Burmese Unicode Font

In order to view the contents of
this blog correctly, you will need
one of Burmese Unicode fonts.

There are several fonts that follow
Unicode 5.1 rules. Download
Myanmar3 Unicode Font if you
don't have one.

If you want to type Burmese
Unicode in your PC and need
technical assistant, I recommend
you to read this tiny FORUM in
my blog after you have installed
a Unicode font.

Labels

Blog Archive

About Me

My Photo
Sai Naw
ကွန်ယက်လမ်းမများပေါ်မှာ လျှောက်လှမ်းနေတော့ ခြေရာမဲ့တယ်ပေါ့။ ထင်ကျန်ခဲ့မယ့် ခြေရာလေးတွေက စကားလုံးလေးတွေပဲ ဖြစ်လိမ့်မယ်... လွတ်လပ်တဲ့ အတွေးအခေါ်များကို မြတ်နိုးပြီး ဘောင်ခတ် ကျဉ်းမြောင်းမှုတွေထဲမှာ အသက်ရှူမဝသူ တစ်ယောက်... ခြေရာမဲ့စွာ လမ်းဆက်လျှောက်နေဦးမယ်...
View my complete profile

Followers

Twitter

Like this on facebook

Shout Box


Welcome to my Blog

Visitors


(၁၈) ထူးဆန်းသောဂါဝန်

အလုပ်မှပြန်ရောက်လာသော ဗျိုင်းကြီးသည် ပင်ပန်းလွန်းသဖြင့် ဘီယာလေးတစ်ပုလင်း ထိုင်သောက်နေပြီး မြန်မာဗီစီဒီသီချင်းခွေလေးတစ်ချပ် ဖွင့်ထားကာ ငြိမ်းငြိမ်းချမ်းချမ်း နှပ်နေလေ၏။ စားပွဲပေါ်ရှိ တီဗွီနှင့်ဗွီစီဒီစက် ဘေးနားတွင် ရှိနေသော အိမ်ဖုန်းကလေးမှ မီးအနီရောင်လေး မှိတ်တုတ်မှိတ်တုတ် လင်းနေသောကြောင့် တစ်ယောက်ယောက်တော့ message ချန်သွားခဲ့ပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ အရေးမကြီးပါဘူးထင်ပြီး ထ၍ပင် မကြည့်မိ။

ညီတော်မောင် ကျားကျား အလုပ်ကနေပြန်ရောက်လာသောအချိန်တွင်မူ ဗျိုင်းကြီးသည် ဆိုဖာပေါ်တွင် တခေါခေါ ဟောက်၍ပင်နေနေချေပြီ။ ကျားကျားသည်လည်း အဝတ်အစားများလဲအပြီးတွင် တီဗွီရှေ့ ဆိုဖာပေါ်သို့ ရောက်ရှိနေချေပြီ။ သူသည်လည်း အိမ်ဖုန်းကလေး၏ မီးအနီရောင် မှိတ်တုတ်မှိတ်တုတ် လင်းနေသည်ကို တွေ့နေရ၏။ သူကတော့ ဗျိုင်းကြီးလိုမဟုတ်၊ နည်းနည်းစပ်စုတတ်သေးသည်။ ထို့ကြောင့် ဖုန်းနားသွားကာ အသံသွင်းထားသော messages များကို နားထောင်နေမိသည်။



message (၃) ခုရှိနေသည်။ ပထမဆုံးတစ်ခုက ကြော်ငြာဖြစ်သည်။ ကျားကျား ထို message ကို ဖျက်လိုက်သည်။ ဒုတိယတစ်ခုက သူတို့၏အစ်မဝမ်းကွဲတစ်ယောက်ဆီကဖြစ်သည်။ နေကောင်းကျန်းမာကြလား၊ ဘာတွေ လုပ်နေကြသလဲ၊ cell phone ကို ဆက်တာမရ၍ အိမ်ဖုန်းကို ဆက်ကြည့်တာဖြစ်ကြောင်း... သူတို့လည်း အဆင်ပြေ နေကောင်းနေကြကြောင်း၊ နောက်လထဲတွင် သူတို့၏ မိခင်ကြီး နယူးယောက်ကို ရောက်လာတော့မည်ဖြစ်ကြောင်း.. စီကာပတ်ကုံးဖြင့် ပြောနေသည်မှာ နည်းနည်းလေး ပေရှည်နေသည်။ အစ်မထံ သည်စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမှ ဖုန်းပြန်ဆက်တော့မည်ဟု ဆုံးဖြတ်ထားလိုက်ပြီး ထို message ကိုလည်း ဆုံးအောင် နားမထောင်ရသေးခင်မှာပင် ကျားကျား ဖျက်လိုက်ပြန်သည်။

ထိုအချိန်တွင်တော့ ဗျိုင်းကြီးတစ်ယောက် ပြန်နိုးလာချေပြီ။ “မင်း ဘယ်တုန်းကပြန်ရောက်လာတာတုန်း” ဟု ညီတော်မောင်ကို မေးလိုက်၏။ ကျားကျားက နောက် message တစ်ခုကို စိတ်မပါ့တပါ ဖွင့်နေရင်း ပြန်ဖြေလိုက်သည်။ “အခုနလေးတုန်းကပဲ၊ အစ်ကိုက အိပ်နေတာကိုး...”

ဗျိုင်းကြီးသည် အိပ်မှုန်စုန်မွှားဖြင့် ကျားကျား ဖွင့်နေသော message ကို မျက်လုံးမှေးကာ နားထောင်နေ၏။

“ဟဲလို... ဟေ့လူတွေ... တစ်ယောက်မှ မရှိကြဘူးလား။ cell phone တွေကို ဆက်တော့လည်း ဆက်သွယ်မှု ပြင်ပဧရိယာထဲပဲ ရောက်နေကြတယ်။ အိမ်ကို ဆက်ပြန်တော့လည်း တစ်ယောက်မှ မရှိကြဘူး။ ဘာဇာတ်ကားတွေ ရိုက်နေကြတာလဲ။”

အသံက ခဏမျှ တိတ်သွားခဲ့၏။ ဘူဇွာ၏ အသံဖြစ်သည်။ ဖုန်းထဲတွင်ပင် ‘ထောက်’... ‘ဖူး...’ ဆိုသော ဘီယာဘူး ဖွင့်သံကြီး ထွက်ပေါ်လာပြန်၏။ “အင်း... ဘူဇွာတော့ မူးပြီး ငါတို့ကို ရစ်တော့မယ်” ဟု ဗျိုင်းကြီး အတွေးပွားနေမိသည်။ ဖုန်းထဲတွင်တော့ ဘူဇွာ၏ အသံလေးက အင်မတန်ကို ချစ်စရာကောင်းနေသည်။ အပြင်ဘက်တွင်တော့ တစ်ခါတစ်ခါ... ဗျိုင်းကြီးလို စိတ်ရှည်သည်းခံတတ်သူတစ်ယောက်ပင် နားပန်ကျင်းချင်လောက်အောင် နှိပ်စက်တတ်သေးသည် မဟုတ်ပါလား။

“အေးဗျာ... ကျနော်လည်း ခင်ဗျားတို့နဲ့ မတွေ့တာအတော်လေးတောင် ကြာနေပြီဆိုတော့ သတိတရနဲ့ ဖုန်းလှမ်းဆက်လိုက်တာပါ။ ထွေထွေထူးထူး အကြောင်းတော့ မရှိပါဘူး... အေ့... ဒီလာမယ့် တနင်္ဂနွေနေ့ ခင်ဗျားတို့ အားကြလား သိချင်လို့ပါ။ တနင်္ဂနွေဆို ခင်ဗျားတို့တတွေ အားလုံး အလုပ်ပိတ်ကြတယ်ဆိုတာ ကျနော်သိပါတယ်။”

ဘီယာသောက်ထားပြီး လေချဉ်တက်သံများ ထွက်ပေါ်နေသော ဘူဇွာ၏ စကားသံများသည် အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သော ဗျိုင်းကြီးကို အိပ်ချင်ပြေသွားစေ၏။ သူတို့ ညီအစ်ကိုနှစ်ယောက်စလုံး ဖုန်းထဲက message ကို ဆက်၍ နားထောင်နေကြသည်။

“ဒီလိုလုပ်ဗျာ... လာမယ့်တနင်္ဂနွေ ညနေစာကို ကျနော် ခင်ဗျားတို့ကို တစ်ခုခု လိုက်ကျွေးချင်တယ်။ သူငယ်ချင်းတွေ မဆုံဖြစ်ကြတာလည်း ကြာပြီဆိုတော့ အားလုံးဆုံကြရအောင်လား။ Brooklyn 4th Avenue ပေါ်မှာ ရှိတဲ့ Lemon Grass ယိုးဒယားဆိုင်ကို သိတယ်မဟုတ်လား။ ၅၉ လမ်း ကျော်ကျော်လေးမှာပဲလေ... ကျနော် ညနေ ၆ နာရီခွဲ reservation လုပ်ထားတယ်။ လာခဲ့ကြဗျာ... ဟိုကောင်တွေကိုလည်း ဖိတ်ထားပြီးပြီ။ ဆက်ဆက်လာရမယ်နော်... ကျနော် မိန်းမယူတော့မှာ... ဒါ မင်္ဂလာဆောင် ဧည့်ခံပွဲလို့လည်း ပြောလို့ရတယ်။ မလာရင်တော့ ကျနော် အတော်လေး စိတ်ထိခိုက်ရလိမ့်မယ်။ တွေ့ကြမယ်ဗျာ။”

နောက်ဆုံးစကားလုံးများက ဗျိုင်းကြီးကို ထိုင်နေရာမှ ထခုန်သွားစေ၏။ ကျားကျားကို အူကြောင်ကြောင် လှမ်းကြည့်လိုက်ရင်း မသဲကွဲစွာ မေးမြန်းလိုက်သည်။ “ဒီကောင် နောက်ဆုံး ပြောသွားတာ ဘာတဲ့... မိန်းမယူတော့မယ် ဆိုလားပဲ...”

ကျားကျားကလည်း အူကြောင်ကြောင် အကြည့်များဖြင့် အစ်ကိုလုပ်သူကို ကြည့်နေပြီး ပြန်ဖြေလိုက်သည်။ “အဲလို ပြောသွားတယ် ထင်တာပဲ။ နောက်တစ်ခေါက်လောက် ပြန်နားထောင်ကြည့်ရအောင်...”

+++++

ဗျိုင်းကြီးနှင့်အတူ အခန်းဖော်အဖြစ် နေနေသော ဘဲကြီးသည်လည်း အခန်းပြောင်းသွားပြီဖြစ်သည်။ သူနှင့်နေရန် အခန်းဖော် လိုက်ရှာနေသော ဘဲကြီးကို ဖင်ကောက်လည်း သနားနေမိ၏။ ဤနိုင်ငံတွင် တစ်ဦးတစ်ယောက်တည်း နေ၍မရမဟုတ်၊ နေ၍ရပါသည်။ သို့သော် ပေးရသည့် အခန်းခများက သူတို့လို အလုပ်တစ်ဘက်ကျောင်းတစ်ဘက် ရုန်းကန်လှုပ်ရှားနေကြရသူများအဖို့ လွန်စွာမှ ချွေတာသင့်သည့်အရာဖြစ်သည်။

သည်ကြားထဲ ဘူဇွာကလည်း တစ်စခန်း ထလာသည်။ အကြောင်းမရှိ အကြောင်းရှာကာ ဖင်ကောက်ကို အခန်းပြောင်းမည်လားဟု မေးမြန်းနေသည့် အကြိမ်းပေါင်းကလည်း မနည်းတော့။ တစ်နေ့တွင်တော့ ဘူဇွာက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြောလာခဲ့သည်။ သူနှင့် အွန်လိုင်းပေါ်တွင် ဒိတ်လုပ်နေသည့် စော်တစ်ဗွေ သူ့ဆီကို လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖင်ကောက် အနေနှင့် အခန်းပြောင်းနေမည်ဆိုလျှင်လည်း သူ စိတ်ဆိုးမည် မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပင် ဖွင့်ပြောလာသည်။

ဖင်ကောက်အတွက်တော့ သိပ်ပြီး မထူးဆန်းတော့ပါ။ ဘူဇွာနှင့် အနေကြာလာတော့လည်း သံယောဇဉ်တော့ ဖြစ်နေမိသည်။ သို့သော် သူသည်လည်း လွတ်လွတ်လပ်လပ် နေချင်ရှာမည်ပဲဟု အတွေးများဖြင့် ဘဲကြီးနှင့် အခန်းဖော် အဖြစ် လိုက်နေရန် ဆုံးဖြတ်လိုက်တော့သည်။

+++++

တနင်္ဂနွေနေ့...

မိုးစဲစဲလေး ရွာသွန်းနေ၏။ မိုးစက်မိုးပေါက်များက ညနေပိုင်းထိ မစဲသေး... အများကြီးလားဆိုတော့လည်း မဟုတ်။ ဖွဲဖွဲလေး ရွာသွန်းနေသော မိုးရေစက်များအောက်တွင် ရှမ်းပဲပုပ် စိတ်ရှည်ရှည်ထားပြီး သူ့လင်မိုစင်းကြီးကို ဂရုတစိုက် မောင်းလာသည်။

သည်နေ့တော့ အလုပ်ကို အပြီးအပိုင် နားထား၏။ ညပိုင်းတွင် မင်္ဂလာမောင်နှံတစ်စုံကို လိုက်ပို့ပေးရဦးမည်။ ပြီးတော့လည်း မင်္ဂလာပွဲအတွက် ယိုးဒယားစားသောက်ဆိုင်ကိုလည်း သွားရဦးမည်။ ယခု သူသွားနေသည့်နေရာသည် ဘူဇွာ၏ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်မည့်စားသောက်ဆိုင်ကိုပင် မဟုတ်ပါလား။

ကားမောင်းနေရင်း ရှမ်းပဲပုပ် စဉ်းစားနေမိသည်။ ကား၏ နောက်ကြည့်မှန်မှ အနောက်ခန်းတွင် ပါလာသူနှစ်ယောက်ကိုလည်း ခဏမျှ အကဲခတ်နေလိုက်သေးသည်။ ရုတ်တရက်ကြီး... ဘာဖြစ်လို့များ ဒီကောင်ကြီး ကောက်ကာငင်ကာ လက်ထပ်သွားရသနည်း။ ဘူဇွာလောက် လွတ်လပ်မှုကို ခုံမင်သည်မှာ ဘူဇွာတစ်ယောက်သာရှိသည်။ သည်ကောင်ကြီးများ အိမ်ထောင်ကျသွားလို့ကတော့ ဘယ်လိုနေမည်လဲဟု စဉ်းစားနေမိ၏။ ဘာကြောင့်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်၏ မင်္ဂလာဆောင်အတွက် သူ့ဘက်က အတတ်နိုင်ဆုံး အကူအညီပေးရမည်ဖြစ်သည်။

သူ့ထံတွင် ဘာလက်ဆောင်မှမပါ။ သို့သော် သူ ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းထားသည့် ပိုက်ဆံများမှ ကျောင်းစားရိတ်အတွက် ဖယ်ထားပြီးဖြစ်သည့် ငွေပိုငွေလျှံလေးများထဲမှ ဒေါ်လာ ၁၀၀၀ တန် ချက်လက်မှတ်လေး တစ်စောင်ကိုတော့ စာအိတ်ကလေးဖြင့် တခုတ်တရ ထည့်ယူလာသည်။ အခြားလက်ဆောင်များထက် ဤ ငွေကြေးလေးက သူတို့လင်မယားကို ပိုပြီး အထောက်အကူဖြစ်စေမည်ဟု သူ မှတ်ယူထားသည်။

+++++

ယိုးဒယားစားသောက်ဆိုင်လေးသည် 4ht Avenue လမ်းမကြီးပေါ်တွင် တည်ရှိသည်။ မြေအောက်ရထားမှ ထွက်လာမည်ဆိုလျှင်လည်း နီးနီးလေးဖြစ်သည်။ ကားပါကင်လုပ်ဖို့လည်း နေရာလွတ်များစွာရှိနေသည်။ ထူးထူးဆန်းဆန်း ဤစားသောက်ဆိုင်လေးသည် ယနေ့ညနေအဖို့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အခြားအချိန်များဆိုလျှင် လူအများဖြင့် စည်ကားနေတတ်သော ဆိုင်လေးသည် ယနေ့ညနေတွင်တော့ တိတ်ဆိတ်ခြောက်သွေ့နေ၏။ တစ်ညနေလုံးအတွက်များ ဘူဇွာ အပြီးအပိုင် ငှားထားခဲ့သည်လား...။

သူငယ်ချင်းအများစုသည် ဆိုင်လေး၏ အဝင်ဝတွင် ဆေးလိပ်သောက်သူသောက်၊ လေဖောင်သူဖောင်ဖြင့် ဧည့်သည် များအလာကို စောင့်ကြိုနေကြဟန်ရှိသည်။ သတို့သားနှင့် သတို့သမီးတို့သည်တော့ အထဲတွင် ရှိနေလိမ့်မည်ဖြစ်သည်။ အားလုံးပင် ဤမင်္ဂလာဆောင်ကို စိတ်ဝင်တစားရှိနေကြကြောင်း သူတို့အားလုံး၏ မျက်ဝန်းများတွင် ဖော်ပြနေကြ၏။ ဘယ်သူမှ၊ ဘာမှ မပြောကြ။ ဤလိုအချိန်ကြီးမျိုးတွင်မှ ဘူဇွာ၏အကြောင်းကို ပြောနေကြမည်ဆိုလျှင်လည်း မင်္ဂလာယူမည့်သူအတွက် အကောင်းမဟုတ်မှန်း သူတို့အားလုံး နားလည်ထားကြလေသည်။ ဘူဇွာ၏ သူငယ်ချင်းများအားလုံး ဘူဇွာ့ကို ချစ်ကြသလို နားအလည်ပေးနိုင်ဆုံးသူများလည်း ဖြစ်နေကြသည်မှာ သံသယအလျဉ်း ရှိစရာမလိုချေ။

အံ့ဩစရာကောင်းသည်မှာ ရောက်လာကြသူများအားလုံးသည် သူတို့အချင်းချင်း သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးများသာ ဖြစ်နေကြပြီး မျက်နှာစိမ်းဟူ၍ တစ်ယောက်မှ မတွေ့ရှိရချေ။ သတို့သမီးဘက်ကများ မလာနိုင်ကြလို့လား။ ဒါမှမဟုတ်... သတို့သမီးဘက်ကများ ဤလက်ထပ်ပွဲကို သဘောမတူကြလို့များလား။ သူငယ်ချင်းအားလုံး၏ အတွေးများထဲတွင် ထိုမေးခွန်းများ စီစီရီရီ စဉ်းစားနေမိကြသော်လည်း မည်သူမှ ထုတ်ဖော်ပြောဆိုကြခြင်း မရှိကြ။ အားလုံးပင် အလာပဿလာပ စကားများဖြင့် ဖောရှောရိုက်နေကြသည်။

+++++

အဖြူရောင် အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်ဆင်ထားသည့် ဘူဇွာက အပြင်ဘက်တွင် ရှိနေကြသူ သူငယ်ချင်းအားလုံးကို ဆိုင်ပေါက်ဝမှ လှမ်းခေါ်လိုက်သည်။ မင်္ဂလာအခါတော် ကျချေပြီ။

ယခုအချိန်ထိ သတို့သမီးကို သူတို့အားလုံး မတွေ့ကြရသေး။ ရှမ်းပဲပုပ်တစ်ယောက်မှလွဲ၍...

အဘယ်ကြောင့်ဆိုသော် ရှမ်းပဲပုပ်သည် မင်္ဂလာမောင်နှံ၏ ပို့ဆောင်ဆက်သွယ်ရေးကို တာဝန်အပြည့်ယူထားသူ မဟုတ်ပါလား...။

+++++

မိုက်ခဲသည်လည်း ကင်မရာတကားကားဖြင့် စားသောက်ခန်းမထဲတွင် လမ်းသလားနေသည်။ သူ့လက်ထဲတွင်တော့ ဘယ်က ရလာမှန်းမသိသည့် ဒစ်ဂျစ်တယ် SLR ကင်မရာတစ်လုံးကို လည်ပင်းတွင် စလွယ်သိုင်းထားပြီး အောင်နိုင်သူတစ်ယောက်လို မျက်နှာပေးဖြင့်ရှိနေသည်။

သတို့သမီးသည် အဖြူရောင်ဂါဝန်လေးဖြင့် စားပွဲဝိုင်းများ၏ထိပ်တွင် ရှက်ရွံ့စွာ ထိုင်နေ၏။ အားလုံးက သူမကို စပ်စပ်စုစု အကဲခတ်နေကြလေသည်။

ဘူဇွာနှင့်ယှဉ်လိုက်လျှင် သူမသည် ဘူဇွာ့ထက် အသက်ပိုကြီးမည့်ဟန်ရှိနေ၏။ သို့သော် ဣန္ဒြေရှိစွာဖြင့် မျက်လွှာလေးချပြီး ထိုင်နေ၏။ မိန်းမချောတစ်ယောက်လို့ ပြောလို့မရပေသိ ကြည့်ကောင်းသူတစ်ယောက်ဟုတော့ ယေဘုယျအားဖြင့် မှတ်ချက်ချနိုင်သည်။ ဘူဇွာ့လိုပင် ထောင်ထောင်မောင်းမောင်းဖြင့် အရပ်မြင့်သူ မိန်းမတစ်ယောက်ဟု ပြော၍ရသည်။

ဘူဇွာက သတို့သမီးကို လက်ဆွဲခေါ်ယူလာပြီး ကျဉ်းမြောင်းလှသော စားသောက်ဆိုင်လေးထဲတွင် ကရဝိတ်ခန်းမထဲ လမ်းလျှောက်နေသူတစ်ယောက်လို လျှောက်လှမ်းလာသည်။

စားပွဲဝိုင်းအားလုံးတွင် စားပွဲထိုးများက အစားအသောက်များကို ချထားပေးသွားခဲ့ပြီဖြစ်သည်။ ထူးထူးဆန်းဆန်း မည်သူမှ အစားအသောက်များကို စိတ်ပါလက်ပါ တို့ထိကြခြင်းမရှိကြ။ အားလုံးပင် ပါးစပ်အဟောင်းသားနှင့် သတို့သမီးကို ငေးကြည့်နေကြသည်။

ကားနှင့်တင်ခေါ်လာသော ရှမ်းပဲပုပ်ကတော့ မျက်လွှာချထားပြီး ဘီယာတစ်ဗူးကို ဖောက်သောက်နေ၏။ အားလုံး၏အကြည့်များက သူ့ထံသို့ စုပြုံ ကျရောက်လာတော့မည်ဖြစ်ကြောင်း သိနေသလိုရှိနေသောကြောင့် မျက်လွှာချထားခြင်းလည်း ဖြစ်နိုင်သည်။

သတို့သမီးသည် မတ်တတ်ထရပ်လိုက်ချိန်တွင်မှ သက်ရှိလူသားနှစ်ဦးပေါင်းစပ်ထားသော ခန္ဓာကိုယ်ရှိနေသူတစ်ယောက်ဖြစ်မှန်း အားလုံး တွေ့မြင်သွားခဲ့ကြသည်။ သူမ၏ ဂါဝန်ဖြူဖြူလေးသည် အထူးမှာကြားထားရသော ဂါဝန်လေးမှန်းဖြစ်နေမှန်းကိုလည်း အားလုံးက စိတ်တွင်းမှ မှတ်ချက်ချလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သာမန်သတို့သမီးဂါဝန်တစ်ထည်တွင် ဝမ်းဗိုက်နေရာ၌ ဤမျှဖောင်းကြွနေရန်မလိုချေ။

သတို့သမီး၏ ဝမ်းဗိုက်ကလေးသည် စူစူလေးပူနေပါလား။ ဘူဇွာ ဘာဇာတ်ကားများ ရိုက်နေသနည်း။ ဤအဖြေကို ဘူဇွာမှလွဲ၍ မည်သူမှ တိတိကျကျ ဖြေဆိုနိုင်မည်မထင်...။

လူအားလုံး၏အကြည့်များက ရှမ်းပဲပုပ်ထံ ကျရောက်လာလေတော့သည်။

0 Comments: