သောက်စရာ ပုလင်းများလည်း ယူလာခဲ့သေး၏။ တော်သေးသည်ဟုပင်ဆိုရမည်... အရက်ပြင်းများမယူလာဘဲ ဘီယာလေး ၂ ပုလင်းပိုက်ပြီးရောက်လာခဲ့သောကြောင့် ဘူဇွာ ခေါင်းပေါ့သွားသည်။ အနှီသူငယ်ချင်းအကြောင်းကို လည်ပင်းဖက်ပေါင်းလာခဲ့သောကြောင့် ဘူဇွာ နောကြေနေပြီဖြစ်သည်။ အရက်များများသောက်ထားပြီးလျှင် မနက်မထနိုင်သည့် ရှမ်းပဲပုပ်ကြောင့် မမ၏ ဆေးရုံသွားချိန် အနှောက်အယှက်ဖြစ်မှာ ဘူဇွာ စိုးရိမ်လှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ ဘူဇွာ့ထံတွင် ယာဉ်မောင်းလိုင်စင်မရှိသေး... ကားဘယ်လိုမောင်းပြီး ဆေးရုံသို့ သွားရပါမည်နည်း။ ယခုတော့ ဘူဇွာ၏ စိုးရိမ်စိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။ သူသည်ပင်လျှင် ရှမ်းပဲပုပ်ယူလာခဲ့သော ဘီယာတစ်ပုလင်းကို ဓားပြတိုက် သောက်လိုက်သေး၏။

ဆေးရုံသို့ရောက်သော် မနက် ၆ နာရီထိုးခါနီးပေပြီ။ မမအတွက် မွေးလူနာထားသည့်အခန်းတစ်ခန်းကို တာဝန်ကျဆေးရုံဝန်ထမ်းများက စီစဉ်ပေးထားသည်။ မွေးခန်းတွင်းသို့မဝင်ရောက်မီ ဖြည့်စရာရှိသည့်စာရွက်စာတမ်းများကိုလည်း ဖြည့်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းများကို ဘူဇွာ ကြိုပြီး အပူကပ်ထားခြင်းဖြစ်သည်။ ဘူဇွာကိုယ်တိုင်က အင်္ဂလိပ်စာ သိပ်အကျွမ်းကြီး တတ်သည်မဟုတ်။ ခက်သည်က ယခုအချိန်ထိ ရှမ်းပဲပုပ်မှလွဲ၍ မည်သည့်သူငယ်ချင်းမှ မရောက်လာကြသေး... ဖွတ်ကျားတွေ အိပ်ပုတ်ကြီးနေကြခြင်းဖြစ်မည်။

ဘူဇွာ၏ တောင်ရောက်မြောက်ရောက်အတွေးစများကို သူနာပြုဆရာမ၏ အော်ခေါ်လိုက်သံက ဖြတ်တောက်လိုက်၏။ “ကလေးအဖေ ဘယ်သူလဲ။”

ဘူဇွာသည် ဟိုငေးသည်ငေးလုပ်နေပြီး ကြောင်တောင်တောင် ဖြစ်နေသောကြောင့် ရှမ်းပဲပုပ်က ဘူဇွာ့တင်ပါးကို ဒူးနှင့်တိုက်ပြီး သတိပေးလိုက်ရ၏။ ထိုအခါမှသာ ဘူဇွာသည် ရှပ်ပြာရှပ်ပြာဖြင့် သူနာပြုဆရာမရှိသည့် ကောင်တာနားသို့ အပြေးလေးလှမ်းသွားတော့သည်။

“နင်က ကလေးအဖေလား။”

ဘူဇွာ ခေါင်းမညိတ်ချင်ညိတ်ချင်ဖြင့် ညိတ်ပြလိုက်သည်။ မမကတော့ သူမ၏ ဗိုက်ပူပူလေးကို ပွတ်သပ်နေပြီး တစ်နေရာသို့ ငေးကြည့်နေသည်။ ဪ... သူလည်း ဒီအချိန်တွင် ချစ်သူယောက်ျားဖြစ်သူကို တမ်းတနေမိမှာပဲဟု ဘူဇွာ မမကို တစ်ချက်ငေးကြည့်ရင်း တွေးနေမိလိုက်ပြန်၏။

“ဟဲလို... ဒီမှာ... ဒီစာရွက်တွေထဲ ကြက်ခြေခတ်ခြစ်ထားတဲ့နေရာတွေမှာ လက်မှတ်ထိုးပေးပါ။”

သူနာပြုဆရာမဖြစ်ဟန်တူသူ၏ ခပ်ငေါက်ငေါက် အပြောကြောင့် ဘူဇွာ သတိပြန်လည်လာပြန်သည်။ စာရွက်များတွင် လက်မှတ်ထိုးအပြီးတွင် ဘူဇွာက ခပ်ငေါ့ငေါ့လေး ပြန်မေးလိုက်သေး၏။ “ဒါပဲလား...”

သူနာပြုဆရာမသည် လူမည်းအမျိုးသမီးကြီးတစ်ယောက်ဖြစ်ပြီး ဘူဇွာ့ထက်ပင် ထောင်ထောင်မောင်းမောင်းရှိဦးမည်။ သူတို့ကို ဧည့်သည်ထိုင်သည့် ထိုင်ခုံများသို့ လက်ညှိုးထိုးပြလိုက်ပြီး-“အဲဒီမှာ သွားထိုင်စောင့်နေကြပါ။ အခန်းရရင် ပြန်လာခေါ်မယ်။”

ပြီးသည်နှင့် သူနာပြုဆရာမကြီးသည် ဆတ်ခနဲထကာ ကောင်တာနောက်မှ ထွက်သွားတော့၏။

ဘူဇွာသည်လည်း မမကို လှမ်းခေါ်လိုက်ကာ ပေကြောင်ပေကြောင်ဖြင့် ထိုထိုင်ခုံများတွင် သွားထိုင်နေလိုက်သည်။ ရှမ်းပဲပုပ်ကတော့ ကော်ဖီတစ်ခွက်သွားဝယ်ဦးမည်ဆိုကာ ထွက်သွားခဲ့ပြီဖြစ်သည်။ မသွားခင်-“ယောက်ဖ... မင်းကော ကော်ဖီသောက်ဦးမှာလား” ဟုမေးဖော်ရသေးသည်က ဘူဇွာ့ကို စိတ်ချမ်းသာစေလေသည်။

“မသောက်ချင်တော့ပါဘူးကွာ။ ငါ ရင်ခံနေတယ်။” ဘူဇွာက ရှုံ့မဲ့မဲ့ မျက်နှာပေးဖြင့် ပြန်ဖြေလိုက်၏။

ဤသို့နှင့် တစ်မနက်ခင်းလုံး ကုန်သွားခဲ့ပြီး မွေးလူနာအတွက် ပေးထားသည့်အခန်းထဲတွင် သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေကြသည်။ မွေးပေးမည့်၊ ကိုယ်ဝန်အပ်ထားသည့် ဆရာဝန်သည် နေ့လည်ထမင်းစားချိန်အပြီးမှ လာမည်ဆိုသောကြောင့် စောင့်နေကြရုံမှအပ ဘာမှမတတ်နိုင်ကြပါ။

ရေမွှာပေါက်လွယ်ကူရန်ဆိုပြီး သူနာပြုဆရာမများက ဆေးတစ်ပုလင်းလာချိတ်ပေးသွားခဲ့ပြန်သည်။ ယခုအချိန်ထိ ကလေးမွေးဖွားခြင်း အစီအစဉ်များကို ဘူဇွာ လုံးဝ နားမလည်နိုင်သေးပါ။

နေ့လည်ထမင်းစားပြီးချိန်ထိ မမ၏ ရေမွှာက မပေါက်နိုင်သေး... မမထံတွင် တပ်ဆင်ထားသည့် ဝါယာကြိုးများ ရှုပ်ပွနေပြီး အနီးရှိ ကလေးနှင့်မိခင်တို့၏ နှလုံးခုန်သံ၊ သွေးပေါင်ချိန်တိုင်းတာသည့် စက်ကြီးများသည် တတီတီဖြင့် ကောက်ကွေးနေသည့် မျဉ်းကြောင်းများလည်း ဟိုပြေးသည်ပြေးလုပ်နေသည်မှာ စိတ်ရှုပ်စရာကောင်းလွန်းလှသည်။

ညနေ ၃ နာရီခွဲတွင်တော့ စက်ကြီးတစ်လုံးမှ စူးရှသည့်အသံဖြင့် တီတီတီဟု အဆက်မပြတ်မည်နေသောကြောင့် သူနာပြုတစ်ယောက် အမြန်ပြေးလာခဲ့သည်။ သူမသည် ဝေါ်ကီတော်ကီလေးဖြင့် စကားပြောနေခြင်းလည်းဖြစ်သောကြောင့် မွေးဖွားပေးမည့်ဆရာဝန်ကို ခေါ်ဆိုနေတာဖြစ်ကြောင်း ဘူဇွာ နားလည်လိုက်သည်။

မမ၏ အမျိုးသမီးဆရာဝန်ရောက်လာခဲ့ပြီး မမကို စမ်းသပ်မေးမြန်းနေသေး၏။ မမ၏ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ တစိမ့်စိမ့် ကျဆင်းနေရပြီး နာကျင်မှုကြောင့် ရှုံ့မဲ့စွာ ပြန်ဖြေနေသည်။ ဘူဇွာ သိလိုက်သည့်အချိန်တွင်မူ သူ့အင်္ကျီတစ်ခုလုံးလည်း ချွေးများရွှဲနစ်နေကြောင်း ခံစားမိလိုက်လေတော့သည်။

မွေးခန်းထဲသို့ လူနာတွန်းလှည်းကြီးဖြင့် ဝင်ရောက်သွားသည့် မမတို့နောက်သို့ ဦးတည်ရာမဲ့အတွေးများဖြင့် ဘူဇွာ လျှောက်လှမ်းလိုက်ပါသွားသည်။ အခန်းထဲဝင်ပြီး မမကို အားပေးစကားများ အနည်းငယ်ပြောဆိုပြီးနောက် အပြင်ဘက်တွင်စောင့်နေမည်ဆိုသော အတွေးများဖြင့် ဘူဇွာတစ်ယောက် လှစ်ခနဲ လစ်ထွက်သွားရန် ကြိုးစားလိုက်သေး၏။ သို့သော် မအောင်မြင်...

စောစောတုန်းက သူနှင့်ခပ်တန်းတန်းဖြစ်ခဲ့သော လူမည်းသူနာပြုဆရာမကြီးက ဆတ်ခနဲ မွေးခန်းတံခါးကို တွန်းဖွင့်ဝင်လာရာ အပြင်ဘက်တွင် သူ့ကိုပြုံးစိစိဖြင့် ကြည့်နေသည့် ရှမ်းပဲပုပ်၏ ပြောင်ချော်ချော်မျက်နှာပေးကို စိတ်ဆိုးစွာ တွေ့လိုက်ရသေး၏။ သူနှင့် တိုက်မိမလို ဖြစ်သွားခဲ့သော သူနာပြုဆရာမကြီးထံမှ ကျယ်လောင်သည့် စကားသံကြီး ထွက်ပေါ်လာသည်။ “မင်းက ဘယ်သွားမလို့တုန်း။”

ဘူဇွာ အီးအဲ လုပ်နေလိုက်ပြီး မဖြေချင့်ဖြေချင်ဖြင့် ပြန်ဖြေလိုက်ရသည်။ “ငါ အပြင်မှာ သွားစောင့်မလို့။”

“အခု​မွေးမှာက မင်းမိန်းမ ဟုတ်ပါတယ်နော်။”

ထိုမေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိအောင် ဘူဇွာ ခေါင်းခြောက်သွားခဲ့သည်။ ပြီးမှ ခပ်မြန်မြန် အဖြေပေးလိုက်၏။ “ဟုတ်ပါတယ်... ဘာဖြစ်လို့လဲ။” သူ့စကားသံများ တုန်ခါနေကြောင်းလည်း သိနေသည်။

“ကလေး​မွေးတဲ့အချိန်မှာ မိန်းမတွေ ဘယ်လောက် နာကျင်ပြီး ဒုက္ခခံရလဲဆိုတာ မင်းတို့တွေ မသိပါဘူး။ ကဲ... လာ... ငါနဲ့လိုက်ခဲ့... ဘယ်မှ မသွားရဘူး။ မင်း မိန်းမအနားမှာ အားပေးရင်း ကလေးမွေးတာလိုက်ကြည့်... ဟုတ်ပြီလား။”

ဘူဇွာတစ်ယောက် ခေါင်းတဗြင်းဗြင်းကုတ်ကာ မွေးခန်းထဲသို့ လေးကန်သည့်ခြေလှမ်းများဖြင့် လိမ်ဖယ်လိမ်ဖယ်ပြန်ဝင်သွားခဲ့ရလေတော့သည်။

0 Comments: