Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၉) ပုဆိုးတန်းမတင်လည်း...

“ယောက်ဖ... မင်း ဒီနေ့ည ကားမမောင်းတော့ဘူးမဟုတ်လား။”

စားသောက်ဆိုင်မှ အထွက်တွင် ဖင်ကောက်၏ လှမ်းမေးလိုက်သံကို ကြားလိုက်ရသောကြောင့် နောက်သို့ လှည့်ကြည့်မိသည်။ ရှမ်းပဲပုပ် ခေါင်းညိတ်ပြလိုက်၏။

“ဒါဆိုရင်လည်း ဗျိုင်းကြီးတို့အိမ်ကို ပြန်လာခဲ့ကွာ။ ငါတို့အားလုံး အဲဒီမှာ ရှိနေကြမယ်။”

ဘူဇွာတို့လင်မယားကတော့ ကားထဲသို့ ဝင်ထိုင်နေကြပြီဖြစ်၏။ ဘူဇွာက ကားမှန်တံခါးလေး ဖွင့်ပြီး လှမ်းစပ်စုလိုက်သေးသည်။ “မင်းတို့ကောင်တွေ ဘာလုပ်ကြဦးမလို့လဲ။ သောက်ကြဦးမလို့လား။ ငါလည်း လာချင်တယ်ကွာ။”

စကားသိပ်များများစားစား မပြောတတ်သည့် ဗျိုင်းကြီးက ဝင်ရောက်ဟန့်တားလိုက်သည်။ “မင်းဟာမင်း အေးအေးဆေးဆေး နှပ်နေခဲ့ပါကွာ။ မင်္ဂလာဦးည အခွင့်အရေးက ရတောင့်ရခဲ မောင်...”



+++++

ဗျိုင်းကြီးတို့အိမ်ကို ရောက်တော့ ည ၉ နာရီကျော်ပင် ရှိနေပြီ။ ထူးထူးဆန်းဆန်း... ဗျိုင်းကြီး၏ ဝမ်းကွဲညီမဖြစ်သူ စာဥနှင့် သူမ၏ သူငယ်ချင်းမလေးများလည်း ရောက်ရှိနေကြ၏။ အားလုံးပင် ပျော်ပျော်ပါးပါးနှင့် စကားဖောင်ဖွဲ့နေကြသော်လည်း မျက်နှာများတွင်တော့ သူ့ကို စောင့်ဆိုင်းနေသည့်အမူအရာများ ပြည့်နှက်နေကြသည်။

သူရောက်လာတော့ အားလုံး၏မျက်နှာများ ဝင်းလက်သွားကြသည်ထင်သည်။ ဖင်ကောက်က အလိုက်သိစွာဖြင့် ဘီယာတစ်ပုလင်းဖွင့်ကာ ကမ်းလာခဲ့သည်။

“ဟဲ့... ငါတော့ စိတ်ထဲ မအောင့်ထားနိုင်တော့ဘူး။ မေးမှကိုဖြစ်မယ်။ နေစမ်းပါဦး... ဘူဇွာနဲ့ သူ့မိန်းမတို့က ဘယ်လိုကနေ ဘယ်လို တွေ့ခဲ့ကြတာလဲ။” စာဥ၏ အသံစူးစူးလေးက ဘီယာငုံနေသည့် ရှမ်းပဲပုပ်ကို သီးတော့မတတ်ဖြစ်သွားစေခဲ့လေသည်။

“ခဏနေကြပါဦးဟာ.. ငါ သောက်ပါရစေဦး... ပြောပြပါ့မယ်။”

ဖင်ကောက်က လောဆော်လိုက်သည်။ “ယောက်ဖ... ပြောမှဖြင့်လည်း မြန်မြန်ပြောကွာ... ဒီမှာ နောက်နေ့ အလုပ်သွားရမယ့်လူတွေလည်း ရှိနေသေးတယ်။ ငါတို့ မင်းကို စောင့်နေကြတာ။”

ရှမ်းပဲပုပ်က ကွမ်းတစ်ယာကို ယာစားနေလိုက်သေး၏။ လက်ထဲမှ ဘီယာပုလင်းလေးကို ဆကာဆကာ ငေးကြည့်နေရင်းမှ လူအားလုံးကို ခြုံငုံပြီး မေးမြန်းလိုက်သည်။ “‘ပုဆိုးတန်းတင် အကြင်လင်မယား’ဆိုတဲ့စကားကို ကြားဖူးကြတယ်မဟုတ်လား။”

ဘဲကြီးက ဦးစွာဗွေဆော် ထဖောက်လာခဲ့သည်။ “ဒီမှာ ဘယ်သူမှ ပုဆိုးမဝတ်ဘူးဟေ့ကောင်... တင်စရာ ဘာဝါးတန်းမှလည်း မရှိဘူး။‘ ဘောင်းဘီချွတ်ပုံအကြင်လင်မယား’လို့ပြောရင်တောင် ပိုနီးစပ်ဦးမယ်။”

အရွှမ်းဖောက်လိုက်သော ဘဲကြီး၏ပျက်လုံးကြောင့် အားလုံးပင် တသောသော ရယ်မောနေမိကြသည်။

ရှမ်းပဲပုပ်က ကွမ်းသွေးများကို ပါလာသည့် သောက်ရေသန့်ပုလင်းလေးထဲ ထွေးထည့်လိုက်ပြီးမှ ဘဲကြီးကို ပြန်ပြောလိုက်သည်။ “ထားလိုက်ပါတော့ဗျာ... ကျုပ်ပြောချင်တာက အာဝါဟဝိဝါဟ သဘောတရားလေးကိုပါ။”

ကျားကျားက ရွှတ်နောက်နောက် ဝင်ဆိုလာပြန်သည်။ “ဟာ... ကိုရှမ်း... ကျနော်တို့ ဘာပါဠိမှ တတ်တာမဟုတ်ဘူးနော်... ဗမာလို ရှင်းရှင်းပြောဗျာ။”

“ဒါနဲ့ စကားမစပ်... အခုတိုက်နေတဲ့ အီရတ်စစ်ပွဲကို ဘယ်လိုမြင်ကြလဲ။ သေလိုက်ကြတဲ့ အမေရိကန် စစ်သားတွေ... ထောင်းထောင်းကို ကြေနေတာပဲ။”

ရှမ်းပဲပုပ်၏ တောင်ရောက်မြောက်ရောက် စကားကို အားလုံးအငိုက်မိသွားခဲ့ကြသည်။ စိတ်မရှည်နိုင်ဖြစ်လာသော ဗျိုင်းကြီးက မတ်တတ်ထရပ်လာခဲ့ပြီး အော်ပြောလိုက်သည်။ “ဟေ့ကောင်... ဘယ်ကနေဘယ်လို အီရတ်စစ်ပွဲက ပါလာရပြန်တာတုန်း။ မင်းပြောမယ့် ဘူဇွာ့အကြောင်းကို နားထောင်ချင်လို့ မအိပ်ဘဲစောင့်နေပါတယ်ဆိုမှ... ချီးပဲ...”

ရှမ်းပဲပုပ်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး “ကဲပါဗျာ... အီရတ်စစ်ပွဲရဲ့အဖြေက ခင်ဗျားတို့ သိချင်နေတဲ့ ဘူဇွာ့မိန်းမအကြောင်းနဲ့ နည်းနည်းလေး ပတ်သက်နေတယ်ဆိုရင်ကော...” ဟု ဆိုလိုက်လေသည်။

+++++

မင်္ဂလာမဆောင်ခင်တစ်ပတ်အလိုက ရှမ်းပဲပုပ်ထံ ဘူဇွာ ဖုန်းဆက်လာခဲ့၏။ သူနှင့် အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးနေသော မမကြီးတစ်ယောက် သူ့အိမ်ကို လာမည်ဟု ပြောလာခဲ့သည်။ လာမည့်သူအတွက် ခုတင်အပိုတစ်လုံးနှင့် အိပ်ယာခန်းဝင်ပစ္စည်းများ ဝယ်ထားရန် လိုအပ်လာသောကြောင့် သူ့ကို ကားလိုက်မောင်းပို့ရန် အကူအညီ တောင်းလာခဲ့ခြင်းလည်းဖြစ်သည်။

လူချင်းတွေ့တော့မှပင် ဘူဇွာက ရင်ဖွင့်လာခဲ့သည်။ ထိုအမျိုးသမီးကို သူလက်ထပ်တော့မည်ဟု ဆိုလာခဲ့သော ဘူဇွာ့ကို ရှမ်းပဲပုပ်သည် တစ်ခါမှမမြင်ဖူးသည့် လူထူးလူဆန်းတစ်ယောက်လို ငေးကြည့်နေမိ၏။

“ဟုတ်တယ် ယောက်ဖ... ငါသူ့ကို လက်ထပ်မယ်။ တရားဝင် လက်ထပ်မယ်ကွာ...”

“ခဏနေဦး... မင်းတို့တွေ့ခဲ့ကြတာ အွန်လိုင်းပေါ်မှာနော်... ဟိုတစ်ခေါက်တုန်းက မင်းရဲ့ ဘလိုင်းဒိတ်ကြီးကို မှတ်မိသေးလား။...”

ရှမ်းပဲပုပ်၏စကားကို ဘူဇွာက ဖြတ်ပြောလိုက်သည်။ “မင်းဘာပြောချင်လည်း ငါသိပါတယ်ကွာ။ အဲလို မဟုတ်ပါဘူး။ အခုဟာက အမှန်အကန်ကွ။ မင်းကို ငါ ရှင်းရှင်းပဲပြောမယ်ကွာ... ငါ့အခြေအနေကို မင်းလည်း သိပါတယ်။ ငါ့မှာ မင်းတို့လို တရားဝင်စာရွက်စာတမ်းဆိုလို့ ကျောင်းကထုတ်ပေးထားတဲ့ I20 လေးကလွဲပြီး ဘာမှ ရှိတာမဟုတ်ဘူး။ ငါ မြန်မာပြည်ကိုလည်း မပြန်ချင်ဘူးကွာ။ ဒီမှာ ကြိုးစားရုန်းကန်ကြည့်ချင်သေးတယ်။”

“မင်းဆိုလိုတာက အတုလက်ထပ်မယ်ပေါ့လေ... ဟုတ်လား။”

ခုတင်ရောင်းသော ဆိုင်ထဲတွင် ခုတင်များကို လှည့်ပတ်ကြည့်နေကြရင်း သူတို့နှစ်ယောက် ပြောဆိုနေကြခြင်းဖြစ်သည်။ ခုတင်များကလည်း စုံစီနဖာ... များပြားလိုက်သည့် တံဆိပ်တွေ၊ ဒီဇိုင်းတွေ... အင်း... သတို့သမီးလောင်းအတွက် ခုတင်ဆိုတော့ ခိုင်ခံ့သည့် ခုတင်ဖြစ်ရန်တော့လိုသည်ဟု ရှမ်းပဲပုပ် မဆီမဆိုင် အတွေးပွားနေမိသေး၏။

“အဲလိုသဘောမျိုးပါပဲ... ဒါပေမဲ့ နည်းနည်းလေးတော့ ပိုရှုပ်ထွေးတယ်လို့ ဆိုရမယ်။” ဘူဇွာက သက်ပြင်းချသံနှင့်အတူ ညည်းတွားလိုက်သည်။

“မင်းတို့မှာ Prenupt တော့ ရှိနေတယ်မဟုတ်လား။”

ရှမ်းပဲပုပ်၏အမေးကို ဘူဇွာကောင်းစွာ နားမလည်လိုက်ပါ။ အင်္ဂလိပ်စာနှင့်ပတ်သက်လာလျှင် သူတော်တော်လေး ညံ့ဖျင်းနေကြောင်းကိုတော့ ဝန်ခံရပေလိမ့်မည်။ ထို့ကြောင့် သေချာစေရန် မေးမြန်းလိုက်မိတော့သည်။ “မင်း ဘာကို ဆိုလိုတာလဲ ယောက်ဖ...”

“Prenupt ဆိုတာကွာ... Prenuptial Agreement ကိုဆိုလိုတာ... သဘောကတော့ လက်မထပ်ခင် နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ချက်ထားထားတဲ့ ကန့်သတ်ချက်ကလေးတွေပေါ့။ အထူးသဖြင့် ယောက်ျားလုပ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လာရင် လုပ်တတ်ကြတယ်။ ကွဲမယ်ကွာမယ်ဆိုတဲ့အချိန်ကျရင် ကြိုတင်သဘောတူထားတဲ့အတိုင်း ပိုင်ဆိုင်မှုတွေကို ခွဲယူကြတယ်ပေါ့ကွာ။”

ရှည်လျားစွာ ရှင်းပြလိုက်ရသဖြင့် ရှမ်းပဲပုပ်တစ်ယောက် အနည်းငယ် မောသွားပုံရသည်။ သို့သော် ဤအချက်က အရေးကြီးသည်။ ဘူဇွာ့အတွက် အင်မတန်မှ အရေးကြီးသည်။ ပြောပြမှ ဖြစ်မည့်ကိစ္စတစ်ရပ်လည်း ဖြစ်သည်။ နားခါးဖို့ကောင်းပေမယ့် လိုအပ်သည့်အချက်ကိုတော့ ရှင်းပြရပေဦးမည်။

“မင်းဆိုလိုတာ ငါသိပါပြီ... အေး ရှိတယ်လို့ပြောလို့ရတယ်။”

“စာရွက်စာတမ်းကိစ္စအဆင်ပြေဖို့ လက်ထပ်တယ်ဆိုတော့ မင်း သူ့ကို အာရ်ကေ ဘယ်လောက် ပေးရမှာတဲ့လဲ။”

ရှမ်းပဲပုပ်၏ အမေးကို ဘူဇွာက သွားဖြီးလေးဖြင့် ပြုံးပြီးပြန်ဖြေလိုက်၏။ “တစ်ပြားမှကို ပေးစရာမလိုဘူး ယောက်ဖ...”

ရှမ်းပဲပုပ် လွန်စွာ အံ့ဩသွားခဲ့ရတော့သည်။ “ဟုတ်မှလည်းလုပ်ပါ မောင်... ငါ ကြားဖူးတာတော့ ပိုက်ဆံတော်တော် ကုန်တဲ့ကိစ္စပဲ။ လူဝင်မှုကြီးကြပ်ရေးကလည်း အတော်စစ်ဆေးတယ်နော်။ တော်တော်လေးတော့ ကြပ်လိမ့်မယ်။”

ဘူဇွာက ခုတင်တစ်လုံးကို လက်ညှိုးထိုးပြလိုက်ပြီး “ဒါလေးဆိုရင် မဆိုးဘူးကွ... နည်းနည်းလည်းရှည်တယ်။ ဈေးလည်း သိပ်မကြီးဘူး။ အတော်ပဲ... ဘယ်လိုသဘောရလဲ ယောက်ဖ။ သူက အရပ်နည်းနည်းမြင့်တယ်ပြောတယ်။”

“မင်းကြိုက်တယ်ဆိုရင် ပြီးတာပါပဲ... ဈေးအရှားကြီးလည်း မလိုအပ်ပါဘူးကွာ။ တော်ရုံသင့်ရုံ ကောင်းတဲ့အစားထဲကဆိုတော့ ယူလိုက်ကြတာပေါ့။”

ခုတင်သည် အိမ်ပြန်ရောက်မှ ကိုယ့်ကိုယ်ကို ဆင်ရမည်ဖြစ်သောကြောင့် package အထုပ်လိုက်ပင် ကားပေါ် တင်လာခဲ့ကြသည်။ ပြီးနောက် အိပ်ယာခင်းများ၊ ရေချိုးခန်းသုံးပစ္စည်းများ ရောင်းသည့်ဆိုင်သို့ သွားရောက်ပြီး လိုအပ်သည်များကိုလည်း ဝယ်ယူခဲ့ကြပြန်၏။

အပြန်လမ်းတွင်တော့ ဘူဇွာသည် ဖြစ်ကြောင်းကုန်စင်နီးပါးလောက် ရှမ်းပဲပုပ်ကို ရင်ဖွင့်ပြောလာခဲ့သည်။ ရှမ်းပဲပုပ်ကတော့ နားထောင်သူသက်သက်...

+++++

“ဒါဆိုရင် အင်ကြီးပေါ့...”

ဖင်ကောက်၏ အံ့အားသင့်စွာ မေးမြန်းလိုက်သည့် မေးခွန်းကို ရှမ်းပဲပုပ် ခေါင်းညိတ်ဖြေဆိုလိုက်သည်။

“ဒါပေမဲ့လည်း ဒီထက် ပိုရှုပ်သေးတယ်ကွ...”

“ဟဲ့... နင့်ဇာတ်လမ်းကလည်း အဆုံးမသတ်နိုင်သေးဘူးလား။ ဘာလဲ... အတုဆိုလည်း အတုပေါ့ဟယ်... ဘာတွေများ ထူးထူးဆန်းဆန်း ကျန်နေသေးလို့လဲ... ငါ ထင်တော့ထင်မိသား... သူ့ရဲ့ဗိုက်ကလေးကို တွေ့လိုက်ရကတည်းက ပြောချင်နေတာ ရွရွကိုတက်နေတာပဲ... လူရှေ့မှာပြောလို့မကောင်းလွန်းလို့ ငြိမ်နေလိုက်ရတာ... ဟွန်း...”

“စိတ်အေးအေးထားပါ စာဥရယ်... ဒီလိုကွ... အဲဒီစော်ကြီးမှာ ရည်းစားရှိတယ်။ သူတို့နှစ်ယောက် ယူဖို့လည်း စီစဉ်ထားပြီးသား။ မြန်မာပြည်မှာကျန်ခဲ့ကြတဲ့ မိဘတွေလည်း သဘောတူကြတယ်။ အဲဒီတော့ အတူတူနေလိုက်ကြတယ်ပေါ့ကွာ။”

ရှမ်းပဲပုပ်က ဘီယာတစ်ငုံခန့်သောက်နေပြီးမှ စကားဆက်လိုက်သည်။ “ဖြစ်ချင်တော့ သူ့ရည်းစားက မရိမ်းတပ်ထဲမှာ တပ်ကြပ်ကြီးကွ။ အခုလွှတ်တဲ့အသုတ်နဲ့ အီရတ်ကို ပါသွားပါလေရောလား...”

ရှမ်းပဲပုပ်က တခွီးခွီးရယ်နေလိုက်ပြီးမှ စကားဆက်လိုက်ပြန်သည်။ “မင်းတို့လည်း သိကြတဲ့အတိုင်း... အီရတ်စစ်ပွဲမှာ ပါသွားတဲ့ စစ်သားဆိုတာ နေ့သေမလား၊ ညသေမလားပဲ... ဒီမှာက ဗိုက်တစ်လုံးနဲ့ဆိုတော့... ဘူဇွာ အပိုဆုရပြီး ပွတာပေါ့ကွာ။ ဟားဟားဟား...”

“ဟယ်... သနားပါတယ်... ကောင်စုတ်... နင်ကတော့ ရယ်နိုင်တယ်ပေါ့လေ... သူ့ခမြာမှာတော့ ပူပင်သောက ရောက်နေရရှာတာ”

“မဟုတ်ပါဘူးစာဥရ... ငါက ပျော်စေပျက်စေ သဘောမျိုးနဲ့ စနောက်လိုက်တာပါ။ တကယ်တော့ ဘူဇွာနဲ့ အဲဒီအစ်မကြီးက အွန်လိုင်းပေါ်မှာ ရင်းနှီးနေခဲ့ကြတာ ကြာပြီကွ။” ရှမ်းပဲပုပ်သည် ဖင်ကောက်ဘက်ကို လှမ်းကြည့်ရင်း မေးမြန်းလိုက်၏။ “မင်း မှတ်မိသေးလား ယောက်ဖ... ငါတို့တွေ အွန်လိုင်းပေါ်မှာ ဘူဇွာ့အကောင့်ကြီးနဲ့ ဆဲဇာတ်ကြီးခင်းခဲ့တဲ့နေ့လေ...မိုက်ခဲတောင် ပါလိုက်သေးတယ်လေကွာ...”

ဖင်ကောက်က ဇဝေဇဝါဖြစ်နေဆဲ အမူအရာမျိုးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အေး... နောက်နေ့မနက် ငါ သေးထပေါက်တော့ ဘူဇွာနဲ့ ကြူနေတဲ့ စော်ကြီးဟာ အဲဒီအစ်မကြီးပဲ။ ဘူဇွာ့ကို မဆိုးဖို့တို့၊ လိမ္မာတော့ဖို့တို့ တရားချနေတာ မင်းတို့ကြားခဲ့မိလားတော့မသိဘူး...”

ရှမ်းပဲပုပ်က ဘီယာလက်ကျန်ကို ရှင်းပြီးမှ စကားဆက်လိုက်သည်။ “သူ့မှာလည်း သူ့ဒုက္ခနဲ့သူပေါ့ကွာ။ သူ့ရည်းစားနဲ့က နောက်လထဲမှာ လက်ထပ်ဖို့ စီစဉ်ထားပြီးကာမှ ဟိုတစ်ယောက်က စစ်ထဲပါသွားခဲ့ရတယ်။ ဒီကြားထဲ အမေဖြစ်သူကလည်း ရောက်လာဦးမယ်ဆိုတော့ ဗိုက်ကြီးကလည်း မဖုံးနိုင်မဖိနိုင်ဖြစ်နေရ... ပတ်ဝန်းကျင်မှာလည်း မနေရဲတော့ဘူး။ သူက ဆန်ဖရန်စ္စကိုကကွ... အဲဒီမှာလည်း ဗမာတွေမှ အများကြီးပဲ... သွားပုတ်လေလွင့် ပြောကြမယ့်လူတန်းစားတွေလည်း ရှိနေကြတယ်ဆိုပါတော့... ကံကောင်းချင်တော့ သူ့ရည်းစားငယ်ငယ်တုန်းက ပုံက အခု ဘူဇွာနဲ့ အလုံးအထည်ချင်း တော်တော်လေးဆင်တယ်။ ပြီးတော့ မျက်နှာပေါက်ကလည်း ခပ်ဆင်ဆင်... ဆိုတော့ အခုရောက်လာမယ့် အမေကြီးကို ရှင်းပြဖို့ အခွင့်အရေးကောင်းတစ်ခုပေါ့လေ။ ဘူဇွာ့အတွက်လည်း ကောင်းပါတယ်။ သူလည်း ဒီနိုင်ငံမှာ တည်တည်ငြိမ်ငြိမ်လေး ရပ်တည်နေသွားနိုင်တာပေါ့။ စာရွက်စာတမ်းကိစ္စတွေပြီးမှပဲ သူတို့တွေ ကွာရှင်းကြလိမ့်မယ်ထင်တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုက္ခတွေကို ခံစားမိလိုက်လို့ ငါတောင်မှ ရှိစုမဲ့စုလေးထဲက ခွဲပြီးပေးလိုက်သေးတယ်။”

စကားကို ရှည်လျားစွာ ပြောလိုက်ရသဖြင့် ရှမ်းပဲပုပ်တစ်ယောက် မောပန်းသွားသည်။ အကြောင်းမရှိ အကြောင်းရှာ သောက်တတ်သည့် သူ့ဝသီအတိုင်း စကားစပျိုးလိုက်လေတော့သည်။ “ဒီနေ့ တော်တော်လေး ပင်ပန်းသွားခဲ့တယ်ဗျာ။... နည်းနည်းတော့ မူးအောင်မော့လိုက်ဦးမယ်။ ဘဲကြီး... ခင်ဗျားအိမ်မှာပဲ ကျနော် ကျိုးတော့မယ်နော်... ဖြစ်တယ်မို့လား။”

ဗျိုင်းကြီးနှင့် ကျားကျားကတော့ သဘောပေါက်သူများ ဖြစ်နေကြ၍ ပြုံးပြီး ခေါင်းညိတ်ပြနေကြသော်လည်း စာဥကတော့ မျက်စောင်းတခဲခဲနှင့်...

0 Comments: